အပိုင်း (၈၇)
“ကိုယ် မင်းကို အဲ့ဒီလိုမျိုး မလုပ်ချင်ဘူး”
[T/N : သူနောက်တစ်ခေါက် သူ(မ)ကို တိုက်ခန်းထဲမှာ မကျဉ်းမချထားချင်ဘူးဆိုတဲ့ သဘောမျိုးပါ]
သူ(မ)သည် အသက်ပြင်းပြင်း ရှူသွင်းကာ မျက်နှာကို တစ်ဖက်သို့ လွှဲလိုက်ပြီး သူ့အရှေ့တွင် ဒေါက်မြင့်ဖိနပ်များကို ချွတ်ချလိုက်သည်။
လုံးဝိုင်းပြီး ချစ်စရာကောင်းသည့် ခြေချောင်းလေးများဖြင့် နူးညံ့သည့်ခြေထောက်တစ်စုံက ပေါ်ထွက်လာ၏။
သူ(မ)၏ခြေကျင်းဝတ်သည် အနည်းငယ် နီရဲပြီး ယောင်ရမ်းနေ၏။
ရှန်းရီသည် သူ(မ)ခြေထောက်ဖြူဖြူလေးကို ငြိမ်သက်စွာ စိုက်ကြည့်ပြီး ဒဏ်ရာရထားသည့် ခြေထောက်ကို မ,လိုက်သည်။ သူ၏လက်ချောင်းများက ဒဏ်ရာကို ထိတွေ့လာလိုက်ချိန်တွင် လုဝမ်ဝမ်သည် နာကျင်မှုကို ခံစားလိုက်ရသည်။
သူ(မ)သည် သူ့ကို တစ်ချက် ကန်ထည့်ပြီး ဆိုလိုက်သည်။
“နင်က အရမ်းကြမ်းတာပဲ နည်းနည်းလောက် ညင်ညင်သာသာလေး မလုပ်တတ်ဘူးလား”
သူ(မ)၏ချောမွေ့၊ ဖြူဥနေသည့်မျက်နှာလေးသည် ပန်းရောင်သန်းလျက်ရှိပြီး မျက်ဝန်းထောင့်လေးများက နီရဲနေ၏။
လုဝမ်ဝမ်သည် သူ(မ)၏အကျင့်စရိုက်များက အတော်လေး အမျိုးမျိုးနိုင်သည်ဟု ခံစားလိုက်ရသည်။ မည်သို့ပင်ဆိုစေ သူ(မ)က သေချာပေါက် နူးနူးညံ့ညံ့မိန်းမပျိုလေးတော့ မဟုတ်ပေ။
သူ(မ)သည် ခြေဗလာဖြင့် ထိုင်ခုံပေါ် ပျင်းတိပျင်းရွဲ မှီလှဲနေလိုက်သည်။ လက်ကိုမြှောက်ကာ ဆံပင်များကို စုစီးထားသည့် ခေါင်းစီးကွင်းကို ဖြည်ချလိုက်သည်။ ရှည်လျားသော ပိတုန်းရောင် ဆံကေသာများက ပုခုံးထက် ကပိုးကရို ပြေလျော့ကျသွားပြီး သူ(မ)၏ဘေးတိုက်ပုံစံက တောက်ပပြီး သန့်ရှင်းနေတော့သည်။
ရှန်းရီသည် ကားကို ဆေးဆိုင်ဆီသို့ မောင်းသွားပြီး လိမ်းဆေးဝယ်ရန် ကားထဲမှ ထွက်သွား၏။
သူ့လက်ထဲမှ အိတ်ကိုကြည့်ရင်း လုဝမ်ဝမ်တစ်ယောက် သဘောတွေ့စွာ မေးမြန်းလိုက်မိသည်။
“နင် ဘယ်လောက်တောင် ဝယ်လာခဲ့တာလဲ”
အိတ်ထဲတွင် ပုလင်းနှင့် ဘူးမျိုးစုံဖြင့် အမျိုးအစားစုံလင်လှသည်။
