no

Font
Theme

အပိုင်း (၂၂)

အိတ်များကို ပြန်သွင်းလို့ရမည့် အကန့်သတ်ချိန် နောက်ဆုံးနေ့တွင် လုဝမ်ဝမ်သည် ကျောင်ကျောင်နှင့်အတူ ကုန်တိုက်သို့သွားကာ အိတ်များအားလုံးကို ပြန်သွင်းလိုက်သည်။

ပစ္စည်းများပြန်သွင်းနေသည့်အချိန် စတိုးဆိုင်ဝန်ထမ်း၏ အထင်သေးသည့်အကြည့်များကို သူ(မ) မသိဟန်ဆောင်ထားခဲ့သည်။

အိတ်များပြန်သွင်းပြီးနောက် နှစ်ယောက်သား တွေ့ရာကော်ဖီဆိုင်တစ်ဆိုင်တွင် ဝင်ထိုင်လိုက်ကြပြီး ကျောင်ကျောင်သည် ပိုက်ကို ကိုက်ရင်း ဆိုလာ၏။

“ဝမ်ဝမ် အရင်ရက်က နင် ငါ့ကိုမေးထားတဲ့ ရှေ့နေရဲ့လိပ်စာက နင်တကယ်ပဲ ရှန်းရီကို ကွာရှင်းဖို့ ကြံနေတာလား?”

လုဝမ်ဝမ် ခေါင်းညိတ်လိုက်သည်။

“အင်း အမှန်ပဲ ငါ သူ့ကို ကွာရှင်းမှရမယ်”

ဒီစိတ္တဇဝေဒနာသည် ရှန်းရီက ဒီလောက်ဝမ်းတွင်းမည်းနေတာ ဘယ်သူက သည်းခံနိုင်မှာလဲ?

ကျောင်ကျောင်မှာ ထိုလူနှစ်ဦးကို အထက်တန်ကျောင်းမှသည် သူတို့ရဲ့လက်ထပ်ချိန်အထိ မျက်မြင်တွေ့ခဲ့ရသူ ဖြစ်သည်။ သူမနှင့် ရှန်းရီသည် အလွန် မရင်းနှီးကြသော်လည်း၊ နှစ်များစွာ သိကျွမ်းလာပြီးနောက် အချင်းချင်း စကားအများကြီးမပြောဖြစ်ကြသည့်တိုင် သူ(မ)အမြင်အရ ရှန်းရီသည် မကောင်းသည့်သူတစ်ယောက်တော့ ဟုတ်ဟန်မတူချေ။ သူသည် အိမ်အလုပ်များကို ပုံမှန်လုပ်ပေးပြီး များသောအားဖြင့် စကားအများကြီး မပြောတတ်သူပေ။ မြင်ရသလောက်တော့ သူသည် ပွေရှုပ်နေသည့်သူတစ်ယောက်လည်း မဖြစ်နိုင်ချေ။

ယခုတွင် လုဝမ်ဝမ် ဘာကြောင့် ဒီလောက်အထိ ကွာရှင်းရန် စိတ်အားထက်သန်နေရသည့် အကြောင်းရင်းကို သူမ မတွေးတတ်တော့ချေ။ အနည်းငယ် တုန့်ဆိုင်းသွားပြီးနောက် မေးမြန်းကြည့်လိုက်၏။

“သူ့မှာ ပိုက်ဆံမရှိနေလို့လား?”

“မဟုတ်ဘူး”

ကျောင်ကျောင်သည် ပို၍သိချင်စိတ်ပြင်းပြလာရကာ သူမကို ကြည့်လိုက်ပြီး : “ဒါဆို ဘာအကြောင်းပြချက်နဲ့လဲ?”

လုဝမ်ဝမ်၏အမူရာမှာ “ငါ့မှာပြောဖို့ရှက်လွန်းလို့ ဘယ်လိုပြောရမှန်းတောင် မသိဘူး” ဆိုသည့်ပုံစံနှင့်။ ကျောင်ကျောင်က သူမ၏နားလည်မှုကိုပြရင်း :

“အိုခေ ဒါဆို ငါတို့တွေ အိမ်ပြန်ရောက်တဲ့အခါကျမှ ဝီချက်ကနေ ပြောကြမယ် ဒီမှာက လူတွေအများကြီးနဲ့”

ထို့နောက် ချက်ချင်းပင် သူမ၏အမေးများကို ပြန်လည်စတင်လာပြန်၏။

“ပိုင်ဆိုင်မှုတွေကို နင်ဘယ်လိုခွဲချင်လဲ? ကားနဲ့ အိမ်ကရော?”

လုဝမ်ဝမ်သည် ရှန်းရီကိုသာ ဖယ်ထုတ်ပစ်ချင်ရုံ၊ ပိုက်ဆံနှင့်ပတ်သက်ပြီး စိတ်ပူရသည်ထိတော့ သူမတွင် လိုအပ်ချက်များများစားစားမရှိချေ။

သူမသည် ရေတစ်ငုံမော့သောက်ပြီး ဖြည်းဖြည်းမှန်မှန် ဆိုလိုက်သည်။

“ငါ ကွာရှင်းလို့ရနိုင်တယ်ဆိုရင်ပဲ တခြားလိုအပ်ချက်တွေတော့ အများကြီး မရှိဘူး ပြီးတော့ ရှန်းရီမှာက အခုလည်း ပိုက်ဆံအများကြီးရှိနေတာမဟုတ်ဘူးလေ”

ကျောင်ကျောင်သည် မေးထောက်လိုက်ပြီး မျက်ခုံးများကို တွန့်ချိုးမိသွား၏။

“အာ နင်တို့အိမ်ရဲ့ကားက ကြည့်ရတာတန်ဖိုးကြီးမဲ့ပုံနော် တကယ်လို့ အဲ့ဒါတွေကနေသာ နင် ဝေစုရမယ်ဆိုရင် နင့်လက်ထဲ ပိုက်ဆံအများကြီးရနိုင်လောက်တယ်”

တစ်ခါက ရှန်းရီသည် လုဝမ်ဝမ်ကို လာကြိုရန် သူမအိမ်သို့ ကားမောင်းပြီးရောက်လာခဲ့ဖူးသည်။ ထိုအချိန်က ညနေဘက်နောက်ကျသည့်အချိန်ဖြစ်၍လည်း လမ်းမီးတိုင်များမှ မှိန်ပျပျသာ၊ ကျောင်ကျောင်တစ်ယောက် အမြင်မှားကောင်းမှားနိုင်ပေမဲ့ ထိုကားဘရန်းကို သူမ မှတ်မိသလို ခံစားရသည်။ ၎င်းသည် နာမည်ကြီးသည့် ဘရန်းတစ်ခုဖြစ်သည့်အပြင် အကန့်အသတ်နှင့်ထုတ်ဝေထားသည့် အစီး ဖြစ်သည်။

လုဝမ်ဝမ်က နှာမှုတ်လာ၏။

“အဲ့ဒါက နှစ်သိန်းသုံးသိန်းလောက်ပဲတန်မှာ”

သူမတောင် မမှတ်မိနေသည့် ကားဘရန်းတစ်ခုက သေချာပေါက် ဈေးအများကြီးတန်မည် မဟုတ်ချေ။

ကျောင်ကျောင်လည်း အများကြီးတွေးမနေတော့ဘဲ သက်ပြင်းချကာ :

“ရှန်းရီက ပိုက်ဆံသိပ်မရှိတာကလွဲလို့ ကျန်တာက အပြစ်ပြောစရာမရှိပါဘူးဟယ်”

လုဝမ်ဝမ်သည် တစ်ခုခုကို ပြောချင်နေပေမဲ့ ရပ်တန့်လိုက်သည်။ ထို့‌နောက် သက်ပြင်းလေးချပြီး လျှို့ဝှက်နေသည့်အမူအရာဖြင့် ဆိုလိုက်သည်။

“နင် ....အိုင်းယား..နင်နားလည်မှာမဟုတ်ပါဘူး”

