⚠️This content includes discussions of suicidal thoughts and suicide attempts, which may be distressing for some readers. Please proceed with caution and prioritize your mental well-being.⚠️
အပိုင်း (၈၆)
လူတစ်ယောက်ကို မတွေ့ချင်၊ မမြင်ချင်လျှင် ထိုလူကို မကြာခဏတွေ့ရတတ်သည်ဆိုသည့် ဆိုရိုးစကားရှိသည်။
ကျောင်းရှီကျုံး၏ရည်စားငယ်လေးသည် သူနှင့်ဆက်ဆံရေးကို အမှီပြု၍ ဤကျော်ကြားသော အော်ပရာအဖွဲ့ထဲတွင် အရံဇာတ်ကောင်နေရာကို ရရှိခဲ့သည်။
သူ(မ)သည် ငယ်ရွယ်ပြီး လှပသည့်အပြင် ထောက်ပံ့ပေးမည့် သကြားဖေဖေကိုပါ ရထားသဖြင့်လည်း သူ(မ)၏စရိုက်တို့က နည်းနည်းလေးမှ သေးသေးတင်မခံလာတော့မည်မှာ မလွဲဧကန်ပင်။ စင်နောက်သို့ရောက်သည်နှင့် မည်သူကမျှ သူ(မ)မျက်လုံးထဲ မဝင်တော့ချေ။
သူ(မ)ကားသည်လည်း ကျောင်းရှီကျုံးထံမှ လက်ဆောင်ရထားခြင်းဖြစ်သည်။ အနှီအမျိုးသားက သူ(မ)ကို အရေးမထားကြောင်း သတိထားမိသော်လည်း သူနှင့်တွဲရသည်ကို သူ(မ) ပျော်လေ၏။
အခြား၊ အခြားသောသရုပ်ဆောင်ငယ်လေးများ၏ သကြားဖေဖေအများစုသည် ဗိုက်ရွှဲကြီးများနှင့် လူအိုကြီးများဖြစ်သည်။
သို့သော် ကျောင်းရှီကျုံးကမူ ငယ်ရွယ်ပြီး ချောမောခန့်ညား၏။ သူ့တွင် ပိုက်ဆံမရှိခဲ့လျှင်တောင် သူ(မ)အနေနှင့် သူနှင့်တွဲဖို့ရာ ဆန္ဒရှိသေး၏။
ကျောင်းကျောင်း၏ကားသည် ဖြစ်ချင်တော့ သူ(မ)ကားကို ပိတ်ရပ်ထားသကဲ့သို့ ဖြစ်နေ၏။ သူ(မ)က ကားကို ကျွမ်းကျွမ်းကျင်ကျင် မောင်းနှင်နိုင်ခြင်းမရှိသေးကာ အချိန်အတန်ကြာ ကြိုးစားခဲ့ပြီးသည့်တိုင် ကားကို နေရာမှရွှေ့မရဖြစ်နေသဖြင့် ဒေါသထွက်ကာ ကားပိုင်ရှင်ကို သွားရှာရန် ဝန်ထမ်းတစ်ယောက်ကို ခေါ်လိုက်တော့သည်။
ကျောင်းကျောင်းသည် မူလကတည်းက စိတ်မရွှင်မပျဖြစ်နေပြီး သူ(မ)၏ကောင်းစွာမြင်နိုင်သည့်မျက်လုံးများက ထိုပြောင်လတ်တောက်ပနေသည့် မိန်းမပျိုလေးကို တစ်ချက်ကြည့်လိုက်ရုံဖြင့် သူ(မ)က ဘယ်လိုအမျိုးအစားမျိုးဆိုတာ ချက်ချင်းသိလိုက်သည်။
သူ(မ)ပုံစံက တစ်စုံတစ်ယောက်က အငယ်မယားအနေဖြင့် ကျွေးမွေးထားသည့်ပုံစံမျိုး။
“ရှင် ရှင့်ကားကို မြန်မြန်ဖယ်လိုက်၊ ရှင့်ကားက ကျွန်မသွားမဲ့လမ်းကို ပိတ်နေတယ်လေ နားမလည်ဘူးလား”
ကျောင်းကျောင်းသည် လှောင်ပြုံးပြုံးလိုက်သည်။
“နင့်ကိုယ်နင် ဘာလို့ ထင်နေတာလဲ”
“နင် ဘာပြောလိုက်တယ်၊ ထပ်ပြီးပြန်ပြောလိုက်စမ်း နင် ယုံချင်ရုံမယုံချင်နေ ငါ လူလွှတ်ပြီး နင့်ကို သတ်ခိုင်းလိုက်လို့ရတယ်ဆိုတာ နားလည်လား၊ အဲ့ဒီတော့ အလိုက်တသိနဲ့နေ ပြီးရင် နင့်ကားနင်ယူပြီး ဒီနေရာကနေ လစ်လိုက်တော့”
သူ(မ)က ကျောင်းကျောင်းဘေးနားမှ အသံတစ်သံမထွက်ဘဲ ရှိနေခဲ့သည့် လုဝမ်ဝမ်ကို ကြည့်လိုက်သည်။ သူ(မ)နှင့် အနည်းငယ်တူသည့် ထိုမျက်နှာကိုကြည့်ရင်း နှလုံးသားထဲတွင် အလွန်စိတ်အနှောင့်အယှက် ဖြစ်သွားရသည်။
သူ(မ)သည် လုဝမ်ဝမ်ကိုပါ လက်ညိုးထိုးပြီး ဆိုလာ၏။
“ပြီးတော့ နင်ရောပဲ၊ နင်တို့နှစ်ယောက်စလုံး ထွက်သွားကြ”
လက်များကို အိတ်ကပ်ထဲထည့်ရင်း ဓာတ်လှေကားထဲမှ အေးဆေးစွာ လမ်းလျှောက်ထွက်လာသည့် ကျောင်းရှီကျုံးသည် ပြဇာတ်တစ်ပုဒ်ကို ကြည့်နေသကဲ့သို့ ပြုံးနေလေ၏။
“ဘာဖြစ်တာလဲ”
မိန်းမငယ်လေး၏မျက်နှာ ရုတ်ခြည်း ပြောင်းလဲသွားပြီး မျက်ရည်နှစ်စက်ကို ညှစ်ထုတ်ကာ လည်ချောင်းကို ညှစ်ကာ စူးရှသွားသည့် အသံတို့ဖြင့် ဆိုလာ၏။
“အားယား သူတို့ပေါ့ ညီမလေးကို အနိုင်ကျင့်နေကြလို့”
ကျောင်းရှီကျုံးသည် သူ(မ)ညွှန်ပြရာ ဦးတည်ဘက်ကို ကြည့်လိုက်ပြီး သူ့အကြည်များက တန့်သွားတော့သည်။
ကျောင်းကျောင်းသည် လှောင်ထေ့စွာဖြင့် သူ့ကို ဆိုလိုက်သည်။
“ကျောင်းရှီကျုံး နင့်အမြင်တွေက တကယ်ကို ဩချဖို့ကောင်းလောက်အောင် မွဲသွားပြီပဲ၊ လမ်းပေါ်က ကြုံရာကျပန်းရွေးတဲ့မိန်းကလေးတွေကတောင် နင်အခု ဆွဲထားတဲ့ ကောင်မထက်တော့ သာတယ် သိလား”
လုဝမ်ဝမ်သည်လည်း အကန်းမဟုတ်၊ သဘာဝအတိုင်း ကျောင်းရှီကျုံးရည်စားငယ်လေး၏ မျက်လုံး၊ မျက်ခုံးများက သူ(မ)နှင့် အနည်းငယ်ဆင်နေမှန်း မြင်နိုင်နေ၏။
ဒါကြီးက သောက်ရမ်းရွံဖို့ကောင်းတာပဲ။
လုဝမ်ဝမ် : “နင်တို့နှစ်ယောက်က လိုက်လည်း လိုက်ဖက်ကြတာပဲနော်”
ကျောင်းရှီကျုံးသည် မူလက ပြုံးပြီးဖော်ဖော်ရွေရွေရှိသည့် မျက်နှာကို ထိန်းသိမ်းထားဆဲဖြစ်သော်လည်း သူ(မ)၏ရိသဲ့သဲ့ စကားများဖြင့် အစော်ကားခံလိုက်ရချိန်တွင် သူ့မျက်ဝန်းများက ရုတ်ခြည်း အေးစက်သွားတော့သည်။
“လုဝမ်ဝမ် မင်း ငါ့ကို သွယ်ဝိုက်ပြီး ကျိန်ဆဲနေတာလား?”
[T/N : သူ့ကို ကျိန်ဆဲနေမှန်းတော့ သိရှာသားပဲ]
လုဝမ်ဝမ်သည် ခေါင်းညိတ်ကာ : “အာ ငါက နင် နားမလည်လောက်ဘူးလို့ ထင်လိုက်တာ”
ကျောင်းရှီကျုံးသည် သူ(မ)ကို မတွေ့မမြင်ရသည်မှာ အချိန်အတော်ကြာပြီဖြစ်ကာ ယခု သူ(မ)အသံကို ကြားလိုက်ရချိန်တွင် အနည်းငယ် မိန်းမာတွေဝေသွားရသည်။ သူ(မ) ထွက်သွားရန် ပြင်နေသည်ကို မြင်လိုက်ရချိန်တွင် မသိစိတ်အရ ရှေ့သို့တက်ကာ သူ(မ)လက်ကောက်ဝတ်ကို ဖမ်းဆွဲထားလိုက်သည်။
ကျောင်းရှီကျုံးသည် သူ(မ)အပေါ် အလွန်မျက်မုန်းကျိုးနေသဖြင့် သူ(မ)အား စော်ကားမော်ကားပြုရန်အတွက် သူ(မ)နှင့်တူသည့် ရည်းစားငယ်လေးကို ရှာထာခြင်းဖြစ်ရမည်ဟု လုဝမ်ဝမ် တွေးလိုက်မိသည်။
သူ(မ)သည် တုန့်ဆိုင်းခြင်း အလျဉ်းမရှိဘဲ ကျောင်းရှီကျုံးကို အားဖြင့် တွန်းထုတ်လိုက်သည်။ ဒေါက်မြင့်ဖိနပ်ကို စီးထားခြင်းဖြစ်၍လည်း သူ(မ)ခြေချင်းဝတ်က ခေါက်သွားခဲ့သည့်တိုင် နာကျင်မှုကို သည်းခံပြီး ကျောင်းကျောင်းဘက်သို့ လှည့်ပြောလိုက်သည်။
“သွားကြရအောင် အခုလောက်ဆို ရှန်းရီရောက်နေလောက်ပြီ”
သူတို့နှစ်ဦး အဝေးသို့ လမ်းလျှောက်ထွက်သွားချိန်တွင်မှ ကြယ်ပွင့်ငယ်လေးသည် ကျောင်းရှီကျုံး၏မျက်နှာထက်မှ အမူအရာကို တိတ်တဆိတ် စူးစမ်းကြည့်ပြီး တီးတိုး မေးလိုက်သည်။
“သူတို့က ဘယ်သူတွေလဲဟမ်၊ ဘာလို့ ကိုကို့ကို ဒီလိုမျိုး ပြောသွားကြတာလဲ”
ကျောင်းရှီကျုံး၏အမူအရာသည် တင်းမာနေပြီး သူ(မ)အား သေသူတစ်ယောက်ကို ကြည့်နေသကဲ့သို့ ငုံ့ကြည့်ပြီး : “မင်းပါးစပ်ကို ပိတ်ထား”
ခက်ထန်စွာ ဆက်ဆံခံလိုက်ရသည့် ကြယ်ပွင့်ငယ်လေးခမျာ စကားတစ်ခွန်းမျှ ထပ်မပြောရဲတော့ချေ။
သူ(မ)သည် ကျောင်းရှီကျုံးနှင့် အတူရှိလာသည်မှာ နှစ်နှစ်ကြာပြီဖြစ်သည်။ အနှီအမျိုးသားက အလွန်ရက်ရောသော်လည်း စိတ်ဆတ်သူဖြစ်ကာ သူ(မ)အပေါ် ကြင်နာသည်ဟု သတ်မှတ်လို့မရပေ။
သို့သော် ယခုကဲ့သို့ အမူအရာမျိုး၊ သူ့ကို ယခုလို ပုံစံမျိုးဖြင့် မြင်ရခြင်းက သူ(မ)အတွက် တကယ်ကို ပထမဦးဆုံအကြိမ်ဖြစ်၍ သူမမှာ အလွန် ကြောက်လန့်မိနေသည်။
မြေအောက်ကားပါကင်မှ ထွက်ပြီးနောက်တွင် လုဝမ်ဝမ်တစ်ယောက် သူ(မ)နှုတ်ခမ်းကို ဖိကိုက်ထားသည်မှာ သွေးထွက်လုနီးနီးပင်။ သူ(မ)၏ခြေချင်းဝတ်က တကယ်ကိုနာကျင်နေပြီး သူ(မ)ခန္ဓာကိုယ်က အမြဲတမ်း နုနယ်သဖြင့်လည်း ဤမျှနာကျင်မှုကို မခံမရပ်နိုင်ဖြစ်နေရသည်။
