no

Font
Theme

အပိုင်း (၂၉)

“အင်း”

“ရှန်းအိမ်ကို မပြန်တော့ဘူးလား?”

“မပြန်ဘူး”

ရှန်းရီသည် ပြတင်းပေါက်ဆီသို့ သွားကာ တံခါးကို ကျယ်ကျယ် ဖွင့်ချလိုက်သည်။ တိုက်လေအေးများက ဝင်ရောက်လာပြီး တစ်ခဏကြာပြီးနောက် အခန်းတွင်းရှိ ဆေးလိပ်နံ့များက လုံးလုံး ပျောက်ကွယ်သွား၏။

သူသည် အေးဆေးစွာ ရှင်းပြလိုက်သည်။

“ဝမ်ဝမ် ခဏနေကျရင် ရောက်လာလိမ့်မယ်”

လီရှင်းက နှုတ်ခမ်းကို စေ့ပိတ်ကာ စကားတစ်ခွန်း မဆိုတော့ချေ။

မှတ်ချက်ပေးခဲလှသည့် ကျောင်းရှီကျုံးသည်လည်း မျက်နှာတည်တည်နှင့် : “သူမက တကယ်ပဲ ကုမ္ပဏီကိုလာဖို့ စိတ်ကူးရှိတယ်လား”

သူမက ဒါမျိုးတွေကို သဘောမကျဘူးမဟုတ်လား?

မထင်မှတ်ဘဲ အစားအသောက်လာပို့ပေးသည့် နောက်ဆုံးအကြိမ်မှလွဲ၍ ယခုနှစ်မှာတော့ လုဝမ်ဝမ်တစ်ယောက် ကုမ္ပဏီကို ယောင်လို့ပင် ရောက်မလာခဲ့တော့ချေ။ သူမသည် ကုမ္ပဏီအကြောင်းကို ဂရုမစိုက်သကဲ့သို့၊ မေးလည်းမမေးသလို ဖုန်းခေါ်လာသည်မှာပင် ရှားလွန်းလှ၏။

နေ့တိုင်း သူမ၏တစ်ခုတည်း‌သောဦးတည်ချက်မှာ ပျော်ပါးဖို့နှင့် လူတွေကိုမြူဆွယ်ဖို့သာ ဖြစ်သည်။

ရှန်းရီ သူ့ကို တစ်ချက်လှမ်းကြည့်ကာ ဂရုမစိုက်စွာနှင့်ပင် ဆိုလိုက်၏။

“ငါတို့နှစ်ယောက် လုမိသားစုအိမ်ကို အတူတူသွားကြမလို့”

ဧည့်ကြိုမလေးများက သူတို့ဥက္ကဠ၏ဇနီး ကုမ္ပဏီသို့ ရောက်ရှိလာမည်ကို ပထမဆုံးသတင်းရရှိလိုက်သူများဖြစ်ပြီး လက်ထောက်အကြီးအကဲက သူမတို့အား ကြိုဆိုသည့်အခါ အထူးသတိထားရန် ညွှန်ကြားထားခဲ့သည်။

ကုမ္ပဏီရှိလူတိုင်းက ရှန်းရီ လက်ထပ်ပြီးသွားသည်ကို သိသော်ငြား အမှန်တကယ်တွင် မစ်စတာရှန်း၏ဇနီးကို မြင်ဖူးသူမှာ တစ်ယောက်မှ မရှိကြချေ။ ကုမ္ပဏီရှိ ပွဲကြီးဖြစ်စေ ၊ပွဲသေးများတွင်ပင် ဖြစ်စေ ထိုပုဂ္ဂိုလ်၏ အရိပ်အယောင်ကိုပင် မတွေ့ရတတ်ပေ။

ဧည့်ကြိုငှာနမှ မိန်းကလေးများမှာ အစောပိုင်းကတည်းကပင် ထိုကိစ္စနှင့် ပတ်သက်ပြီး ဆွေးနွေးမိကြသည့်အချိန်တိုင်း ဒါရိုက်တာရှန်းနှင့် သူ့ဇနီးတို့၏ ဆက်ဆံရေးမှာ မကောင်းလောက်ဘူးဟု ထင်ကျေးပေးထားကြသည်။

ဘယ်လိုဇနီးမောင်နှံမျိုးကများ သူတို့လို ဖြစ်ကြလို့လဲ?

ပြီးတော့ သူတို့ကြားတာ ဒါရိုက်တာရှန်းက သူ့မိန်းမကို သဘောကျပုံမရဘူးတဲ့၊ သဘောကျတယ်ဆိုရင်လည်း ဘာလို့ သူ့မိန်းမမျက်နှာကို တစ်ခါလေတောင် ထုတ်မပြလာရတာလဲ?

ထိုအချိန်တွင် သူတို့လုံးဝမစဉ်းစားမိကြသည်က ရှန်းရီနှင့်ဆက်နွယ်သမျှအရာအားလုံးကို မပတ်သက်ချင်သူမှာ လုဝမ်ဝမ်ကိုယ်တိုင်သာ ဖြစ်ကြောင်းပင်။

“ဘယ်သူခေါ်တာလဲ?”

“လက်ထောက်အကြီးအကဲ..သူပြောတာ ဒါရိုက်တာရှန်းရဲ့အမျိုးသမီး ဒီကိုရောက်လာမယ်တဲ့”

“ဟမ်? နောက်ဆုံးတော့ ဒဏ္ဍရီလားမစ္စရှန်းရဲ့အရိပ်ကလေးကို တွေ့ရတော့မှာပေါ့ သူမ ပြီးခဲ့တဲ့တစ်ခေါက်လာတဲ့အချိန်တုန်းကတောင် ငါ မတွေ့လိုက်ရဘူး”

“ငါလည်း မတွေ့လိုက်ရပါဘူးနော် သူမက သေချာပေါက် ကြည့်ရဆိုးလို့နေမယ် မဟုတ်ရင် ကုမ္ပဏီပွဲတွေမှာ ဒါရိုက်တာရှန်းက သူ့မိန်းမကို တစ်ခါလေးတောင် မခေါ်ထုတ်လာတာ ဖြစ်မှမဖြစ်နိုင်တာလေ ဟုတ်တယ်မလား?”

“ငါရောပဲ သူမက သေချာပေါက် ကြည့်မကောင်းဘူးလို့ ထင်တယ်”

မိန်းကလေးများ ပြောနေကြသည့် အဓိကဇာတ်ဆောင်လုဝမ်ဝမ်သည် သူမကိုယ်သူမ လှပစွာ ပြင်ဆင်ခြယ်သကာ အပြင်ထွက်ရန် ပြင်နေပြီဖြစ်သည်။

သူမမျက်နှာပေါ်မှ မိတ်ကပ်သည် အထူးကောင်းမွန်ပြီး အပေါ်မှပါးလွှာသောကုတ်လေးနှင့် ခြေကွဲအနီရောင်ဂါဝန်ကို ဝတ်ဆင်ထား၏။ တောက်ပပြီး ညှို့ယူနိုင်စွမ်းတို့နှင့်အတူ တီဗီစင်မြင့်ထက်မှ ကြယ်ပွင့်လေးများထက်ပင် လှပလွန်းနေသည်။

သူမ၏အလှနှင့် ပတ်သက်၍ ပြစ်ချက်ဟုဆိုရလျှင် သူမပုံစံက အနည်းငယ် အားနည်းနေပုံရပြီး၊ မျက်နှာမှာဖျော့တော့နေကာ ဦးနှောက်ကလည်း လေးလံနေပြီး အသက်ရှုရသည်မှာ ရင်ဘက်ထဲတွင် ကျပ်နေပြီး လေကောင်းလေသန့်မရသကဲ့သို့ ခံစားနေရသည်။

သူမ ကုမ္ပဏီသို့ ဝင်သွားသည့်အချိန်တွင် ဧည့်ကြိုကောင်တာမှ မိန်းကလေးများက သူမကို ငေးကြည့်နေကြသည်ကို လုဝမ်ဝမ် သတိထားမိလိုက်သည်။ သူမသည် ကောင်တာအရှေတွင် ရပ်ပြီး မိန်းကလေးများကို နူးညံ့စွာ ပြုံးပြလိုက်သည်။

“မင်္ဂလာပါ ကျွန်မက ရှန်းရီနဲ့ တွေ့ဖို့လာတာပါ ကျေးဇူးပြု၍ ကျွန်မ အပေါ်ကိုတက်သွားလို့ရနိုင်မလား?”

“သွား....သွားလို့ရပါတယ်”

လုဝမ်ဝမ် ထွက်သွားသည်နှင့် ကုမ္ပဏီရှိအွန်လိုင်းစကားပြောခန်းထဲတွင် တစ်ယောက်ပြီးတစ်‌ယောက် မက်‌စေ့ခ်ျပို့ပြီး အုံကြွလာတော့သည်။

“ဘယ်သူပြောလဲ မစ္စရှန်းက ရုပ်ဆိုးတယ်လို့!!?? ဘယ်သူပြောတာလဲ! အဲ့ဒီလူမျက်စိကန်းနေတာဖြစ်ရမယ်”

“ဝူး ဝူး ဝူး ဝူး သူမက တကယ်ကိုလှတာဟ ရုတ်တရက်ကြီး ငါ့မျက်လုံးရှေ့မှာ ပေါ်လာတာ နတ်ဘုရားမတစ်ပါးလိုပဲ ဝူး ဝူး ဝူး”

“သူမအသံလေးက နူးနူးညံ့ညံ့လေး အားးး ငါ့နှလုံးသားတော့ လှုပ်ခါနေပြီဟေ့”

သေချာပေါက် လုဝမ်ဝမ်ကတော့ ထိုအရာများကို သတိမထားမိပေ။

သူမသည် ရှန်းရီရုံးခန်းကို ချောချောမွေ့မွေ့ ရှာတွေ့သွားပြီး တံခါးကိုတွန်းဖွင့်ကာ အထဲသို့ဝင်သွားလိုက်ပြီး အဆင့်တန်းမြင်သည့် အမျိုးသမီးတစ်ယောက်ကဲ့သို့ ဆိုလိုက်သည်။

“ရီရီ နင် ငါ့ပါးရဲ့ကုမ္ပဏီမှာ မန်နေဂျာသွားလုပ်တာကောင်းမယ်နော် အလုပ်ကလည်းလွယ်ပြီး လစာကလည်း မြင့်တယ်”

သူမ ထိုသို့ပြောပြီးလိုက်ပြီးနောက်မှ ကျောင်းရှီကျုံနှင့် လီရှင်းတို့လည်း ရုံးခန်းထဲတွင် ရှိနေကြမှန်း သတိထားမိတော့သည်။

လုဝမ်ဝမ်သည် သူမ၏ပြေလျော့ကျနေသည့်ဆံပင်များကို နားနောက်သို့ ပို့ရန် လက်မြှောက်လိုက်ရာ ‌အစိမ်းရောင်နဂါးသွဲ့ကျောက်ကို ဝတ်ဆင်ထားသည့် ဖြူလျလျလက်ကောက်ဝတ်က ထွက်ပေါ်လာသည်။

‌ကျောင်းရှီကျုံသည်မူ သူမက သူ့ထံတွင်အကြွေးယူထားသကဲ့သို့ မျက်နှာကြီး ရှုံ့မဲ့နေ၏။

သူမက ပါးစပ် ဖွင့်ကာ ဆက်၍ ပြောလိုက်သည်။

“မြန်မြန်သွားကြရအောင် ငါတို့နောက်ကျရင် ငါ့ပါးက ထပ်ပြီးမပျော်ဘဲနေအုံးမယ် သူက နင့်ကို အစကတည်းက သဘောကျတာမဟုတ်ဘူး”

ရှန်းရီ၏မျက်လုံးထောင့်လေးများတွင် အပြုံးသဲ့သဲ့လေးဖြင့်။ သူတကယ်ကို သိချင်နေမိသည်၊

လုဝမ်ဝမ် ဘာကြောင့်များ ဒီလို တမင်တကာ သရုပ်ဆောင်ပြနေရတာလဲ? အဆုံးသတ်မှာ သူမရဲ့အစီစဉ်က ဘာများဖြစ်လိမ့်မလဲ?

သူမ၏သရုပ်‌ဆောင်စွမ်းရည်က အကောင်းကြီးလို့တော့ သတ်မှတ်လို့မရပေ။ တစ်ခါတစ်ရံ စိတ်လျော့ထားသည့်အချိန်များတွင်လည်း သူမမျက်လုံးများ၏အနက်ရှိုင်းဆုံးတစ်နေရာမှ အကြောက်တရားများကို သူ ရှင်းရှင်းလင်းလင်း‌မြင်နေရသည်။

ဟုတ်တယ် သူမ သူ့ကိုမကြိုက်ဘူး ပြီးတော့ သူ့ကို နည်းနည်းတောင်ကြောက်နေသေးတယ်...။

သူမက သူ့ကိုကွာရှင်းဖို့အထိ ရေကုန်ရေခမ်း ကြိုးစားနေပြီး သက်သေအတုများတောင် ဖန်တီးနေခဲ့သေးသည်။

‘ဘာကြောင့်လဲ?’ ဆိုသည့်အမေးက သူ့နှုတ်ခမ်းဖျားသို့ ရောက်လာသော်လည်း ရှန်းရီမှာ ပြန်မျိုချထားလိုက်သည်။

*

လုဝမ်ဝမ်သည် တစ်လမ်းလုံး အိပ်လာပြီး သူမ၏အိပ်တစ်ဝက်နိုးတစ်ဝက်ဦးနှောက်က အဖျားတက်နေခဲ့၏။

သူမ မျက်လုံးများ ပြန်ဖွင့်လာသည့်အချိန် လုမိသားစု၏ဗီလာသို့ပင် ရောက်နေပြီကို တွေ့လိုက်ရသည်။ အိမ်ရှေ့အဝင်ဝတွင် နှစ်ကြောင်းစပ်ကဗျာသစ်များကို ကပ်ထားပြီး ရောင်စုံမီးအိမ်များကို ချိတ်ဆွဲထား၏။ အလွန်ကို ပွဲတော်အ‌ငွေ့အသက်ဖြင့် သက်ဝင်နေ၏။

လုဝမ်ဝမ်သည် သူမ၏ခေါင်းမှာ တဖြည်းဖြည်းနှင့် ပိုပို၍ မူးဝေလာသလိုခံစားနေရသော်လည်း ကိုယ့်ကိုယ်ကိုယ်အားပြုရင်း အိမ်ထဲသို့ ဝင်လာလိုက်သည်။ လုကျောက်ဇီသည် ဆိုဖာပေါ်တွင် သခင်ငယ်လေးတစ်ယောက်ကဲ့သို့ ထိုင်နေပြီး သူမကိုမြင်သည့်အချိန်တွင် သူ၏မျက်လုံးများက ရုတ်တရက် တောက်ပလာပြီး သူမ ဘေးတွင် ရပ်နေသည့် ရှန်းရီကို မြင်လိုက်ရသည့် အချိန်တွင်တော့ သူ့နှုတ်ခမ်းကို တစ်ဖန် ကွေးညွှတ်လိုက်သည်။

“ကျယ်ကျဲ နင်နောက်ဆုံးတော့ အိမ်ပြန်ရောက်လာပြီပဲ!!!”

လုကျောက်ဇီက အပြစ်တင်လိုသည့်အသံဖြင့် : “အဲ့ချိန်တုန်းကတည်းက ငါတို့အိမ်ဘေးနားမှာပဲ အိမ်ကို ဝယ်ပါလို့ ငါပြောသားပဲ နင် အခုနေတဲ့တိုက်ခန်းက သေးကလည်းသေး စုတ်ချာလိုက်တာလည်း လွန်ပါ့ ပြီးတော့ ဝေးကလည်းဝေးသေး”

လုဝမ်ဝမ်မှာ စောနှင့်ကတည်း ခေါင်းကိုက်နေခြင်းဖြစ်ရာ သူ့အသံက သူမကို ခေါင်းပိုကိုက်စေ၏။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment