no

Font
Theme

အပိုင်း (၂၁)

လုဝမ်ဝမ်သည် ထိုအချိန်မှစ၍ ဉာဏ်သုံးရန် သင်ယူခဲ့ပြီးပြီဖြစ်ပြီး၊ အမြော်အမြင်ရှိမှသာလျှင် ကြီးကျယ်သော အရာများကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်သည်။

ရှန်းရီသည် သူမဖုန်းကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး အပြုံးမမည်သောအပြုံးဖြင့် ဆိုလာ၏။

“ဘာလို့ ဖုန်းမဖြေလိုက်တာလဲ?”

“ဖုန်းဝင်လာတိုင်း ငါက ဖြေနေစရာလား၊ ငါ့မှာ အဆင့်အတန်း မရှိသလိုပုံစံမျိုးနဲ့ တွေ့ရာဖုန်းလာတိုင်း ပြန်ဖြေဖို့လည်း စိတ်မဝင်စားဘူး”

လုဝမ်ဝမ်သည် အသိပြန်ဝင်လာပြီး ဖုန်းကို အေးဆေးတည်ငြိမ်စွာ ချပစ်လိုက်သည်။

အဘယ်ကြောင့်ဆိုသော် သူမ ဤကဲ့သို့ အမြဲ ကျိုးကြောင်းမဆီလျော်နေမှသာလျှင် ရှန်းရီ သံသယမဝင်နိုင်မည်ပင်။

“ဝမ်ဝမ်ပြောသမျှက အကုန်လုံးအမှန်တွေချည်းပဲ”

ထိုစကားများပြောပြီးရုံကာရှိသေး ဖုန်းက တစ်ဖန် ထပ်မြည်လာ၏။ ရှေ့နေဖန်တွင် သူမကို အရေးတကြီးပြောရမည့်ကိစ္စတစ်ခု ရှိဟန်တူသည်။ မဟုတ်ပါက ဤကဲ့သို့ အကြိမ်ကြိမ်ခေါ်နေမည် မဟုတ်ချေ။

လုဝမ်ဝမ်သည် သူမ၏သတ္တိများကိုစုကာ ဖုန်းကို ကိုင်လိုက်ပြီး သူမဘက်ကနေ အရင် ပြောနိုင်ရန် လက်ဦးမှုယူလိုက်သည်။

“လုကျောက်ဇီ နင်သေချင်နေပြီလား? ငါနဲ့ နင့်ယောက်ဖရဲ့ နှစ်ယောက်တစ်ကမ္ဘာဖြစ်နေတာလေးကို လာနှောင့်ယှက်မနေနဲ့ ငါဖုန်းချပြီ”

ရှေ့နေဖန်ခမျာ စကားပြောဖို့ အခွင့်အရေးလေးပင်မရလိုက်ဘဲ တစ်ဖက်မှပြောလာသည့်စကားများကြောင့်ပင် ခေါင်းရှုပ်သွားရသည်။

ရှန်းရီ၏မျက်လုံးများသည် ကွေးညွှတ်သွားပြီး အဓိပ္ပါယ်ပါပါ မေးလာ၏။

“မင်းမောင်လေးလား?”

လုဝမ်ဝမ် လိမ်ပြောသည့်အချိန်တိုင်းတွင် သူမ၏မျက်နှာသည် အနီရောင်ပြောင်းသွားတတ်၏။ သူမက တုန်ချိချိ‌နှင့် ပြန်ဖြေလာခဲ့သည်။

“အမ်း သူဆက်လာတာ”

ရှန်းရီတစ်ယောက် မေးခွန်းများ ဆက်မေးမလာတော့သဖြင့် လုဝမ်ဝမ်မှာ အသက်ရှူချောင်သွားတော့သည်။

မည်သည့်အချိန်ကတည်းက ကောင်းကင်မှ နှင်းပွင့်များ စတင်ကြွေဆင်းလာသလဲ မသိသော်ငြား ဘောင်လက်ရန်းများသည် နှင်းလွှာပါးပါးလေးဖြင့် ဖုံးလွှမ်းနေသည်မှာ အဝေးမှနေ လှမ်းကြည့်လိုက်လျှင် ကမ္ဘာကြီးတစ်ခုလုံး အဖြူရောင် ပြောင်းသွားသကဲ့သို့ပင်။

လုဝမ်ဝမ် ကားထဲမှထွက်လာသည့်အချိန် အအေးဒဏ်ကြောင့် ကြက်သီးမွေးညင်များ ထသွားရပြီး ရှန်းရီသည် သူ၏ကုတ်အင်္ကျီကို ချွတ်ပေးကာ သူမပုခုံးပေါ် လွှားခြုံပေးလိုက်သည်။

အိမ်သို့ပြန်ရောက်လာပြီးနောက်တွင် လုဝမ်ဝမ်သည် အဝတ်အစားများကို ချက်ချင်း မလဲသေးဘဲ ပါးလွှာ‌သောအနက်ရောင်ဝတ်စုံလေးကိုသာ ဝတ်ဆင်ထားရင်း ကော်ဖီစားပွဲပေါ်မှ အိတ်အသစ်များကို မြင်လိုက်ရသည့်အချိန် သူမက ပြုံးလိုက်ပြီး ဆိုလာ၏။

“ပြီးခဲ့တဲ့နှစ်‌ရက်လောက်က ငါ ကျောင်ကျောင်နဲ့အတူ ဈေးဝယ်ထွက်ခဲ့တာလေ...ယွမ်သုံးသိန်ကျော်လောက်သုံးပြီး အိတ်တစ်ဒါဇင်လောက်ကို တစ်ခါတည်း ဝယ်လာခဲ့လိုက်တာ ဒီနေ့ကျတော့မှပဲ အိတ်တွေကို လာပို့ပေးတော့တယ်”

တောက်ပသော အလင်းရောင်လေးက ခါးသွယ်သွယ်နှင့် ခြေတံရှည်များကို ပိုင်ဆိုင်ထားသည့် သူမ၏ဖြူဖွေးဥနေသော ခန္ဓာကိုယ်ပေါ်သို့ အပေါ်စီးမှနေ ဖြာကျနေလေ၏။ ပုခုံးထက်မှ ကုတ်အင်္ကျီက ကြမ်းပြင်ပေါ်သို့လျှောကျလာသည့်အခါ သူမ၏ ပုံစံတကျရှိနေသည့် ခန္ဓာကိုယ်အချိုးအစားကို ထွက်ပေါ်လာစေ၏။ သူမ၏ပါးပြင်လေးများမှာ ပန်းနုရောင်သမ်းပြီး ကြည်လင်နေကာ အမူအရာတို့က ချစ်စဖွယ်ကောင်းပြီး အပြစ်ကင်းဟန်အပြည့်ဖြင့်။

ရှန်းရီသည် ကြမ်းပြင်ပေါ်မှ ကုတ်အင်္ကျီကို ကောက်ယူလိုက်ပြီးနောက် သူမ၏လက်ကောက်ဝတ်ဖြူဖြူလေးကို ဂရုစိုက်စွာ ဖျစ်ညှစ်ကစားနေပြီး ဖြည်းညင်းစွာ ဆိုလာ၏။

“ဒီအိတ်တွေအကုန်လုံး လှတယ်”

“……”

လုဝမ်ဝမ်သည် တံတွေးများပင် မျိုချလိုက်ရကာ သူမအသံကို ပို၍အားဖြည့်ပြောလိုက်၏။

“ငါ သုံးသိန်းကျော်သုံးခဲ့တာနော်”

တစ်ရက်တည်းနဲ့ သုံးသိန်းရှုံးသွားတာနော်! ဒါကို ရှန်းရီက ခံနိုင်ရည်ရှိပါ့မလား?

အနှီအမျိုးသားက သူ၏တည်ငြိမ်အေးချမ်းနေဟန်ရှိသည့် မျက်လုံးများကို မော့လာပြီး သူမအား အလေးအနက်စိုက်ကြည့်ကာ ဆိုလာ၏။

“အိုခေ ကိုယ်သိပြီ”

တစ်ခဏငြိမ်သက်ပြီးနောက်မှ :

“မင်းမှာ ပိုက်ဆံကုန်သွားပြီ ဟုတ်တယ်မလား? အိပ်ရာဘေးက အံဆွဲထဲမှာ ကတ်နှစ်ကတ်ရှိသေးတယ် မင်း ယူပြီးသုံးလိုက် မင်း ပျော်နေတယ်ဆိုရင်ပဲ လုံလောက်ပြီ”

“……”

လုဝမ်ဝမ် တောင့်တင်းသွားရပြီး တွေးလိုက်မိသည်မှာ၊ ရှန်းရီက အရင်လို သနားစရာကောင်းတဲ့ငမွဲလေး ဟုတ်ဟန်မတူတော့ဘူး?

ရှန်းရီသည် မျက်လွှာလေးချပြီး သူမခေါင်းလေးကို ချစ်မြတ်နိုးစွာ ပုတ်ပေးရင်း သူမ၏တွေဝေသွားသည့်အမူအရာလေးကို ကြည့်နေခဲ့သည်။

“မင်း ပိုက်ဆံကြိုက်တယ်မဟုတ်ဘူးလား? ဒါဆို ကိုယ် မင်းကို အကုန်လုံးပေးလိုက်မယ် ဟုတ်ပြီလား?”

ထိုကဲ့သို့ပြောနေသည့် သူ၏အသံမှာ အလွန် နူးညံ့ညင်သာနေပြီး အဆုံးသတ်နားကို‌ ဖြည်းဖြည်းမှန်မှန်နှင့် ဆွဲပြောလိုက်သည်မှာ ကြည်နူး၍လော၊ ဒေါသထွက်၍လော မသဲ‌ကွဲချေ။ သူမ၏ ရိုးတွင်းခြင်ဆီများထဲအထိ စိမ့်ဝင်‌နေသော အကြောတရားတို့မှာ တစ်ဖန် ပြန်၍နိုးထလာခဲ့၏။

လုဝမ်ဝမ်သည် ကို့ရို့ကားယားပြုံးလိုက်ပြီး သူ၏လက်မောင်းကို တင်းကျပ်ဆုပ်ကိုင်လိုက်ရင်း နောက်ကျောမှာ တောင့်တင်းသွားရသည်။

“ငါ ကြိုက်တာက နင်လေ..ဒီလောက်သိသာနေတာကြီးကိုး”

ရှန်းရီသည် ထိုစကားလုံးများကိုကြားသည့်အချိန်တွင် နူးညံ့စွာပြုံးလာပြီး လှပသော မျက်ဝန်းများက ကွေးညွတ်တက်သွား၏။

ရှန်းရီတွင် သူမ ယွမ်သုံးသိန်ကို တစ်ရက်တည်း ဖြုန်းလိုက်ခြင်း‌အပေါ် မည်သည့်အမူအရာမှ ရှိမနေ‌၊ သူမတွင် ပိုက်ဆံသုံးဖို့ လုံလုံ‌လောက်လောက် ရှိသေးရဲ့လား ဟုသာ မေးမြန်းလာခဲ့သည်။

လုဝမ်ဝမ်မှာ သူ(မ) မောက်မာရိုင်းစိုင်းသည့် လူဆိုးမကြီးအဖြစ် သရုပ်ဆောင်မှုမှာ ကျရှုံးလေပြီဟုခံစားရကာ၊ အောင်မြင်ဖို့ရာ လမ်းစမမြင်တော့သည်အထိ ဖြစ်လာရသည်။

သေချာပေါက်၊ ယခုလက်ရှိ ရှန်းရီသည် ဆင်းရဲမွဲတေနေမည့် ကောင်လေးဖြစ်နေရပေအုံးမည်။ သို့သော် အဘယ်ကြောင့်များ ဤကဲ့သို့ မဖြစ်နေရသနည်း? သူ့တွင် ပိုက်ဆံအများကြီးရှိနေဟန်တူပြီး သူမကို ပေးဖြုန်းရသည်ကိုလည်း ကျေနပ်နေဟန်ပင်။

ဤအကြောင်းအရာအား နားလည်သွားပြီးနောက်တွင် လုဝမ်ဝမ်၏နှလုံးသားမှာ အနည်းငယ် ရှုပ်ထွေးသွားရသည်။ ပိုက်ဆံမရှိ၊အာဏာမရှိသည့် ဇာတ်ဆောင်ကို သူမ နှိမ့်ချလှောင်ပြောင်လို့ရပေမဲ့ ချမ်းသာပြီးအာဏာရှိသည့် ရှန်းရီကိုတော့ သူမ မစော်ကားဝံ့ချေ။

ရှန်းမိသားစုသည် မြို့တော်တွင် အင်အားကြီးသည့်မိသားစုတစ်ခုဖြစ်သည်။ သူ၏အဖေသည် ရာထူးမြင့်သည့် အရာရှိတစ်ယောက်၊ သူ၏အဖေတူအမေကွဲအစ်ကိုသည်လည်း ထူးချွန်ထက်မြက်သည့်သံတမန်တစ်ဦး၊ မိသားစုထဲတွင် အဆိုးဆုံးကြွက်စုတ်လေးဖြစ်သည့် ရှန်းရီ၏ညီလေးပင် အနာဂတ်တွင် စီးပွားရေးလောက၌ ကောင်းစွာ ကျင်လည်နိုင်ပေ၏။

ယနေ့ည၌ လုဝမ်ဝမ်တစ်ယောက် ရင်မောစွာဖြင့် အိပ်ပျော်သွားရကာ တစ်ညလုံး အိမ်မက်ဆိုးများမက်နေတော့သည်။

သူမမှာ ဘေးစားပွဲပေါ်ရှိစာရွက်စာတမ်းများကို ရှင်းလင်းဖို့ အချိန်ပင် မရလိုက်ချေ၊ ရှန်းရီ ရေချိုးပြီးနောက် ထွက်လာသည့်အချိန်တွင် အိပ်ပျော်နေသည့် သူမ၏မျက်နှာလေးကို ငုံ့ကြည့်ရင်း သဘာဝအတိုင်း ဘေးနားတွင်ရှိနေသည့် စာရွက်စာတမ်းများကိုပါ သတိထားမိသွား၏။

ကောက်ယူလိုက်ပြီး နှစ်ကြိမ်တိုင် ဖတ်ကြည့်ပြီးကာမှ ခပ်တိုးတိုး ရယ်သွေးလိုက်သံက သူ့နှုတ်ခမ်းဖျားမှနေ တိုးထွက်လာ၏။ သူ၏မျက်လုံးများသည် အနည်းငယ် မှောင်ကျသွားပြီး၊ အကယ်၍ သူ မှတ်မိတာ မှန်မည်ဆိုလျှင် ဧည့်ခန်းထဲတွင်ရှိနေသည့် အိတ်ဒါဇင်များမှာ အသားတံဆိပ်မဖြုတ်ရသေးချေ။

“ရှန်းရီ”

အိပ်ရာပေါ်ရှိ အမျိုးသမီးမှာ အိမ်မက်,မက်နေဟန်တူပြီး စကားလုံးများကို တစ်ပိုင်းတစ်စနှင့်ပြောကာ မျက်ခုံးများကို ကြုတ်ထားလေ၏။

သူ၏နက်မှောင်သော မျက်လုံးများက သူမကို လေးလံသောအကြည့်များဖြင့် နက်ရှိုင်းစွာ စိုက်ကြည့်လို့နေ၏။

“ရှန်းရီ ငါ နင့်ကို သဘောကျတယ်”

အနှီအမျိုးသမီးမှာ ဘေးတစ်ဖက်ခြမ်းသို့လှည့်ကာ ဆက်အိပ်နေပြီး : “နင့်ကိုသဘောကျတယ်…ချီးကိုသဘောကျ”

အနှီအမျိုးသားသည် အတော်ကြာ ငြိမ်သက်သွားပြီး သူ၏အပြုံးမှာ အနည်းငယ်ကျောချမ်းချင်စရာကောင်းနေတော့သည်။

ဟ့

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment