⚠️This content includes discussions of suicidal thoughts and suicide attempts, which may be distressing for some readers. Please proceed with caution and prioritize your mental well-being.⚠️
အပိုင်း (၉၀)
သူ(မ)၏တစ်ကိုယ်လုံးနီးပါက ရေထဲတွင် နစ်မြှုပ်နေခဲ့သည်။
အမျိုးသားမှာ စတင် တုန်ယင်လာပြီး အနီရောင်သွေးကြောမျှင်များက သူ၏မျက်လုံးများထဲ တဖြည်းဖြည်းပျံ့နှံ့လာရင်း အရှေ့သို့ အလျင်အမြန် ပြေးသွားကာ လူအား ရေထဲမှ ပြာပြာသလဲလဲ ဆွဲထုတ်လိုက်သည်။
တစ်ကိုယ်လုံးရွှဲရွှဲစိုနေသည့် သူ(မ)က မျက်လုံးများကို မှိတ်ထားပြီး နှုတ်ခမ်းသားများက ဖြူဖျော့နေကာ သွေးများကင်းမဲ့လျက်ဖြင့် မျက်နှာလေးက တည်ငြိမ်နေ၏။
သူ(မ)နှာခေါင်းနားသို့ ရောက်လာသည့် အမျိုးသား၏လက်က တုန်ယင်နေပြီး သူ(မ)သည်တော့ အသက်ရှူရပ်တန့်သွားခဲ့ပြီးဖြစ်သည်။
ရှန်းရီ၏နှလုံးသားသည် အဆုံးမရှိသည့် ငရဲထဲသို့ ကျဆင်းသွားခဲ့ရပြီး၊ လည်ချောင်းတစ်လျှောက် ခြောက်သွေ့နေခဲ့သလို မျက်လုံးများကလည်း ခြောက်ကပ်ကပ်။ ဤအခိုက်တန့်လေးတွင် သူ သိသည့်တစ်ခုတည်းသောအရာက သူ(မ)ကို တင်းကျပ်စွာ ပွေ့ဖက်ထားပြီး သူ့ခန္ဓာကိုယ်ထဲသို့ သူ(မ)ကို ပျော်ဝင်စေလိုက်ရန်သာ၊ သို့မှသာ သူ(မ) သူ့အား ထပ်ပြီး မထားသွားနိုင်တော့မည်။
ဟုတ်တယ် ဒါမှ သူ(မ) မထွက်သွားနိုင်မှာ…
လုဝမ်ဝမ်သည် နောက်တစ်နေ့ နေ့လယ်ထိတိုင်အောင် အိပ်ပျော်နေခဲ့သည်။ သူ(မ)က မနက်ခင်းစောစောတွင် တစ်ခါနိုးလာခဲ့သေးပြီး အိပ်ရာမှာ ဗလာဖြစ်နေခဲ့ကာ ရှန်းရီက အလုပ်သို့ ထွက်သွားပုံပေ။
ပင်ပန်းနေသလို ခံစားရသေးသဖြင့်လည်း ရေတစ်ခွက် ထသောက်ပြီးနောက် စောင်ကို ဆွဲကာ မူးမူးနောက်နောက်ဖြင့် အိပ်ပျော်သွားခဲ့ပြန်သည်။
သူ(မ) နောက်တစ်ခေါက် နိုးလာသည့်အချိန်က မှောင်စပင် ပျိုးလုနီးနေပြီဖြစ်သည်။
တစ်ညလုံး၊ တစ်နေ့လုံး အိပ်ထားသည့်တိုင် နိုးလာသည့် အချိန်တွင်တော့ လူတစ်ကိုယ်လုံးက အပျင်းတက်နေသေး၏။ သူ(မ)သည် အိပ်ရာမှမထသေးခင် မျက်လုံးဖွင့်လျက်သားဖြင့် ဆက်ပြီး တစ်ခဏလောက် လဲလျောင်းနေလိုက်သည်။
သူ(မ)ခြေချင်းဝတ်ရှိ ယောင်ရမ်းမှုက လျော့ကျသွားပြီး မည်သည့်နာကျင်မှုကိုမှ မခံစားရတော့ချေ။
သူ(မ)ကိုယ်ထက်တွင် ဝတ်ဆင်ထားသည့် ညအိပ်ဂါဝန်က အနည်းငယ်ကြီးလွန်းနေပုံပေါ်ကာ အဝကျယ်သည့်ကော်လာက သူ(မ)၏ညှပ်ရိုးကို မြင်သာအောင် ဖော်ပြထား၏။
လုဝမ်ဝမ်သည် ညင်ညင်သာသာလေး ခြေလှမ်းလှမ်းပြီး ထွက်လာလိုက်သည်။ မီးဖိုချောင်ထဲမှ အမျိုးသားက သစ်သီးများကို ဆေးကြောနေ၏။
သူ့လက်များက အလွန်လှပြီး၊ ရှည်လျားပြီး သွယ်သည့်လက်ချောင်းများက အရိုးတည်ဆောက်ပုံ ကျနလှသည်။ သူ၏လက်ဖဝါးဖြူဖြူလေးများက လောကဓံ၏ရိုက်နှက်မှုဒဏ်ကို ခံခဲ့ရသည့် ခြေရာလက်ရာဟူ၍ မရှိ၊ သန့်ရှင်းပြီး အနာအဆာကင်းမဲ့နေ၏။
ရှန်းရီ၏နောက်ကျောသည် အမှန်တကယ် အလွန်ကြင်နာတတ်ပုံရပြီး သူ့မျက်နှာအား ငုံ့ထားသည့် အချိန်မျိုးတွင် ပို၍ပင် ကျိုးနွံတတ်ပုံပေါ်သေးသည်။ ရှည်လျားသည့်မျက်တောင်များက သူ့မျက်နှာပေါ် အရိပ်တစ်ခုသဖွယ် ကျရောက်ပြီး နှုတ်ခမ်းပါးပါးလေးများကလည်း အလွန်ကြည့်ကောင်းနေပြန်၏။
လုဝမ်ဝမ် ဤဝတ္ထုကို စတင်ဖတ်သည့် ပထမဦးဆုံးအချိန်က အမျိုးသားဇာတ်ဆောင်တစ်ယောက်အနေဖြင့် ရှန်းရီသည် ငယ်ရွယ်စဉ််ကျော်သက်ကတည်းက အလွန် ဆင်းရဲဒုက္ခရောက်ခဲ့ရကြောင်း တွေးပြီး ကရုဏာသက်မိခဲ့သည်။
သူသည် ရှန်းမိသားစု၏ တရားဝင် ဒုတိယသခင်လေး စင်စစ်ဖြစ်ပါလျက်ဖြင့် သူ့ဘဝတွင် အခက်ခဲဒုက္ခပေါင်းများစွာကို ခါးစည်းခံခဲ့ရသည်။
မိသားစုထဲသို့ ပြန်လည်အသိအမှတ်ပြုခံရသည့်နောက်ပိုင်းတွင်တောင်မှ သူသည် အခက်ခဲများစွာကို ကြုံခဲ့ရသည့်အပြင် စာရေးဆရာက ဆင်းရဲသည်ကို စက်ဆုပ်ပြီး ကြွယ်ဝမှုကိုသာ နှစ်သက်သည့် ဤသို့သော ဇနီးတစ်ယောက်ကိုပါ သူ့အား ပေးထားခဲ့သည်။
သူ(မ) ဝတ္ထုကိုဖတ်စဉ်က အမျိုးသားဇာတ်ဆောင်၏စရိုက်ကို ကောင်းစွာ နားလည်နိုင်ခဲ့သည်။ သူဆိုသည်မှာ ကြီးပြင်လာသည့်သက်တမ်းတစ်လျှောက် ဆုံးရှုံးမှုများစွာရှိခဲ့သည်မှာ အရွယ်ရောက်လာသည့်အချိန်တွင် အမျိုးသမီးအပါအဝင် သူပိုင်ဆိုင်သမျှအရာအားလုံးကို အမိအရဖက်တွယ်ထားချင်မိသည်အထိ။
သို့သော် သူ(မ)ကိုယ်တိုင် ဝတ္ထုထဲမှ လူတစ်ယောက်ဖြစ်လာသည့်အချိန်တွင်တော့ သူ(မ) ဆက်ပြီး နားမလည်နိုင်တော့ချေ။
ဆယ့်ခြောက်နှစ်အရွယ် လုဝမ်ဝမ်က ရှန်းရီကို သူ(မ)တစ်ဘဝစာလုံးအတွက် အတူဖြတ်သန်းရမည့် အချစ်ဦးအဖြစ် သတ်မှတ်ခဲ့ဖူးသည်။
သူ(မ)အနေဖြင့် ရှန်းရီကို သဘောကျရသည်ထက် သူ စိတ်ကျေနပ်ဖို့ရာ ကြိုးစားအားထုတ်ခဲ့သည်က ပိုသည်ကို မငြင်းပါချေ။
သို့သော် သူ(မ)လည်း ထိုလူငယ်လေးအား အလွန်ကို ချစ်မြတ်နိုးခဲ့ဖူးပါသည်။
သူ(မ) ချစ်ကြောင်းကြိုက်ကြောင်း နှစ်လုံးလောက်ပြောလိုက်ရုံဖြင့် မျက်နှာနီတတ်သည့် ထိုကောင်လေး…
သူ(မ)ကိုဖက်ပြီး နား,နားကပ်ကာ နောင်တွင် သူ(မ)အား ကောင်းကောင်းစောင့်ရှောက်ပါ့မည်ဟု ကတိပြုတတ်သည့် ထိုကောင်လေး…
မည်သူကမှ နှလုံးသား မယိမ်းယိုင်ဘဲ နေနိုင်ကြလိမ့်မည်မဟုတ်ပေ။
လုဝမ်ဝမ်တစ်ယောက် မှင်သေနေခဲ့ပြီး သရဲတစ္ဆေ ဝင်ပူးသွားသည့်အလား စိတ်လွတ်ကိုယ်လွတ်ဖြင့် မီးဖိုချောင်ထဲသို့ ဖြေးညင်းစွာ ဝင်သွားပြီး အမျိုးသား၏ကျစ်လျစ်သည့်ခါးကို ပွေ့ဖက်ထားလိုက်သည်။
သူ(မ)ခေါင်းလေးကို သူ့ကျောပေါ် မှီထားရင်း ပျင်းရိစွာ ဆိုလိုက်သည်။
“ငါ စတော်ဘယ်ရီသီး စားချင်တယ်”
ရှန်းရီကိုယ်က တောင့်တင်းသွားပြီး သူ့အသံများက ဩရှနေခဲ့၏။
“ကိုယ် ဝယ်လာခဲ့တယ်”
လုဝမ်ဝမ်သည် သူ(မ)ခေါင်းကို သူ့ရှေ့သို့ ဆန့်ထုတ်ပြီး ကြွေပန်းကန်လုံးထဲမှ စတော်ဘယ်ရီသီးများကို လှမ်းကြည့်ပြီး နှုတ်ခမ်းစူလာတော့သည်။
“နည်းနည်း ထပ်ပြီးဆေးလိုက်အုံး၊ ငါ စားဖို့မလောက်,လောက်ဘူး”
“ကောင်းပါပြီဗျာ”
ကြွေပန်းကန်လုံးထဲတွင် လတ်ဆတ်သည့် စတော်ဘယ်ရီသီးများ အပြည့်ဖြင့်၊ လုဝမ်ဝမ်သည် အလုံးအကြီးဆုံးတစ်လုံးကို ပါးစပ်ထဲ ကောက်ထည့်လိုက်သည်။ ၎င်းက ချိုချိုချဉ်ချဉ်နှင့် အလွန်အရသာရှိ၏။
သူ(မ) အလွန်ပျော်ရွင်စွာ စားနေသည့်ပုံကို ကြည့်ပြီး ရှန်းရီသည် တစ်လုံးစားကြည့်ရန် လက်လှမ်းလိုက်စဉ် လုဝမ်ဝမ်က သူ့လက်ကောက်ဝတ်ကို ဖမ်းဆွဲပြီး ဆိုလာ၏။
“ဒီပန်းကန်လုံးက ငါ့ဟာလေ၊ နင် စားလို့မရဘူး”
“ချိုရဲ့လား”
၎င်းသည် အတော်လေးချိုသော်လည်း လုဝမ်ဝမ်က ဆန့်ကျင်ဘက်ကို ပြောချင်သဖြင့် ချဉ်ဟန်ဆောင်လေ၏။
“ချဉ်တယ် တော်တော်လေးကိုချဉ်တာ”
ရှန်းရီသည် သူ့လက်ထဲမှ စတော်ဘယ်ရီသီးကို ပြန်ချပေးပြီး ခေါင်းကို ခါပြီး ပြုံးလေ၏။ သူသည် သူ(မ)ပြောသည့်စကားကို ယုံကြည်ပေးချင်ယောင်ဆောင်ပြီး ;
“ကိုယ်လည်း စားကြည့်ချင်တယ်လေ”
လုဝမ်ဝမ်သည် သူ(မ)ခေါင်းကို တွင်တွင်ခါပြ၏။
“မရဘူး အကုန်လုံးက ငါ့ဟာတွေ”
“ကိုယ် တစ်လုံးပဲ စားမယ်လေ မြည်းကြည့်ချင်လို့”
“မရဘူးဆို မရဘူးပဲ”
သူ(မ)က ဒီလောက်ကြီးကို ကျိုးကြောင်းမဆီလျော်တာ!
ရှန်းရီ၏လက်ချောင်းထိပ်လေးများက သူ(မ)နှုတ်ခမ်းအပေါ် ပွတ်သပ်ကာ ခေါင်းကို ငုံ့လိုက်ပြီး နှုတ်ခမ်းများနှင့် သွားများက အချင်းချင်း ထိစပ်နေကြရင်း သူသည် အထဲသို့ ဝင်ရောက်စူးစမ်းလာတော့သည်။
လုဝမ်ဝမ်၏ခွန်အားက သူနှင့် မမျှကာ ခဏလေးအတွင်း သူ(မ)တစ်ကိုယ်လုံး ပျော့ခွေသွားပြီး သူ့အလိုကျအတိုင်း စူးစမ်းခွင့် ပေးထားလိုက်တော့သည်။
အနမ်းများဖလှယ်ကြပြီးနောက်တွင် သူ(မ)မှာ မောဟိုက်ပြီး မျက်နှာတစ်ပြင်လုံး နီမြန်းသွားရသည်။
သူက သူ(မ)ကို နူးညံ့ကြင်နာမှုများဖြင့် ကြည့်ကာ ပြုံးလေ၏။
“မင်း အခုမှပဲ ကြည့်လို့ကောင်းသွားတော့တယ်”
သူ(မ) နိုးလာကာစအချိန်တုန်းက အတော်လေး ကြည့်မကောင်းလှပေ။
သူ(မ)မျက်နှာက ဖျားနာနေသည့်အလား ဖြူဖျော့ကာ မြူးကြွသက်ဝင်နေခြင်းလည်း မရှိချေ။
သူ(မ)ခန္ဓာကိုယ်က ယခုရက်ပိုင်းများတွင် ပုံမှန်မဟုတ်စွာ ပင်ပန်းနွမ်းနယ်နေမှန်း လုဝမ်ဝမ်ကိုယ်တိုင်လည်း သိပါ၏။ သူ(မ)အိပ်ပျော်နေသည့်အချိန်က တစ်နေ့ထက်တစ်နေ့ ပိုပိုကြာလာခဲ့သည်။
ရှန်းရီလည်း ထိုကိစ္စနှင့်ပတ်သက်၍ အလွန်စိုးရိမ်နေပုံပေါ်ပြီး သူ၏မျက်ခမ်းများအောက်ရှိအရောင်ကပင် ညိုပြာနေပြီဖြစ်သည်။
သူ(မ)နှလုံးသားက အနည်းငယ် လှုပ်ရှားသွားရပြီး ခြေဖျားလေးထောက်ကာ သူ၏ပါးပြင်ပေါ် နူးနူးညံ့ညံ့ အနမ်းလေးတစ်ပွင့် ပေးလိုက်သည်။
“ငါ အဆင်ပြေပါတယ်”