ရှန်းရီ၏နှုတ်ခမ်းက မျဉ်းဖြောင့်ကဲ့သို့ ဖြောင့်တန်းနေပြီး သူ(မ)အား အာရုံထားဖို့ရာ စိတ်ကူးရှိသည့်ပုံမပေါ်ချေ။
အနှီပုဂ္ဂိုလ်က အလွန်ဆတ်ဆတ်ထိမခံတတ်မှန်း လုဝမ်ဝမ်သိ၏။ သူ့နှလုံးသားထဲတွင် တစ်ခုခုနှင့်ပတ်သက်၍ စိတ်ဆိုးဒေါသထွက်လာလျှင် သူ(မ)ကို ဂရုမစိုက်တော့ချေ။
တိုက်ခန်းအဆောက်အအုံရှေ့ရောက်သည့်တိုင်အောင် လင်မယားနှစ်ယောက်စလုံး မည်သူကမျှ စကားမဆိုလာကြချေ။
မကြာသေးခင်ကမှ မေးကို ဆွဲညှစ်ပြီး ခြိမ်းခြောက်ခံထားရသည့် လုဝမ်ဝမ်သည် သူ့ကို အနည်းငယ်စိတ်ဆိုးနေသေးသဖြင့် ကားထဲမှ ထွက်ရန်စိတ်ကူးမရှိဘဲ မလှုပ်မယှက် ထိုင်နေခဲ့သည်။
ရှန်းရီသည် ကားတံခါးကို ဆွဲဖွင့်ပြီး စိတ်မဝင်စားသောအကြည့်တို့ဖြင့် သူ(မ)အား တည်ငြိမ်စွာ စိုက်ကြည့်လိုက်သည်။
“ဆင်းလာခဲ့”
သူ(မ)ဆိုသည်မှာ အကြောင်းပြချက်မရှိ ကျိုးကြောင်းမဆီလျော် ဖြစ်လာချိန်မျိုးတွင် လူကို ဒုက္ခပေးရာ၌ အလွန်ကျွမ်းကျင်၏။ ထို့အပြင် ယခု သူ(မ)လုပ်နေသည်က ကျိုးကြောင်းဆီလျော်မှုမရှိဘူးဟု မခံစားရသဖြင့်လည်း အမိန်ပေးမည့်ဟန်ပန်ကို ပြင်ပြီး သူ(မ)ခြေကျင်းဝတ်ကို လက်ညိုးထိုပြလိုက်သည်။
“ငါ့ခြေထောက်က နာနေတယ်၊ လမ်းမလျှောက်နိုင်ဘူး”
ရှန်းရီသည် သက်ပြင်းချလိုက်ဟန်ပင်။ ထို့နောက် သူသည် သူ့ကျောကို သူ(မ)နှင့်မျက်နှာချင်းဆိုင်လျက်သားဖြင့် ငြိမ်သက်စွာ ထိုင်ချပေးလိုက်သည်။
“ကျောပေါ်တက်”
လုဝမ်ဝမ်၏စိတ်မှာ ထူးဆန်းစွာဖြင့် ထိုးကျနေပြီး၊ သူ(မ) မပျော်သည့်အချိန်တိုင်းတွင် ရှန်းရီအား ညှဉ်းပန်းရသည်ကို သဘောကျလေ၏။ လက်ချောင်းလေးဖြင့် သူ့နောက်ကျောကို ထိုးပြီး သာမန်ကာလျှံကာ ဆိုလိုက်သည်။
“ငါ နင်ရဲ့ကျောပေါ်မတက်ချင်ပါဘူးနော်၊ ငါ့ကို မင်းသမီးလေးလိုမျိုး ချီသွားတာ လိုချင်တာ”
သူ့လက်ထဲတွင် ဆေးထုပ်နှင့်အတူ အလုပ်ဆင်းပြီးနောက်တွင် ဝယ်လာခဲ့သည့် စားသောက်ကုန်ပစ္စည်းများကိုလည်း ကိုင်ထားဆဲဖြစ်သည်။
ယခုအခိုက်တွင် အမှန်တကယ်ကို အဆင်ပြေလိမ့်မည်မဟုတ်။
လုဝမ်ဝမ်သည် ရည်ရွယ်ချက်ရှိရှိ သူ့အား ခက်ခဲအောင် ပြုလုပ်နေခြင်းဖြစ်ပြီး သူ့အား အလွယ်တကူ အလျော့ပေးချင်သည့် ဆန္ဒမရှိပေ။
ရှန်းရီသည် တစ်ဖန် မတ်တပ်ပြန်ရပ်ကာ စကားတစ်ခွန်းမဆိုဘဲ သူ(မ)ကို ကားထဲမှ ပွေ့ချီထုတ်လိုက်သည်။
သူ(မ)ကိုယ်က အလွန် ပေါ့ပါးဟန်ရှိသည်မှာ သူ့အတွက်တော့ လုံးဝ မလေးနေသည့်အလားပင်။
လုဝမ်ဝမ်၏သွယ်လျသည့်လက်မောင်းများက အလိုအလျောက် သူ့လည်ပင်းကို ပတ်ထားလိုက်သည်။ သူ(မ)က နှစ်ကြိမ်ရယ်ကာ သူ့ကို အပြစ်ကင်းစင်စွာကြည့်ပြီး ကားကိုလက်ညိုးထိုးပြကာ သကြားလုံးကဲ့သို့ ချိုသာစွာဖြင့် ဆိုလိုက်သည်။
“ငါ့ရဲ့ဒေါက်မြင့်ဖိနပ်က ကားထဲမှာပဲ ရှိနေသေးတယ် ဒါပေမဲ့ ငါ့လက်တွေကလည်း နာနေတယ်၊ ငါ သူတို့ကို ကိုင်နိုင်မှာ မဟုတ်ဘူး”
ရှန်းရီသည် ခပ်ဖွဖွ ပြုံးပြီး နှုတ်ခမ်းထောင့်များက အပေါ်သို့ ကွေးတက်သွား၏။ သူက ကိုယ်ကို ကိုင်းကာ နာခံစွာဖြင့် သူ(မ)၏ဒေါက်မြင့်ဖိနပ်များကို လှမ်းယူပြီး ညင်သာစွာ မေးမြန်းလာသည်။
“အခုရော ပျော်ပြီလား”
သူ့ကို ခဏလောက် ဒုက္ခပေးပြီးပြီဆိုတော့ သူ(မ)ပျော်လောက်ရောပေါ့။
လုဝမ်ဝမ်သည် သူ(မ)မျက်နှာကို တစ်ဖက်သို့ လှည့်ကာ သူ(မ)ကိုယ်သူ(မ) ဂုဏ်ယူနေသကဲ့သို့ ဆိုလိုက်သည်။
“တကယ်ပဲ အရမ်းပျော်တယ်”
ရှန်းရီကို စနောက်ရခြင်းက အမှန်တကယ်ကို ပျော်ဖို့ကောင်းခြင်းပေ။
နှစ်ဦးသား ဓာတ်လှေကားစောင့်နေစဉ်တွင် တိုက်ဆိုင်ချင်တော့ မိသားစုသုံးယောက်သည်လည်း ဘေးတစ်ဖက်၌ ရပ်နေခဲ့သည်။
ကောင်ကလေးက သူ့အမေ၏လက်ကိုကိုင်ထားပြီး သူ့ဘေးရှိ အနှီလှပသည့် မမကို မော့ကြည့်လိုက်သည်။
ကလေးတစ်ယောက်ဖြစ်၍လည်း စကားပြောရာတွင် ပြောသင့်၊မပြောသင့်ကို မသိနားမလည်သလို လူစိမ်းဆိုပြီး ကြောက်ရွံ့နေခြင်းမျိုးလည်းမရှိပေ။
“ကျဲကျယ် ကျဲအသက်က ဘယ်လောက်ရှိပြီလဲ၊ ဘာလို့ ကျဲက သူများကို ချီခိုင်းထားရတာလဲ၊ သားဆို လေးနှစ်ရှိသွားပြီ ချီစရာတောင်မလိုတော့ဘူး!”
ကောင်ကလေးအမေက ရှက်သွားပုံရပြီး ကလေးကို ဆွဲခေါ်ကာ သူ(မ)အား အလွန်အားတုံ့အားနာဖြစ်ရသည့်ပုံနှင့် ပြုံးပြီး တောင်းပန်လာ၏။
“တောင်းပန်ပါတယ် ညီမလေးရယ်၊ ကလေးက နည်းနည်းဆိုးတော့လေ”
လုဝမ်ဝမ်သည်လည်း ကလေး ပြောလိုက်သည့်စကားများကြောင့် မျက်နှာတစ်ပြင်လုံး နီရဲသွား၏။
“ရပါတယ်”
အိမ်သို့ ပြန်ရောက်သည်နှင့် ရှန်းရီသည် သူ(မ)ကို ဆိုဖာပေါ် ချပေးပြီး သူ ဆေးဆိုင်မှဝယ်လာခဲ့သည့် ဆေးပုလင်မျိုးစုံ၊ ဆေးဘူးမျိုးစုံကို ထုတ်ကာ ယောင်ရမ်းခြင်းနှင့် နာကျင်မှုကိုသက်သာစေသည့် လိမ်းဆေးကို ရှာလိုက်ပြီး အဖုံးကို ဖွင့်လိုက်သည်။
လုဝမ်ဝမ်သည် သူ(မ)အရှေ့တွင် ဒူးတစ်ဖက်ထောက် ထိုင်ချထားသည့် အမျိုးသားကို ခေါင်းငုံ့ကြည့်လိုက်သည်။ သူ့မျက်နှာသည် အလွန် ခန့်ညားနေဆဲဖြစ်ပြီး အမူအရာဟူ၍ ရှိမနေလျှင်တောင် ၎င်းက သူ့အလှကို ထိခိုက်သွားခြင်းမရှိပေ။
သူ၏လက်ချောင်းများက ရှည်လျားပြီး သန့်ရှင်းကာ အားသန်၏။
လိမ်းဆေး၏အနံ့က အနည်းငယ် စူးရှပြီး အလွန်မွှေးမနေချေ။
လုဝမ်ဝမ်သည် မနှစ်မြို့စွာ မျက်မှောင်ကြုတ်ပြီး အနောက်သို့ ဆုတ်ဝင်သွားလိုက်သည်။ ရှန်းရီက စကားတစ်ခွန်းမဆိုဘဲ သူ(မ)၏ခြေချင်းဝတ်ကို ဖမ်းဆွဲထားလိုက်သည်။
သူ(မ)သည် သူ့ကို ခြေထောက်ဖြင့် နောက်တစ်ကြိမ် ထပ်ကန်လိုက်သော်လည်း တစ်စုံတစ်ယောက်ကို နာကျင်စေမှုမရှိသည့် အားမပါသည့် နူးညံ့သော ကန်ချက်မျိုးဖြင့်သာ။
“ညင်ညင်သာသာ မလုပ်တတ်ဘူးလား၊ နင် ငါ့ကို နာအောင်ထပ်လုပ်ပြန်ပြီ”
လုဝမ်ဝမ်သည် တမင်တကာ မျက်နှာတည်တည်ထားပြီး မကျေနပ်မှုများစွာဖြင့် သူ့ကို အလေးအနက် စိုက်ကြည့်ကာ သူ့ရှေ့တွင် လက်ကို ဖြန့်ထုတ်လိုက်သည်။
“လိမ်းဆေး ငါ့ကိုပေး၊ ငါ့ဘာသာငါပဲ လုပ်တော့မယ်၊ နင့်ကို မလိုတော့ဘူး”
ရှန်းရီသည် သူ(မ)မျက်နှာလေးကို အမြတ်တနိုး ပွတ်သပ်ပြီး ဆိုလာ၏။
“ကိုယ်တစ်ယောက်တည်းကပဲ”