အပိုင်း (၄၃)
ထိုစကားလုံးအနည်းငယ်က ပြောရန်မခက်ခဲသော်လည်း လက်တွေ့လုပ်ရန် မလွယ်လှ၏။
သူမမှာ ဝတ္ထုထဲကို လေးကြိမ်မြောက်ပြန်ဝင်စားလာဖို့အထိ သတ္တိမရှိဘူးဟ!!!!
ရှန်းရီက အလွန်တည်ငြိမ်စွာ တုံ့ပြန်ပြီး မေးလာ၏။
“အကြောင်းပြချက်ကရော?”
“ငါတို့နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် မလိုက်ဖက်ကြဘူးလို့ ငါထင်တယ်”
လုဝမ်ဝမ်သည် လူတိုင်း ထပ်ခါတလဲလဲ ပြောတတ်ကြသည့် အကြောင်းပြချက်တစ်ခုကို ယူသုံးလိုက်သည်။
ရှန်းရီ ပထမ စဉ်းစားမိခဲ့သည်က အကယ်၍ သူမပါးစပ်မှ ထွက်လာသည့် ထိုစကားလုံးများကို ကြားရလျှင် သူ အလွန်ဒေါသထွက်မိလိမ့်မည်ဟူ၍။ သို့သော် သူ့နှလုံးသားကမူ သူထင်ထားသည်ထက်ပင် ပို၍တည်ငြိမ်နေခဲ့သည်။ လုဝမ်ဝမ် သူ့ကို ကွာရှင်းရန် ဆန္ဒရှိနေမှန်း သတိထားမိခဲ့သည်မှာကြာပြီဖြစ်သည့်အတွက်ကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါ၏။
ရှန်းရီ၏လက်ချောင်းထိပ်လေးများက သူမနူးညံ့သည့်မျက်နှာကို ထိကိုင်ရင်း မေးလာ၏။
“တကယ်လို့ ကိုယ်က သဘောမတူဘူးဆိုရင်ရော မင်းဘာဆက်လုပ်မလဲ?”
လုဝမ်ဝမ် သူနှင့်အကြည့်ချင်ဆုံရန် သူမ၏လည်ပင်လေးကို စောင်းရမည်ဖြစ်သည်။ သူမက အလွန် လေးနက်စွာ ပြန်ဖြေပေး၏။
“ငါ တရားရုံးကိုသွားပြီး တရားစွဲမှာ”
တစ်ခဏရပ်တန့်လိုက်ပြီးနောက် သူမက တည်တည်တံ့တံ့မျက်နှာထားနှင့် ထပ်ပြောလိုက်၏။
“ရီရီ ငါနင့်ကို ညာပြောနေတာမဟုတ်ဘူးနော် ငါ တကယ်ကို တရားစွဲပစ်မှာ”
တကယ်လို့ သူမ နှစ်ကြိမ်၊သုံးကြိမ်လောက်တရားစွဲလိုက်ရင်တော့ ကွာရှင်းလို့ရလောက်မယ်မလား?
ရှန်းရီက ခေါင်းကို ညိတ်ပြကာ :
“ကွာရှင်းဖို့ဆိုတာ မဖြစ်နိုင်ဘူး”
လုဝမ်ဝမ်က ပြုံးပြီး မေးလိုက်၏။
“ရှန်းရီ နင် ငါနဲ့ အရင်ကအတူနေတယ်ဆိုတာက ငါ့ကို သဘောကျလို့လား? နင်ငါ့ကိုလက်ထပ်ခဲ့တာကလည်း ငါ့ကို နှစ်သက်လို့လား?”
‘မူလဝတ္ထုထဲမှာရှင်းရှင်းလင်းလင်းလင်းကြီးကို ရေးပြထားပြီးသာ သူနှစ်သက်လို့မဟုတ်ဘူး’
အမျိုးသားဇာတ်ဆောင်သည် မွေးကတည်းက စိတ်ခံစားမှုများကို လျစ်လျူရှုထားသူ ဖြစ်သည်။ သူသည် မူလဇာတ်ကောင်ကို လက်မထပ်ခင်က ‘ဘယ်သူပဲဖြစ်ဖြစ် အကြောင်းမဟုတ်တာမလို့ သူမဆိုလည်း ဖြစ်တာပဲ’ ဟူသော အယူအဆမျိုးကိုစွဲကိုင်ထားခြင်းဖြစ်သည်။
ရှန်းရီ သူမကို ဆန့်ကျင်ရန် မည်သည့်စကားလုံးမှ ရှာမတွေ့ခဲ့ချေ။ ယခုအချိန်မှာ သူ သူမနှင့် မခွဲခွာနိုင်ခဲ့လျှင်တောင် ထိုအချိန်တုန်းက သူမအပေါ် စစ်မှန်သည့် ချစ်ခြင်းမေတ္တာမျိုးဖြင့် လက်ထပ်ခဲ့ခြင်းမျိုးမဟုတ်သည်ကိုတော့ ဝန်ခံရပေမည်။
လုဝမ်ဝမ်သည် သူမ၏ကိုယ်၌ကလည်း မသေချာမရေရာဖြစ်နေခြင်းပေ။ သူမ ကွာရှင်းပေးရန် သတ္တိမွေးပြီး ပြောလိုက်ခြင်းဖြစ်သော်လည်း တစ်ချိန်တည်းမှာပင် အမျိုးသားဇာတ်ဆောင်က ဒေါသထွက်ပြီး သူ ယခင်နှစ်ကြိမ်က လျှောက်ခဲ့သည့်လမ်းကို တစ်ဖန်ပြန်၍ လျှောက်မည်အား သူမ ကြောက်မိပါ၏။
သူမ တိတ်တဆိတ် ရှန်းရီမျက်နှာပေါ်မှအမူအရာကို စစ်ဆေးကြည့်လိုက်၏။ ကံကောင်းစွာဖြင့် အထူးတလည်ဆိုးရွာနေပုံ မပေါ်ပေ။
လုဝမ်ဝမ်မှာ ရှန်းရီအကြောင်းသိသဖြင့်လည်း သူ့ကို တစ်ခါတည်းနှင့် အများကြီး မတောင်းဆိုရဲချေ။ ထို့ကြောင့် သူမခေါင်းလေးကို စောင်းပြီး တီးတိုးပြောလိုက်သည်။
“ရပါတယ် နင် အချိန်ယူပြီး နှစ်ရက်လောက်တော့ စဉ်းစားကြည့်အုံးပေါ့”
“ဒါပေမဲ့ ကွာရှင်းလိုက်တာက ငါတို့နှစ်ယောက်အတွက်အကောင်းဆုံးပဲလို့ ငါထင်တယ်၊ အသစ်အသစ်တွေရှာဖွေကြဖို့ ခြေတစ်လှမ်းဆုတ်လိုက်ရမှာက သဘာဝပဲလေ တကယ်လို့ နောက်မှ နောင်တရခဲ့ကြရင် ငါတို့ထပ်ပြီးလက်ထပ်လို့ရသေးတာပဲလေ ဟုတ်တယ်မလား?”
သူမသည် သူမ၏ဦးနှောက်ကို မနည်းခြစ်ကုပ်ကာ စကားအလှလေးများကို ညှစ်ထုတ်လိုက်ရသည်။
ရှန်းရီက သူမကို ဝေ့ကြည့်လိုက်ပြီး အပြုံးဖြင့် မေးလာ၏။
“ဝမ်ဝမ်က နောက်တစ်ကြိမ်ဆိုရင်ရော ကိုယ့်ကို ထပ်ပြီးလက်ထပ်အုံးမှာလား?”
လုဝမ်ဝမ် တစ်ခဏ စဉ်းစားပြီး သူမ၏မေးကို စိတ်လှုပ်ရှားစွာဖြင့် ထိလိုက်သည်
“ငါပြန်လက်ထပ်ဖို့ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်”
ချီးကိုလက်ထပ်မယ် နင့်ဖင်ပဲ!
သူမ သူ့ကိုမြန်မြန်ရှင်းမထုတ်နိုင်သည်မို့ ဒေါသကထွက်လာရသည်။
နောက်ဆုံးတွင် ရှန်းရီက ကွာရှင်းဖို့သဘောမတူခဲ့ချေ။ သို့သော် လုဝမ်ဝမ်သည်လည်း သူ ချက်ချင်းကြီးသဘောတူလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ အရာအားလုံးကို ဖြည်းဖြည်းမှန်မှန်နှင့် ကိုင်တွယ်ဖြေရှင်းရပေမည်။
ယခုအချိန်တွင် သူမက ရှန်းရီ၏အရှေ့တွင် မောက်မာပြီး ထောင်လွှားနေသည့် အမျိုးသမီးတစ်ယောက်အသွင် သရုပ်ဆောင်စရာမလိုအပ်တော့သည့်အပြင် ရွံစရာကောင်းသည့် လင်းရှုနှင့်လည်း ဆက်သွယ်စရာမလိုတော့ပေ။
နှစ်ယောက်သား ရှန်းမိသားစုအိမ်တော်ကြီးတွင် တစ်ညအိပ်ခဲ့ကြပြီး နောက်တစ်နေ့တွင် မနက်စာစားပြီးသည့်နောက် ပြန်ထွက်လာခဲ့ကြသည်။
နှစ်ယောက်စလုံး ကွာရှင်းမည့်ကိစ္စကို အချိန်တစ်ခုစာအထိ တစ်ခဏ ဘေးချိတ်ထားကြ၏။
ထိုအချိန်မှာပင် လုဝမ်ဝမ်သည် E-sport ပြိုင်ပွဲတစ်ခုအတွက် အစီစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်ပေးရန် ကမ်းလှမ်းခံရသည်။
သူမကိုယ်တိုင်က ပုံဆွဲခြင်းကိုလေ့လာခဲ့သော်လည်း ဝတ္ထုထဲရှိ အကြီးဆုံးလုမမလေးက ကောလိပ်တွင် ရုပ်သံလွှင့်ခြင်းနှင့် အစီအစဉ်တင်ဆက်ခြင်းတွင် အထူးပြု မေဂျာယူခဲ့သည်။ သူ(မ)သည် ချောမောသော ရုပ်ရည်နှင့် ချိုသာသည့် အသံကလေးကို ပိုင်ဆိုင်ထားသော်လည်း မိသားစုက ချမ်းသာသည့်အတွက် ဘွဲ့ရပြီးနောက်တွင် အလုပ်ရှာဖို့ စိတ်ကူးမရှိခဲ့ချေ။
ဤသည်မှာ သူမအိမ်တံခါးဝဆီသို့ ရောက်လာခြင်းဖြစ်၍ သေချာပါသည် လုဝမ်ဝမ် ငြင်းဆန်မည်မဟုတ်ပေ။
သူမ မူလပိုင်ရှင်ယူထားသည့်အသက်မွေးဝမ်းကျောင်းပညာ၏အခြေခံပညာကို လေ့လာရန် အိမ်တွင် တစ်လလောက်အောင်းနေခဲ့သည်။
ကွာရှင်းရန် စာတင်ထားပြီးနောက်တွင် လုဝမ်ဝမ်သည် ရှန်းရီနှင့်ဆက်ဆံရသည်မှာ ပို၍သက်သောင့်သက်သာရှိလာပြီး စိတ်ထဲတွင်လည်း သူ့ကိုအလွန် မကြောက်မိတော့ကြောင်း ခံစားရလေသည်။
ရှန်းရီက သူမကို သူ အရင်က ဆက်ဆံနေကျပုံစံအတိုင်းသာ ဆက်ဆံမြဲပင်။ သူသည် နေ့တိုင်း သဘာဝကျစွာ အိမ်မှုကိစ္စအဝဝကိုဆောင်ရွက်ပြီး တစ်နေ့ ထမင်းသုံးနပ်ကိုလည်း ကိုယ်တိုင်ကိုယ်ကျ အမြဲချက်ကျွေး၏။
မနက်ဖြန်တွင် လုဝမ်ဝမ်သည် သူမ၏ပထမဦးဆုံး အစီအစဉ်တင်ဆက်ပွဲကို တက်ရောက်ရတော့မည်ဖြစ်သည်။ ညကြီးသန်းခေါင်တွင် သူမမှာ အလွန်စိတ်လှုပ်ရှားနေပြီး အိပ်လို့မပျော်ချေ။ ထို့ကြောင့် ဧည့်ခန်းထဲတွင် ထိုင်ပြီး တီဗီကြည့်ရန် ဆုံးဖြတ်လိုက်၏။
ဆံပင်ကို လျှော်ပြီးနောက် ရေချိုးခန်းထဲမှ ထွက်လာသည့် ရှန်းရီသည် သူ(မ)ကို တွေ့သည်နှင့် သက်ပြင်းချကာ ဆိုလာ၏။
“အခန်းထဲသွားပြီး အိပ်တော့လေ”
အနှီအမျိုးသားတွင် ဖြောင့်တန်းသည့်နှာခေါင်း၊ ရှည်လျားကော့စင်းသည့်မျက်တောင်များနှင့် ဂရုတစိုက် ထွင်းထုသကဲ့သို့ သန့်စင်သည့် ကျောက်စိမ်းဖြူ အပိုင်းအစနှင့်တူသော နူးညံ့သည့် မျက်နှာတို့ ရှိ၏။
လုဝမ်ဝမ် သူမ၏အာရုံများပြန်မရလာခင် သူ့ကို တစ်ခဏ မှင်သေစွာ စိုက်ကြည့်နေမိ၏။ သူမ၏နှုတ်ခမ်းကို ဖွင့်လိုက်ပြီး အနည်းရှက်ရွံ့နေသကဲ့သို့ အထစ်ထစ်အငေါ့ငေါ့ဖြင့် :
“အမ်…အဲ့ဒီ ..ကွာရှင်းဖို့ကိစ္စကို နင်စဉ်းစားကြည့်ပြီးပြီလား?”
ရှန်းရီသည် တန့်သွားပြီး နှုတ်ခမ်းကို
စေ့ကာ :
“ကိုယ် အဲ့ဒါကို အတော်ကြာ စဉ်းစားပြီးပြီ၊ ကိုယ်လက်မခံဘူး”
“……”
“မင်း တရားခွင်ထိ သွားချင်တယ်ဆိုလည်း သွား၊ ကိုယ် မင်းကို မတားပါဘူး”
ရှန်းရီ အမှန်တကယ် သူမကို တားမည်မဟုတ်ပေ။ သို့သော် သူမရှာထားသမျှရှေ့နေတိုင်းကိုသာ လာဘ်ထိုးလိမ့်မည်ဖြစ်သည်။
လုဝမ်ဝမ်သည် နှုတ်ခမ်းကို စူလိုက်ပြီး သူ့ကို အတော်လေး စိတ်ဆိုးသွားသည့်ပုံနှင့် နှုတ်ခမ်းကို တင်းတင်းစေ့ပိတ်ကာ စကားတစ်ခွန်းမျှ မဆိုတော့ချေ။
သူမသည် စိတ်ကောက်နေရင်းနှင့်ပင် ဆိုဖာပေါ်တွင် အိပ်ပျော်သွားခဲ့ပြီး နောက်ဆုံးတွင် ရှန်းရီကသာ သူမကို အိပ်ခန်းထဲသို့ ပြန်ချီခေါ်သွားပေးရသည်။
လုဝမ်ဝမ်က အရင်ကထက်ပိုပိုပြီး ချစ်ဖို့ကောင်းလာသည်ဟု ရှန်းရီခံစားနေရသည်။
သူမ၏ စူပုပ်ပုပ်နှုတ်ခမ်းထော်ထော်ရုပ်ကလေးသည် သုံးနှစ်အရွယ်ကလေးလေးအတိုင်းပါပင်။