လမ်းဆုံသို့ရက်သည်နှင့် ရှန်းရီကားက သူ(မ)အရှေ့တွင် ထိုးရပ်လာပြီး ကားမှန်ကို ဖြည်းဖြည်းချင်း ချလိုက်သည်။
“ကားထဲဝင်”
ကားဟွန်းသံများက သူ(မ)နားထဲ တဝီဝီမြည်နေပြီး လူသွားလူလာများနှင့်အတူ လမ်းမီတိုင်များကိုလည်း ဖွင့်ထားကြပြီးပြီပင်။
လုဝမ်ဝမ်သည် လမ်းဘေးတွင် တွေဝေစွာ ရပ်နေမိပြီး သူ(မ)၏လက်ချောင်းများက ကားတံခါးလက်ကိုင်ပေါ် ကျရောက်သွားရင်း လမ်းမထက်ရှိ သွားချည်း၊ပြန်ချည်း ရွေ့လျားနေကြသည့် ကားများကို မိန်ဝေသည့် မျက်လုံးများဖြင့် ကြည့်လိုက်မိသည်။
သူ(မ)သည် အလွန် စိတ်ကူးလွင့်နေသည်မှာ အကယ်၍များ နောင်တစ်ချိန်ကျလျှင် သူ(မ) အသွားအလာမဆင်ခြင်ဘဲ ယာဉ်ပြေးလမ်းပေါ် ပြေးသွားရင်းက သေသွားနိုင်မလား ဟူ၍ လေးလေးနက်နက် တွေးနေမိသည့်အထိပင်။
မူလခန္ဓာကိုယ်ပိုင်ရှင်ကဲ့သို့ အရှက်ခွဲခံရပြီး လမ်းဘေးတွင် အေးခဲပြီး သေသွားခဲ့ရခြင်းက ဆိုးရွားလွန်းလှသည်။ ထို့အပြင် သူ(မ)ခုန်ချခဲ့ဖူးသည့် ပြတင်းပေါက်ကိုလည်း ရှန်းရီက ဘောင်ခတ်လိုက်ပြီပင်။
သေချာစဉ်းစားကြည့်လိုက်လျှင် ကားမတော်တဆမှုဖြင့် သေသွားပါက အလွန်နာကျင်ခံစားရမည်ပုံတော့ မပေါ်ချေ။
သူ(မ)အသိများ ပြန်ဝင်လာခဲ့သည်။
ရှန်းရီအား သူ(မ)၏ပုံမှန်မဟုတ်သည့်အပြုအမူများကို သတိမထားမိစေလို၊ ဖြည်းညင်းစွာ လျှောက်သွားလိုက်ပြီး ကားအနောက်ခန်းတံခါးကို ဖွင့်လိုက်သော်လည်း တံခါးက ပွင့်မလာခဲ့ပေ။ ရွေးချယ်စရာမရှိတော့သည့်အဆုံး အရှေ့က ခရီးသည်ထိုင်ခုံတွင်သာ ဝင်ထိုင်လိုက်ရတော့သည်။
ရှန်းရီ၏မေးရိုးများက တင်းမာနေပြီး သူ၏မည်းနက်နက်မျက်ဝန်းများက သူ(မ)၏မျက်ဝန်းများကို စိုက်ကြည့်ရင်း မျက်နှာက အမူအရာကင်းမဲ့နေခဲ့သည်။
ရှန်းရီက သူ(မ)အတွေးများကို မြင်နိုင်ပြီး သူ(မ)၏စကားလုံးတိုင်းနှင့် အပြုအမူတိုင်းရဲ့ ရည်ရွယ်ချက်ကို နားလည်နိုင်သည်ဟု လုဝမ်ဝမ် အမြဲခံစားမိနေသည်။
ရှန်းရီသည် ရုတ်တရက် သူ(မ)မေးကို ဖမ်းညှစ်ပြီး သုန်မှုန်နေသည့် အမူအရာတို့ဖြင့် အေးစက်စွာ ဆိုလာ၏။
“လုဝမ်ဝမ် မင်းရဲ့ခေါင်းထဲက အဲ့ဒီမဖြစ်နိုင်တဲ့အတွေးတွေကို ဖယ်ထုတ်ထားလိုက်”
**_**_**
ကျောင်းကျောင်း ဘယ်ရောက်သွားလဲ မမေးနဲ့နော် ယောက်ဖလေးကိုတောင် ကားပေါ်ကနှင်ချခဲ့တာ မှတ်မိတယ်မလား သူစိမ်းဆိုပြောမနေနဲ့ ကြွချင်တဲ့နေရာ ကိုယ့်ဘာသာကိုယ်ကြွဆိုပြီး ပြောထားခဲ့လောက်မှာ😐