အပိုင်း (၁၇)
လုဝမ်ဝမ်သည် သူမအနောက်မှ အမျိုးသားကို သတိမထားမိဘဲ အသံတိုးတိုးဖြင့် ဆက်၍ မေးမြန်းလိုက်သည်။
“ရှေ့နေဖန် ကျွန်မကြားသေးတာက ရှင် ကွာရှင်းတဲ့အမှုတွေမှာ တစ်ခါမှ မရှုံးဖူးဘူးဆို အဲ့ဒါအမှန်ပဲလား”
သူမ ရှေ့နေရှာရသည့်အကြောင်းရင်းမှာလည်း မူလဇာတ်ကောင်၏အကျင့်စရိုက်နှင့် ဇာတ်လမ်းဇာတ်ကွက်ကို ထိန်းသိမ်းရန် ဖြစ်သည်။ အကြီးဆုံးလုမမလေးသည် စည်းဝါးမရှိ ဖြုန်းတီးရုံသာမကာ လူအများနှင့်ပေါင်းသင်းဆက်ဆံရသည်ကိုလည်း နှစ်သက်၏။ သူမသည် ဂုဏ်မောက်ပြီး အသုံးဖြုန်းကြီး၏။ မူလဇာတ်လမ်းတွင် လုသခင်မလေးသည် ရှန်းရီကို ကွာရှင်းပြီး သူ့ပိုင်ဆိုင်မှုကို ခွဲယူရန် ကြိုးစားခဲ့သည်။
“မစ္စလု မင်းရဲ့ယောကျာ်းက မင်းအပေါ် ဖောက်ပြန်နေတာလား”
“…..”
လုဝမ်ဝမ် အလေးနက်ဖြင့် ပြန်ဖြေ၏။
“သူမလုပ်ဘူး”
“ဒါဆို သူ မင်းကို ရုပ်ပိုင်းဆိုင်ရာ အနိုင်ကျင့်လား”
“အဲ့လိုလည်း မဟုတ်ဘူး”
ဖုန်းတစ်ဖက်ခြမ်းမှ ရှေ့နေသည် အနည်းငယ်တွေးဆပြီး တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် ဆိုလာ၏။
“အဲ့လိုဆိုရင် ကွာရှင်းတရားစွဲဆိုဖို့က တော်တော်လေးခက်မယ် တကယ်လို့အောင်မြင်ခဲ့မယ်ဆိုရင်တောင် ပိုင်ဆိုင်မှုတွေ ခွဲဝေလာတဲ့အခါကျရင် အကျိုးမြတ်များများရနိုင်မှာမဟုတ်ဘူး”
“တကယ်လို့ မင်းမှာသာ မင်းယောကျာ်းက မင်းအပေါ်ဖောက်ပြန်တဲ့သက်သေပဲဖြစ်ဖြစ်၊ အိမ်တွင်းအကြမ်းဖက်မှုရဲ့သက်သေဖြစ်ဖြစ် ဒါမှမဟုတ်လည်း စိတ်ပိုင်းဆိုင်၊ ရုပ်ပိုင်းဆိုင်ရာကို ထိခိုက်နာကျင်အောင် ပြုလုပ်တဲ့သက်သေဖြစ်ဖြစ် ရှိမယ်ဆိုရင်တော့ ကျွန်တော်တို့ခြေတစ်လှမ်းသာနိုင်ပါတယ် ပြီးတော့ ကျွန်တော်မေးလို့ရနိုင်မလား ဘယ်အချိန်လောက် ကွာရှင်းတရားစွဲဆိုချင်လဲဆိုတာ”
လုဝမ်ဝမ်သည် အရေးမစိုက်စွာသာ ပြုံးလိုက်ပြီး : “ကျွန်မ အလျင်မလိုသေးပါဘူး ပြင်ဆင်စရာရှိတာပြင်ဆင်လို့ရအောင် မေးထားရုံပါ”
သူမ ရှန်းရီဘက်မှ ကွာရှင်းစာချုပ်တွင် လက်မှတ်ထိုးပေးရန် ပြောလာသည်ထိ အရင်စောင့်ပေအုံးမည်။
