no

Font
Theme

အပိုင်း (၄၉)

“ဝမ်ဝမ်”

ရှန်းရီသည် လက်နှစ်ချောင်းကို ဖြန့်ထုတ်ပြီး သူမမေးကို ပင့်တင်ကာ ပေါ့ပါးစွာရယ်လျက် မေးလေ၏။

“မင်း ဒီနေ့ အနိုင်ကျင်ခံလာခဲ့ရတာလား?”

သူမက သေချာပေါက်ကို အနိုင်ကျင်ခံခဲ့ရတာ...။

အမှန်တကယ်တွင် ရှန်းရီသည် တိုက်ရိုက်ထုတ်လွှင့်မှု၏ မှတ်ချက်များတွင် သူမကို ဆူဆဲနေကြသည့် စကားလုံးများကို မြင်တွေ့ခဲ့ပြီးသားပင်။ သို့သော် လုဝမ်ဝမ်ကို အခက်အခဲအနည်းငယ် ခံစားခွင့်‌ပေးလိုက်သည်က ကောင်းမည်ဟု သူ ခံစားမိသည်။

လုဝမ်ဝမ်သည် မျက်နှာကို တစ်ဖက်သို့ လှည့်လိုက်ပြီး သဘာဝမကျစွာ ပြန်ဖြေပေးလေသည်။

“ဒီလိုပါပဲ”

တစ်ခဏရပ်ပြီးနောက် သူမက ထပ်ဖြည့်ကာ : “ဒါပေါ့ ငါ့က ဘလိုင်းကြီးအနိုင်ကျင့်ခံမယ့်လူစားမျိုးမှမဟုတ်တာ”

ရှကျီပြောခဲ့သည့် စကားများအားလုံး သူမ မှတ်မိပါ၏။ သူမက ရှကျီကို ဂရုမထားဘဲ သဘောထားကြီးကြီးခွင့်လွှတ်ပေးမည်ဟု မည်သူမျှမမျှော်လင့်ခဲ့ကြပေ။ တကယ်တမ်းတွင် ရှန်းရီ ဒီညရောက်လာသည့်အချိန်က လုဝမ်ဝမ် သူ့ကိုအသုံးချပြီး ရှကျီမျက်နှာကို ရိုက်ချရန် စဉ်းစားခဲ့မိသည်။

သို့သော် သေချာတွေးကြည့်ပြီးနောက်မှ သူမ ထိုကဲ့သို့ မလုပ်ခဲ့ခြင်းသာ။

ရှန်းရီ အနည်းငယ် အံ့အားသင့်သွားရသည်။ အစကထင်ခဲ့သည်မှာ လုဝမ်ဝမ်သည် ဒေါသများ ပေါက်ကွဲထွက်ပြီး ချက်ချင်း ထိုအလုပ်မှ ထွက်မည်ဟူ၍။ ယခုကြည့်ရသလောက် ထိုသို့ဟုတ်ဟန် မတူပေ။

လုဝမ်ဝမ်သည် တစ်ခဏ စဉ်းစားကြည့်ပြီးနောက် လက်ဖဝါးအရွယ်လောက်သာရှိသည့်မျက်နှာလေးကို အပေါ်သို့ အနည်းငယ်စောင်းကာ နှုတ်ခမ်းကို ဖွင့်ဟပြီး နူးညံ့စွာ မေးလိုက်သည်။

“နင် ငါတို့နှစ်ယောက်ကွာရှင်းဖို့ကိစ္စအကြောင်းကို စဉ်းစားပြီးသွားပြီလား?”

ရှန်းရီသည် မျက်လုံးများကို ပင့်တင်ပြီး အပူပင်ကင်းမဲ့သည့်ပုံစံနှင့် ပြုံးလာ၏။

“မင်း အဲ့ဒီကိစ္စအကြောင်းပြောနေတာကို ရပ်လိုက်တာ ပိုကောင်းမယ်”

သူ့အကြည့်များက အနည်းငယ်အေးစက်နေ၏။ လုဝမ်ဝမ်တွင် သူ့အပေါ် ရှင်းပြလို့မရနိုင်သည့် အကြောက်တရားရှိနေပြီး သူကိုယ်၌က ထိုအကြောက်တရား ဘယ်ကနေ ရောက်လာသလဲကို မသိသော်လည်း ရှန်းရီ မြင်နိုင်နေ၏။

