အပိုင်း (၁၄)
သူတို့စကားကောင်းနေကြစဉ် ဟင်းပွဲများကို ချပြီးလေပြီဖြစ်သည်။
ရှန်းရီသည် ဘေးတွင် ထိုင်ရင်း အစကနေအဆုံးထိ စကားအနည်းငယ်သာ ဆိုလေ၏။ သူမ ဗိုက်ဆာသွားမည်ကို ကြောက်သကဲ့သို့ သူမ၏ပန်းကန်လုံးထဲသို့ စားစရာများကိုသာ တိတ်တဆိတ် ယူထည့်ပေးနေ၏။
“မရီးက တကယ်ပဲ ပိုပိုပြီးလှလှလာတယ်နော်”
ထိုသို့ပြောလိုက်သည့်သူမှာ ဖုချန်ဟိုက်၊ ဤသို့ပြောလိုက်သော်ငြား သူ၏မျက်လုံးများထဲတွင် လေးစားမှုအရိပ်အယောင်ဟူ၍ မရှိ၊ ရိုင်းပျလိုသည့်ရည်ရွယ်ချက်ကသာ ပိုနေပေလိမ့်မည်။
အနှီကောင်းကင်ဘုံ၏ သားများအုပ်စုက သာမန်လူတန်းစားများကိုတော့ သူတို့မျက်လုံးထဲ ထည့်မည်မဟုတ်ပေ။
ရှန်းရီတစ်ယောက် လုမမလေး၏စာရိတ္တကို သေချာမြင်ရဲ့လား လုဝမ်ဝမ် မသေချာပေမဲ့ သူ့ဘေးရှိ ထိုသူငယ်ချင်းအုပ်စုကတော့ သိပေလိမ့်မည်။
သူမက ပြုံးလိုက်ပြီး : “ကျေးဇူးတင်ပါတယ်”
ယခင်က ဖုချန်ဟိုက်သာဆိုလျှင် သူမအား မျက်စောင်းပင် လှည့်ထိုးလိမ့်မည်မဟုတ်၊ သူ့အတွက် သူမသည် ဦးနှောက်မရှိ ဉာဏ်နည်းသည့် အချည်းနှီးမိန်းမသာသာပင်။
ယနေ့တွင်မူ သူမအား တွေ့လိုက်ရသည်နှင့် သူမ၏အလုံးစုံက ပိုပြီးအေးဆေးတည်ငြိမ်လာသလို။
လုဝမ်ဝမ်၏ဗိုက်မှာ ဟောင်းလောင်းဖြစ်နေပြီး ဗိုက်စာနေသည်မှာ ကြာလှပြီဖြစ်သည်။ ထို့ကြောင့် အခြားလူများ၏အမြင်ကို ဂရုစိုက်မနေတော့ဘဲ အစားအသောက်ထဲတွင်သာ သူမ၏ခေါင်းကို နှစ်ထားလိုက်သည်။ ရှန်းရီသည် သူမအား ကျွေးနေရသည်ကို နှစ်သက်နေပုံရကာ သူမ၏ပန်းကန်လုံးထဲသို့ အစားသောက်များကို မပြတ်ထည့်ပေးနေ၏။
ဖုချန်ဟိုက်နှင့် ကျောင်းရှီကျုံတို့နှစ်ယောက်သည် အယ်ကိုဟောသောက်နေကြသော်လည်း ရှန်းရီကတော့ တစ်ငုံပင် မသောက်ချေ။
ရှန်းရီနှင့် နှစ်ဘဝတိုင် ရင်းနှီးဆက်ဆံခဲ့ရသည်က လုဝမ်ဝမ်အား သူမ ရှန်းရီအကြောင်း အတော်လေးသိလှပြီဟု ခံစားမိစေသည်။ ထိုလူသားသည် အရက်၊ ဆေးလိပ်မသောက်သည့်အပြင် လောင်းကစားလည်းမလုပ်တတ်၊ သူ၏ အလုံးစုံက သန့်ရှင်းသပ်ရပ်နေပြီး မကောင်းသည့်အကျင့်ဟူ၍မရှိ။ သူ၏စိတ်ပုံမှန်ဟုတ်မနေသည့်အချက်မှလွဲ၍ အရာအားလုံးကပြီးပြည့်စုံသည်ဟု ဆိုရမည်ဖြစ်သည်။
လုဝမ်ဝမ် တူကိုချကာ ရှန်းရီ၏အင်္ကျီစကို လှမ်းဆွဲပြီး မေးလိုက်သည်။
“သန့်စင်ခန်းက ဘယ်နားမှာလဲ? ငါသန့်စင်ခန်းသွားချင်လို့”
ရှန်းရီသည် သူမ၏လက်လေးကို ပြန်ကိုင်ကာ အသာအယာ ဆိုလာ၏။
“ကိုယ် မင်းကိုခေါ်သွားပေးမယ်”
ကျူယွမ်တွင် ပတ်ဝန်းကျင်က အနည်းငယ် ရှုပ်ထွေးသည်။ အကယ်၍ တစ်စုံတစ်ဦးကသာ ဤနေရာနှင့်မရင်းနှီးပါက လမ်းပျောက်သွားမည်မှာ အသေချာပင်။
လုဝမ်ဝမ် တိတ်တဆိတ်နှင့် သူမလက်ကို သူ့လက်ဖဝါးထဲမှ ဆွဲထုတ်လိုက်သည်။ သူမဘေးရှိ ထိုယောကျာ်းက ဘာမှမဖြစ်ခဲ့သလိုဟန်ဆောင်ကာ သူမ၏လက်ငါးချောင်းအား ဖမ်းဆွဲကာ ခိုင်မြဲစွာပင် ဆုပ်ကိုင်လိုက်သေး၏။
စင်္ကြလမ်းနှစ်ခုအားဖြတ်ပြီး ထောင့်ချိုးတစ်ခုကို ကွေ့ပြီးနောက်တွင် အဝေးမှနေ သန့်စင်ခန်းသင်္ကေတကို လုဝမ်ဝမ် လှမ်းမြင်လိုက်သည်။
နှစ်ယောက်သား လမ်းလျှောက်သွားလိုက်ပြီး ထောင့်အကွယ်၌ ထည်ထည်ဝင့်ဝင့်ဝတ်ဆင်ထားသည့် သက်လတ်ပိုင်အရွယ် အမျိုးသမီးတစ်ဦးနှင့် ဝင်တိုက်မိလေ၏။
ထိုအမျိုးသမီးသည် ရှန်းရီအားမှတ်မိပုံရကာ မထီမဲ့မြင်ပြုံးလိုက်ပြီး၊ သူမပါးစပ်ဖွင့်လာသည့်အချိန်တွင် အသံသည် စူးထွက်လာပြီး သံနေသံထားက အလွန် ခါးသီးပြီး ကြမ်းတမ်းလွန်းကာ သူမဘေးရှိ သူငယ်ချင်းအား အထက်စီးကနေ ဆိုလေ၏။
“ကျူယွမ်က ဘာတွေဖြစ်ကုန်တာလဲ? အခုက ဘယ်လိုလုပ်ပြီး ကြောင်တွေခွေးတွေပါ ဝင်လာလို့ရနေတာလဲ?”
လုဝမ်ဝမ် ထိုအမျိုးသမီးအားချက်ချင်းမှတ်မိလိုက်၏။ ထိုပုဂ္ဂိုလ်သည် ရှန်းရီ၏အဒေါ်အရင်းဖြစ်သည်။
ကျစ်။
သူမ မနေနိုင်အောင် ရှန်းရီကိုတစ်ချက်လှည့်ကြည့်လိုက်မိသည်။ သူမဘေးရှိ ထိုလူသားကမူ ကြိမ်ဆဲခံရသည့်သူမှာ သူမဟုတ်သည့်အလား မထုံတက်သေးအမူအရာနှင့် တည်ငြိမ်နေ၏။
လုဝမ်ဝမ် သက်ပြင်းမချဘဲ မနေနိုင်အောင် ဖြစ်သွားရသည်။ ရှန်းရီ ဤမျှအထိ သည်းခံနိုင်သည်က အတော်လေးကြောက်ဖို့ကောင်း၏။
ရှန်းရီ၏ ကန့်သတ်ချုပ်တည်းထားသည့် သည်းခံမှုကို လုဝမ်ဝမ် အလွန်စောစီးစွာကတည်းက မျက်မြင်တွေ့ခဲ့ပြီးပြီပင်။ ၎င်းမှာ ပထမဆုံးအကြိမ်ဝင်စားမှုအတောအတွင်း မင်္ဂလာဆောင်ပြီးနောက် သူမမှာ လဝက်လောက် အပြင်မထွက်နိုင်သည့်အချိန် ဆက်ပြီးသည်းမခံနိုင်တော့ကာ ဟန်ဆောင်ဖျားပြီး သူ့အား လိမ်ညာခဲ့သည်။ ထို့နောက် သူမ၏မှတ်ပုံတင်စာရွက်စာတမ်းများကို တိတ်တဆိတ်ယူကာ ဆေးရုံမှ အမှားအယွင်းမဖြစ်ဘဲ ခိုးထွက်လာနိုင်ခဲ့ပြီး ကွာရှင်းရန်အတွက် တရားစွဲဆိုရန် တရားရုံးသို့သွားကာ ရှေ့နေတစ်ယောက်ရှာခဲ့သည်။
ရှန်းရီသည် ရုတ်တရက် ကြင်နာသော အကြည့်များနှင့် ခပ်ဖွဖွလေး ပြုံးရုံပြုံးနေသည့် အပြုံးတစ်ခုဖြင့် ရုံးထဲတွင် ပေါ်လာခဲ့၏။ ထိုအပြုံးသည် သူမအား ရင်တထိတ်ထိတ်ဖြင့် ကြောက်လန့်တုန်လှုပ်သွားစေခဲ့သည်။
လုဝမ်ဝမ်မှာ ပြန်လည်ဖမ်းမိသွားခဲ့ပြီး သူမ၏လက်ကောက်ဝတ်များမှာ နီမြန်းလာသည်အထိ ဖျစ်ညှစ်ခံခဲ့ရသည်။ သူ၏နဖူးထက်မှ ရန်မူလိုစိတ်များ ထုတ်လွှတ်နေပြီး၊ မျက်ဝန်းအကြည့်များသည် ဓားတစ်စင်းကဲ့သို့ ထက်ရှနေသော်လည်း ထွက်လာသည့် စကားတို့မှာကား နူးညံ့ညင်သာနေဆဲ၊ သိမ်မွေ့နေဆဲ၊ သဘောထားကြီးသည့် ဟန်တို့ဖြင့်။
သူ၏သေးသွယ်သွယ်လက်ချောင်းများက သူမ၏ပါးနှစ်ဖက်ကို နူးညံ့စွာပွတ်သပ်ရင်း အိပ်ရာထက်ရှိ ကြောက်လန့်တုန်လှုပ်နေသော အမျိုးသမီးငယ်ကို ကြည့်ပြီး ခပ်ဖွဖွ ရယ်ကာ သက်ပြင်းမောကြီးချလေ၏။
“မင်း ဘာကိုကြောက်နေတာလဲ? ကိုယ်က မင်းကို ကိုက်စားမှာမှမဟုတ်တာ ဟုတ်တယ်မလား?”
ထိုအချိန်က လုဝမ်ဝမ်မှာ သတ္တိနည်းပြီး ကြောက်ရွံ့သဖြင့်လည်း သူမအရှေ့မှ ထိုယောကျာ်းသည် သူမအား အရှင်လတ်လတ်စားတော့မည်ဟု တွေးထင်ကာ ကြောက်လန့်မှုများဖြင့် ငိုယိုနေခဲ့သည်။
အစိတ်စိတ်အမွမွ ကွဲကြေသွားသည့် ပုလဲလုံးလေးများကဲ့သို့ မျက်ရည်ဥလေးများက ရေစက်လေးများအလား တလိမ်လိမ့်ကျဆင်းလာ၏။ သူမ ငိုနေပုံမှာ အလွန်သနားစရာကောင်းလှသည့်တိုင် ထူဆန်းစွာဖြင့် သူမ ငိုနေသည်ကို ကြည့်နေသည့် ထိုအမျိုးသား၏မျက်လုံးများက ပိုလို့ပင် ရင်ခုန်စိတ်လှုပ်ရှားနေဟန်။
သူသည် လက်ချောင်းထိပ်လေးများဖြင့် သူမ၏မျက်ရည်စီးကြောင်းများကို နူးညံ့စွာသုတ်ပေးပြီး နောင်တရနေသည့် အသံဖြင့် ဆိုလာခဲ့သည်။
“မင်း ဝမ်းနည်းပက်လက်ငိုနေတာကိုကြည့်နေရတာ ကိုယ့်နှလုံးသားက အရမ်းနာကျင်ရတာပဲ”
သူမမှာ တန့်သွားပြီး သူ့အား မျက်လုံးနီလေးဖြင့် မော့ကြည့်လိုက်ချိန် ထိုအမျိုးသား၏ ပေါ့ပေါ့တန်တန်အမူအရာဖြင့် ဆိုလာသည့် စကားကို ကြားလိုက်ရသည်။
“ဒါပေမဲ့လည်း မင်းကိုတော့ အပြစ်ပေးရမှာပဲလေ”
*
ရှန်းရီကို ရှန်းမိသားစုမှ အလွန် မကြိုဆိုကြပေ။ သူ၏အမေ သူ့အားခေါ်သွားသည့်အချိန်တွင် ရှန်းမိသားစု၏ သခင်မကြီးရှန်းသည် နှလုံးရောဂါထဖောက်ကာ အသေစောခဲ့ရသည်။
ရှန်းရီ၏အဒေါ်သည် သူ့အမေအား နဂိုကတည်းက မကြည်ဖြူသူဖြစ်ရာ ထိုပြဿနာဖြစ်သွားပြီးနောက်တွင် သူမအား ပိုလို့ပင် မုန်းတီးရွံရှာကာ သူ့ကိုပါ ထပ်တူမုန်းတီးသွားတော့သည်။
ထို့အပြင် ရှန်းရီတွင် အဖေတူ၊အမေတူမှ မွေးဖွားထားသည့် ညီငယ်တစ်ယောက်ရှိသေး၏။ ရှန်းမိသားစုသည် ရှန်းရီ၏ထိုမာနကြီးသော်လည်း သဘောကျချင်စရာကောင်းသည့် ညီလေးကိုသာ ပို၍နှစ်သက်ကြသည်။
ရှန်းရီသည် သူ့အဒေါ်ပြောသမျှကို မကြားဟန်ဆောင်ကာ လုဝမ်ဝမ်အား သန့်စင်ခန်းတံခါးရှေ့သို့ ခေါ်သွားပြီး :
“ဝင်သွားလေ”
လုဝမ်ဝမ် သန့်စင်ခန်းမှထွက်လာသည့်တိုင်အောင် ရှန်းရီ၏အဒေါ်က ရှိနေဆဲဖြစ်သည်။ သူမသည် ရှန်းရီ၏ရှေ့တွင် ကွေးကောက်သော ဆံပင်တိုတိုဖြင့် သူမ၏ဖီးနစ်မျက်လုံးများသည် အနည်းငယ် လန်တက်နေပြီး မျက်နှာထားတင်းတင်းနှင့် ဒေါသတကြီး ရပ်နေ၏။
လုဝမ်ဝမ် လက်ကို သန့်ရှင်းအောင်သုတ်ပြီး ရှန်းရီဆီသို့ လမ်းလျှောက်အလာ၊ ရှန်းရီအဒေါ်၏ထေ့ထေ့ငေါ့ငေါ့ ပြောသံကို ကြားလိုက်ရ၏။
“တချို့လူတွေက မွေးကတည်းက ဆင်းရဲချို့တဲ့ဖို့ မွေးလာကြတာ ဘယ်လောက်ပဲ ကြက်ရိုင်းတွေပျံနိုင်ပါစေ ဖီးနစ်ငှက်တော့ဖြစ်လာနိုင်မှာမဟုတ်ဘူး”
လုဝမ်ဝမ် အနည်းငယ်စိတ်မသက်မသာဖြစ်သွားရ၏။ သူမ ဒီလိုစကားမျိုးတွေကို မတော်တဆ ကြားရလိမ့်မယ်လို့ ဘယ်သူကထင်မှာလဲ?
သို့ပေမဲ့ ငါတို့ရဲ့အဓိကဇာတ်ဆောင်ကြီးကတော့ ဖုတ်လေသည့်ငပိရှိသည်မထင်သကဲ့သို့ ဟန်ပင်တစ်ချက်မပျက်။