“သူ့အကြောင်းပြောတာ ရပ်လိုက်ရအောင်..ဒါဆို နင်စဉ်စားပြီးပြီလား ကွာရှင်းပြီရင်း ဘာဆက်လုပ်မလဲဆိုတာ”

အကယ်၍ သူမ မူလဇာတ်ကြောင်းအတိုင်းသွားမည်ဆိုပါက လုမိသားစုသည် ဒေဝါလီခံမည်ဖြစ်ကာ သူမသိက္ခာများသည်လည်း မြေကြီးချနင်းခံရမည်ဖြစ်သည်။

ထိုအကြောင်းစဉ်းစားမိသည်နှင့် လုဝမ်ဝမ်သည် နှလုံးသားထဲတွင် အတော်လေး ထိတ်လန့်တကြားဖြစ်လာရသည်။ သို့သော် သူမတွင် လက်နှင့်ခြေများ အကောင်းတိုင်းရှိပြီး၊ အလုပ်ကြိုးစားလုပ်နေသရွေ့ ဤကျယ်ပြောသော ကမ္ဘာကြီးထဲတွင် သူမအတွက်နေရာသေးသေးလေးတစ်ခုတော့ ဖန်တီးနိုင်ပေသည်။

“ငါ အလုပ်တစ်ခုလောက် လိုချင်တယ်”

“???”

သူမက ဘာမှမလုပ်တဲ့ အဆင့်တန်းမြင့်မိန်းမပျိုလေး ဖြစ်သင့်တာမဟုတ်ဘူးလား?

“နင်က ဘာလုပ်ချင်လို့လဲ”

ကျောင်ကျောင်က ပြန်မေးလိုက်သည်။

“ငါလည်း မသိသေးဘူး”

လုဝမ်ဝမ်သည် သူမရဲ့အလုပ်ဟောင်းဖြစ်သည့် ကာတွန်းဆရာအလုပ်ကိုဆက်လုပ်ချင်သော်လည်း ယခုအချိန်တွင်တော့ ထိုအလုပ်က အနည်းငယ် အခက်အခဲရှိနေအုံးမည့်ပုံပင်။

ကျောင်ကျောင်သည် သူမကို ဖြေသိမ့်ပေးလိုက်သည်။

“ကိစ္စမရှိပါဘူးဟာ လောစရာမလိုဘူး”

လုဝမ်ဝမ်မှာ ဈေးဝယ်ထွက်ချင်စိတ်မရှိတော့‌ပေ။ အနာဂတ်တွင် သူမ ဘာလုပ်လို့ရနိုင်မည်နည်းကိုသာ တွေးတေားရင်း ဦးနှောက်ကို အလုပ်ပေးထားလိုက်သည်။ ပထမဦးဆုံးအနေဖြင့် လုမိသားစု ဒေဝါလီခံသွားသည်နှင့် သူမသည် သူမမိဘများအပေါ် မှီခိုနေ၍မရတော့ပေ၊ သူမ၏ပညာမတတ်သည့် မောင်လေးအပေါ်တွင်လည်း အားထား၍မရနိုင်ချေ။

မှီခိုအားထားလို့ရသည့် တစ်ဦးတည်းသော သူမှာ သူမကိုယ်သူမသာ။

လုဝမ်ဝမ်သည် ရုတ်တရက် မူလခန္ဓာပိုင်ရှင်က အင်တာနက်တွင် အနည်းငယ် နာမည်ကြီးမှန်း အမှတ်ရသွား၏။ ပရိသတ်အခိုင်အမာရရှိစေရန် သူမ၏မိတ်ကပ်ကျွမ်းကျင်မှုအပေါ် အားကိုးကြည့်ရပေမည်။ အကယ်၍ သူမ တခြားဘာမှမလုပ်နိုင်ခဲ့လျှင်တောင် အလှပရေးရာဘလော့ဂါအဖြစ် အလှကုန်များ ရောင်းချခြင်းကလည်း မဆိုးလှချေ။

သူမအတွေးထဲ မြောနေချိန် မေးလ်တစ်စောင်ဝင်လာ၏။

လုဝမ်ဝမ်သည် ဖုန်းကို လော့ဖြည်ပြီး တစ်ချက်ဝင်ကြည့်လိုက်သည်။ သူမရရှိခဲ့သည်မှာ ပုံနှိပ်တိုက်တစ်ခုမှ ငြင်းပယ်သည့်စာတစ်စောင်ဖြစ်သည်။

သူမ ဆွဲထားသည့်ပုံစံက သူတို့၏စံနှုန်းများနှင့် ကိုက်ညီမှုမရှိခြင်းကြောင့် အယ်ဒီတာချုပ်က သူမ၏ တင်ပြချက်ကို ပယ်ချခဲ့ခြင်းဖြစ်သည်။

ဤသည်မှာ လုဝမ်ဝမ်တစ်ယောက် ရက်အတော်ကြာသည်အထိ ဆက်တိုက်လက်ခံရရှိနေသော အခြားသူများက ငြင်းဆိုထားသည့် မက်ဆေ့ချ်များထဲမှ တစ်ခုဖြစ်သည်။ သူမ၏ နှလုံးသားသည် ဖန်ခွက်တစ်လုံးကဲ့သို့ အစိတ်စိတ်အမွမွ ကွဲကြေရလေပြီ။

ညနေပိုင်းတွင် ရှန်းရီသည် သူမအားလာကြိုရန် ကုန်တိုက်သို့ မောင်းထွက်လာခဲ့ပြီး သူမ အမူအရာမှာ အလွန်မကောင်းနေသည်ကို သတိထားမိလိုက်သည်။ သူက နူးညံ့စွာဖြင့် မေးလာ၏။

“မင်း စိတ်မပျော်နေဘူးလား?”

လုဝမ်ဝမ်သည် သူမ၏မူကြမ်းများ ငြင်းပယ်ခံရသည်နှင့် ပတ်သက်၍ သူ့ကိုပြောပြမည်မဟုတ်သည့်အတွက် စကားတစ်ခွန်းမှမဆိုဘဲ ခေါင်းကိုသာ ငုံ့ထားလေသည်။

သူမသည် ညစာပင်မစားတော့ဘဲ အိပ်ခန်းထဲကိုသာ တည့်တည့်မတ်မတ်ဝင်သွားပြီး စောင်များအောက်တွင် ဝင်နေလိုက်သည်။ မခံမရပ်နိုင်ဖြစ်ရခြင်းနှင့်အတူ ရင်ထဲတွင် ပူလောင်လာရကာ စတင် ငိုကြွေးမိတော့သည်။

ရှန်းရီသည် တံခါးဝတွင် ရပ်နေ၏။ သူ(မ)က အိပ်ရာအလယ်တွင် ဘောလုံးလေးတစ်လုံးကဲ့သို့ စောင်အထဲ၌ ကွေးနေပြီး ငိုရှိုက်သံများက သူ့နှလုံးသားကြိုးမျှင်များကို လှုပ်ခတ်လာစေ၏။

စိတ်အလိုမကျဖြစ်မိခြင်း…

အလွန်ကိုမှ စိတ်အလိုမကျဖြစ်ရခြင်း.…

သူမ ဝမ်းနည်းနေတာကို သူ နည်းနည်းလေးမှ မမြင်လို...

*

လုဝမ်ဝမ်တစ်ယောက် အားရပါးရ ငိုချလိုက်ပြီးနောက် စိတ်အခြေနေပိုကောင်းလာပြီး သူမ၏မျက်လုံးများမှာမူ အနည်းငယ် နီရဲနေသေး၏။ ရှန်းရီက ညစာ ဝင်ချက်နေပြီဖြစ်သည်။ ဟင်းနံ့များ ရပြီးနောက်မှ သူမ၏မူကြမ်းပယ်ချခံရခြင်းက ကိစ္စကြီးကြီးမားမားမဟုတ်မှန်း ရုတ်တရက် ခံစားလိုက်ရသည်။

ညစာစားပြီးသည့်နောက် ထုံးစံအတိုင်း တီဗီကြည့်ရန် ဆိုဖာပေါ်တွင် ထိုင်ချလိုက်သည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment