အပိုင်း (၁၆)
သူမ၏အတွင်းစိတ်က ပျံ့ပြယ်နေပြီး တစ်စုံတစ်ခုကို တိုးတိုးလေးဖြင့် မသဲမကွဲ ပြောနေ၏။ သူ့လက်ထဲမှအမျိုးသမီးငယ်လေးသည် သူ့အား ပြူးကျယ်ရီဝေနေသာ မျက်လုံးများဖြင့် ကြည့်ကာ ဝမ်းနည်းနေသော အသံဖြင့် ဆိုလာ၏။
“ငါ ခုထိရေမချိုးရသေးဘူး!!!!!”
“ငါက အသန့်ကြိုက်တဲ့ ပေါင်ပေ့လေးလေ!!!”
“ဝူး ဝူး ဝူး ငါရေချိုးချင်တယ်!!!”
ရှန်းရီသည် တန့်သွားပြီးနောက်မှ : “အင်းပါ အင်းပါ”
လုဝမ်ဝမ်တစ်ယောက် ဆိုဖာပေါ်မှ ထကာ ရေချိုးခန်းဆီသို့ ယိုင်တိယိုင်နဲ့ ဦးတည်လိုက်သည်။ သူ(မ)မှာ ရေဗန်းကို ဖွင့်ပြီးရုံကာရှိသေး၊ ဗြုန်းခနဲကျလာသော ရေစက်များကြောင့် လန့်ဖြန့်သွားရသည်။ ရှန်းရီသည် သူမအနောက်မှနေ ရုတ်တရက် ပေါ်လာပြီး သူမလက်ကို လှမ်းဆွဲလာ၏။
“မင်း ကိုယ့်ဘာသာကိုယ် ချိုးနိုင်ရဲ့လား?”
လုဝမ်ဝမ်၏အရက်မူးနေသည့် တုံ့ပြန်မှုသည် ပုံမှန်ထက် နှေးကွေးနေကာ ဆယ်စက္ကန့်ကြာပြီးနောက်မှ သူ့အား ပြန်ဖြေရန် သတိရ၏။
ထိုအမျိုးသား၏မျက်နှာသည် အေးဆေးတည်ငြိမ်နေသော်ငြား ရေစိုအဝတ်များ ကပ်နေသည့် သူ(မ)ကိုကြည့်ပြီး သူ့အသံသည် ယခင်ကထက်ပို၍ လေးလံလာ၏။
“မင်းက အရမ်းနမော်နမဲ့နိုင်တာပဲကွာ”
သူ့မျက်နှာသည် အလွန်အနှောင့်အယှက်ဖြစ်နေဟန်နှင့် အနည်းငယ် ချိတုံချတုံဖြစ်နေပုံရကာ ကူကယ်ရာမဲ့စွာ ဆိုလာ၏။
“ဒီလိုဆိုမှတော့ ကိုယ့်မှာ မင်းကို ကူညီဖို့ကလွဲပြီး ရွေးစရာမရှိတော့ဘူးပေါ့၊ ဒါပေမဲ့ နောက်တစ်ခါကျ ဒီလို နမော်နမဲ့မနိုင်ရဘူးနော်”
“……”
ယနေ့ညတွင် အရက်နာကျသည်က အလွန် မသာမယာ၊ လုဝမ်ဝမ်တစ်ယောက် တစ်ညလုံး အိမ်မက်ဆိုးများမက်နေသလို ခံစားနေရသည်။
သူမအိမ်မက်ထဲတွင် ဖြူဖွေးသန့်ရှင်းနေသည့်မျက်နှာ၊ အေးတိအေးစက်နှင့် မည်သူ့ကိုမှ ဂရုမစိုက်သည့်ပုံစံ၊ သူ၏ရေသေလို တည်ငြိမ်နေသည့်မျက်ဝန်းများဖြင့် ရှန်းရီသည် အလွန်ငယ်ရွယ်သည့်ကောင်လေးတစ်ယောက်ပုံစံ ကျောင်းဝတ်စုံကို ဝတ်ဆင်ထား၏။
ထိုကောင်လေးကို ကျောင်းစင်္ကြန်လမ်းတွင် ပိတ်ရပ်ထားကြပြီး သူ့နဖူးပေါ်မှ အမာရွတ်သည် ပိုပိုပြီးနက်လာသည်မှာ ထပ်ပြီးရိုက်ခံထိထားဟန်တူသည်။ သို့သော် သူကိုယ်၌က ဒဏ်ရာများရှိသည်ကို မေ့နေသည့်ပုံ၊ သူ၏မျက်နှာသည် အမူအရာကင်းမဲ့နေကာ စကားတစ်ခွန်းပင်မဆို တိတ်ဆိတ်နေလျက်ရှိ၏။
လုဝမ်ဝမ် ထိုအချိန်က သူ့မျက်လုံးထဲမှ အကြည့်များကို ဘယ်သောအခါမှ မေ့မည်မဟုတ်၊ အသွားထက်သည့် ဓားတစ်စင်းကဲ့သို့ မည်းနက်နက်မျက်လုံးများ၊ ချောက်ချားဖွယ် ကောင်းသည့် သူ၏တည်ငြိမ်မှုများက သူ့အား အနိုင်ကျင့်ခဲ့ကြသည့် ထိုလူတစ်အုပ်ကို စိတ်နှလုံးသားထဲတွင် ခိုင်မြဲစွာတံဆိပ်ထုနေသည့်အလား။
အိမ်မက်ထဲက သူမသည် သူ့မျက်လုံးများနှင့်အကြည့်ချင်ဆုံရုံနှင့်ပင် ကြောက်လန့်တုန်လှုပ်လာရသည်။ သူ့အကြည့်များက သူမ၏ခန္ဓာကိုယ်တစ်ခုလုံးကို မြေကြီးပေါ်တွင် ခိုင်မြဲစွာရိုက်ကပ်ထားစေသည့်အလား တုန့်တုန့်မျှပင် မလှုပ်နိုင်စေပေ။
ထိုအချိန်ကတည်းက အနှီလူငယ်လေး၏ရူးသွပ်မှုကို မြင်တွေ့နိုင်ခဲ့ပြီးပြီဖြစ်သည်။
နောက်တစ်နေ့ သူမနိုးလာသည့်အချိန်တွင် လုဝမ်ဝမ်၏ခေါင်းမှာ လေးလံလံနာကျင်မှုများဖြင့် ပြည့်နှက်နေ၏။ သူမ အချိန်ကို ကြည့်လိုက်ရာ နေ့လည်ပင်ရောက်နေပြီဖြစ်သည်။ အိပ်ရာဘေးရှိ စားပွဲပေါ်တွင် စာရွက်တစ်ရွက်ကပ်ထားသည့် ရေနွေးခွက်တစ်ခွက်ရှိနေ၏။
ရှန်းရီ၏လက်ရေး.....
သူမအား မနက်စာစားဖို့မမေ့ရန် သတိပေးသည့်စာပင်...
မနေ့ညက မှတ်ဉာဏ်များတဖြည်းဖြည်းပြန်ပေါ်လာပြီး ဘာတွေဖြစ်ပျက်ခဲ့သလဲကို မှတ်မိသွားချိန်တွင် သူမ၏မျက်နှာမှာ အလွန်အမင်း နီမြန်းသွားတော့သည်။
သူမ တကယ်ပဲ သူမကို ရေချိုးပေးဖို့ ရှန်းရီကို ခွင့်ပြုခဲ့တာလား!!?
ပြီးတော့ သူမကို နတ်သမီးပုံပြင်ဖတ်ပြဖို့ သူ့ကိုတောင်းဆိုခဲ့သေးတာလား!!?
သေချာပါသည်၊...သူမ မနေ့ညက စိတ်ဖောက်ပြန်သွားတာပဲဖြစ်ရမည်။
လုဝမ်ဝမ် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ၊သူမ၏နှလုံးသားမှာ အချိန်အတော်ကြာသည်ထိ မတည်ငြိမ်နိုင်သေးပေ။
နှလုံးသားမှ ထိတ်လန့်မှုအား ရေနွေးလေးသောက်ပြီး မနည်းဖြေဖျောက်နေသည့်အချိန် သူမဖုန်းသည် အသံမြည်လာခဲ့သည်။ ဖုန်းကို ကောက်ကိုင်လိုက်ပြီး တစ်ဖက်မှ ဒေါသသံများ ထွက်လာသည်။
“ကျဲ ဟိုအကောင်ရှန်းရီ ကျဲကို ရိုက်လိုက်တယ်ဆို!!?”
“……”
“ပြီးတော့ ကျဲက သူနဲ့ ပြန်လိုက်သွားတယ်?!!!!”
“…….”
“အဲ့ဒီအကောင်ရဲ့ ဘယ်နေရာကများ ကျဲနဲ့ ထိုက်တန်နေလို့လဲ?!!!”
“……..”
“သင်းက ဘာကောင်မို့လို့လဲ!!!!?”
သူမမျက်လုံးများဖြင့် စစ်ဆေးကြည့်ပြီးနောက်မှ ဤကောင်လေးသည် သူမ၏မောင်ဆိုးလေးဖြစ်ကြောင်း အတည်ပြုလိုက်တော့သည်။
လုကျောက်ဇီနှင့် အကြီးဆုံးလုမမလေးတို့သည် အကျင့်တူစရိုက်တူ တစ်ချိုတည်း၊ တစ်ထေရာတည်း။ ပန်းသီးက သူ့အပင်နှင့် ဝေးရာမကြွေဘူးဆိုသလိုမျိုး၊ အနှီယဉ်ကျေးမှုခေါင်းပါးနေသော သခင်ငယ်လေးသည် စားသောက်သည့်နေရာနှင့် ပျော်ပါသည့်နေရာတွင် အလွန်တော်၊ စာလေ့လာတာကလား အဲ့ဒါက အရေးရောကြီးလို့လား?
သို့သော် လုမိသားစုရှိ မိသားစုဝင်များသည် တစ်ယောက်ကိုတစ်ယောက် အလွန်ကာကွယ်ပေးတတ်ကြသည်။ ဤသခင်ငယ်လေး လုကျောက်ဇီသည် ‘အခြားလူတွေကိုတော့ အနိုင်ကျင့်ချင်ကျင့်လို့ရမယ် ငါ့အစ်မကိုတော့ လာမထိနဲ့’ ဆိုသည့် နိယာမကို လိုက်နာသူ။
လုဝမ်ဝမ် ခဏအကြာ တိတ်ဆိတ်ပြီးနောက်မှ ဆိုလိုက်သည်။
“သူငါ့ကို မရိုက်ပါဘူး”
အနှီသခင်ငယ်လေးက သူမ၏စကားကို နားမလည်ဟန် သူ့ကိုယ်ပိုင်ကမ္ဘာထဲတွင်သာ နစ်မြောနေ၏။
“ကျွန်တော် အဲ့ဒီကောင်ကို တကယ်မုန်းတာပဲ အဲ့အကောင်က အတုအယောင်ကောင် သူဘာအတွက် ဟန်ဆောင်နေမှန်း တကယ်ကို မသိဘူး”
“နင် ငါ့ကို ရှန်းရီအကြောင်း မကျေမနပ်ပြောဖို့ ခေါ်လိုက်တာလား?”
“မဟုတ်ဘူး”
အနှီသခင်ငယ်လေးမှ တစ်ခဏရပ်တန့်ပြီး ဆိုလာ၏။
“ငါ့သူငယ်ချင်းတစ်ယောက်က အမျိုးသားမော်ဒယ်ပါတီ လုပ်မလို့လေ ကျဲက အစကတည်းက အဲ့လိုကိုယ်လုံးကျွတ်မော်ဒယ်ချောချောလေးတွေဆို သဘောအကျဆုံးပဲမလား.. ကျွန်တော်က ကျဲအတွက် ထိပ်ဆုံးနေရာ မှာထားပေးထားတယ်”
လုဝမ်ဝမ် အလေးအနက် ပြန်ပြောလိုက်သည်။
“မောင်လေး ကျဲမှာ ယောက်ျားရှိတယ်နော်”
“ဘယ်ကယောက်ျားလဲ? ကျွန်တော် ဒီစကားလုံးကို သိလို့လား? ကျွန်တော်က စာမတတ်တဲ့သူ အယ် ကျွန်တော်နားတွေရုတ်တရက် ကန်းကုန်ပြီ ဘာမှမကြားရတော့ဘူး”
“……..”
လုဝမ်ဝမ် တစ်ခဏ စဉ်းစားကြည့်ပြီး ဖြည်းဖြည်းမှန်မှန် ထပ်ဆိုလိုက်သည်။
“ငါ မသွားဘူး”
လုကျောက်ဇီဆိုသည့် ဤမောင်ငယ်လေးသည် အလွန်ကိုမှ ကောင်းလှသည်။ ပထမနှစ်ကြိမ်ဝင်စားမှုအတွင်း သူမအား မည်းမှောင်နေသည့် အခန်းကျဉ်းလေးထဲ လှောင်ပိတ်ထားသည့်အချိန်တွင် ဤမောင်ငယ်လေးကပဲ ရှန်းရီ၏လက်ထဲမှနေ သူမကို ကယ်ထုတ်ရန် စိတ်နှစ်ကိုယ်နှစ်ကြိုးစားပေးခဲ့သည့် တစ်ဦးတည်းသောသူဖြစ်သည်။
လုကျောက်ဇီတစ်ယောက် တံခါးကိုဖြတ်ကာ တိုက်ခန်းထဲသို့ ဝင်လာနိုင်ခဲ့ဖူးသည့်အချိန်တောင် ရှိခဲ့သေးသည်။ မောင်နှမနှစ်ယောက် ခိုးကြောင်ခိုးဝက်နှင့် သူမ၏မှတ်ပုံအချက်အလက်များကို ယူပြီး ထွက်ပြေးရန် အသင့်ဖြစ်နေကြချိန် ရုတ်တရက် ထိုစိတ်ဝေဒနာသည် ရှန်းရီသည် ပေါ်လာခဲ့ပြီး သူမတို့နှစ်ယောက်ကို အေးတိအေးစက်နှင့် တည်တည်ငြိမ်ငြိမ်ကြည့်ကာ၊ ထို့နောက် သူမလက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည့် လုကျောက်ဇီကို ကြည့်ပြီး ညင်သာစွာ မေးမြန်းလာ၏။
“သော့တုလုပ်ရတာက ခက်ခဲတယ်မလား? ညီလေးက ဒီထိကို ရောက်နေပြီဆိုမှတော့ မသွားခင်လေး ထိုင်ပြီး လက်ဖက်ရည်လေးဘာလေးသောက်သွားလေ”
ထိုအချိန်တွင် ရှန်းရီ၏မျက်လုံးများသည် မှေးမိန်နေသည်မှာ သူ၏စိတ်အခြေအနေ ဘယ်သို့ဘယ်ပုံပြောင်းလဲနေသည်ကို မမြင်နိုင်တော့သည်အထိ။
လုဝမ်ဝမ်မှာ မနေနိုင်အောင် အနောက်သို့ခြေလှမ်းများစွာ ဆုတ်မိလိုက်ပြီး သူမလက်ချောင်းများကလည်း တုန်ယင်လာခဲ့သည်။ ရှန်းရီသည် သူမအား အပြုံးဖြင့် ကြည့်ရင်း သက်ပြင်း အသာချကာ ဖြည်းညင်းစွာ ဆိုလာခဲ့၏။
“ဒီနေရာမှာ အတွင်းရောအပြင်ရောစောင့်ကြည့်ကင်မရာဆယ်လုံးထက်မနည်းရှိနေတာကို ကိုယ့်ရဲ့ဝမ်ဝမ်အရူးမလေးက ဘယ်လိုများထွက်လို့ရပါ့မလဲနော်”
“………”
သူမ၏ပထမနှစ်ကြိမ်အတွေ့အကြုံအကြောင်းစဉ်စားရင်း နှလုံးသားထဲမှ နက်နက်ရှိုင်းရှိုင်းဖုံးကွယ်ထားသည့်အကြောက်တရားများက တဖြည်းဖြည်း ပျံ့နှံ့လာ၏။
*
ပြတင်းပေါက် အပြင်ဘက်ရှိ အရောင်မှာ မှေးမိန်နေပြီး ကောင်းကင်သည် အစောကြီးကတည်းက မှောင်မိုက်နေလေပြီ။
လုဝမ်ဝမ်သည် ဖုန်းပြောနေကာ ဖုန်းထဲတွင်သာ အာရုံဝင်စားနေသဖြင့်လည်း တစ်စုံတစ်ယောက်က အခန်းတံခါးကို ဖြည်းညင်စွာ ဖွင့်လိုက်သည်ကို သတိမထားမိလိုက်ပေ။
သူမသည် အခြားတစ်ဖက်မှ လူအားဆို လိုက်သည်။
“ရှေ့နေဖန် ကျွန်မကြားတာ ရှင်ကွာရှင်းတဲ့အမှုတွေ ကိုင်တဲ့နေရာမှာ တော်တယ်ဆို အမှန်တော့ ကျွန်မက ကျွန်မယောကျာ်းနဲ့ ကွာရှင်းချင်လို့ပါ ကျွန်မမေးလို့ရမလား ကွာရှင်းတရားစွဲဆိုဖို့အတွက် ဘယ်လိုအခြေအနေမျိုးတွေနဲ့ဆို နိုင်ဖို့အခွင်အရေးများလောက်မလဲ?”
တံခါးရှိအမျိုးသား၏ခြေလှမ်းများသည် ရပ်တန့်သွားကာ နေရာမှာတင် ငြိမ်ငြိမ်လေးရပ်နေလိုက်သည်။ မျက်လွှာချထားသော မျက်တောင်များသည် အနည်းငယ် လှုပ်ရှားသွားပြီး သေးသွယ်သွယ်အဖြူရောင်လက်ချောင်းများက တင်းကျပ်စွာ ဆုပ်ထား၏။