ကျေးဇူးတင်ကြောင်း ဆိုပြီးနောက် လုဝမ်ဝမ်သည် ဖုန်းကိုချကာ ဆိုဖာပေါ်တွင် ခြေဗလာဖြင့် ခြေချိတ်ထိုင်ပြီး သူမမျက်ခုံးများက အတွေးထဲ နစ်ဝင်နေသကဲ့သို့ တွန့်ချိုးနေ၏။
လွန်ခဲ့သောရက်များအတွင်း သူမ၏တမင်ရည်ရွယ်ထားသည့် ဘဝင်မြင့်နေသောသရုပ်ပြမှုက ထိရောက်မှုမရှိဘူးဟု သူမ ခံစားမိနေသည်။ ရှန်းရီတွင် မည်သည့်အရာကမှ သူ့အတွက်အရေးမပါသည့်ပုံစံဖြင့် လျစ်လျူရှုထားသည့်ပုံစံကရှိနေဆဲ။
ထိုအရာက သူမအား အတော်လေး စိုးရိမ်ပူပန်စေ၏။
*
ရှန်းရီသည် လှေကားထိပ်၌ တခဏရပ်နေ၏။ ထိုယောကျာ်း၏မျက်နှာသည် အနည်းငယ်ဖြူရော်ပြီး နှုတ်ခမ်းသည် ဖျော့တော့နေကာ အကြိမ်ကြိမ် မျက်တောင်ကို ပေကလပ်၊ပေကလပ်လုပ်ပြီးနောက် ရုတ်တရက် သူ၏လည်ချောင်းဆီမှ ရယ်သံသဲ့သဲ့ ထွက်ပေါ်လာ၏။
မည်သည့်နေရာကနေ ရောက်လာမှန်းမသိသည့် ထိုအပြုံးသည် ကြောက်စရာကောင်းလှ၏။
အနှီယောကျာ်း၏ပုခုံးများပေါ်သို့ ဖြာကျနေသည့် လရောင်ဖျော့ဖျော့က သူ၏အရေပြားကိုပို၍ဖြူဥနေစေသည်။ သူ့မျက်လုံးများ၏ အနက်ရှိုင်းဆုံးတစ်နေရာတွင် ပွေလီရှုပ်ထွေးသည့် လိုအင်ဆန္ဒများကို ဖုံးကွယ်ထားပေမဲ့ တစ်ခဏအကြာတွင် ထိုမျက်လုံးများက သူတို့၏ ရေသေလိုတည်ငြိမ်နေသည့်အသွင် ပြန်ရောက်သွားသည်။
သူတို့နှစ်ဦ်း အထက်တန်းတက်စဉ်က သူမက သိပ်မဆိုးဘူးဟုသာ သူခံစားခဲ့ရခြင်းကြောင့်လည်း သူမ၏ပိုးပန်းမှုကို လက်ခံခဲ့သည်။ ထို့နောက် ရေကမြစ်ထဲသို့ စီးဆင်းသကဲ့သို့ ယေဘူယျအတိုင်း လက်ထပ်ထိမ်းမြားခြင်းကရောက်လာခဲ့သည်။
ပထမက လုဝမ်ဝမ်နှင့် ထိုလက်ထပ်ခြင်းအပေါ်တွင် အပေါ်ယံသဘောထားသာ ရှိခဲ့သည်။ သူမ လုမိသားစုမှပြန်မလာခင်အချိန်အထိ။
သူမ၏ထိုတက်ကြွနေသည့် စိတ်ဝိဉာဉ်က သူ့ကို နက်နက်ရှိုင်းရှိုင်း စိတ်ဝင်စားစေခဲ့သည်။
ရှန်းရီတွင် သူမအား တစ်သက်တာလုံးသူ့ကမ္ဘာထဲတွင်သာ ထိန်းသိမ်းထားလိုသည့် နက်ရှိုင်းသည့်ဆန္ဒမျိုး တစ်ခါမှ မရှိခဲ့ဖူးချေ။
ရှန်းရီသည် မေးကို အနည်းငယ် မော့လိုက်ပြီး နှုတ်ခမ်းထောင့်များက မြင့်တက်သွားကာ မျက်နှာပေါ်မှ အပြုံးသည် ထိတ်လန့်ဖွယ်ရာအတိ။
ဆယ်မိနစ်ကြာပြီးနောက် ထိုအမျိုးသားသည် တံခါးဆီသို့ ခြေလှမ်းအနည်းငယ်လှမ်းကာ ဆွဲဖွင့်လိုက်သည်။
လုဝမ်ဝမ်က သူ့ကို လှမ်းကြည့်လာပြီး : “နင်ပြန်လာပြီပဲ”
ရှန်းရီသည် အသံခပ်နိမ့်နိမ့်ဖြင့်သာ ပြန်ဖြေ၏။
“အမ်း”
လုဝမ်ဝမ်၏ ဘာမှဝတ်မထားသော ခြေဗလာကို ကြည့်ပြီး သူမကို ဖိနပ်ပါးတစ်ရံ ယူပေးကာ နူးညံ့စွာဖြင့် ဆိုလာ၏။
“ဖိနပ်ဝတ်ထားလေ”
လုဝမ်ဝမ် ဖိနပ်စီးပြီးနောက်တွင် အနှီအမျိုးသားက ညစာပြင်ရန် မီးဖိုချောင်းထဲသို့ ဝင်သွား၏။
သူ၏နောက်ကျောကိုကြည့်ပြီး ယနေ့ညတွင် သူ တစ်ခုခုမှားယွင်းနေသည်ဟု သူမ ခံစားမိလိုက်သည်။ သို့သော် သူ၏အမူအရာကို ကြည့်ပြီးချိန်တွင် မူမမှန်သည့် အနေထားမျိုးကို မတွေ့ရပြန်ချေ။
လုဝမ်ဝမ်သည် ရှန်းရီ၏စိတ်ခံစားမှုများကို ထူးထူးခြားခြား အာရုံခံစားမိနေပြီး ရှန်းရီတစ်ယောက် စိတ်ဆိုး၍ ငြိမ်သက်နေသည်ဟု ခံစားမိနေ၏။
ဒီလူ ကုမ္ပဏီမှာတစ်ခုခုနှင့် ပတ်သက်ပြီး ဒေါသထွက်လာတာ ဖြစ်မည်ဟု တိတ်တဆိတ် တွေးမိလိုက်သည်။
ရှန်းရီသည် ညစာကို နှစ်လုပ်ပြည့်အောင်ပင် မစားရသေးခင် တူကိုချကာ သူမကို ကြည့်ရင်း ဆိုလာ၏။
“ကိုယ် စာကြည့်ခန်းထဲ သွားလိုက်အုံးမယ် အလုပ်ကိစ္စပြီးသွားတာနဲ့ ပြန်လာပြီး သန့်ရှင်းရေးလုပ်ပေးမယ်နော်”
လုဝမ်ဝမ် ပထမက မလိုပါဘူးလို့ပြောချင်ခဲ့သည်။ သို့သော် သူမ ထိုစကားလုံးများကို ပြောမည့်ဆဲဆဲတွင် ပြန်မျိုချထားလိုက်တော့သည်။ ဤရက်များတွင် သူ(မ)အနေနှင့် မူလဇာတ်ကောင်၏ အထက်စီးဆန်ပြီး ပျင်းရိသည့်စရိုက်ကို အပြည့်အဝပြသရန် လိုအပ်သည်။
ထို့ကြောင့် သူမသည် နေရာကပင်မရွေ့ ထိုင်မြဲထိုင်နေခဲ့သည်။
လုဝမ်ဝမ်တစ်ယောက် ဖုန်းကို တစ်ခဏ ကြည့်ပြီးနောက် အိပ်ငိုက်လာခဲ့သည်။ ညကိုးနာရီပင် ရှိနေပြီးဖြစ်ကာ တစ်ချက် သမ်းဝေလိုက်ရင်း အိပ်ရာဝင်ရန် အိပ်ခန်းထဲသို့ ဝင်သွားလိုက်သည်။
ယနေ့မနက်တွင် စောင်ကို နေပြထားသည်ဖြစ်ရာ သူမမျက်နှာကို စောင်အောက်ထဲသို့ မြှုပ်ဝင်လိုက်သည်နှင့် နေ၏သင်းရနံ့များကို ရနေ၏။
အခန်းထဲရှိ အဲကွန်းအပူချိန်မှာ အနည်းငယ် မြင့်နေကာ လုဝမ်ဝမ်သည် ခဏအကြာသာ အိပ်ပျော်သွားသည့်တိုင် သူမ၏ဖြူဖွေးနူးညံ့သည့် မျက်နှာလေးသည် ပန်းရောင်သန်းလာပြီး နူးညံ့သည့် ခြေဗလာကလည်း စောင်အပြင်သို့ ရောက်နေပြီဖြစ်သည်။
သူမ ပိုပို၍ ပူအိုက်လာသည်နှင့်အမျှ၊ စောင်သည် လှစ်ဟသွားပုံရပြီး သူမ မသိလိုက်ပါဘဲ သူမ၏ ညအိပ်ဝတ်စုံကို တစ်စုံတစ်ယောက်က ဖယ်လိုက်ကာ သွယ်လျသောခါးကို မ,လိုက်လေ၏။ ထိုယောက်ျား၏ လက်ဖဝါးများသည် အနည်းငယ် အေးစက်နေသဖြင့် သူမမှာ မနေနိုင်အောင် ကြက်သီးထမိသွားသည်။
လုဝမ်ဝမ်သည် သူမ၏မျက်လုံးများကို ဝေဝါးစွာ ဖွင့်ကြည့်လိုက်ပြီး သူမအရှေ့မှ အမျိုးသားအား ကြောင်အမ်းစွာ စိုက်ကြည့်မိသည်။
ရှန်းရီ၏လက်များသည် အချိုးကျတည်ဆောက်ထားသည့် အရိုးများဖြင့် လှပသေးသွယ်ပြီး ဖြူဖွေးနေ၏။ သူသည် သူမ၏လက်များကို အတူတကွဆုပ်ကိုင်ထားပြီး သူမ၏ခေါင်းထက်တွင် တင်းတင်းကြပ်ကြပ် ဖိချုပ်ထားကာ နက်မှောင်သော မျက်လုံးများက သူမကို မျက်တောင်မခတ်စတမ်း စိုက်ကြည့်နေ၏။
လုဝမ်ဝမ်၏တုံ့ပြန်မှုကိုပင် မစောင့်ဘဲ၊ ထိုလူသည် ရုတ်တရက် ခေါင်းငုံ့လိုက်ပြီး သူ၏အေးမြသော နှုတ်ခမ်းများက သူမ၏နှင်းဖြူရောင်လည်ပင်းနောက်ဘက်သို့ ထိတွေ့လိုက်ရင်းဖြင့် အရသာကို ဖြည်းဖြည်းချင်း စုပ်ယူနေ၏။
လုဝမ်ဝမ်၏မျက်နှာသည် ပိုပို၍ ဖြူဖျော့လာကာ ပိတုန်းရောင်ဆံနွယ်များက သူမ၏ဖြူဖွေးနေသောနောက်ကျောတွင် ပြန့်ကျဲနေ၏။ သူမ ရင်တွင်းရှိ ရင်းနှီးပြီးသား အကြောက်တရားများက တိုးထွက်လာရင်း အားတင်းပြုံးကာ ဆိုလိုက်မိသည်။
“ငါ့လက်ကို အရင်လွှတ်ပေးနိုင်မလား”
အံ့သြစရာကောင်းသည်မှာ ရှန်းရီသည် သူမစကားကို နာခံကာ လွှတ်ပေးလိုက်ပြီး နှုတ်ခမ်းက မြင့်တက်သွားကာ ပေါ့ပါးစွာ ပြုံးပြလာ၏။
“ကောင်းပြီလေ”
လုဝမ်ဝမ်၏ တင်းမာသွားသော နှလုံးသားကြိုးမျှင်များက အနည်းငယ် ပြေလျော့သွားရသည်။ ယခုမှပင် သူ၏ကြောက်စရာကောင်းသည့် အရောင်ဝါများကြောင့် သူမမျက်လုံးများသည် နီမြန်းလာတော့သည်။