အပိုင်း (၅၀)
နောက်တစ်နေ့တွင် အစီစဉ်တင်ဆက်ရန် ပွဲစဉ်တစ်ခုရှိနေသေးသဖြင့် လုဝမ်ဝမ်သည် ပွဲစဉ်နေရာကို ကြိုရောက်လာခဲ့သည်။ မနေ့ကအတွေ့အကြုံဖြင့် ယနေ့တွင် သူမသည် အများကြီးစိတ်လှုပ်ရှားမနေတော့ပေ။
ပွဲမစခင်ကတည်းကပင် ညစ်ညမ်းပြီးရိုင်းစိုင်းသည့် မှတ်ချက်များ ပေးနေသူများစွာ ရှိလေသည်။ အင်တာနက်ကွန်ရက်မှတစ်ဆင့် ပြောရသည်ဖြစ်၍ သူတို့ပြောနေသည့်စကားများကို တာဝန်ယူစရာမလိုသည့်အတိုင်း သုံးနှုန်းသည့်စကားလုံးများက အတော်လေးကို ကြမ်းတမ်းလှသည်။
သူတို့သုံးသည့် စကားလုံးများက ထိုစကားလုံးများမှလွဲ၍ တခြားမရှိချေ။
“ဒီ လူသစ်က အလုပ်ဘယ်လိုလုပ်ရလဲဆိုတာကို နားမလည်ဘူးပဲ”
“အဆက်အသွယ်တွေနဲ့ဝင်လာတဲ့လူမှန်သမျှက ပန်းသီးပုပ်တွေကြီးပဲ”
“ပလတ်စတစ်ဆာဂျရီလုပ်ထားတဲ့မျက်နှာကို အားကိုးပြီး မသိရင်
တကယ့်နေရာကို ထိုင်နေသလိုပုံစံမျိုးနဲ့ အယောင်ဆောင်ထားတဲ့မွန်းစတားမ”
လုဝမ်ဝမ်သည် ထိုမှတ်ချက်များကို မမြင်ချင်ယောင်ဆောင်ထားလိုက်သည်။
အဝတ်လဲခန်းက မနေ့ကနှင့် အတူတူပင်ဖြစ်သော်လည်း မနေ့ကနှင့်မတူသည်က ယခုအချိန်တွင် သူမက ကြီးမားသည့်အဝတ်လဲခန်းထဲတွင် တစ်ယောက်တည်းသာ ဖြစ်သည်။ အခြားသူများအားလုံးကို တစ်ခြားအဝတ်ခန်းငယ်လေးထဲတွင် ဖျစ်ညှစ်ထိုးထည့်ထားသည်။
မိတ်ကပ်ကို ပြင်ဆင်ခြယ်သပြီး ပွဲစဉ်ကျင်းပရာနေရာအပြင်ဘက်တွင် စောင့်ဆိုင်းနေချိန်တွင် ရှကျီက သူမဆီကို ဒေါသထွက်နေသည့်မျက်နှာနှင့် စိတ်ဆိုးနေသောအမူအရာတို့ဖြင့် အံကို ကြိတ်ကာ ဆိုလာ၏။
“လု_ဝမ်_ဝမ် ! နင် ငါ့နောက်ကွယ်မှာ တစ်ခုခု လုပ်ခဲ့တယ်မလား?”
သူမ ဒီနေ့မနက် အလုပ်ရောက်လာချိန်တွင် သူမ၏အင်တာဗျူးကို စတင်ကာနီးအချိန်မှာပင် ယာယီအစားထိုးခဲ့ကြပြီး မိတ်ကပ်ဆရာကလည်း တစ်ခြားတစ်ယောက်ကို ကူညီပြင်ဆင်ပေးနေခဲ့သည်။
လုဝမ်ဝမ်သည် စကားတစ်ခွန်းမှမဆို။
ရှကျီသည် ပိုပြီးစိတ်အနှောင့်အယှက်ဖြစ်လာရတော့သည်။
“နင့်ဆီမှာ ပုပ်ပွနေတဲ့ပိုက်ဆံတွေရှိရုံလေးပဲ မဟုတ်လား ?! ဘာတွေလာပြီး ဂုဏ်မောက်နေရတာလဲ?”
နောက်ဆုံးတွင် သူမကို အကြည့်တစ်ချက်လောက် ပေးကမ်းရန် ဆန္ဒရှိလာသည့် လုဝမ်ဝမ်က သဘာဝကျစွာဖြင့် ခေါင်းကို ညိတ်ပြလေ၏။
“ဟုတ်သားပဲ ငါ့မှာ ပုပ်ပွနေတဲ့ငွေနည်းနည်းလေးပဲရှိဝာာပါ”
သူမက စိတ်ကောင်းဝင်နေပြီး ပြုံးလိုက်သည့်အခါ မျက်လုံးလေးများက ကွေးညွှတ်သွား၏။
“ငါက ငါ့မှာရှိတဲ့ပိုက်ဆံလေးနဲ့ နင့်ကိုပစ်ပေါက်ရုံလေးပဲဟာ အဲ့ဒါ ဘာများဖြစ်နေလို့လဲ? မနေ့က နင်လည်း ငါ့ကို တိတ်တိတ်လေးရော ပေါ်တင်ရော ပြောဆိုခဲ့တာလေ ဒါကို နင်က နင့်မှာဘာမှာ ဖြစ်လာမှာမဟုတ်ဘူးဆိုပြီးတော့ မျှော်လင့်နေတာတော့ မဟုတ်လောက်ဘူးမလား?”
သူမပုံစံက ကြောက်တက်တဲ့လိပ်လေးနဲ့တူနေလို့လား?! သူမမှာလည်း ဒေါသဆိုတာရှိတယ်!!
လုဝမ်ဝမ်က တစ်ဖန် သက်ပြင်းချကာ : “နင် သိလောက်မှာမဟုတ်ပါဘူးလေ တောသူဌေးဖြစ်ရတာလေ တကယ်တော့ အရမ်းကို မိုက်တာဟ”
အမှန်တကယ်တွင် သူမသည် ပိုက်ဆံ သုံးစရာပင်မလိုခဲ့ပေ။ ကျောက်ကျောက် ဖုန်းလေးတစ်ချက်ခေါ်လိုက်ရုံနှင့် ရှကျီ၏နေရာက ယခုလိုမျိုး အစားထိုးခံလိုက်ရသည်ပေ။
ရှကျီ၏မျက်နှာသည် ဒေါသကြောင့်အစိမ်းရောင်ပြောင်းသွားပြီး လက်ကိုမြှောက်ကာ လုဝမ်ဝမ်ကို ပါးရိုက်ရန် ဟန်ပြင်လိုက်သည်။
လုဝမ်ဝမ်သည် ရှောင်လည်းမရှောင်သလို ပုန်းကွယ်နေခြင်းလည်းမပြုဘဲ သူမကို မျက်လုံးတစ်ဖက် မှိတ်ပြပြီး :
“နင် ငါ့ကို ရိုက်ရဲလား? ငါနင့်ကိုပြောလိုက်ပါအုံးမယ် ရှကျီ..ငါနဲ့ရှန်းရီ မကွာရှင်းရသေးတာကို မပြောနဲ့အုံး ငါတို့က ကွာရှင်းခဲ့ရင်တောင်မှ နင်ငါ့ကို ရိုက်ရဲရင် ငါ နင့်ရဲ့အရေပြားတစ်လွှာချင်းစီကို သေချာပေါက် ဆွဲခွာပစ်ပြမယ်”
ထိုကြမ်းတမ်းရက်စက်သည့် စကားလုံးများအားလုံးကို လုကျောက်ဇီထံမှ သူ(မ) သင်ယူထားခြင်းဖြစ်သည်။
ရှကျီ၏စိတ်သာဆိုးရဲသည်၊ ပြန်တော့မပြောရဲဘူးဆိုသည့် ပုံစံကိုကြည့်ပြီး သူ(မ) အတော်လေး နေလို့ထိုင်လို့ကောင်းသွား၏။
ယခုအချိန်တွင် ရှကျီ၏ဦးနှောက်တစ်ခုလုံးက လုဝမ်ဝမ် ယခုလေးတင် ပြောသွားခဲ့သည့် ရှန်းရီနှင့် သူမ မကွာရှင်းရသေးဘူးဆိုသည့် စကားများဖြင့်သာ ပြည့်နှက်နေ၏။
သူမ၏မျက်နှာက နေရာမှာတင် ဖြူဖျော့သွားရသည်။
ရှကျီ၏သွားများမှာ သူမကြောင့် ဒေါသထွက်လွန်းရသဖြင့် ကျိုးကြေမတတ်ပင်၊ သူမ အစက ထင်ခဲ့မိသည်က…သူမ ထင်ခဲ့မိသည်က ..သူမရဲ့အခွင့်အရေးရောက်လာပြီလို့.....
လီရှင်းက ပါးစပ်ထဲတွင် စီးကရက်တစ်လိပ်ဖြင့် ကားမောင်းသူထိုင်ခုံတွင် ထိုင်နေခဲ့ပြီး လုဝမ်ဝမ်ကို ပထမဦးဆုံးမြင်လိုက်သူလည်း ဖြစ်သည်။
သူသည် ထိုဖက်သို့ လက်ညိုးထိုးပြလိုက်ပြီး : “အဲ့ဒါ လုဝမ်ဝမ်မဟုတ်လား?”
သူမသည် ယခင်ကဲ့သို့ ဟန်ဆောင်ပန်ဆောင်မရှိတော့သလို၊ မောက်မာပြီး အရေခြုံထားသည့်ပုံစံလည်း မရှိတော့ပေ။ လီရှင်းမှာ ရုတ်တရက်ကြီး လုဝမ်ဝမ်က မျက်စိစပါးမွေးစူးစရာမကောင်းတော့ဘူးဟု ခံစားလိုက်ရသည်။
ရှန်းရီ လှမ်းကြည့်ပြီး ညည်းသံပြုလိုက်သည်။
သူတို့နှင့် အလွန် မဝေးနေကြသဖြင့် ထိုနှစ်ယောက်၏စကားများ ရန်ဖြစ်နေသံကို ကားထဲရှိလူများက အတိုင်းသားကြားနေရသည်။
လီရှင်း မနေနိုင်အောင် အကျယ်ကြီးအော်ရယ်မိတော့သည်။
“လုဝမ်ဝမ်က ဒီလောက်ထိ တတ်နိုင်မယ်လို့ မထင်ထားဘူး သူက တကယ်ကို ကြမ်းတာပဲ”
သို့ရာတွင် ထိုဆိုးသွမ်းမှုမျိုးက လူတွေကို စက်ဆုပ်ရွံရှာဖွယ်လို မခံစားရပေ။
ယခင်က လုဝမ်ဝမ်၏ အရေခြုံကာ ကျော်ကြားသော မိသားစုမှအမျိုးသမီးတစ်ယောက်ကဲ့သို့ ဟန်ဆောင်ပန်ဆောင် နေပြသည်က ထိုကောင်းကင်ဘုံ၏အလိုလိုက်အကြိုက်ဆောင်ခြင်းကိုခံထားရသည့်သားတော်များက သူမကို အထင်သေးစေခဲ့ခြင်းဖြစ်သည်။
ကျောင်းရှီကျုံး၏နှုတ်ခမ်းသည်လည်း ကွေးသွား၏။
“သူက တကယ် လိမ္မာပါးနပ်တာပဲ”
ရှန်းရီသည် မည်သည်အရာမျှ ဝင်မပြောချေ၊ သို့သော် သူ၏မျက်လုံးထောင့်များက အပြုံးတစ်ခုကို သယ်ဆောင်ထားပြီး စိတ်ပျော်နေသည်မှာ သိသာထင်ရှားလှသည်။
လီရှင်းသည် သူ၏အကြည့်ကို ပြန်ရုတ်လိုက်ပြီး ရှန်းရီဘက်သို့ လှည့်ကာ မေးလိုက်သည်။
“အကိုတို့ ကွာရှင်းပြီးကြပြီမဟုတ်ဘူးလား?”
ယခုတွင် ရှန်းရီက အားကစားပြိုင်ပွဲကို ခဏတဖြုတ် ဝင်ကြည့်ရန်ဟူသော အကြောင်းပြချက်ဖြင့် သူ့ကို တမင်လမ်းကွေ့လာခိုင်းခြင်းဖြစ်သည်။
ဘယ်လို အပိုစကားတွေလဲ!!!
ရှန်းရီက အေးတိအေးစက်နှင့် : “မင်းမေကြီးတော်ကြီးကို ကွာရှင်း”
လီရှင်း : ……
လီရှင်း : ??
လီရှင်း : ???!!!
သူ ဘာကိုကြားလိုက်တာလဲ!!! ဆဲလိုက်တာကြီးဟ!!! ရီကောပါးစပ်ကနေ ဆဲတဲ့စကားထွက်လာတယ်ဟ!!!
ကြည့်ရတာ ဒီနေ့ ရီကောက စိတ်နည်းနည်းကြီးနေတယ်နဲ့ တူတယ်
လီရှင်းစိတ်ထဲတွင် ပဟေဠိဖြစ်နေသည်။
‘ရှန်းရီစကားအရဆို လုဝမ်ဝမ်နဲ့သူနဲ့က ခုထိမကွာရှင်းရသေးဘူးပေါ့? ဒါဆို မနေ့က အဲ့ဒီအကွက်တွေက ဘာတွေလဲ?’
လုဝမ်ဝမ်က ပါးစပ်ဖွင့်လိုက်တိုင်း သူ့ကို သူတို့နှစ်ယောက် ကွာရှင်းထားကြသည့်ပုံစံမျိုးဖြင့် မစ်စတာရှန်းဟုသာ ခေါ်ခဲ့သည်။
သူ့နှလုံးသားထဲမှ သံသယများကို မထိန်းချုပ်နိုင်တော့ကာ သေချာ ထုတ်မမေးလိုက်ရလျှင် စိတ်ထဲတွင် မွန်းကြပ်နေလိမ့်မည်ဖြစ်သဖြင့် တည့်သာ မေးလိုက်တော့သည်။
“အကိုတို့က မကွာရှင်းရသေးဘူးပေါ့?”
ရှန်းရီသည် သူ့ကို တစ်ချက်လှည့်ကြည့်ကာ ဆိုလာ၏။
“မကွာရှင်းဘူး”
လီရှင်း လေအေးများကို ရှုသွင်းလိုက်ပြီး တောက်နှစ်ချက်ခေါက်ကာ :
“အကိုတို့နှစ်ယောက် နောက်ဆုံးတော့ကွာရှင်းခဲ့ကြပြီလို့ ထင်ခဲ့တာ! ၊ အပြင်မှာ ပျံ့နေတဲ့ကောလဟာလတွေကလည်း တကယ့်ကို အမှန်လို့ထင်လောက်စေတာကိုး ကျွန်တော်တောင် ယုံမိသွားတယ်၊ ပြီးတော့ မနေ့ညက အကိုတို့က တစ်ယောက်နဲ့တစ်ယောက် မသိသလိုပုံစံမျိုးနဲ့ ဟန်ဆောင်နေကြတာဆိုတော့”
ရင်ထဲတွင်ခံစားနေရသည့်အတိုင်း အမှန်တိုင်း ဆိုရလျှင် ဒီလူနှစ်ယောက်သာ အမှန်တကယ် ကွာရှင်းခဲ့ပါက ထိုကဲ့သို့ အဖြစ်အပျက်မျိုးမြင်တွေ့ရသည်ကို ပျော်ရွင်နေလိမ့်မည့် သူမှာ လီရှင်းသာဖြစ်ပေသည်။ သူ ရှန်းရီကို နှစ်များစွာအကြာ ရင်းနှီးလာခဲ့သည့်အတွက် ဤကမ္ဘာပေါ်တွင် ရှန်းရီလောက်ကောင်းသည့် ယောကျ်ားမျိုး အများကြီးမရှိနိုင်ဘူးဟု အမှန်တကယ်ကို ခံစားရခြင်းပေ။
သူသည် ဆေးလိပ်မသောက်၊ အရက်သေစာမသောက်၊ အပျော်ရုံကိုလည်းမသွား၊ လောင်းကစားလည်းမလုပ်၊ အရှုပ်အရှင်းလည်းကင်းကာ ချက်ပြုတ်ပေးတတ်သည့်အပြင် အိမ်မှုကိစ္စအဝဝကိုပါ ဆောင်ရွက်ပေးနိုင်သည်။
ရှန်းရီသည် မည်သည့်ရှင်းပြချက်မှ မပေးဘဲ သူ၏လက်မကိုသာ အနည်းငယ်ကွေးလိုက်သည်။ မည်သည့် ဖြေရှင်းချက်မှ ပေးမည်မဟုတ်သည်မှာ သိသာထင်ရှားလှသည်။