အပိုင်း (၄၁)
“နင်စောင့်ကြည့်နေ နင့်ရဲ့လူတောထဲချပြလို့မရတဲ့စုတ်ချာချာမိသားစုနောက်ခံနဲ့၊ ပြီးတော့ အလယ်တန်းကျောင်းမှာဖြစ်ခဲ့တဲ့ကိစ္စတွေကို ထုတ်ပြလိုက်ရင်း နင်ထင်လား ရှန်းရီက နင့်ကိုကာကွယ်ပေးနေအုံးမယ်လို့လေ”
လုဝမ်ဝမ် ရှန်းလေ့၏ခေါင်းထဲတွင် ပြဿနာတစ်ခုရှိနေသည်ဟု ခံစားလိုက်ရသည်။ သူမသည်(ရှန်းလေ့) သူမကို(ဝမ်ဝမ်)ကို ရန်သူတော်ကြီးတစ်ယောက်လို ဆက်ဆံပြီး သူမကိုပဲ အကြောင်းမရှိအကြောင်းရှာပြီး ပစ်မှတ်ထားကာ ပြဿနာလာရှာနေ၏။
“အဲ့ဒါက နင်နဲ့ဘာဆိုင်လို့လဲ?”
“နင့်ဦးနှောက်ကပဲ နေမကောင်းဖြစ်နေလို့လား?”
“နေမကောင်းဘူးဆိုရင်လဲဟယ် သွား သွား ဆရာဝန်လေးဘာလေးသွားပြပေါ့”
ထိုသို့ပြောပြီးမှ လုဝမ်ဝမ်၏စိတ်က အတော်လေး နေသာထိုင်သာရှိသွားသည်။
သူမ ရှန်းလေ့ကို ကိုင်တွယ်ဖြေရှင်းရန်ပျင်းလွန်းလှ၏။ ထို့ကြောင့် နေရာမှထကာ အိမ်အပြင်ဘက်ရှိ ခြံဝန်းကြီးထဲတွင် လမ်းလျှောက်ရန် ထွက်လာလိုက်သည်။ ထို့နောက် မတော်တဆဖြင့် သမီးဖြစ်သူကို လက်တွင်ချီလာသည့် ရှန်းရှီနှင့် သွားဆုံ၏။ သူ၏အိမ်နေရင်းအဝတ်အစားများက အနှီအမျိုးသား၏စူးစူးရှရှအရှိန်အဝါကို အတော်လေး လျော့ကျသွားစေ၏။
သူက လက်ထဲရှိ ကလေးမလေးကို ချော့မော့ကာ ဆိုလိုက်သည်။
“မီးမီးလေး သူက သမီးရဲ့အန်တီလေး”
“ဟဲလို အန်တီလေး”
လုဝမ်ဝမ်သည် ကလေးမလေးကိုကြည့်ရင်း နှလုံးသားထဲမှ မကောင်းသည့်ခံစားချက်များ ဖြစ်ပေါ်လာရ၏။ အိမ်တွင် ရှန်းရှီသည် သူက ဖခင်ကောင်းတစ်ယောက်၊ ခင်ပွန်းကောင်းတစ်ယောက်ကဲ့သို့ သဘောထားပြည့်ဝပြီး ဂရုစိုက်ဟန်တို့ဖြင့် အရေခြုံထား၏။
သို့သော် တကယ်တမ်းတွင် သူက အပြင်တွင် မိန်းကလေးငယ်ငယ်လေးတစ်ယောက်ကို ငါးနှစ်နီးပါး ပေါင်းသင်းနေထိုင်နေခဲ့သည်။
သူမက ပြုံးလိုက်ပြီး :
“ကလေးက အရမ်း ချစ်ဖို့ကောင်းတာပဲ”
“ခယ်မလေး အရမ်းကြီးယဉ်ကျေးနေဖို့မလိုပါဘူး”
“ကျွန်မက အဲ့လိုမဟုတ်ပါဘူး ဟားဟား”
“အမ်း ဒါဆို ကျွန်တော် ကျွန်တော်ရဲ့အလိမ္မာတုံးလေးနဲ့ သွားလိုက်ပါအုံးမယ်”
“ဟုတ်ကဲ့ ခဲအို”
ရှန်းရှီ သူ့သမီးလေးနှင့်အတူ အဝေးကို ရောက်သွားသည့်အချိန်တွင် လုဝမ်ဝမ်သည် မြေပြင်ပေါ်မှ ကျောက်တုံးကို ကန်ထုတ်လိုက်ပြီး :
“အရေခြုံထားတဲ့ လူရှုပ်လူပွေကောင်”
သူမ ထိုစကားလုံးများ ပြောလျှင်ပြောပြီးချင်း လက်ထဲမှဖုန်းသည် မြည်လာခဲ့သည်။
ရှေ့နေဖန်ဆီမှဖြစ်ပြီး သူက သူ၏ကျန်းမာရေးအခြေအနေကြောင့် သူမ၏ကွာရှင်းရေးအမှုကို တာဝန်ယူပေးနိုင်တော့မည်မဟုတ်သဖြင့် စိတ်မကောင်းကြောင်း ဖုန်းဆက်လာခြင်းဖြစ်သည်။
လုဝမ်ဝမ်သည် ကံမကောင်းပါလားဟု ခံစားလိုက်ရသော်လည်း အများကြီးတွေးမနေတော့ဘဲ သူ၏ကျန်းမာရေးကိုသာ ဂရုစိုက်ပါဟု ပြောပြီး ဖုန်းချလိုက်တော့သည်။
သူမက ကျောင်ကျောင်ကို သူမတွင် အားကိုးလို့ရမည့် ရှေ့နေ တစ်ယောက်ယောက်ရှိလျှင် သူမကို မိတ်ဆက်ပေးနိုင်မလား ဟု ဝီချက်ပေါ်ကနေ သွားမေးထားလိုက်သည်။ ထို့နောက် ကျောင်ကျောင်က သူမကို ဖုန်းနံပါတ်အချို့ ပို့ပေးလာ၏။
တစ်ချိန်တည်းမှာတင် သူမက ထိုမေးခွန်းကိုမေးလာ၏။
“နင့်ယောကျာ်းက ခုထိမစွမ်းနိုင်သေးဘူးလား?”
လုဝမ်ဝမ် သူမအမေးကို မဖြေဘဲ ပို့လာသည့် ဖုန်းနံပါတ်တစ်လုံးချင်စီကို ဆက်သွယ်မေးမြန်းလေ၏။ သို့သော် အလွန်ထူးဆန်းစွာဖြင့် ရှေ့နေများက သူတို့တွင် သူမအမှုကို လက်ခံရန်အချိန်မရှိကြောင်း ပြောလာကြ၏။
“မစ္စလု မင်းရဲ့အမှုကို ဘယ်သူမှကိုင်လောက်မှာ မဟုတ်ဘူးလို့ ကျွန်တော်ထင်တယ်”
ဘာကြောင့်လဲဟ ! ! !
သူမက မကောင်းဆိုးဝါးမို့လို့လား!!!!?
သူမကို ပုလိပ်ရောဂါတစ်ခုလိုမျိုး ရှောင်ဖယ်နေလိုက်ကြတာ၊ ပိုက်ဆံရမဲ့အလုပ်ကိုတောင် မလုပ်ချင်ကြဘူး အရူးအကြီးစားတွေ!!
နောက်ဆုံးတွင် အရာရှိငယ်လေးတစ်ယောက်သည် သူ(မ)၏ခင်ပွန်းဖြစ်သူက သူ(မ)၏အမှုကို မည်သူမျှ မကိုင်ရန် ကြိုတင်အကြောင်းကြားထားကြောင်း အမှန်အတိုင်း ပြောပြရဲခဲ့သည်။
လုဝမ်ဝမ်သည် ဒေါသထွက်လွန်း၍ ရယ်မိတော့သည်။
လက်စသတ်တော့ ရှန်းရီက သူ(မ)ရဲ့အကွက်တိုင်းကို သိနေပြီးသားကိုး။
*
အဖိုးရှန်းသည် ရှန်းရီနှင့် စကားပြောနေခဲ့ပြီး လုဝမ်ဝမ်အား ကွာရှင်းရန် သူ့အား စကားလုံးအနည်းငယ်ဖြင့် ဆွယ်ကြည့်ခဲ့သေးသည်။
သူ စာကြည့်ခန်းထဲမှထွက်လာသည့်အချိန်တွင် ရှန်းရီအဖေက သူ့ကို စောင့်နေခဲ့သည်မှာ ကြာပြီဖြစ်သည်။
“အခု မင်း အိမ်ကိုပြန်ရောက်လာပြီဆိုတော့ သခင်လေးတစ်ယောက်လို ပြုမူသင့်ပြီ”
ရှန်းရီ သူ၏မျက်လုံးများကို ပင့်လိုက်သည်။
ရှန်းရီအဖေက : “အခု မင်းမှာရှိနေတဲ့အရာအားလုံးက ရှန်းမိသားစုကပေးထားတာတွေချည်းပဲ မဟုတ်ရင် အခုလောက်ဆို မင်း ဘယ်ချောင်ရောက်လို့ရောက်နေမှန်း ဘယ်သူမှ သိမှာမဟုတ်ဘူး၊ မင်း ကျေးဇူးသိတတ်ပြီး တစ်ချိန်လုံး အဲ့ဒီ အေးတိအေးစက်မျက်နှာကြီး မလုပ်ထားနဲ့ လူတွေကို စိတ်အနှောင့်အယှက်ဖြစ်ရအောင်လို့”
‘စိတ်ဓာတ်ကျနေတဲ့ပုံစံနဲ့ သူများအပျော်တွေကိုပျက်စီးအောင်လို့’
ရှန်းရီအဖေသည် သူ၏အငယ်ဆုံးသားလေးကိုသာ အချစ်ဆုံးဖြစ်ပြီး သူ(ရှန်းရီညီ)သည် အပြောချိုပြီး ပြုံးလိုက်သောအခါတွင်လည်း အဖေဖြစ်သူနှင့် တစ်ထေရာတည်းဖြစ်သည်။
သူ၏ဒုတိယသား ရှန်းရီကတော့ သူ၏အမေနှင့်သာ ပို၍တူသည်။
ရှန်ရီအဖေသည် အမှန်တကယ်တွင် ရှန်းရီကို မုန်းနေခြင်းမျိုးမဟုတ်။ သူ သူ့ကို မြင်သည့်အချိန်တွင် စိတ်မသက်သာသလို ခံစားရခြင်းသာ။ မည်သို့ပင်ဆိုစေ သူ့ကို မတွေ့ရသည်မှာလည်း နှစ်ချီကြာပြီဖြစ်သဖြင့် သူနှင့်ဆက်ဆံရာတွင် ကို့ရို့ကားယားနိုင်နေမည်မှာက မလွဲမသွေဖြစ်သည်။
ရှန်းရီ၏ စိတ်နေစိတ်ထားက အလွန်ကောင်းမွန်နေခြင်းမျိုးမဟုတ်၊ စကားလည်း သိပ်မပြော၊ မပြုံးမရယ်နှင့် သူတို့မိသားစုရှိ လူတွေကို နည်းနည်းလေးမှ ဂရုမစိုက်သလိုမျိုး၊ သူ့ကို ထိုသို့မြင်ရခြင်းက ရှန်းရီ၏အဖေကို ဒေါသထွက်စေသည်။
ထို့ကြောင့် သူသည် ဒေါသတကြီးဖြင့် ထိုစကားများကို ပြောလိုက်ခြင်းဖြစ်သည်။
သို့သော် ထိုစကားများပြောပြီးသွားသည့်အချိန်မှ သူ အနည်းငယ်နောင်တရမိသွား၏။
ရှန်းရီတွင် တုံ့ပြန်မှုက များများစားစားမရှိကာ သူသည် စကားတစ်ခွန်းသာပြန်ပြောလာ၏။
“ကျွန်တော်ကလည်း ရှန်းမိသားစုဝင်တွေနဲ့ အတူနေဖို့ စိတ်ကူးမရှိဘူး”
အနည်းငယ်အပြစ်ရှိသလိုခံစားနေရသည့် ရှန်းရီအဖေသည် ရှန်းရီ၏စကားများကြောင့် ဒေါသကပြန်ထွက်လာရကာ :
“ဒါဆို မင်းက ဘယ်ကိုသွားချင်နေတာလဲ ဟမ်? မင်းရဲ့ အဲ့ဒီစုတ်ပျက်နေတဲ့ နေရာဟောင်းကိုလား? မင်းလက်ထပ်ထားတဲ့ သူကိုကြည့်အုံး ပြီးရင် မင်းအစ်ကိုလက်ထပ်ထားတာ ဘယ်လိုလူမျိုးလဲဆိုတာ သွားကြည့်လိုက်”
“ဒီကလေးကတော့၊ ကျေးဇူးကန်းမနေနဲ့ ငါ အခုလိုပြောနေရတာလည်း မင်းကောင်းဖို့အတွက်ကွ၊ ရှန်းမိသားစုရဲ့မြေးတစ်ယောက်အနေနဲ့ မိသားစုရဲ့နာမည်နဲ့ ဂုဏ်သိက္ခာကို မင်း ထိန်းသိမ်းရမှာ၊ မင်းလည်း တစ်သက်လုံး သူများအလုပ်သမားဘဝနဲ့ပဲ မနေချင်ဘူး ဟုတ်တယ်မလား?”
အကယ်၍ ရှန်းရီ၏အဖေသာ ရှန်းရီကို အမှန်တကယ် စိုးရိမ်ပူပန်မှုနည်းနည်းကလေးဖြစ်ဖြစ် ရှိပါက ထိုကလေးသည် သူ၏ကိုယ်ပိုင်ကုမ္ပဏီကို တည်ထောင်ပြီးသည်မှာ ကြာပြီဖြစ်သည်ကို သတိမထားမိစရာ အကြောင်းမရှိပေ။
ရှန်းရီက မျက်လွှာချထားပြီး သူ၏အဖေအရှေ့တွင် အဖေဖြစ်သူ၏ရှုတ်ချမှုများကို ခွန်းတုံ့ပြန်ခြင်းလည်းမရှိ ပြန်လည်ပြောဆိုခြင်းလည်းမရှိဘဲ ဒေါသအရိပ်အယောင်မရှိသော မျက်နှာသေဖြင့် ငြိမ်ငြိမ်သက်သက်ရပ်ပြီး နားထောင်နေခဲ့သည်။
လုဝမ်ဝမ် ခြံထဲမှ အထဲသို့ပြန်ရောက်လာချိန်တွင် သူမ ထိုသားအဖေနှစ်ယောက်၏ မတ်တပ်ရပ်ရင်း စကားပြောနေကြသည့် မြင်းကွင်းကို မြင်လိုက်ရသည်။ ရှန်းရီအဖေ၏ ဒယ်အိုးအောက်ခြေကဲ့သို့ ရုပ်ဆိုးပြီးမည်းမှောင်နေသည့်မျက်နှာကို ကြည့်ခြင်းအားဖြင့် စကားစမြည်ပြောဆိုနေကြဟန်တော့မတူပေ။
ခြေလှမ်းနှစ်လှမ်းနီးကပ်လာပြီးနောက်တွင် လုဝမ်ဝမ်သည် ရှန်းရီအဖေ သူ့ကိုပြောနေသည့် အရာများကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။
“ဘာကြောင့် မင်းဒီလောက် ခေါင်းမာနေရတာလဲ ဟမ်? ငါ မင်းကို ဒုက္ခရောက်အောင်လုပ်နေတာမဟုတ်ဘူး မင်းကို တစ်ဆင့်ပြီးတစ်ဆင့်ကူညီပေးနေတာ နောင်တစ်ချိန်ကျ မင်းက လုထုရဲ့အရှေ့မှာ ရှန်းမိသားရဲ့ကိုယ်စားပြုဖြစ်လာမှာ တကယ်လို့ မင်း တစ်ခြားလူတွေကို ဟာသလုပ်ခွင့်ပေးလိုက်ရင် ဒါကကြည့်ကောင်းမှာမဟုတ်ဘူးကွ”
“မင်း အဲ့လောက်ထိ ကျေးဇူးမကန်းစမ်းနဲ့ မင်းရဲ့အသိဉာဏ်မရှိတဲ့ညီလေးတောင် မင်းထက်ပိုပြီး အလိုက်ကန်းဆိုးသိတယ်ကွ!”
နောက်ဆုံးစကားလုံးများက ပိုပို၍ ကြမ်းတမ်းခက်ထန်လာပြီး ရှန်းရီတစ်ယောက် ပို၍တည်ငြိမ်နေလေ အဖေရှန်းက ပို၍ဒေါသထွက်လေပင်။
လုဝမ်ဝမ်မှာ ထိုနာကျင်ဖွယ်ကောင်းသည့် စကားလုံးများကို ပို၍နားထောင်လာရလေ နှလုံးသားထဲတွင် ဒေါသက ဆတိုးထွက်လာရလေ ဖြစ်သည်။