တစ်ခဏစောင့်ဆိုင်းပြီးနောက်တွင် လုဝမ်ဝမ်သည် သူ၏အကြည့်များကို တည့်တည့်စိုက်ကြည့်ပြီး ဆိုလိုက်သည်။

“ငါ ရပ်မှာမဟုတ်ဘူး”

ထိုအချိန်က ရှန်းရီကို သူ၏ယူနီဖောင်ကို မဝတ်တော့ရန် အမိန့်ပေးခဲ့စဉ်က သူမသုံးခဲ့သည့်လေသံနှင့် တစ်ထပ်တည်းပင်။

“……”

“ငါ ထပ်ပြီးပြောနေအုံးမှာပဲ”

“……”

“ငါ ကွာရှင်းစာချုပ်မှာ ဖြည့်တောင်ဖြည့်ပြီးသွားပြီ အဲ့ဒါကို ဧည့်ခန်းထဲမှာ ထား,ထားတယ်၊ နင် နင့်ဘာသာနင်သွားဖတ်ကြည့်ပြီး ပြဿနာမရှိဘူးဆို လက်မှတ်ထိုးလာခဲ့”

“……”

လုဝမ်ဝမ်သည် ပြောချင်ရာပြောပြီးသွားသည့်နောက် ရှန်းရီ၏မျက်နှာ‌ပေါ်မှ အမူအရာကို ဂရုမစိုက်နေတော့ဘဲ တစ်ဖက်သို့ လှည့်ထွက်ကာ အခန်းထဲကို ဝင်သွားလေသည်။

ရှန်းရီသည် ဧည့်ခန်းထဲသို့ မောင်းထုတ်ခြင်းကို ခံလိုက်ရပြီး စားပွဲပေါ်တွင်အသေအချာတင်ထားခဲ့သည့် ကွာရှင်းစာချုပ်ရှိနေ၏။

စာရွက်အနည်းငယ်ကို သာမန်ကာလျှံကာ လှန်လှောကြည့်ပြီးနောက် အနှီအမျိုးသား၏နှုတ်ခမ်းထက်မှ ရယ်သံသဲ့သဲ့လေးတစ်ခုထွက်ပေါ်လာပြီး စာရွက်များကို အံဆွဲထဲသို့ ပစ်ထည့်လိုက်သည်။

စာရွက်ပါအချက်အလက်များက အမှန်တကယ် တင်းကျပ်ထားခြင်းမျိုးမရှိပေ။ သို့သော် ပိုင်ဆိုင်ခွဲဝေမှုအပိုင်းတွင် ၎င်းကို အတိအကျရှင်းလင်းဖော်ပြထားသည်။

ငါးဆယ်-ငါးဆယ် ဖြစ်ပြီး၊ ပိုက်ဆံနှင့် အိမ်ခြံကို နှစ်ပိုင်းခွဲဝေယူကြမည်ဖြစ်သည်။

လုဝမ်ဝမ်သည် အခန်းထဲသို့ ရောက်လာချိန်တွင် တစ်ကိုယ်လုံး လန်းဆန်းသွားသကဲ့သို့ ခံစားလိုက်ရသည်။ သူမ ရှန်းရီအရှေ့တွင် ဟန်ဆောင်ပန်ဆောင်မလုပ်ဖြစ်သည်မှာ အတော်ကြာသွားပြီပင်။

သူမ သူ့ကို အရင်ကလောက်လည်း မကြောက်မိတော့ပေ။

ရေချိုးပြီးသည့်နောက်တွင် ညအိပ်ဂါဝန်ကိုဝတ်ကာ အိပ်ရာပေါ် လှိမ့်ချလိုက်သည်။ ကွန်ပြူတာကိုဖွင့်ကာ ဒီမနက်က သူမ တင်ဆက်ခဲ့သည့်ဗီဒီယိုကို ပြန်ကြည့်လိုက်သည်။

စခရင်ပေါ်ရှိအမျိုးသမီးမှာ အလွန်ချောမောသော်လည်း အနီးကပ်ကြည့်လိုက်ရုံဖြင့် မည်သူမဆို သူမက အနည်းငယ်စိတ်လှုပ်ရှားနေသည်ကို ပြောနိုင်၏။

အချုပ်အားဖြင့် သူမ ဒီအားကစားပွဲစဉ်တွင် အတော်လေးကောင်းမွန်စွာ အစီစဉ်တင်ဆက်နိုင်ခဲ့သည်။ ပထမဦးဆုံးအကြိမ် အမျိုးသမီးအစီစဉ်တင်ဆက်သူတစ်ယောက်အတွက် ဒါက အဆိုးကြီးဟု သတ်မှတ်လို့မရပေ။

သို့သော် livechatထဲမှ မှတ်ချက်များက လုံးဝကို မယဉ်ကျေးကြမှန်းလည်း လုဝမ်ဝမ် သတိထားမိလိုက်သည်။ ဆယ်ခုတွင် ရှစ်ခုက သူမကို ဆူဆဲနေကြသည့် မှတ်ချက်များ ဖြစ်သည်။

အဆူအဆဲခံရပြီးနောက်တွင် မည်သူကမျှ စိတ်ကောင်းဝင်နိုင်တော့မည်မဟုတ်ချေ။

အိပ်ရာပေါ်တွင် ထိုင်ပြီး လုဝမ်ဝမ်တစ်ယောက် ခြေထောက်များကို ပွေ့ဖက်ထားပြီး အိပ်ချင်နေသည့်စိတ်များပင် ကြက်ပျောက်ငှက်ပျောက်,ပျောက်ကာ တစ်ယောက်တည်း အလိုမကျဖြစ်နေလေတော့သည်။

ရှန်းရီ အခန်းတံခါးကို ခေါက်ချိန်တွင် သန်းခေါင်ကျော်နေလေပြီဖြစ်သည်။

လုဝမ်ဝမ်မှာ တံခါးကိုဖွင့်ပေးရကောင်းနိုး တုံ့ဆိုင်းနေချိန် အပြင်ဘက်ရှိအမျိုးသားက သူမကို ရွေးချယ်နေခွင့်ပေးဟန်မတူဘဲ တံခါးကို တွန်းဖွင့်ပြီး အခန်းထဲ တန်းဝင်လာ၏။ သူ တံခါးခေါက်ပြသည်က ယဉ်ကျေးမှုအရသာ ဖြစ်လောက်ဟန်တူသည်။

လုဝမ်ဝမ်၏ညအိပ်ဂါဝန်မှာ ပေါင်ရင်းနားထိ လိမ့်တက်နေပြီး ဖြူဖွေးသော ခြေထောက်များမှာ ဖြောင့်တန်းနေကာ နက်မှောင်သော ဆံနွယ်ရှည်များက သူမ၏နှင်းကဲ့သို့ ဖြူဥနေသည့်ကျောပြင်ပေါ် ပြန့်ကျဲနေ၏။

အမျိုးသား၏အကြည့်များက အနည်းငယ် လှုပ်ခတ်သွားသော်လည်း သူက မဖုံးကွယ်ထားဘဲ သူ(မ)ကိုသာ ပေါ်ပေါ်ထင်ထင် စိုက်ကြည့်နေလေ၏။

လုဝမ်ဝမ်သည် တိတ်တဆိတ် သူမကိုယ်သူမ ဖုံးရန် စောင်တစ်ထည်ကို ယူလိုက်သည် ဖုန်းမှာ သူမ၏ဗီဒီယိုကို ဖွင့်ထားဆဲဖြစ်သည်။

သူမသည် ယခုအခိုက်အတန့်တွင် စိတ်အခြေအနေမကောင်းနေပြီး ရှန်းရီနှင့် မျက်နှာချင်းဆိုင်ရချိန်တွင် ယခင်ကကဲ့သို့ ချိုမြိန်နူးညံ့သည့် အတုအယောင်မျက်နှာဖုံးကို မဝတ်ဆင်ထားနိုင်တော့ပေ။

လုဝမ်ဝမ်သည် မျက်မှောင်ကြုတ်ထားပြီး မျက်နှာပေါ်တွင် ‘ငါ စိတ်ပျော်မနေဘူး’ ဆိုသည့်စာလုံးအကြီးကြီး ရေးထိုးထားသည့်အလားပင်။

ရှန်းရီသည် တစ်ခဏ တိတ်ဆိတ်နေပြီးနောက်မှ သူမဖွင့်ထားသော ဗီဒီယိုကို ပိတ်ချလိုက်သည်။ သူမအတွက် ဒီဗီဒီယိုကို ကြည့်ရန်မှာ ခက်ခဲလိမ့်မည်ဟု သူထင်သောကြောင့် ပိတ်ပေးလိုက်ဟန်တူပါ၏။

အခန်းက ရုတ်ခြည်း ပိုလို့ပင် တိတ်ဆိတ်သွားသည်။

ရှန်းရီသည် သူမကို ကြည့်ပြီး တီးတိုးဆိုလာ၏။

“ကိုယ် ကွာရှင်းစာချုပ်ကို ကြည့်ပြီးပြီ”

သူ့ဘဝတစ်လျှောက်လုံး ထိုစာရွက်စာတန်းများကို နောက်ထပ် ထပ်၍ ထုတ်မကြည့်တော့ပြီဟု ရည်ရွယ်ချက်ဖြင့် အံဆွဲထဲ ပစ်ထည့်လိုက်ပြီးနောက် တစ်မိနစ်အကြာတွင် ရှန်းရီသည် ထိုစာရွက်များကို ပြန်ယူပြီး တစ်ရွက်ပြီးတစ်ရွက် ဖတ်ကြည့်လေသည်။

လုဝမ်ဝမ်သည် ကို့ရိုးကားယားနိုင်စွာဖြင့် မေးလိုက်၏။

“နင် လက်မှတ်ရောထိုးလိုက်လား?”

ရှန်းရီ၏မျက်ခုံးများသည် မြင့်တက်သွားသည်။ သူမ၏ကွာရှင်းရန်အကြံအစည်နှင့် အံဝင်ခွင်ကျဖြစ်သွားပုံရသည်ကို သူရိပ်မိလိုက်ပါ၏။

‘သူမက ကွာရှင်းရတော့မယ်ဆိုတာနဲ့ပဲ ဟန်တောင်မဆောင်နိုင်တော့ဘူးပေါ့?’

“ကိုယ် မင်းကိုပြောထားပြီးပြီလေ ကိုယ်လက်မှတ်ထိုးမှာ မဟုတ်ဘူးလို့”

“……”

ဒါဆို သူက ဒီကိုဘာလာလုပ်တာလဲ!!

သူမက သူ့ကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်ပြီး စိတ်ထဲတွင်ရှိနေသည့်အတိုင်း ရူးအစွာ မေးကြည့်မိလိုက်၏။

“ဒါဆို နင် ငါ့အခန်းထဲကို ခဏတဖြုတ် လမ်းလျှောက်ထွက်လာတယ်ပေါ့?”

တခြား ဘာမှ မရှိဘူးလား?

ရှန်းရီသည် ရယ်ချင်စိတ်ကို ထိန်းချုပ်လိုက်ပြီး သူမက ပိုပိုပြီး နှစ်လိုဖွယ်ကောင်းလာမှန်း ရှာဖွေတွေ့ရှိသွားလေသည်။

‘ဟုတ်တယ် သူမက တကယ်ကို ချစ်စရာကောင်းတာ’

“ဒါကို ကိုယ် ခဏတဖြုတ်လမ်းလျှောက်ထွက်လာတယ်လို့ပဲ တွေးလိုက်ပေါ့”

သူမသည် မျက်စောင်းထိုးပစ်ချင်စိတ်ကို မနည်းထိန်းချုပ်ပြီး : “နင်ကလေ တကယ်ကို စိတ်အနှောင့်အယှက်ဖြစ်ဖို့ကောင်းတာပဲ”

တစ်ခါပြောရုံနှင့် မလုံလောက်ဘူးထင်သဖြင့်လည်း သူမက နောက်တစ်ခါ ထပ်ပြောပြန်၏။

“နင်က တကယ့်တကယ့်ကို စိတ်အနှောင့်အယှက်ဖြစ်ဖို့ကောင်းတယ်”

“……”

သူမက စကားပြောရင်း လှုပ်ရှားလိုက်သဖြင့် စောင်က အနည်းငယ်လျှောကျသွားပြန်သည်။

ရှန်းရီ စိတ်ထဲ တွေးနေမိသည်မှာ ဟုတ်တယ် သူမက ဂျီကျနေတဲ့အချိန်ဆို အရမ်းကို ချစ်ဖို့ကောင်းတာ။

သူက လက်ကို ဆန့်ထုတ်ပြီး သူမ၏ဂါဝန်ကို ဆွဲချပေးကာ၊ ဂါဝန်က သူမ၏ဒူးအထိ ဖုံးသွားသည်အထိ သေချာစစ်ဆေးပြီးကာမှ လက်ကို ပြန်ရုတ်လိုက်သည်။

“အိပ်တော့”

ဒီလိုနဲ့ပဲ နှစ်ဦးသားသည် ရှေ့မတိုး၊နောက်မဆုတ်နှင့် ထိုနေရာမှာတင် ရပ်ဆိုင်းသွားကြသည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment