အပိုင်း (၂၆)
“ငါ မင်းနဲ့ အရည်မရအဖက်မရတွေမပြောချင်ဘူး၊ ဒီနေ့ ငါ ဒီကိုလာရတဲ့အကြောင်းရင်းက ငါ့မြေးနဲ့ မင်းကောင်းကောင်းနေပေးဖို့ မျှော်လင့်တယ်၊ မင်းက လက်ထပ်ပြီးပြီဆိုတော့ အနေထိုင်ဆင်ခြင်ပြီး သိုသိုသိပ်သိပ်နေပါ”
“ကျွန်မက ဇနီးတစ်ယောက်အဖြစ်နေပေးတာနဲ့တင် မလုံလောက်သေးလို့လား? ရီရီနဲ့ကျွန်မက လက်ထပ်ထားတယ်ဆိုရင်တောင်မှ ကျွန်မဘဝနဲ့ ကျွန်မအိမ်မက်တွေကို တခြားကောင်လေးတွေနဲ့ ပြောတာ ဘာများမှားနေလို့လဲ? ၁၇၊ ၁၈ရွယ် ကောင်လေးတွေကလည်း တကယ်ချစ်စရာကောင်းနေတာကိုး”
လုဝမ်ဝမ်သည် သူမမွှေးလိုက်သည့်မီးမှာ မလုံလောက်သေးဘူးထင်၍ ထပ်ပေါင်းဆိုလိုက်သေး၏။
“ဘယ်သူကရော ငယ်ရွယ်ချမ်းသာတဲ့လူငယ်လေးတွေကို မကြိုက်ဘဲနေမှာလဲ ဟုတ်တယ်မလား?”
အဖိုးရှန်းမှာ တစ်ကိုယ်လုံးတုန်ယင်လာရပြီး လုဝမ်ဝမ်အပေါ်ထားတဲ့ သူရဲ့နောက်ဆုံးသည်းခံမှုက ကုန်သွားရလေပြီ ဖြစ်သည်။ သူမကို စိမ်းစိမ်းကြီးစိုက်ကြည့်ကာ ဒေါသထွက်စွာဖြင့် :
“ငါ မင်းကိုပိုက်ဆံပေးမယ် ငါ့မြေးနဲ့ကွာရှင်းပေးပါ ပြီးရင် သူ့နဲ့ဝေးဝေးနေ”
လုဝမ်ဝမ်က ချိတုံချတုံနှင့် : “ရှင်က ကျွန်မကို ဘယ်လောက်ပေးမှာလဲ? တစ်မီလီယံ၊နှစ်မီလီယံနဲ့လောက်တော့ ကျွန်မထွက်သွားမှာ မဟုတ်ဘူးနော်”
အဖိုးရှန်းက သူ၏သွားများကို ကြိတ်ကာ : “မင်းကို သုံးမီလီယံပေးမယ်”
လုဝမ်ဝမ်က စဉ်စားမနေဘဲ ချက်ချင်းပြန်ဖြေပေးလိုက်၏။
“အိုခေလေ”
အဖိုးရှန်း၏လည်ချောင်းထဲတွင် အစိုင်အခဲကြီးတစ်ခု တစ်စို့သွားရတော့သည်။ လုဝမ်ဝမ် ဤကဲ့သို့ ချက်ချင်းလက်ခံလိမ့်မည်ဟု သူတကယ် မမျှော်လင့်ထားခဲ့ပေ။ သူပထမတွင် ထင်ခဲ့သည်မှာ အတော်လေးပြောယူရမည်ဟူ၍။
သူ တွေဝေသွားရ၏။ တစ်ဖက်ကကြည့်လျှင် လုဝမ်ဝမ်က ရှင်းထုတ်ရ အလွန်လွယ်ကူနေပြီး တစ်ဖက်ကကြည့်လျှင်လည်း သူမက သူ၏မြေးနှင့် လွန်စွာ မထိုက်တန်ဘူးလို့ ခံစားရလေသည်။
အဖိုးရှန်းက နှာနှစ်ချက်မှုတ်ပြီး သူမကို တစ်စက္ကန့်လေးမျှ ကြည့်ချင်စိတ်မရှိတော့သည့်အလား နေရာကနေ ချက်ချင်းလှည့်ထွက်သွားတော့သည်။
အမဲရောင်ကား၏အနောက်ခန်းထဲတွင် အနက်ရောင်ရှပ်အင်္ကျီကို ဝတ်ဆင်ထားသည့် အမျိုးသားတစ်ယောက်က သူ၏နက်ကတိုင်ကို ဆွဲချွတ်ပြီး အပေါ်ကြယ်သီးနှစ်လုံး၊သုံးလုံးခန့်ကို ဖြုတ်ထား၏။
အသားအရည်က ဖျော့တော့ပြီး မျက်ဝန်းများက မည်းနက်နေကာ စိတ်အစဉ်မှာလည်း မှုန်မှိုင်းလို့နေ၏။
အဖိုးရှန်းက တံခါးကို ဆွဲဖွင့်လိုက်ပြီး သက်ပြင်းရှည်ကြီးချကာ ယခုလေးတင် သူထွက်ခဲ့သည့်အမျက်ဒေါသများက သူ၏မြေးကို မြင်လိုက်ရချိန်တွင်တော့ ပြေပျောက်သွားရ၏။ ထို့အစား သူ၏မြေးကို အကြင်နာမျက်ဝန်းများဖြင့်ကြည့်ကာ :
“မင်းကြားလိုက်တယ်မလား? အဲ့ဒီကောင်မလေးက ပိုက်ဆံလည်း ရမယ်ပြောရော တစ်ချက်လေးတောင် တုန့်ဆိုင်းမနေဘူး ပိုက်ဆံကိုယူပြီး မင်းကိုထားသွားတာ အဲ့လိုလူစားမျိုးက မင်းနဲ့တန်ရဲ့လား?”
ရှန်းရီအမူအရာကမူ ဂရုမစိုက်ဟန်ဖြင့်။
“ကျွန်တော် ပြန်တော့မယ်”
အဖိုးရှန်မှာ သူ၏ ယခုကဲ့သို့ အတိုက်အခံလုပ်ခြင်းမရှိသည်ကို ကြည့်ပြီး မခံချိမခံသာဖြစ်မိသော်လည်း ရှန်းရီနှင့် ထပ်ပြီးစကားများမနေတော့ဘဲ သက်ပြင်းမောကြီး ချလိုက်သည်။
“နောက်နှစ်ရက်သုံးရက်နေရင် အိမ်မှာ ထမင်းလာစားနော် ဟုတ်ပြီလား? ဘာပဲဖြစ်ဖြစ် ရှန်းမိသားစုရဲ့လူတွေက မင်းရဲ့ဆွေမျိုးတွေပဲလေ”
ရှန်းရီက သူ့ကို အဖြေမပေးဘဲ စကားတစ်ခွန်းမဆိုကာ ကားထဲမှထွက်သွားလေသည်။
အနှီအမျိုးသားက သူ၏လက်ထဲတွင် ပလတ်စတစ်အိတ်တစ်လုံးကို ကိုင်ထားဆဲဖြစ်ပြီး အထဲတွင် သူ ကုန်တိုက်မှဝယ်လာခဲ့သည့် စားစရာနှင့်သောက်စရာများ၊ ဖက်ထုပ်နှစ်ပွဲ၊ ဆန်ချိုအရက်ပုလင်းအသေးလေးနှင့် ကျန်တာတွေသည် လုဝမ်ဝမ်ကြိုက်နှစ်သက်သည့် စားစရာများသာ။
လက်ထဲတွင် သေချာကိုင်ဆွဲထားသည့် အိတ်လေးသည် သူ၏စိတ်နေစိတ်ထားနှင့် နည်းနည်းလေးမှ မအက်စပ်နေသလိုပါပင်။ သူက ချက်ချင်း အပေါ်သို့ တက်မသွားသေးဘဲ အဆောက်အအုံအပေါက်ဝတွင်သာ အကြာကြီး ရပ်နေခဲ့သည်။
အေးမြမြလရောင်ခြည်က သူ၏မျက်နှာဖြူဖြူလေးပေါ်သို့ ထင်ဟပ်နေ၏။ အနှီအမျိုးသားက မျက်လွှာချထားကာ လက်ချောင်းများကို တင်းတင်းကျပ်ကျပ် ဆုပ်ထားပြီး မျက်လုံးအရောင်များမှာလည်း ပို၍ နက်ရှိုင်းသည်ထက်နက်ရှိုင်းလာ၏။
သူ့မျက်နှာပေါ်သို့ တိုက်ခတ်လာသည့်လေများက အေးစိမ့်နေသော်ငြား သူက အေးစက်မှုကို မခံစားရသကဲ့သို့ နှုတ်ခမ်းထောင့်များမှာ အောက်သို့ တဖြည်းဖြည်း ညွှတ်ကျသွား၏။ သူ၏လက်ချောင်းများမှာလည်း ပလတ်စတစ်အိတ်ကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားသဖြင့် နီရဲလာသော်ငြား သူကတော့ ခံစားမှုများ ကင်းမဲ့လို့နေ၏။
ရှန်းရီသည် သူ၏အကြည့်များကို အာရုံစိုက်လိုက်ပြီး အပေါ်ထပ်ဆီသို့ ဖြည်းဖြည်းချင်း တက်သွားလိုက်သည်။
*
ရှန်းရီအဖိုး အလည်လာသည်နှင့်ပတ်သက်၍ လုဝမ်ဝမ်၏နှလုံးသားမှာ ဝမ်းသာကြည်နူးနေ၏။ ဇာတ်ကွက်တွေကတော့ ချောချောမွေ့မွေ့နဲ့ ရှေ့ဆက်သွားနေပြီပဲ။
သူမအိမ်သို့ပြန်ရောက်လာသည့်အချိန်တွင် ဝယ်လာသည့် ချဉ်စပ်ခေါက်ဆွဲမှာ အေးစက်နေပြီပင်။
လုဝမ်ဝမ်သည် ဂရုမထားဘဲ အကုန်လုံးကုန်အောင် စားပစ်လိုက်၏။ နံရံပေါ်မှ နာရီလက်တံသည် ရှစ်နာရီကို ညွှန်ပြနေသော်လည်း ရှန်းရီက ယခုအချိန်ထိ ပြန်မရောက်လာသေးပြီး သူ(မ)အား ဖုန်းလေးပင် မဆက်လာခဲ့ချေ။
အနည်ငယ်ထူးဆန်းနေသည်ဟု ခံစားရပြီး ရင်ထဲတွင်လည်း မသက်မသာ ဖြစ်လာရ၏။
ပုံမှန်ဆိုလျှင် ရှန်းရီက သူအချိန်ပိုဆင်းရမည်ဆိုပါက သူမကို အမြဲတမ်း ဖုန်းဆက်လျှင်ဆက် သို့မဟုတ်လျှင် စာပို့ကာ ကြိုပြောထားတတ်သည်။ ပုံမှန်နေ့တိုင်းတွင်လည်း အိမ်သို့အချိန်မှန်ရောက်စမြဲပင်။
နောက်ထပ် နာရီဝက်ကြာသွားပြီးနောက်၊ နောက်ဆုံးတွင် တိုက်ခန်းတံခါး၏အပြင်ဘက်တွင် လှုပ်ရှားမှုအသံတစ်ချို့ရှိလာသည်။
အပြင်ဘက်မှ တံခါးလက်ကိုင်က ပွင့်လာခဲ့ပြီး ဆောင်းတွင်းကြီးဖြစ်နေပါလျက်နှင့် အနှီအမျိုးသားက အင်္ကျီပါးပါးကိုသာ ဝတ်ဆင်ထားပြီး မျက်နှာမှာ ဖြူဖျော့နေ၏။
ရှန်းရီက ဖိနပ်အပါးတစ်ရံကို ထုတ်စီးလိုက်ပြီး ပလတ်စတစ်အိတ်ကို ကိုင်လျက်သား မီးဖိုချောင်ထဲသို့ တန်းဝင်သွား၏။
“ကိုယ် မင်းအတွက် ဖက်ထုပ်တွေ ပြန်နွှေးပေးမယ်နော်”
လုဝမ်ဝမ်သည် သူ့နောက်ကျောကိုကြည့်ရင်း ဘာကမှားနေသည်ကိုတော့ သေချာ မပြောတတ်သော်လည်း သူ သူမကို ကြည့်လာသည့် အကြည့်လေးတစ်ချက်က သူမ၏ အကြောအချဉ်များထိကို အေးစိမ့်သွားစေ၏။
တစ်ခဏကြာပြီးနောက်တွင် ရှန်းရီက ဖက်ထုပ်များကို နွှေးပြီးကာ စားပွဲပေါ်သို့ ယူလာပေး၏။
သူ၏မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်ပြီး လုဝမ်ဝမ်မှာ မမေးဘဲမနေနိုင်တော့ချေ။
“နင်ရော ညစာစားပြီးသွားပြီလား?”
ရှန်းရီသည် တစ်ခဏ တန့်သွားပြီးနောက် ခေါင်းညိတ်ပြလာ၏။
“အင်း ကိုယ် စားပြီးသွားပြီ”
လုဝမ်ဝမ်တစ်ယောက် ရုတ်တရက် အဖြေရသွားတော့သည်။
“ဒါကြောင့် နင်အိမ်ပြန်လာတာ နောက်ကျတာကိုး”
သူမ သူ့ထံမှ တူနှင့်ပန်းကန်လုံးကို လှမ်းယူလိုက်သည့်အချိန်တွင် အမှတ်တမဲ့ဖြင့် ရှန်းရီ၏ အအေးခန်းထဲမှ ထွက်လာသည့်အလား အေးစိမ့်နေသည့်လက်ချောင်းများကို ထိမိလိုက်၏။
သူဝတ်ထားသည့် အနက်ရောင်ရှပ်အင်္ကျီကိုကြည့်လိုက်ပြီး သူမ၏နှုတ်ခမ်းထောင့်များမှာ လှုပ်သွားရသည်။
“နင် အင်္ကျီများများ ထပ်ဝတ်ထားတာကောင်းမယ် အပြင်မှာက အေးတယ်လေ”
ရှန်းရီ အနက်ရောင်အင်္ကျီများ ဝတ်ဆင်သည်ကိုတွေ့ရသည်မှာ လုဝမ်ဝမ်ဝမ်အတွက် ပထမဆုံးအကြိမ် မဟုတ်တော့ပေ။ သူမ စာအုပ်ထဲသို့ ပထမဦးဆုံး ကူးပြောင်းလာပြီးနောက် ဤတိုက်ခန်းထဲတွင်သာ နေထိုင်ရန် အတင်းအကျပ်ဖိအားပေးခံရသည့်နှစ်များအတောအတွင်း အနှီအမျိုးသားမှာ အဖြူနှင့်အမဲကိုသာ အများဆုံး ဝတ်လေ့ရှိသည်။
အဖြူနှင့်အမဲက ဆန့်ကျင်ဘက်အရောင်များဖြစ်ကြသော်လည်း အရောင်နှစ်ခုစလုံးက သူနှင့် အလွန်ကို ကြည့်ကောင်းလွန်းနေ၏။
ရှန်းရီ၏အသံသည် သူ၏လည်ချောင်းနက်နက်ထဲမှ တိုးထွက်လာသည့်အလား တိုးဖျော့ကာ ဩရှနေ၏။
“အင်း ကောင်းပြီ”