အပိုင်း (၂၅)
လီရှင်းက စာရွက်စာတမ်းများကို စားပွဲပေါ် တင်ပြီး သိလိုစိတ်ဖြင့် မေးလိုက်၏။
“ရီကော ဘာဖြစ်လို့လဲ?”
“ဘာမှမဖြစ်ဘူး”
“ဒီလို မျက်စိပျက်မျက်နှာပျက်နဲ့ ဘယ်သူ့ကို လာအရူးလုပ်ချင်နေတာလဲ? ဘာဖြစ်လို့လဲ? ကျွန်တော့်ကိုပြောပါ ရီကောရဲ့”
“ထွက်သွားစမ်း”
လီရှင်းသည် ရှန်းရီ၏စိတ်အခြေအနေမှာ မကောင်းရုံမဟုတ်ဘဲ အတော်လေး ဆိုးရွာနေကြောင်းကို တွေ့လိုက်ရ၏။
လီရှင်း ရှန်းရီကို သိခဲ့သည့် ဆယ်နှစ်တာအတောအတွင်း ရှန်းရီထံမှ ဆဲရေးစကားများထွက်လာသည်ကို ကြားရဖို့ နေနေသာသာ ရုပ်ရင်းကြမ်းတမ်းသည့် စကားများကိုပင် လက်ဆယ်ချောင်းဖြင့်ပင် ချိုးရေလောက်အောင်သာ ဆိုဖူးပြီး၊ သူ အတော်လေးဒေါသထွက်နေသည်ကိုလည်း မြင်ရခဲ၏။
တွေးကြည့်ကာမှ ထိုပြဿနာမလေး လုဝမ်ဝမ် တစ်ခုခုလုပ်လိုက်ပြန်ပြီလားဟု ခန့်မှန်းမိလိုက်သည်။
မိန်းမတွေများ ဘာလို့ အကောင်းကြီးကနေ ရုတ်တရက် ပြဿနာထရှာကြတာလဲကို သူ တကယ် နားမလည်နိုင်ပေ။ ဦးနှောက်ဉာဏ်မရှိသောကြောင့် သူမ၏လှတပတမျက်နှာလေးက အလဟဿဖြစ်ရသည်။ တကယ့်ကို နှမြောစရာပင်။
ရုတ်တရက် စားပွဲညာဘက်ရှိ ဖုန်းမှာ မြည်လာခဲ့ပြီး ဖုန်းခေါ်ဆိုသူမှာ လုဝမ်ဝမ်ဖြစ်၏။ သူမက ရှန်းရီကို သူ အလုပ်ဆင်းလာသည့်အချိန် နွားနို့ဝယ်ခဲ့ရန် ဖုန်းဆက် လှမ်းမှာနေခြင်းဖြစ်သည်။
ရေခဲသေတ္တာထဲရှိ နွားနို့မှာ ကုန်လုနီးပါးဖြစ်နေပြီပင်။ ရှန်းရီက သဘောမတူခင် သူ၏အသံကို နှိမ့်ချကာ ညင်သာသော အသံဖြင့် မေးမြန်းလာ၏။
“ဒီနေ့က နှစ်သစ်ကူးဆိုတော့ မင်းတစ်ခုခုစားချင်တာရှိသေးလား? ကိုယ်ပြန်လာရင် ဝယ်လာခဲ့ပေးမယ်လေ”
“ဒါဆို ဖက်ထုပ်ပြုတ်လေး ဝယ်ခဲ့ပေး”
“အမ်း ဒါဆို ကိုယ့်ကိုအိမ်မှာ စောင့်နေနော်”
လီရှင်းမှာ ရှန်းရီကိုကြည့်ပြီး အံ့အားသင့်သွားရသည်။ ယခုလေးတင် သူ့ကိုထွက်သွားဖို့ ပြောနေသည့် မှုန်မှိုင်းမှိုင်းအမျိုးသားက သူ့ဇနီးရှေ့တွင် ချက်ချင်းပင် သူ၏ဟန်ဆောင်ပန်ဆောင် ကျက်သရေရှိသည့် လူကြီးလူကောင်းအသွင် ပြောင်းသွား၏။
ဖုန်းချပြီးနောက် ရှန်းရီကသူ့ကို လှည့်ကြည့်ကာ မေးလာ၏။
“မင်း ခုထိမသွားသေးဘူးလား?”
“ရီကော အကို ခယ်မကိုဆက်ဆံတာနဲ့ ကျွန်တော်တို့လို ညီအစ်ကိုတွေကိုဆက်ဆံတာကို ယှဉ်ကြည့်လိုက်ရင် အကို အရမ်းဘက်လိုက်လွန်းနေတယ်လို့ မထင်ဘူးလား?”
ရှန်းရီက စိတ်မဝင်စားဟန်ဖြင့် : “အို့ သူက ငါ့ဇနီးလေ မင်းတို့ကရော?”
သူ၏နှုတ်ခမ်းထက်တွင် အပြုံးတစ်ပွင့်ချိတ်ဆွဲကာ ဆက်ပြီး : “ပြီးတော့ မင်းတို့ကရော တန်လို့လား?”
“……”
လီရှင်းသည် တစ်ဖက်သို့ လှည့်ကာ ကြာကြာဆက်မနေတော့ဘဲ ထွက်သွားတော့သည်။
အမှန်တကယ်တွင် ရှန်းရီနှင့် လုဝမ်ဝမ်တို့ အထက်တန်းကျောင်းတက်စဉ်က လီရှင်းလည်း ရှန်းရီ၏ခံစားချက်များက လုဝမ်ဝမ်အပေါ်တွင် သာမန်ဖြစ်သည်ဟုသာ ခံစားခဲ့ရပြီး သူမကို ရှန်းရီ ကြိုက်သည်၊မကြိုက်သည်ကို သေချာ ပြောပြမတတ်ချေ။
တစ်ခါက အားကစားအတန်းချိန်တွင် ရှန်းရီသည် ရုတ်တရက် အတန်းချိန်တစ်ဝက်တွင် ပျောက်သွားခဲ့သည်။
လီရှင်းသည် ကျောင်းအားကစားကွင်းမှ ထွက်လာပြီး ကျောင်းတစ်ဝိုက်ကို လမ်းလျှောက်နေချိန်တွင် ထောင့်တစ်နေရာ၌ လုဝမ်ဝမ်နှင့်အတူရှိနေသည့် သူကို တွေ့ရလေသည်။
တွန့်ကြေနေသည့်အဖြူရောင်စကပ်ကိုဝတ်ဆင်ထားသည့် ကောင်မငယ်လေးက သူ့ကိုဖက်ထားပြီး သူကလည်း သူမကို အဝေး တွန်းထုတ်ခြင်းမရှိချေ။
သူတို့နှစ်ဦးလက်ထပ်ပြီးနောက်တွင်မူ တစ်ကြိမ်ထက်မက လီရှင်းသည် ရှန်းရီတစ်ယောက် သူ့ရုံးခန်းထဲတွင် သူမ၏ဓာတ်ပုံများကို မှိန်သေသေစိုက်ကြည့်နေလေ့ရှိသည်ကို တွေ့ရတတ်သည်။
လုဝမ်ဝမ်အပေါ်ထားတဲ့ ရှန်းရီရဲ့ချစ်ခြင်းမေတ္တာက သူတို့တွေထင်ထားတာထက် ပိုပြီးနက်ရှိုင်းနေတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်လေ..။
သို့ရာတွင် လီရှင်း သူကိုယ်၌ကမူ လုဝမ်ဝမ်ကို အတော်လေး ကြည့်မရခြင်းပေ။
သူက ကျောင်းရှီကျုံလို ခံစားချက်တိုင်းကို မျက်နှာပေါ်တွင် အတိုင်းသားဖော်ပြထားသည့်သူမဟုတ်၊ သူ ရေထဲက ငါးကဲ့သို့ စီးပွားရေးလောတွင် ကျင်လည်ကူးခတ်နိုင်ရခြင်းအကြောင်းမှာ သူထံတွင်လည်း မျက်နှာဖုံးတစ်ခုရှိလေသည်။
တစ်စုံတစ်ယောက်ကို မုန်းသည်ဆိုတာက လိုက်ပြနေစရာမလိုပါချေ။
လီရှင်းမျက်လုံးထဲတွင် လုဝမ်ဝမ်သည် အဆင့်တန်းမရှိ အောက်တန်းကျပြီး ပိုက်ဆံကိုသာမက်မောသည့် လူတစ်ဦးမျှသာ။
ထို့အပြင် ဤကဲ့သို့ မျိုးရိုးမြင့်သည့်ရှန်းမိသားစုကို သူမက ဖက်တွယ်ထားချင်လျှင်တောင်မှ သူမ စွမ်းဆောင်နိုင်မည်မဟုတ်ချေ။
*
အထပ်ဆယ်လွှာကျော်မြင့်သည့် လသာဆောင်မှ အပြင်ကို လှမ်းကြည့်လိုက်ရာ မီးရောင်များမှာ လင်းထိန်လို့နေသည်။
လုဝမ်ဝမ် တစ်ရေးတစ်မောအိပ်နေရာမှ နိုးလာသည့်အချိန်တွင် မှောင်နေပြီဖြစ်သည်။ သူမ ရှန်းရီကို အိပ်ချင်းမူးတူးဖြင့် ဖုန်းခေါ်ခဲ့သော်လည်း သူမ သူ့ကို ဘာပြောခဲ့လဲ သေချာ မမှတ်မိတော့ချေ။
အိပ်ရာပေါ်မှ ဖြည်းညှင်းစွာ ထထိုင်ကာ ဖိနပ်အပါးတစ်ရံကို ၀တ်ပြီး ဧည့်ခန်းဆီသို့ လျှောက်သွားကာ ဆိုဖာပေါ် တွင် တစ်ခဏ လှဲချလိုက်သည်။ တစ်နေကုန်ဘာမှမစားရသေးသည်ကြောင့် ဗိုက်က ဟောင်လောင်းဖြစ်ကာ ယခုတွင် အတော်လေးဗိုက်ဆာနေလေပြီပင်။
လုဝမ်ဝမ်တစ်ယောက် အဝတ်အစားများကိုပင် လဲမနေတော့ဘဲ အိပ်နေရင်းအဝတ်အစားများနှင့်တင် ချဉ်စပ်ဆန်ခေါက်ဆွဲဝယ်ရန် အောက်ထပ်သို့ ဆင်းလာလိုက်သည်။
ကောင်းကင်မှာ မှောင်ရိပ်ပျိုးလာသည်နှင့်အတူ ဈေးဆိုင်ငယ်လေးများမှ အစားသောက်ရနံ့များက လေနှင့်အတူ အရပ်ရပ်သို့လွင့်ပျံ့လာ၏။
လုဝမ်ဝမ်သည် သွားရည်များပင် မျိုချကာ ဆိုင်ရှင်သူဌေးကို အစပ်ပိုထည့်ပေးရန် မှာလိုက်သည်။
ငါးမိနစ်ကြာပြီနောက် အစားသောက်ဘူးများကို ပိုက်ကာ အိမ်သို့ ဖြည်းညှင်းစွာ လမ်းလျှောက်ပြန်လာလိုက်သည်။ သူ(မ) အဆောက်အအုံရှေ့အဝင်ဝသို့ ရောက်လုနီးနီးအချိန်တွင် ရုတ်တရက် ဝတ်စုံအပြည့်ဝတ်ထားသည့် လူကောင်ကြီးကြီးအမျိုးသားနှစ်ယောက်က သူမအရှေ့တွင် ပေါ်လာ၏။
သူတို့မျက်နှာများမှာ အေးတိအေးစက်နှင့် သူတို့၏ကိုယ်နေဟန်ထားမှာ ခြိမ်းခြောက်နေသည့်ဟန်အပြည့်။
လုဝမ်ဝမ် ဘယ်ဘက်သို့ရွှေ့လျှင် သူတို့ကလည်း ဘယ်ဘက်သို့ လိုက်ရွှေ့၏။
သူမနှင့် မနီးမဝေးထောင့်တစ်နေရာတွင် အမဲရောင်ကားတစ်စီးကို ရပ်ထားပြီး ကားနောက်ခန်းတံခါးမှာ ပွင့်လာကာ တစ်ခေါင်းလုံးဖြူဖွေနေသည့် လူအိုကြီးတစ်ယောက် ထွက်လာ၏။
သူ၏အရောင်အဝါများမှာ ခံ့ညားထည်ဝါပြီး လက်ထဲတွင် ကြိမ်းတုတ်ကို ကိုင်ထားပြီး ထက်ရှသည့်မျက်လုံးများက သူမကို အထက်၊အောက် စုန်ဆန်ကြည့်လာ၏။
“လုဝမ်ဝမ်လား?”
“ရှင်က?”
အဖိုးကြီးက အေးတိအေးစက်ဖြင့် နှာတစ်ချက်မှုတ်လိုက်ကာ : “ငါက ရှန်းရီအဖိုးပဲ”
လုဝမ်ဝမ် တစ်ခဏကြောင်အမ်သွားပြီး မျက်လုံးလေးများကို မှိတ်တုတ်မှိတ်တုတ် လုပ်လိုက်၏။
ကောင်းတယ် ကောင်းတယ် နောက်ဆုံးတော့ သူ ငါ့အိမ်တံခါးရှေ့ရောက်လာပြီ၊ နောက်ဆုံးတော့ ငါ့ကိုထွက်သွားပေးဖို့ လာပြောပြီ!
ကောင်းတယ် ငါတကယ်ကိုမစောင့်နိုင်တော့ဘူး!
အဖိုးရှန်းက သူမ၏သာမန်အဝတ်အစားများကိုကြည့်ကာ မျက်မှောင်ကြုတ်ထား၏။
“မင်းနဲ့ရှန်းရီ လက်ထပ်တာ ဘယ်လောက်ကြာပြီလဲ?”
လုဝမ်ဝမ်ကလည်း ပလွှားနေဟန်အပြည့်ဖြင့်။
“ရှင်က တကယ်ပဲ ရီရီ့အဖိုးဟုတ်ရဲ့လား? သူ့မှာမိသားစုရှိတယ်လို့လည်း တစ်ခါမှ မပြောဖူးပါဘူး ရှင်က ပိုက်ဆံတွေလိမ်စားမဲ့ လူလိမ်တော့ မဟုတ်ပါဘူးနော်?”
အဖိုးရှန်းမှာ သူ နှစ်ပေါင်းများစွာ အသက်ရှင်လာခဲ့သည့်သက်တမ်းတစ်လျှောက် လူလိမ်အဖြစ် အထင်ခံရသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။ ဒေါသ တထောင်းထောင်းထွက်လာရသည်က သူ့ငယ်ထိပ်မှ မီးခိုးငွေ့များထွက်လာတော့မည့်သယောင်။