အပိုင်း (၈၂)
လုဝမ်ဝမ်သည် ရှန်းရီ၏ခေါင်းမာမှုကို မတွန်းလှန်နိုင်ခဲ့ပေ။ နှစ်ဦးသား ကျောင်းဂိတ်ဝသို့ ရောက်သည်အထိ သူ(မ)သည် အတော်လေး ဒေါသထွက်နေဆဲ ဖြစ်သည်။
သူ(မ)မျက်နှာကို တစ်ဖက်သို့လှည့်ကာ သူ့ကို ဂရုစိုက်ရန် စိတ်ကူးမရှိသကဲ့သို့ တစ်ချက်ကလေးပင် လှည့်မကြည့်ချေ။
လုကျောက်ဇီ၏စာသင်ခန်းက တတိယထပ်တွင်ဖြစ်ပြီး သူတို့ ထိုနေရာသို့ရောက်သွားသည့်ချိန်က စာသင်ချိန်ကြီးဖြစ်သည်။ နှစ်ယောက်သား ရှေ့ဆင့်နောက်ဆင့်လျှောက်လာကြပြီး ဆွဲဆောင်လွန်းလှသော သူတို့၏မျက်နှာများက သင်ခန်းစာကို ကောင်းကောင်းနားမထောင်ကြသည့်ကျောင်းသားလေးများ၏အာရုံကို ဖမ်းစားနိုင်ကြသည်။
ထိုမရင်းနှီးလှသည့် အကြည့်များစွာကို ရင်ဆိုင်နေရသည့် လုဝမ်ဝမ်နှင့် ရှန်းရီသည် အလွန်တည်တည်ငြိမ်ငြိမ် ရှိကြသည်။
သူမသည် ရုံးခန်းတံခါးရှေ့သို့ ရောက်သည့်အချိန်တွင် ရုတ်တရက် ရပ်တန့်လိုက်ပြီး ရှန်းရီဘက်သို့ လှည့်ကာ အသက်ပြင်းပြင်း ရှိုက်သွင်းပြီး လေးနက်စွာ ဆိုလိုက်သည်။
“နင် အပြင်မှာနေခဲ့လိုက်၊ ငါအထဲဝင်သွားလိုက်မယ်”
ရှန်းရီသည် မျက်ခုံးများ မြင့်လိုက်သော်လည်း ဤတစ်ကြိမ်တွင် မဆိုင်းမတွ သဘောတူလိုက်သည်။
“ကောင်းပြီ”
လုဝမ်ဝမ်သည် သူ(မ)ရောက်ရှိကြောင်းကို ကြေညာသည့်အနေဖြင့် ရုံးခန်းတံခါးကို ခေါက်လိုက်ပြီးမှ အထဲသို့ ဝင်သွားလိုက်သည်။
မူလခန္ဓာပိုင်ရှင်၏မှတ်ဥာဏ်အရ သူ(မ) ပရောပရည်လုပ်ခဲ့သည့် အမျိုးသား၏မျက်နှာက လုံးဝပြောင်းလဲခြင်းမရှိ၊ ပညာရှိလေထုနှင့် ပြည့်နှက်နေဆဲဖြစ်သည်။
သူ၏နာမည်က နန်ယွယ့်ဟုခေါ်မှန်း လုဝမ်ဝမ် အမှတ်ရလိုက်သည်။
လုကျောက်ဇီသည် နန်ယွယ့်၏စားပွဲအရှေ့တွင် ခေါင်းလေးငုံကာ ရပ်နေပြီး သူ၏ ခန့်ညားသည့်မျက်နှာလှလှလေးက ယခုတွင်မူ ရန်ပွဲမှရလာခဲ့သည့် အနီရောင်အစင်းရာများ ရှိနေ၏။
လုဝမ်ဝမ်သည် သနားခြင်းမရှိပါဘဲ ပါးစပ်ကိုဖွင့်လိုက်သည်နှင့် လှောင်ပြောင်ပြောဆိုလာတော့သည်။
“လုကျောက်ဇီ ဒါက နင့်ရဲ့ဘာအစွမ်းအစလဲ၊ နင့်ရဲ့ကလေကချေအုပ်စုက သူများရဲ့လက်ကိုဖြတ်ပြီး၊ ခြေထောက်ကို ရိုက်နေကြမဟုတ်ဘူးလား၊ ဒီခြစ်ရာနှစ်ခုကိုကြည့်ရုံနဲ့ အိမ်မှာ လာကစားတဲ့ ငါးနှစ်အရွယ်ကလေးကတောင် နင့်ထက် အလေးအနက်ရှိအုံးမယ်”
လုကျောက်ဇီ၏မျက်နှာမှာ သူ(မ)၏စကားများကြောင့် ဖြူတစ်လှည့်၊ နီတစ်လှည့် ဖြစ်နေခဲ့သည်။ သူသည် အလွန်ရှက်နေမိသော်လည်း မာနကြီးပြီး ဝင့်ကြွားတတ်သည့် လူငယ်လေးအဖို့ အရှုံးကိုဝန်ခံဖို့ရာ ငြင်းဆန်ပြီး၊ သူ ရင်ဆိုင်ရမည့်သူက သူ့အစ်မအရင်းဖြစ်နေလျှင်တောင်မှ ခေါင်းငုံ့ခံမည်မဟုတ်ကာ ခေါင်းမာစွာဖြင့် ဆိုလာ၏။
“ကျဲ နင်က ဘာသိလို့လဲ ငါက ငါချစ်ရတဲ့ ကောင်မလေးအတွက် လုပ်နေတာလေ”
လုဝမ်ဝမ်သည် အေးတိအေးစက်ပြုံးလိုက်သည်။
“နင် ပြန်ပြောလိုက်စမ်း နင့်ပါးစပ်ကို နေရာလွဲသွားအောင် ငါ ရိုက်ပစ်အုံးမယ်”
လုကျောက်ဇီ : ……
နန်းယွယ့် : ……
“နင့်အမှားကို ဆရာ့ဆီမှာ ကောင်းကောင်းမွန်မွန် ဝန်ခံလိုက် နောက်တစ်ခါ ဒီလိုအမှားမျိုး ထပ်မလုပ်မိစေနဲ့”
၉၀ရာခိုင်နှုန်းလောက်တွင် လုကျောက်ဇီသည် သူ(မ)၏စကားကို ကြည်ကြည်ဖြူဖြူ နားထောင်လေ့ရှိပြီး ယခုတစ်ကြိမ်တွင်လည်း သူသည် နန်ယွယ့်အား သူ၏အမှားကို လိမ္မာစွာ ဝန်ခံခဲ့သည်။
နန်ယွယ့်၏နှာခေါင်းရိုးအထက်တွင် မျက်မှန်တစ်လက် တပ်ဆင်ထားပြီး သူပြုံးလိုက်သည့်အခါ အလွန်သေသပ်နေ၏။
“တကယ်ပဲ နောက်တစ်ကြိမ်မရှိတော့ဖို့ ဆရာ မျှော်လင့်တယ်နော်”
ရိုးရိုးရှင်းရှင်းစကားအနည်းငယ် ပြောပြီးနောက် သူ့ကို ရုံးခန်းထဲမှ ထွက်ခွင့်ပြုလိုက်သည်။
လုကျောက်ဇီတစ်ယောက် တံခါးကို ဖွင့်လိုက်ချိန်တွင် သူ ပထမဦးဆုံးမြင်လိုက်ရသည့်အရာက တံခါးကို ပျင်းတိပျင်းရွဲ မှီထားသည့် ရှန်းရီကို ဖြစ်သည်။ သူသည် ရုတ်တရက် အာမေဍ္ဍိတ်သံထွက်လာ၏။
“ငိုး”
ထို့နောက် သူသည် အော်ဟစ်လာတော့သည်။
“ငါငိုးပဲ! ကျဲ သူကရော ဒီကို ဘယ်လိုရောက်နေတာလဲ!!!?”
ရှန်းရီသည် သူ့အဝတ်များကို ခါလိုက်ပြီး ရုံးခန်းထဲသို့ တစ်ချက်လှမ်းကြည့်ကာ နက်နက်နဲနဲပြုံးလိုက်သည်။
အမ်း
ရုံးခန်းထဲရှိ ထိုအမျိုးသားကို သူ မှတ်မိနေဆဲပေ။
သူနှင့် လုဝမ်ဝမ် လက်ထပ်ပြီး သိပ်မကြာခင်က.…
လုဝမ်ဝမ်သည် ထိုအမျိုးသား၏ခါးကို ပွေ့ဖက်ပြီး စွဲမက်ဖွယ်ကောင်းသော အပြုံးဖြင့် ထိုလူ့ကို မြှူဆွယ်နေခဲ့သည်။
သူ၏မျက်လုံးများသည် မှေးကျဉ်းသွားတော့သည်။ လက်စသတ်တော့ လုဝမ်ဝမ် သူ့ကို သူ(မ)နောက် မလိုက်စေချင်တာ ဒီအကြောင်းပြချက်ကြောင့်ပေါ့။
ဟဟ၊ အပြင်က ကလေကချေအကောင်အတွက်နဲ့များ…
လုကျောက်ဇီ၏ မျက်နှာနှင့် နားရွက်များက နီရဲတက်လာပြီး သူ့လက်နှင့်ခြေများကို ဘယ်နေရာတွင် ထားလို့ထားရမှန်းမသိ ဖြစ်နေတော့သည်။ ယခုလေးတင် ရုံးခန်းထဲမှ သူ၏အရှက်ရစရာ တောင်းပန်မှုကြီးကို ရှန်းရီ သေချာပေါက် ကြားသွားလောက်ပေမည်။
လုကျောက်ဇီသည် မျက်နှာသေဖြင့် မပျော်ရွှင်စွာ မေးလိုက်သည်။
“ခင်ဗျား ဒီကို ဘယ်လိုရောက်လာတာလဲ?”
“မင်းအမကို လာပို့တာပေါ့ ပြီးတော့ မင်းကိုရော လာစစ်ဆေးတာ”
ရှန်းရီက တည်ငြိမ်သော လေသံနှင့်အတူ မထူးခြားသော အကြည့်တို့ဖြင့် ဆိုလိုက်သည်။ သူ၏ပုံစံက တည်ငြိမ်နေသော်လည်း လုကျောက်ဇီသည် ရှန်းရီက သူ့ကို ဟာသတစ်ခုအဖြစ် ကြည့်နေသည့်အလား သူ့အား ရှုတ်ချနေသည်ဟု အမြဲလိုလို ခံစားမိနေသည်။
လုကျောက်ဇီသည် တွေးမိလေ ထိုအတွေးက မှန်နိုင်ကြောင်း ခံစားရလေ ဖြစ်သည်။ ငယ်ရွယ်ပြီး အားအင်းပြည့်လှသည့် အထက်တန်းကျောင်းသားတစ်ယောက်ဖြစ်သည့်အလျောက် ဒေါသကို မဖိနှိပ်ထားနိုင်ကာ အသံတိုးတိုးဖြင့် ဆဲရေးထွားလိုက်သည်။
“ငိုးလိုပဲ”
ရှန်းရီက သူ၏မျက်ခွံကို ပင့်ပြီး သူ၏မျက်နှာထက်မှ ဒဏ်ရာများကို တစ်ချက်ကြည့်ကာ လှောင်ပြောင်သည့် မျက်လုံးများဖြင့် ထေ့ငေါ့လိုက်သည်။ သူ၏လေသံက အထင်သေးနေသကဲ့သို့ တစ်လုံးချင်စီ ဆိုလာခဲ့၏။
“မင်းအမပြောတာ မှန်တာပဲ ကလေးတွေတောင်မှ မင်းတို့ထက် လေးနက်ကြအုံးမယ်”
“အဲ့ဒီဒဏ်ရာသေးသေးလေးအတွက်နဲ့ သူက ကျောင်းအထိလာပြီး မင်းရဲ့အရှုပ်တော်ပုံကြီးကို ရှင်းပေးနေရတယ် ရှက်ဖို့တော်တော်ကောင်းတယ်”
လုကျောက်ဇီသည် ရှန်းရီကို စူးရှစွာ စိုက်ကြည့်လိုက်ပြီး ရှန်းရီက သူ့အား ဤကဲ့သို့ တစ်ခါမှမပြောဖူးခဲ့ခြင်းကြောင့်လည်း အံ့ဩတုန်လှုပ်သွားရသည်။
စကားအများကြီး သိပ်ပြောလေ့မရှိသည့် သူ၏ယောက်ဖက များသောအားဖြင့် သူ့အပေါ် ယဉ်ယဉ်ကျေးကျေးသာ ဆက်ဆံလေ့ရှိသည်ပင်။
သူသည် အလွန်ကို သူရဲဘောကြောင်ပြီး သူ့အနာအား တုတ်နှင့် ထိုးလျှင်တောင်မှ ပြန်ပြောလိမ့်မည်မဟုတ်ပေ။
သို့သော် သူသည် ယနေ့တွင် လုံးဝ ကို ကွဲပြားခြားနားသည့် လူတစ်ယောက်ဖြစ်သွားကဲ့သို့ပင်။
လုကျောက်ဇီသည် အေးတိအေးစက် ရယ်ပြီး သွားကို ကြိတ်ကာ ဆိုလိုက်သည်။
“ခင်ဗျားမှာ ကျုပ်ကို အပြစ်ပြောပိုင်ခွင့် ရှိလို့လား၊ မသိရင် သူကပဲ တိုက်ရည်ခိုက်ရည်မှာ တော်သလိုလိုနဲ့ ငါ့ကိုပြောနေလိုက်ပုံများ၊ ခင်ဗျားလိုပျော့တိပျော့ဖက် ဖြူစုတ်စုတ်မျက်နှာနဲ့ သူက ကျုပ်ကို ပြောဆိုဖို့ ဘာအခွင့်အရေးရှိလို့လဲ”
ရှန်းရီသည် ခပ်သဲ့သဲ့ပြုံးလိုက်သည် ဟုတ်ပါ၏၊ သူသည် အရင်က တိုက်ခိုက်ခဲ့ဖူးသလို လူကိုတောင် သတ်မိလုနီးနီးအထိ ဖြစ်ခဲ့သေးသည်။ သူ့မျက်နှာနှင့် လက်များက အခြားသူများ၏သွေးဖြင့် ဖုံးလွှမ်းလျက်ရှိပြီး သူ့လည်ချောင်းထဲတွင်ပင် သံချေး၏အရသာကို ခံစားရသည်။
သူ၏ယခင်ဘဝက ဖြစ်ပျက်ခဲ့ပုံရသည့် ထိုအိပ်မက်ကို သူ ပြန်လည်အမှတ်ရမိသည်။
သူ့မှာ သူ(မ)အတွက်ဖြင့် အခြားသူများကို နာကျင်စေခဲ့ပြီး သွေးမြေစီးခဲ့ရသည့်တိုင် ထိုအရာက သူ(မ)အတွက် သူ(မ)မျက်ဝန်းများထဲတွင် သူ့တစ်ဦးတစ်ယောက်တည်းသာရှိဖို့ရာ မလုံလောက်ခဲ့ချေ။
လုဝမ်ဝမ်သည် လူတိုင်းအပေါ် ကောင်းပြီး သူဆိုသည့် လူက သူ(မ)အတွက် အထူးခြားဆုံး မဟုတ်ခဲ့ချေ။
ရှည်လျားလှသည့် ထိုဘဝသက်တမ်းတစ်လျှောက် သူ(မ)ကမ္ဘာထဲတွင် အခြား၊ အခြားသောလူများစွာက အမြဲတမ်း ဝင်ရောက်လာခဲ့သည်။