no

Font
Theme

အပိုင်း (၂)


သူ(မ)မှာ ဓားကို ကောက်ယူချင်နေသည့်စိတ်ကို ဖုံးဖိပြီး စိတ်ကိုတည်ငြိမ်အောင်ထားရန် မနည်းအချိန်ယူလိုက်ရသည်။ သူ(မ)မျက်လုံးများက ခုတင်အစွန်းတွင် ထိုင်နေသည့် အမျိုးသမီးဆီသို့‌ ရောက်သွားပြီး ပါးစပ်ကိုဖွင့်ကာ အနည်းငယ် ရှတနေသည့် အသံတို့ဖြင့် ဆိုလိုက်သည်။ 


“မား သမီးဘာမှမဖြစ်ပါဘူး” 


သူ(မ)အမေက လုဝမ်ဝမ်ရဲ့ထိုစကားများကို ကြားသည့်အချိန်တွင် ဒေါသက ပို၍ပင်ထွက်လာရပြီး အင်္ကျီစကို ဆွဲတင်ကာ သူ(မ)ကိုယ်ပေါ်မှ ဒဏ်ရာများကို ထိုးပြလာ၏။ 


“ဒါလား နင်ပြောတဲ့ဘာမှမဖြစ်ဘူးဆိုတာ နင် ဒါကိုဘာမှမဖြစ်ဘူးလို့ ပြောတယ်ပေါ့ ၊ နင်ငယ်ငယ်လေးကတည်းက ငါတို့တောင် နင့်ကို မရိုက်ရက်ခဲ့တာ ဒါတောင် ရှန်းရီဆိုတဲ့အကောင်က နင့်ကို ဒီလိုဆက်ဆံရဲတယ် အဲ့အကောင်က နင့်ကိုအနိုင်ကျင့်ပြီး နှိပ်စက်နေတာဟဲ့ ငါ့ကိုပြောစမ်းပါအုံး နင်ဘယ်လိုအကောင်မျိုးကို လက်ထပ်ယူခဲ့တာလဲ”


ဟုတ်ပါ၏၊ လုဝမ်ဝမ်ကိုယ်ပေါ်ကဒ ဏ်ရာများက ရှန်းရီနှင့်မဆိုင်ပေ။ ဤဒဏ်ရာများက လုဝမ်ဝမ် အပြင်မှာ ပျော်ပါးမူးရူးပြီး ပြန်လာသည့်အချိန် မတော်တဆခြေချော်၍ ရလာခဲ့ခြင်းဖြစ်သည်။


သူ(မ)က အောက်နှုတ်ခမ်းလေးကို ကြောက်ရွံ့စွာ ကိုက်ဖိထားပြီး ရှန်းရီက သူ(မ)အား သေလောက်အောင် နှိပ်စက်နေပါတယ် ဆိုသော ဖျော့တော့သည့် မျက်နှာလေးဖြင့် ခေါင်းကို ငုံ့ထားလိုက်သည်။


သူ(မ)က တမင်တကာ သူ(မ)ရဲ့အသံလေးကို နှိမ့်ချကာ မပြတ်သားသောလေသံတို့ဖြင့် :


“မား သမီး သူ့ကို အပြစ်မတင်ပါဘူး”


သူ(မ)ရဲ့နှစ်ဘဝစာအတွေအကြုံအရ သူ(မ) သေချာတွေးကြည့်ပြီးပြီ။ ‘ချမ်းသာတဲ့သခင်လေးရဲ့ နူးညံ့တဲ့အချစ်’ ဆိုတဲ့မူလဝတ္ထုရဲ့ဇာတ်‌ကြောင်းအတိုင်းသွားတာ ပိုအဆင်ပြေလိမ့်မည်ပင်၊ ပိုက်ဆံမရှိတာကို မကြိုက်တာ ဘာမှားလို့လဲ? အနည်းဆုံးတော့ သူနဲ့ကွာရှင်းလို့ ရသွားမှာပဲလေ၊ ဟုတ်တယ် ဒါက အကောင်းဆုံးအစီစဉ်ပဲ...။


လုဝမ်ဝမ်၏စကားများက မီးလောင်ရာလေပင့်သည်နှင့် မခြား၊ သူ(မ)အမေ၏မျက်နှာသည် ဒေါသကြောင့် ဟုန်ဟုန်တောက်နေတော့သည်။ မေမေလုက စိတ်ပျက်ပြီး အားမလိုအားမရဖြစ်ကာ သူ(မ)ခေါင်းလေးအား လက်ဖြင့် အားနှင့် ထုလာ၏။ 


“နင်ဘယ်လိုတောင် သူလုပ်သမျှငြိမ်ခံနေရတာလဲ နင့်ရုပ်ရည်နင့်အဆင့်အတန်းနဲ့ ကွာရှင်းထားတယ်ဆိုရင်တောင်မှ ခေါင်းခေါက်ရွေးလို့ရတဲ့ အကောင်တွေမှ တပုံကြီး”


လုဝမ်ဝမ်တစ်ယောက် သူ(မ)ရဲ့မရှိမဲ့ရှိမဲ့မျက်ရည်များကို ညှစ်ထုတ်ကာ သူ(မ)အမေရဲ့အင်္ကျီစကိုဆွဲလိုက်သည်။ 


“မား သမီး သူ့ကို ချစ်တယ် သမီး အဲ့ကိစ္စကို ထပ်ပြီးစဉ်းစားပါ‌ရစေအုံး ခုတော့ သမီးပင်ပန်းလို့ အိပ်ချင်နေပြီ”


မေမေလုသည်လည်း သူ(မ)ရဲ့ဝမ်းနည်းနေသည့် မျက်နှာကိုမြင်ကာမှ ဆက်မဆူနေတော့ဘဲ :


“သမီး အရင်နားနေလိုက်”


“မား တကယ်လို့လေ ဒီည ရှန်းရီ.......”


သူမရဲ့ပုံစံက တစ်ခုခုကိုပြောချင်ပေမဲ့ ဖွင့်ပြောရခက်သည့် ပုံစံကြောင့် ရပ်တန့်လိုက်ရသည့်နှယ်။


“သူ ဒီည သမီးကို တကယ်လာခေါ်ရဲရင်တောင် မားက သူ့ကို သမီးအခန်းထဲ ဝင်ခွင့်ပြုမှာမဟုတ်ဘူး စိတ်မပူနဲ့နော် မားတို့ရဲ့ကလေးလေး၊ ဘယ်လိုလုပ်ပြီး မားတို့က သမီး‌လေးကို သူ အနိုင်ကျင့်တာ ခံခိုင်းရမှာလဲ၊ မား ကြည့်ပြီး စီစဉ်လိုက်မယ်”


လုဝမ်ဝမ် သူ(မ)ရဲ့နှုတ်ခမ်းလေးကိုကိုက်ကာ ကြေကွဲရသည့်ပုံစံဖြင့် :


“မလုပ်ပါနဲ့! သူ့ကို အရမ်းကြီးခက်ခဲအောင်မလုပ်ပါနဲ့ မား သမီးကိုယ်ပေါ်က ဒဏ်ရာတွေက အဲ့လောက်အပြင်းအထန်ကြီးလဲ မဟုတ်ပါဘူး...”


အစကတည်းက မကြည်ဖြူပြီးသားဆိုတော့ စကားတစ်လုံးနှစ်လုံးလောက်ဖြင့် သူ(မ)အမေကိုထပ်ပြီး အထင်လွဲခိုင်းတာကလည်း တော်တော်လေးကောင်တဲ့အကြံ။


မေမေလုမှာ သူ(မ)စကားကို ကြားဝင်ဖြတ်ကာ အံကိုကြိတ်ပြီး :


“မလုပ်ရဘူးလို့မပြောနဲ့ ၊ မားမှာလည်း သည်းညည်းခံနိုင်တဲ့အတိုင်းအတာဆိုတာ ရှိတယ်”


သူ(မ)အမေ အခန်းထဲကထွက်သွားပြီးနောက်တွင် လုဝမ်ဝမ်ရဲ့ပင်ပန်းနေသည့် မျက်နှာက ပျောက်ကွယ်သွားပြီး မျက်လုံးများက တောက်ပလာတော့သည်။ အိပ်ရာပေါ်တွင် နှစ်ပတ်လောက်လိမ့်ပြီး အော်ရယ်မိသည်အထိ ပျော်ရွှင်နေလေ၏။ 


ဇာတ်ဆောင်ရဲ့စိတ်ကို အလိုလိုက်စရာမလိုဘဲ သူ့ကိုလှည့်စားပြီး ချောက်ချရတာ တော်တော်လေး .......တော်တော်လေးပျော်ဖို့ကောင်းတာပဲ၊ အရမ်းကိုကောင်းတယ် ဟားဟား...

 

*


ဆောင်းရာသီဖြစ်၍ ခြံထဲရှိသစ်ပင်များကို နှင်းများက ဖုံးလွှမ်းထား၏။ လေပြည်လေညင်းများ တစ်ခါတိုက်ခတ်လေတိုင်း သစ်ကိုင်းလေးများက လှုပ်ရှားလာပြီး နှုင်းမှုန်းလေးများက အောက်သို့ ကျဆင်းလာသည်။


လုဝမ်ဝမ်တစ်ယောက် လေကောင်းလေသန့်ရှူရန် ပြတင်းတံခါးကို ဖွင့်လိုက်ပြီး သူ(မ)၏နူးညံ့သော မျက်နှာလေးက တိုက်ခတ်သော လေများကြောင့် နီမြန်းလာ၏။ သူ(မ)က လက်ဖဝါးကို ဆန့်ထုတ်လိုက်ပြီး နှင်းမှုန်လေးများက သူ(မ)၏လက်ထိပ်များပေါ် ကျဆင်းလာသည်။


လွတ်လပ်မှုရဲ့အရသာက ဒီလိုချိုမြိန်ပါလားနော်!


စိတ်ပျော်ရွင်နေတဲ့လုဝမ်ဝမ်တစ်ယောက် တံခါးကိုပြန်ပိတ်ပြီး အိမ်ရာပေါ်ပြန်လိမ့်နေလိုက်သည်။ စောင်ကို တစ်ကိုယ်လုံး တင်းတင်းကျပ်ကျပ်ပတ်လိုက်ပြီး တစ်ရေးတစ်မော အိပ်ရန်စီစဉ်လိုက်သည်။


သူ(မ)အိပ်မက် မက်ခဲ့သည်။ သို့သော် ထိုအိပ်မက်က အလွန်အမင်း စိတ်ချမ်းသာစရာကောင်းမနေခဲ့ပေ။ 


အိပ်မက်ထဲတွင် သူ(မ)ဆယ်နှစ်ကျော် နေထိုင်ခဲ့ရသည့် တိုက်ခန်းကို ပြန်တွေ့ခဲ့ရသည်။


ကျောချမ်းဖို့ကောင်းသည့် အလင်းရောင်တောင် ဖောက်မဝင်နိုင်သော အိပ်ခန်းမှ ပိတ်ထားသည့် တံခါးဟာ ရုတ်တရက် အပြင်ကနေ ပွင့်လာခဲ့သည်။ 


လည်သာဖိနပ်တစ်ရံက ကြမ်းပြင်ပေါ်  ‘ကလပ်’ ‘ကလပ်’ အသံဖြင့်ရောက်လာ၏။


ဖြူဝင်းသော အသားအရည်၊ မည်းနက်နေသည့် မျက်လုံးများဖြင့် အလင်းရောင်ကို ကွယ်ပြီး တံခါးကို မှီရပ်နေသည့်ထိုသူဟာ အိပ်ရာပေါ်တွင် ကွေးကုပ်နေသည့် သူ(မ)အား မျက်တောင်မခပ်စတမ်း စိုက်ကြည့်နေလေ၏။


သူရဲ့နက်မှောင်သည့် ဆံစအဖျားစွန်းများတွင် ကျနေသည့်ရေစက်များက သူ ယခုမှ ရေချိုးပြီးခါစဟန်ကို ဖော်ပြနေ၏။ သူက ဖြည်းညင်းစွာ လျှောက်လာပြီး သူ(မ)အနားတွင် ဒူးထောက်ထိုင်လိုက်သည်။ အေးစက်သော လက်များက သူ(မ)မေးကို ဆုပ်ကိုင်ပြီး ပေါ့ပါးစွာ ရယ်လေ၏။ 


“မင်း ဒီမှာပဲ တစ်သက်လုံးနေရမယ်နော် ဟုတ်ပြီလား”


ထို့နောက် လုဝမ်ဝမ်တစ်ယောက် ချွေးစေးများဖြင့်လန့်နိုးလာတော့သည်။


ဇာတ်ဆောင်က လုံးဝလူမဟုတ်ဘူး!!!!!


သူ့ရဲ့စိတ်ကျန်းမာရေးပြဿနာက ကုရာနတ္ထိဆေးမရှိဖြစ်နေပြီ။


ထိုအချိန်တွင်‌ အိမ်အောက်ထပ်မှ အသံများ ထွက်လာ၏။ လုဝမ်ဝမ် ခြေပြောင်ဖြင့် ကြမ်းပြင်ပေါ်ဆင်းလိုက်ပြီး အခန်းတံခါးကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။ ဤထောင့်ကနေ ကော်ရစ်ဒါမှလွဲ၍ မည်သည့်အရာကိုမှ မမြင်ရချေ။

 

သူ(မ) အသံမထွက်အောင်ဖြည်းညင်းစွာဖြင့် တိုးတိုးတိတ်တိတ် လျှောက်သွားလိုက်သည်။


သူ(မ)ရပ်နေသည့် ဒုတိယထပ်လှေကားမှနေ၍ အောက်ထပ်တွင် ဘာတွေဖြစ်ပျက်နေသလဲကို အတိုင်းသား ကြားနေရသည်။ ဧည့်ခန်းထဲတွင် မတ်တပ်ရပ်နေသည့် ရှန်းရီက ဝတ်စုံပြည့်ကို ဝတ်ဆင်ထားသောကြောင့် သေချာသည်မှာ သူ ယခုမှအလုပ်ဆင်းလာဟန်ပင်။ သူ့မျက်နှာက အမူအရာတို့ ကင်းမဲ့လျက်သားဖြင့်။


သို့သော် ရှန်းရီက ဤသို့စကားတစ်လုံးမှမပြောဘဲ မတ်တပ်ရပ်နေရုံနှင့်တင် ပန်းချီကားတစ်ချပ် ကြည့်နေရသကဲ့သို့ အတော်လေးကြည့်ကောင်းနေ၏။


မေမေလုက လက်နှစ်ဖက်ကိုပိုက်ကာ သူ့ကိုအေးတိအေးစက်မျက်လုံးများဖြင့် စိုက်ကြည့်ပြီး လေသံခပ်မာမာဖြင့် မေး၏။ 


“နင် ဒီကိုဘာလာလုပ်တာလဲ?”


ရှန်းရီ မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။ သူ့အသံက ဩဇာအပြည့်နှင့် အေးတိအေးစက်ဖြင့် :


“သူ(မ)ကိုလာကြိုတာ အိမ်ပြန်ခေါ်သွားမလို့” 


There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment