no

Font
Theme

အပိုင်း (၂၀)

“ငါ့အထင်တော့ ဒီည လုဝမ်ဝမ်ရောရှန်းရီပါ ဒီတံခါးကနေ ကောင်းကောင်းမွန်မွန် ပြန်ထွက်ရမှာမဟုတ်ဘူး..တောသူဌေးနဲ့ ဆင်းရဲတဲ့တစ္ဆေလေးကတော့ အတူတူအရှက်ကွဲကြပြီ‌ဟေ့”

ယနေ့ညတွင် တိုက်တိုက်ဆိုင်ဆိုင် ဟိုတယ်တွင် ရှိနေသည့် စုန့်ဟွေ့ရှန်သည် ထိုဘက်အခြမ်းမှ အသံပလံများ ထွက်လာသည်ကြောင့် တစ်ချက် လာစစ်ဆေးကြည့်ခြင်း ဖြစ်သည်။

သူ၏မျက်လုံးများသည် ကျဉ်းမြောင်းသွားပြီး နှုတ်ခမ်းထောင့်များက ကွေးညွတ်တက်သွားသည်နှင့်အတူ ပေါ့ပါးသောအပြုံးတစ်ခုဖြင့် မျက်ခုံးများမှာလည်း အပေါ်သို့ မြင့်တက်သွား၏။

“မစ္စတာရှန်း”

ရှန်းရီသည် ကြမ်းပြင်ပေါ်မှ အစိတ်အပိုင်းများကို ညွှန်ပြလိုက်ပြီး ခပ်ပေါ့ပေါ့ ဆိုလာ၏။

“တောင်းပန်ပါတယ် ကျွန်တော့်ဇနီးက ခင်ဗျားရဲ့ဟိုတယ်က ပစ္စည်းကိုဖျက်ဆီးဖို့ မရည်ရွယ်ပါဘူး ဈေးပြောလိုက်ပါ ကျွန်တော် ခင်ဗျားဆီကို ငွေပြန်လွှဲပေးပါ့မယ်”

စုန့်ဟွေ့ရှန်နှင့် ရှန်းရီတို့သည် ယခင်က နှစ်ကြိမ်၊သုံးကြိမ်တိုင် တွေ့ဆုံဖူးပြီး သူတို့ကုမ္ပဏီများကလည်း စာချုပ်အချို့ကို ပူးပေါင်းဆောင်ရွက်ထားကြသည်။ ရှန်းရီ လက်ထပ်ပြီးသွားပြီလို့ သူကြားခဲ့တာ ကြာပြီဖြစ်သော်ငြား တစ်ကြိမ်တစ်ခါမျှ သူ၏အမျိုးသမီးဆိုသူနှင့် မဆုံဖူးသေးချေ။

သူသည် ရှန်းရီဘေးရှိအမျိုးသမီးအား တစ်ချက် လှမ်းကြည့်လိုက်သည်။ သူမ၏အသွင်အပြင်က လှပထည်ဝါနေသော်ငြား ကလေးဆန်သည့် ရိုးသားမှုတို့က ရှိနေဆဲ။

စုန့်ဟွေ့ရှန်သည် သဘောထားကြီးစွာ ပြုံးလိုက်ပြီး နူးညံလွန်းနေသည်မှာ သူ့ကိုယ်သူတောင် အမြင်ကပ်ချင်လာ၏။

“ရပါတယ် ရပါတယ် ကွဲသွားပြီဆိုတော့လည်း ထားလိုက်ပါ ပြီးတော့ ဒါက အများကြီးလည်း မတန်ပါဘူး မစ္စရှန်းက သူမလက်တွေကို မထိခိုက်မိရင်ပဲ တော်လှပါပြီ”

တစ်ခဏကြာသည်အထိ စားပွဲတစ်ခုလုံးရှိလူများမှာ ဘာတွေ ဖြစ်ပျက်သွားလဲကို အဖြေရှာရခက်သွားကြသည်။

လုဝမ်ဝမ်သည်လည်း အူကြောင်ကြောင်လေးဖြစ်သွားရသည်။ ရှန်းရီသည် စုန့်ဟွေ့ရှန်နှင့် တွေ့ဆုံဖူးလောက်ပြီး၊ အနှီအထက်ကောင်းကင်ထက် မြင့်မားသည့် စုန့်သခင်လေးက တကယ်ကြီး ရှန်းရီကို ယဉ်ယဉ်ကျေးကျေးဆက်ဆံနေတာလား??

ဤကဲ့သို့သောမြင်ကွင်းကို မျက်မြင်တွေ့ခဲ့ရပြီးနောက် လူအုပ်ကြီးသည် ညစာစားဖို့ အာရုံမလာတော့ဘဲ ရှန်းရီနှင့် စုန့်ဟွေ့ရှန်၏ဆက်ဆံရေးကိုသာ အမျိုးမျိုး ထင်ကျေးပေးခန့်မှန်းနေကြတော့သည်။

ပွဲကြီးပွဲကောင်းကြည့်ရန် စောင့်မျှော်နေသည့် စုစုသည် ဒေါသလွန်းသဖြင့် မျက်နှာပင် အဖြူရောင်ပြောင်းနေပြီး၊ သူမနံဘေးတွင်ရပ်နေသည့် ကုရှန့်သည်လည်း မကျေမနပ်နှင့် သူမ၏အောက်နှုတ်ခမ်းကို ဖိကိုက်ထားသည်မှာ အမူအရာသည် အလွန် အကျည်းတန်လှ၏။

ရှန်းရီသည် လူအုပ်ကြီးကို လျစ်လျုရှုကာ လုဝမ်ဝမ်၏လက်ကိုဆွဲပြီး အပြင်သို့ ထွက်လာခဲ့ပြီးနောက် နူးညံ့စွာဖြင့် မှာလိုက်သည်။

“ဒီမှာ ခဏစောင့်နေအုံးနော် ကိုယ် ခဏနေ ပြန်လာခဲ့မယ်”

“ဘယ်ကို သွားမလို့လဲ”

ရှန်းရီသည် သူမ၏အမေးအား ပြန်မဖြေချေ။ ကားတံခါးကိုသာ လော့ချသွားပြီး‌ လှည့်မကြည့်ဘဲ ထွက်သွားခဲ့သည်။

လုဝမ်ဝမ်တစ်ယောက် ကားပေါ်တွင် ဆယ့်ငါးမိနစ်‌ခန့် စောင့်ပြီးနောက်တွင် ရှန်းရီသည် ပြန်ရောက်လာခဲ့သည်။ ကားတံခါးကို ဖွင့်လိုက်သည့် တစ်ခဏ၌ အပြင်ဘက်ရှိ လေအေးများက ဝင်ရောက်လာသည်နှင့်အတူ ရှန်းရီ၏ပတ်ပတ်လည်တွင် ဝန်းရံနေသည့် အေးစိမ့်စိမ့်လေများမှာ သွေးနံ့ကိုသယ်ဆောင်လာသည့်နှယ်။

လုဝမ်ဝမ်မှာ မနေနိုင်ကာ နှစ်ကြိမ်နှစ်ခါ လှည်ပြန်ကြည့်လိုက်ရ၏။ သူ့မျက်နှာမှာ ဖြူစင်နေပြီး လက်ချောင်းများမှာလည်း သန့်ရှင်းလျက် ၊အဝတ်အစားများတွင်လည်း အညစ်အကြေးဟူ၍မရှိ။ အပြစ်ပြောစရာဟူ၍ တစ်ကွက်တစ်လေပင် ရှိမနေချေ။

သူမ ထပ်မေးလိုက်ဟည်။

“အခုဏက ဘယ်သွားလာတာလဲ”

“ကိုယ့်လက်တွေ သွားဆေးလာတာ”

“အို”

ရှန်းရီ သူမကို လိမ်ညာခဲ့ခြင်း ဖြစ်သည်။ သူ့လက်တွေ မညစ်ပတ်ဖြစ်သည်မှာ ကြာခဲ့ပြီပင်။

ယခုလေးတင် သူ ကားပါကင်မှ ထွက်လာသည့်အချိန် စုန်ဟွေ့ရှန်သည် ထိုအမျိုးသားအား ဆွဲထုတ်လာခဲ့ပြီး သူ့အား ကူညီပေးခဲ့သည်။

ရှန်းရီသည် မြေပြင်ပေါ်တွင် လဲလျောင်းနေသည့် ထိုအမျိုးသားအား အေးစက်စက်မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။ သူ့ခြေထောက်ကို မြှောက်လိုက်ပြီး အနက်ရောင်လည်သာဖိနပ်က ထိုလူ၏ မျက်နှာအား အညှာတာကင်းမဲ့စွာ နင်းချလိုက်၏။ သူသည် ဝပ်တုပ်ထိုင်ချကာ ထိုလူ၏ဆံပင်ကို ဆောင့်ဆွဲပြီး လှောင်ပြုံး,ပြုံးလို့ မေးလာ၏။

“မင်း ခုဏက စားပွဲမှာ ပြောခဲ့ဟာကို ပြန်ပြောစမ်း”

“ရှန်းရီ မင်းလွန်မလာနဲ့နော် ငါ့ကို အခုလွှတ်”

“အဲ့ဒါမဟုတ်ဘူး”

သူ ရယ်လိုက်ပြီး နောက်တစ်ချက် ထပ်ကန်လိုက်သည်။ မြေပြင်ပေါ်ရှိ ထိုလူ၏မျက်နှာသည် ဖူးရောင်ပြီး ပြာနှမ်းနေပြီဖြစ်သည်။

“သေချာစဉ်းစားကြည့်ပါအုံး မင်းဘာပြောခဲ့တာလဲဆိုတာ”

“ငါ ပြောတာဘာမှားနေလို့လဲ လုဝမ်ဝမ်ဆိုတဲ့ မိန်းမက ပိုက်ဆံပေးရင် -ုပ်လို့ရတဲ့ မိန်းမမျိုးပဲဟာ၊ လောဘကြီးပြီးအရည်ချင်းမရှိတဲ့ဟာမ၊ သူက အဲ့လိုမိန်းမမျိုးဆိုတာကို မင်းအခုမှသိတာလား? ဟား ဟ့”

ရှန်းရီသည် ထိုလူအား မြေပြင်ပေါ်သို့ အမှိုက်တစ်စကဲ့သို့ လွှင့်ပစ်ခဲ့ပြီး သေလုမျောမျောဖြင့် ထားခဲ့သည်။ သူသည် ကုတ်အင်္ကျီထဲမှ လက်ကိုင်ပုဝါကို ထုတ်ပြီး လက်ချောင်းများပေါ်မှ သွေးများကို စက်ကြယ်အောင် သုတ်ပြီး‌နောက် ပြန်ထွက်လာခဲ့သည်။

လုဝမ်ဝမ်သည်မူ ရှန်းရီနှင့်စုန့်ဟွေ့ရှန်ကြားရှိ တကယ့်ဆက်ဆံရေးအမှန်ကိုသာ ပို၍စိတ်ဝင်စားနေခဲ့သည်။

“နင်နဲ့ စုန့်သခင်လေးနဲ့က အချင်းချင်းသိနေကြတာလား”

“ကိုယ်‌တို့ နည်းနည်းဆုံဖူးရုံပဲ”

“ဘယ်လိုလုပ်ပြီး သူက နင့်ကိုအရမ်းယဉ်ကျေးနေရတာလဲ”

“ကိုယ်က သူ့အစ်ကိုရဲ့သူငယ်ချင်းလေ”

“အို့ ဒါပဲလား?”

“အင်း”

အမှန်တကယ်တွင် ရှန်းရီသည် သူ၏ကြွယ်ဝမှုများကို တမင်တကာ ဖုံးကွယ်ထားခြင်းမျိုး မဟုတ်ချေ။ အကယ်၍ လုဝမ်ဝမ်သာ သူ့ကိစ္စများတွင် အနည်းငယ်အာရုံစိုက်လိုက်မည်ဆိုပါက သူက သူမထင်ထားသလောက် မဆင်းရဲဘူးဆိုတာ သူမ သိပေလိမ့်မည်။

သူ့တွင် ရှန်းမိသားစု၏ရှယ်ယာများနှင့် သူ၏ကိုယ်ပိုင်ကုမ္ပဏီတစ်ခုလည်း ရှိသေးသည်။

သူ သူဌေးတစ်‌ဦးဖြစ်နေသည်မှာ ကြာလှပြီပင်။

*‌

အိမ်အပြန်လမ်းတွင် လုဝမ်ဝမ်၏ဖုန်းသည် တစ်ကြိမ်မြည်လာခဲ့ပြီး ရှေ့နေဖန်မှ ဆက်သွယ်လာခြင်းဖြစ်၏။

သူမ ချက်ချင်းပင် ဖုန်းကိုချပစ်လိုက်သည်။ သူမတွင် ကွာရှင်းချင်သည့်စိတ်ကူးများရှိနေသည်ကို ရှန်းရီအား ပေးသိလိုက်လို့ မဖြစ်ချေ။

အနှီယောကျာ်းသည် အမြဲတမ်း ရက်စက်ကြမ်းကြုတ်ပြီး သူမမျက်ရည်များကိုပင် လျစ်လျူရှုခဲ့သည်။

တစ်ခါက ဤကဲ့သို့ တစ်ကြိမ်ရှိခဲ့ဖူးသည်။ သူမသည် ထိုအချိန်က ဘယ်အရပ်ကနေပြီး သတ္တိတွေ ရှိလာခဲ့သလဲ မသိ၊ ရှန်းရီအား ကွာရှင်းပေးမည်လော မဟုတ်ပါက ကိုယ့်ကိုကိုယ် သတ်သေလိုက်တော့မည်ဟု ခြိမ်းခြောက်ရဲခဲ့သည်။

ရှန်းရီသည် ကြင်နာစွာ တံခါးဖွင့်ပေးပြီး သူကိုယ်တိုင် သူမကို တရားရုံးရှေ့အထိ ခေါ်သွားပေးခဲ့သည့်အပြင် သူ့လက်ထဲရှိ သက်ဆိုင်ရာစာရွက်စာတန်းများအားလုံးကို သူမအား ကမ်းပေးလာသည့် အချိန်တွင်လည်း မျက်ဝန်းထဲတွင် အပြုံးရိပ်လေးများဖြင့်။

“ဝင်သွားလေ”

လုဝမ်ဝမ်မှာ ထိုအချိန်က တကယ်ကို ကိုးယို့ကားယားနှင့် ကြောက်လန့်တုန်ယင်နေခဲ့ပြီး သူ့လက်ထဲမှ သူမ၏ အိုင်ဒီကတ်နှင့် လက်ထပ်မှတ်ပုံတင်ကိုယူကာ ပြည်သူ့ရေးရာဗျူရိုမှ တရားရုံးဆီသို့ အပြေးသွားတော့သည်။

သူမ ခြေတစ်လှမ်းပင် မလှမ်းရသေးခင် သူမ၏အနောက်မှ အနှီအမျိုးသားသည် သူမလက်ကို ဖမ်းဆွဲလာ၏။ ပြုံးနေဆဲဖြစ်သည့် ရှန်းရီသည် သူမကိုကြည့်ကာ ဆိုလာခဲ့သည်။

“မင်းက တကယ်ပဲ အထဲကို ဝင်သွားချင်နေတာလား ဝမ်ဝမ် မင်းအဲ့လိုမျိုး လုပ်နေရင် ကိုယ်အရမ်းကို စိတ်မကောင်းဖြစ်ရတယ်နော်”

လုဝမ်ဝမ်သည် သေခြင်းတရားနှင့်လက်တစ်ကမ်းအလိုတွင် အိပ်ရာပေါ်ပစ်ချခံလိုက်ရသည်။ သူ့လက်က သူမ၏ခြေကျင်းဝတ်ကို ဖမ်းကိုင်ပြီး သူ့ခါးတစ်ဝိုက်တွင် ရစ်ပတ်လိုက်သည်။ ထို့နောက် ရှန်းရီသည် သူမ၏နားကို ကိုက်ပြီး တီးတိုးဆိုလာလေ၏။

“နောက်တစ်ခါ မင်းဒီလိုအမှားမျိုးထပ်လုပ်မယ်ဆိုရင် ကိုယ် ….မိမယ်”

လုဝမ်ဝမ်သည် အသက်ရှုနှုန်းများ ရပ်တန့်သွားသည့်အလား၊ နှုတ်ခမ်းမှာ ဖျော့တော့သွားရသည်။ သူသည် အသံထွက် ရယ်လိုက်ရင်း တစ်လုံးချင်းစီ ဆိုလာပြန်၏။

“ကိုယ် မင်းခြေထောက်တွေကို ရိုက်ချိုးပစ်မယ်”

“ဝမ်ဝမ် မင်းက အရမ်းနူးညံ့တာ ပြီးတော့ နာကျင်ရတာကိုလည်း ကြောက်သေးတယ်...ကိုယ့်ရဲ့ဝမ်ဝမ်လေးကတော့ သေချာပေါက် ငိုနေမှာ”

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment