⚠️This content includes discussions of suicidal thoughts and suicide attempts, which may be distressing for some readers. Please proceed with caution and prioritize your mental well-being.⚠️
အပိုင်း(၆၅)
ရှန်းရီက သူ၏နက်မှောင်နေသည့် မျက်ဝန်းများဖြင့် သူ(မ)ကို စူးစိုက်ကြည့်ပြီး မေးလာခဲ့သည်။
“တစ်နေရာရာက မသက်မသာဖြစ်နေသလို ခံစားရသေးလား?”
“ဟင့်အင်း”
သို့သော် သူ(မ)ခေါင်းက အနည်းငယ်နာကျင်နေသေး၏။
သူ(မ)က တစ်စုံတစ်ခုကို အမှားပြုမိသည့်အတွက် ပြစ်ဒဏ်ခံနေရသည့်အလားပင်။
သူ(မ)ကို ကြည့်ပြီး ရှန်းရီက တိတ်ဆိတ်စွာ ဆိုလာ၏။
“ဒီနေ့အပြင်မထွက်နဲ့တော့နော် ကောင်းကောင်းနားနေ၊ နေ့လယ်ကျရင် ကိုယ် ဆရာဝန်ခေါ်ပြီး မင်းကို လာကြည့်ခိုင်းလိုက်မယ်”
သူ(မ)၏ခေါင်းကိုက်မှုနှင့် အဖျားက ထူးဆန်းစွာဖြင့် ရုတ်တရက်ကြီး ရောက်လာခဲ့ခြင်းဖြစ်သည်။ မနေ့ညက သူ(မ)သည် အလွန်ဆိုးဆိုးရွားရွားအိပ်ပျော်နေခဲ့ပြီး တစ်ညလုံး အိမ်မက်ဆိုးများမက်ကာ သူ သူ(မ)ကို ဘယ်နှကြိမ်ခေါ်နှိုးနှိုး သူ(မ)က မနိုးလာခဲ့ချေ။
ပြန်တွေးကြည့်မိသည့်နောက်တွင်တောင် ရှန်းရီသည် ရုတ်တရက် ဖြစ်တည်လာသည့် တုန်လှုပ်ချောက်ချားမှုကြီးကို ခံစားနေရပြီး သူ(မ)က ထိုကဲ့သို့သာ ဆက်အိပ်နေပြီး ဘယ်တော့မှ မနိုးထလာနိုင်တော့မည်ကို ကြောက်လန့်နေမိခဲ့သည်။
လုဝမ်ဝမ်သည် မူလက ယနေ့နေ့လယ်တွင် ကျောင်းကျောင်းနှင့်တွေ့ရန် ချိန်းဆိုထားခြင်းဖြစ်သည်။ သူ(မ)တို့နှစ်ယောက်က ရှီယွီ၏ပွဲဦးထွက်ပရိတ်သတ်တွေ့ဆုံပွဲကို သွားရန် စီစဉ်ထားခြင်းဖြစ်ပြီး ထိုကိစ္စကို ရှန်းရီသိသွားလို့မဖြစ်ချေ။
သူ(မ)က ခေါင်းညိတ်ကာ : “ငါ သိပြီ”
ရှန်းရီက သူ(မ) ဆေးရုံဆေးခန်းများအား သဘောမကျသည်ကို သိသဖြင့်လည်း သူ(မ)ကို ဆေးရုံခေါ်သွားမည့်အစား အိမ်သို့ ဆရာဝန်ပင့်ပေးခြင်းဖြစ်သည်။
လုဝမ်ဝမ်သည် ဆေးရုံလိုနေရာမျိုးကို အမှန်တကယ် သဘောမကျခြင်းပေ။ သူ(မ) မိမိဘဝကို အဆုံးစီရင်ရန် အဆောက်အအုံပေါ်မှ ခုန်ချခဲ့သည့်ပထမဆုံးအကြိမ်က သူ(မ)၏ဝိဉာဉ်မှာ ထိုကမ္ဘာမှ ချက်ချင်းမထွက်သွားခဲ့ချေ။ သူ(မ)သေဆုံးသွားခဲ့ပြီးနောက်တွင် ရှန်းရီ၏မျက်နှာအမူအရာသာမက အခြားသူများ၏မျက်နှာအမူအရာကိုလည်းပဲ သူ(မ) သေချာရှင်းရှင်းလင်းလင်း မမြင်ခဲ့ရပေ။
သို့သော် ရုပ်ပျက်ဆင်းပျက်နှင့် သွေးသံတစ်ရဲရဲဖြစ်သွားခဲ့သည့် သူ(မ)မျက်နှာကိုတော့ နေ့ဘက်ကဲ့သို့ ရှင်းလင်းကြည်လင်စွာ မြင်နိုင်ခဲ့၏။
ရှန်းရီက သူ(မ)၏အေးစက်စက်ခန္ဓာကိုယ်ကို သူ(မ)မသေဖို့ မျှော်လင့်ချက်ဖြင့် ပွေ့ပိုက်ထားခဲ့သည်။ လူနာတင်ကားက သူ(မ)ကို ဆေးရုံဆီ ခေါ်သွားခဲ့သော်ငြား လမ်းတစ်ဝက်မှာတင် ဆရာဝန်က သူမက သေဆုံးသွားခဲ့ပြီမို့ မကယ်တင်နိုင်တော့ပြီဖြစ်ကြောင်း ကြေညာထားခဲ့ပြီးပြီဖြစ်သည်။
လုဝမ်ဝမ်သည် အခြားသူများ၏အသံများကိုသာကြားခဲ့ရသည်။ ကံအကြောင်းမလှစွာဖြင့် သူမ သေဆုံးပြီးနောက်တွင် ရှန်းရီက စကားတစ်ခွန်းပင် မပြောခဲ့ပုံပေ။
သူ(မ)အလောင်းက ဆေးရုံဝန်းထဲတွင် လဲလျောင်နေခဲ့ပြီး ရှန်းရီက မည်သူ့ကိုမျှ သူ(မ)အား မြေမြှုပ်ခွင့်မပြုချေ။
ဆရာဝန်များနှင့် သူနာပြုများပင် ထိုကိစ္စကို ဆွေးနွေးလာကြသည်။
“အဲ့ဒီလူကတော့ ရူးသွားပြီလားမသိဘူး”
“ဟုတ်တယ် သူ့မိန်းမက လမ်းမှာကတည်းက အသက်မရှူတော့တာကို ငါတို့ဘယ်လိုပဲပြောပြော သူက သူ(မ)ကို ရေခဲတိုက်ထဲခေါ်သွားဖို့ကို ငြင်းဆန်နေတော့တာ”
“မြင်ရတာ သနားဖို့ကောင်းလိုက်တာဟယ်၊ ရက်နည်းနည်းပဲရှိသေးတာ သူ့ခမျာပိန်ချုံးပြီး လူရုပ်တောင်မထွက်တော့ဘူး”
“သူ့မိန်းမလည်း သနားဖို့ကောင်းပါတယ်ကွယ်၊ သူ့ခမျာ သေသွားတာတောင် အေးအေးချမ်းချမ်းမနေရဘူး”
လုဝမ်ဝမ်သည် သူ(မ)နှင့် ရှန်းရီအကြောင်းကို အခြားသူများထံမှ ကြားနေရပြီး နှလုံးသားထဲတွင်လည်း အမျိုးအမည်မသိသည့် ခံစားချက်ကြီးတစ်ခု ဖြစ်ပေါ်လာရကာ ရှန်းရီအပေါ် တစ်ခဏလေး သနားစိတ် ဝင်သွားရသည်။ သူနာပြုများ၏ စကားအတိုင်းသာဆို သူ(မ)သေဆုံးပြီးနောက်တွင် ရှန်းရီသည် ကောင်းကောင်းမွန်မွန်မနေခဲ့ချေ။
သို့ရာတွင် သူ(မ)မှာ ရှန်းရီ ဘယ်လိုနေလဲကို စိတ်ပူဖို့ရာ အချိန်မရှိခဲ့ချေ။ သူ(မ) ဘာကြောင့် ဤဇာတ်နာလှပြီး နိုင်ထက်စီးနင်းဆန်းသည့် သခင်လေး ဝတ္ထုထဲက မလွတ်မြောက်နိုင်သေးသည်ကို အဖြေရှာမရဖြစ်နေဆဲ။
သူ(မ)က ဆေးရုံတွင် ရက်ပေါင်းများစွာ ဖိအားပေးနေထိုင်ခဲ့ရပြီး ထို့နောက် မျက်စိတစ်မှိတ်အတွင်း သူ(မ)သည် ဤဝတ္ထုထဲသို့ တစ်ဖန်ပြန်၍ ဝင်စားနေသည်ကို တွေ့ရှိရပြန်သည်။
လုဝမ်ဝမ်သည် တိတ်တဆိတ်နှင့် ဆန်ပြုတ်ကို ကုန်အောင်သောက်လိုက်ပြီး ဗိုက်ပြည့်ပြီးနောက်တွင်တော့ သူ(မ)စိတ်လေးက အတော်လေး နေသာထိုင်သာရှိလာခဲ့သည်။ ရှန်းရီက ပန်းကန်အလွတ်ကိုယူပြီး မထွက်သွားခင် သူ(မ)အတွက် အခန်းလိုက်ကာများကို ဆွဲချပေးသွားခဲ့သည်။
သူက အခန်းတံခါးကို ပိတ်ပေးပြီး ပန်ကန်းများ ဆေးကြောရန် မီးဖိုချောင်ထဲသို့ ဝင်သွားခဲ့သည်။
အခြားတစ်ဖက်ခြမ်း၏တံခါးမှ လုဝမ်ဝမ်တစ်ယောက် ရေကျသံကို နားထောင်နေရင်း အိပ်ချင်စိတ်မရှိဖြစ်နေသည်။
ထိုအချိန်တွင် ကျောင်းကျောင်းရဲ့ဖုန်းက ဝင်လာခဲ့ပြီး ဖုန်းတစ်ဖက်ခြမ်းတွင် သူ(မ)က အလွန်တကာမှ နူးညံ့သောအသံဖြင့် တောင်းပန်းတိုးလျှိုးလာခဲ့သည်။
“ဝမ်ဝမ်ရယ် ငါ တောင်းဆိုတာပါ၊ ငါ လက်မှတ်ကိုဈေးကြီးပေးဝယ်ထားရတာ၊ ဒီနေ့က သူ့ပွဲဦးထွက်အတွက် အကောင်းဆုံးနေ့ပဲ၊ ငါ သေချာပေါက်သွားမှကိုရမှာ”
“နင် ငါနဲ့လိုက်ခဲ့ပေးရမယ်နော် ဟုတ်ပြီလား?”
လုဝမ်ဝမ်တစ်ယောက် နှလုံးသားထဲတွင် သွားရကောင်းနိုး၊ မသွားရကောင်းနိုးဖြင့် ပျာယာခတ်နေခဲ့သည်။
ကျောင်းကျောင်းက ထပ်၍ဖြည့်စွက်လာပြန်၏။
“ဒီပွဲဦးထွက်တွေ့ဆုံပွဲက အရမ်းကြီးကျယ်ခမ်းနားမှာ၊ စင်ပေါ်မှာ ကောင်ချောလေးတွေ အယောက်တစ်ရာမကရှိနေမှာနော်၊ အကုန်လုံးက အခုမှ လူကြီးဖြစ်ကာစပဲရှိသေးတဲ့ အကောင်ပေါက်လေးတွေ၊ နူးနူးညံ့ညံ့နဲ့ချိုချိုလေးတွေ ပြီးတော့ နင်ကြိုက်တဲ့ ဟိုမိမိုက်တဲ့မော်ဒယ်တွေလည်း ရှိနေမှာ၊ နင်သွားလို့ ဘာမှဆုံးရှုံးသွားမှာမဟုတ်ဘူး! ပြီးတော့ ပွဲနေရာက အရမ်းကိုစည်ကားသိုက်မြိုက်နေမှာ အသက်ရှင်နေတုန်းပဲ သွားကဲလို့ရမှာဟ! ငါက နင့်ကို ကမ္ဘာကြီးကိုကြည့်ဖို့ ခေါ်သွားမှာလေ နင်က ဘာတွေတွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေတာလဲ?”
လုဝမ်ဝမ်သည် သူ(မ)၏စိတ်လှုပ်ရှားနေသည့် နှလုံးသားလေးကို မခုခံနိုင်တော့ပါချေ။ သူ(မ)က ခြေဗလာဖြင့် အိပ်ရာထက်မှ ဆင်းပြီး တံခါးကိုဖွင့်ကာ အပြင်ကို တိတ်တိတ်လေး လှမ်းချောင်းလိုက်သည်။
ရှန်းရီ၏နောက်ကျောက သူ(မ)ကို မျက်နှာမူထားပြီး သူက မီးဖိုချောင်ထဲတွင် ပန်းကန်ဆေးနေဆဲဖြစ်သည်။
လုဝမ်ဝမ်သည် သူ(မ)ဖုန်းမှ စပီကာကို ဖုံးကာ အခြားတစ်ဖက်မှ ပုဂ္ဂိုလ်အားတီးတိုးပြောလိုက်၏။
“ရှန်းရီ ထွက်သွားတဲ့ထိစောင့်အုံး၊ ပြီးရင် နင် ငါ့ကိုလာခေါ် ငါတို့အတူသွားကြမယ်”
ကျောင်းကျောင်းက ရယ်မောကာ ဆိုလာ၏။
“ရတယ် ကိစ္စမရှိဘူး!”
သိပ်မကြာလိုက်ခင် အပြင်ဘက်မှ ပန်းကန်များ ဆေးကြောနေသံက ရပ်သွားခဲ့သည်။
ထို့နောက် ချက်ချင်းပင် တံခါးဖွင့်သံနှင့် ပြန်ပိတ်သွားသည့်အသံကို လုဝမ်ဝမ် ကြားလိုက်ရသည်။
ရှန်းရီက ထွက်သွားခဲ့ပြီး ဧည့်ခန်းနှင့်မီးဖိုခန်းကို သူက ရှင်းလင်းသွားခဲ့ကာ ပြောင်လက်သန့်ရှင်းနေ၏။
လုဝမ်ဝမ်သည် ဆေးချိတ်ထားသည့်အပ်ကို ဆွဲဖြုတ်ပြီး လျှောသားဂါဝန်ကို ဝတ်ကာ ဂျက်ကပ်အသေးလေးတစ်ထည်ကို အပေါ်မှ ထပ်ဝတ်လိုက်သည်။ သူမသည် အစောပိုင်းက ရှန်းရီကို ပြောခဲ့သည့်စကားကိုပင် မေ့သွားခဲ့ပြီဖြစ်သည်။
ကျောင်းကျောင်း သူ(မ)ကို လာခေါ်ချိန်တွင် သူ(မ)က မိတ်ကပ်များကို ခြယ်သပြင်ဆင်ပြီးနေပြီး ဒေါက်မြင့်ဖိနပ်များဖြင့် ကားပေါ် တက်လိုက်သည်။
“သွားကြစို့”
သူ(မ)လည်း ကမ္ဘာကြီးကို သွားကြည့်ချင်တာပေါ့! ပြီးတော့ ခန့်ချောချောအကောင်ပေါက်လေးတွေကိုရော တွေ့ရတော့မယ်ကွ!
ကျောင်းကျောင်းသည် အနောက်ပေါက်တံခါးကို ဖြတ်ဝင်လာချိန်တွင် သူတို့နှစ်ယောက် လမ်းတစ်ဝက်တွင် မိတ်ဆွေတစ်ယောက်နှင့် သွားဆုံလေသည်။ ပုံမှန်ဆို စကားအများကြီးမပြောတတ်သည့် ဖုချန်ဟိုက်ပင်။ သူ့အနောက်တွင် စုပြုံနေသည့်လူအုပ်ကြီးက မျက်နှာထက်တွင် မျက်နှာလိုမျက်နှာရအပြုံးကိုယ်စီဖြင့် ဦးညွှတ်နေကြသည်။
ဖုချန်ဟိုက်က ရပ်တန့်သွားပြီး လုဝမ်ဝမ်ကို အကြာကြီး စိုက်ကြည့်နေခဲ့သည်။ သူ့မျက်လုံးများကို မှေးကျဉ်းသွားပြီး ရုတ်တရက် ထမေးလာ၏။
“မင်း နေမကောင်းဘူးမဟုတ်ဘူးလား?”