အပိုင်း (၄၈)
ရှန်းရီက ရုပ်ရည်ချောမောပြီး သူ၏မျက်နှာတစ်ခုတည်းနှင့်ပင် အာရုံစိုက်ခံရဖို့ လုံလောက်နေပြီးဖြစ်သည်။ ယခုတွင် သူက လီရှင်းနှင့် အခြားသူများနှင့်အတူ ယှဉ်လျက်ထွက်ပေါ်လာသဖြင့် သူမဘေးရှိလူများက သူ့အကြောင်း ပို၍ပင်သိချင်လာကြသည်။
ရှန်းရီက သိုသိုသိပ်သိပ်နေတတ်သည့်သူဖြစ်ပြီး သူ ရှန်းမိသားစုဆီသို့ ပြန်သွားပြီးနောက်တွင်တောင် လူထုအရှေ့တွင် ပေါ်လာခဲသဖြင့် လူအများအပြားက သူ့ကို ရှန်းမိသားစု၏ဒုတိယသခင်လေးအဖြစ် မမှတ်မိကြပေ။
မှတ်မိကြသည့်သူများမှာလည်း လက်တစ်ဆုပ်သာသာ။
“သူကဘယ်သူလဲ? ဝူး ဝူး ဝူး အရမ်းကိုမိုက်တာပဲဟာ အ ခု ငါ့ခြေထောက်တွေ ပျော့ခွေချင်နေပြီ၊ သူ ငါ့ကို ပိုက်ဆံမပေးရင်တောင် သူနောက်လိုက်သွားဖို့ ဆန္ဒရှိပါတယ်”
“ငါလည်း သိချင်တယ် သူက ဘယ်သူလဲမသိဘူး....”
“ရှုး..ငါနင့်ကို လျှို့ဝှက်ချက်တစ်ခုပြောပြမယ် အဲ့ဒါရှန်းရီ ပြောရမယ်ဆိုရင် လုဝမ်ဝမ်ရဲ့ကောလဟာလထဲက အရင်ယောကျာ်း”
“အိုး နင်ပြောတာ အဲ့ဒီအာဏာရှိတဲ့မိသားစုက လုဝမ်ဝမ်ကိုပစ်သွားခဲ့တဲ့ သခင်လေးလာ?”
“သူတို့ပြောတာ သူမရဲ့အရင်ယောကျာ်းက သူမကိုစိတ်ကုန်နေတာဆို၊ ဒါနဲ့များ သူက ဘယ်လိုလုပ်ပြီး သူမကို အိမ်ပြန်ပို့ပေးချင်နေရတာလဲ၊ သူတို့နှစ်ယောက်က ကွာရှင်းထားကြတဲ့ပုံလည်း မပေါ်ဘူး”
တကယ် ကွာရှင်းထားကြတယ်ဆိုလည်း ဘာလို့ သူက သူမကို အထူးတလည် သူ့ကားထဲဝင်ခွင့်ပေးရတာလဲ?
ဘေးကရပ်ကြည့်နေသူများမှာ ထူးဆန်းသည်ကို ခံစားနေရပြီး၊ ရှကျီသည်လည်း ထူးဆန်းသည်ဟု တွေးမိသော်ငြားလည်း ရှန်းရီက သူမ ဘေးတွင်ရှိနေသဖြင့် ရိုင်းစိုင်းသောစကားများဖြင့် ပုတ်ခတ်ပြောဆိုချင်လျှင်တောင် သူမ ထိုသို့ မလုပ်ရဲပါချေ။
လုဝမ်ဝမ်က နားပင်းမဟုတ်ပါချေ။ ဟုတ်ပါ၏၊ သူတို့ပြောသမျှအားလုံး သူမ ကြားနေရသည်။
သူမက စောင့်ကြည့်နေကြသည့်လူများအားလုံး၏ကြားမှ ရှေ့သို့တစ်လှမ်းတိုးလိုက်သည်။ သူမသည် သူမတို့နှစ်ယောက်၏ ဆက်ဆံရေးကို ဖြတ်တောက်ရန် မရည်ရွယ်သော်လည်း လူတိုင်းက ထိုသို့ ထင်နေမှဖြင့် သူ(မ)လည်း တကူးတက ရှင်းမပြချင်တော့ပြီး ပြတင်းပေါက်မှတစ်ဆင့် ကားမောင်းသူနေရာ၏ထိုင်ခုံတွင် ရှိနေသည့် အမျိုးသားကို ဆိုလိုက်သည်။
“မစ်စတာရှန်း ဒါက ရှင့်အတွက် အရမ်းဒုက္ခများရပါပြီ၊ ပြီးတော့ ကျွန်မတို့နှစ်ယောက်က လမ်းလည်းမတူကြတော့”
သူမက သူ့ကို မစ်စတာရှန်းလို့ခေါ်လိုက်ပြီး သူတို့က အတူတူတောင်မနေကြတော့ဘူး၊ ကြည့်ရတာ သူ့တို့နှစ်ယောက် တကယ်ကိုကွာရှင်းထားကြပုံပဲ!
လီရှင်းလည်း ‘ဪ ဒါက ဒီလိုပါလား’ ဆိုပြီးတွေးကာ လေးလေးနက်နက်ဖြင့် အခိုင်အမာ ယုံကြည်သွားတော့သည်။
ရှန်းရီက စတီယာတိုင်ကို တင်းကျပ်စွာဆုပ်ကိုင်ထားပြီး လှောင်ပြုံးပြုံးရင်း မျက်နှာက ချက်ချင်းမည်းမှောင်သွား၏။
“တက်တော့”
လုဝမ်ဝမ်၏ခေါင်းမှာ လေအေးများတိုက်ခတ်မှုကြောင့် နာကျင်နေပြီး ဖြစ်၍ ဆက်ပြီးဟန်ဆောင် သရုပ်ပြမနေတော့ဘဲ အနောက်ခန်းတံခါးကို ဖွင့်ကာ ဝင်ထိုင်လိုက်ပြီး သူ့အား ပရော်ဖက်ရှင်နယ်ကျကျ ပြုံးပြလိုက်သည်။
“မစ်စတာရှန်း ကျွန်မ ရှင့်ကို ဒုက္ခပေးမိပါပြီ”
ရှန်းရီ၏မျက်လုံးထောင့်များရှိ အပြုံးမှာ အနည်းငယ် အေးစက်နေသကဲ့သို့၊ အကြည့်များကလည်း အေးစက်နေပြီး အံကိုကြိတ်ကာထွက်လာသည့်စကားလုံးများဖြင့် ပြန်ဖြေလေသည်။
“ကိစ္စမရှိပါဘူး”
‘မစ်စတာရှန်းတဲ့လား?’
အို့
စိတ်ဝင်စားဖို့တော့ ကောင်းလာပြီ...
ရှန်းရီသည် သူ(မ)အား ထိုင်ခုံခါးပတ် ပတ်ပေးလိုက်သည်။
ကားပြတင်မှန်များကို အပြည့်ဖွင့်ချထားပြီး အေးမြသည့် လေညင်းက ယစ်မူးစေသည့် အယ်လ်ကိုဟောရနံ့ကို သယ်ဆောင်လာသည့်နှယ်။
လုဝမ်ဝမ်၏ဆံနွယ်ရှည်များက ပုခုံးထက် ကပိုးကရိုး ပြေလျော့ကျနေ၏။ သူ(မ)၏အသားအရေသည် အလွန် ဖြူဝင်းပြီး မီးအလင်ရောင်အောက်၌ သွေးကြောမျှင်ပြာပြာလေးများပင် မြင်နိုင်လေသည်။
သူ၏မျက်ဝန်းများမှာမူ နက်မှောင်နေပြီး နှုတ်ခမ်းထောင့်များတွင်လည်း အပြုံးရိပ်လေးဖြင့်။
အရမ်းလှတယ်။
သူ(မ) သူ့ကို ခပ်ဖွဖွ ပြုံးပြရုံနှင့်တင် သူ့နှလုံးသားတစ်ခုလုံး လှုပ်ခါသွားစေ၏။
ကားအတွင်းထဲတွင် မှောင်နေသဖြင့် လုဝမ်ဝမ်မှာ ရှန်းရီ၏အမူအရာကို သေချာ မမြင်ရပေ၊ သို့သော် သူမက သူ့ကို ‘မစ်စတာရှန်း’ ဟူသည့် အလွန် မရင်းနှီးသော အပြုအမူဖြင့် ခေါ်ခဲ့သည့်တိုင် အနှီအမျိုးသားက ဒေါသထွက်ဟန်မတူချေ။
အရက်နံ့များကြောင့်ကျန်ခဲ့သည့် မူးဝေသည့်ခံစားချက်က လုဝမ်ဝမ်ကို အနည်းငယ် အိပ်ငိုက်သလိုခံစားရစေပြီး ပြတင်းပေါက်မှန်ကိုမှီကာ မျက်လုံးများကို မှိတ်ပြီး ခဏ အနားယူရန် ကြံရွယ်လိုက်သည်။
သူမ မျက်လုံးများ ပြန်ဖွင့်လာချိန်တွင် လုဝမ်ဝမ်သည် သူမ၏ခေါင်းအုံးဖြစ်လာသည့် ရှန်းရီ၏ပေါင်ပေါ်တွင် အနားယူနေသည်ကို တွေ့လိုက်ရသည်။ သူမ၏မျက်ခွံများရွေ့လျားသွားပြီး မျက်ဝန်းများ ဖွင့်လိုက်ချိန် အနှီအမျိုးသား၏ နူးညံ့ပြီး ချောမောသည့် မျက်နှာကောက်ကြောင်းကို ဦးစွာ တွေ့လိုက်ရသည်။
သူမက သူ့ပေါင်ပေါ်မှ နှေးကွေးစွာ ထထိုင်လိုက်ပြီး နိုးလာသည့်အချိန်တိုင်း အမြဲလိုလို စိတ်က ကြည်လင်နေလေ့မရှိပေ။
“ရှန်းရီ ...အခုဘယ်အချိန်ရှိသွားပြီလဲ?”
ရှန်းရီသည် မထီမဲ့မြင်ပြုလျက် ရယ်သွေးသွမ်းလာ၏။
“ဘာလို့ အခုကျ မစ်စတာရှန်းလို့မခေါ်တော့တာလဲ?”
လုဝမ်ဝမ်မှာ သူ၏စကားကြောင့် အနည်းငယ်ရှက်သွားရသဖြင့် ခေါင်းစဉ်ပြောင်းရန် အခွင့်အရေး ရှာလိုက်တော့သည်။
“ငါ ရေသွားသောက်လိုက်အုံးမယ်”
သူမ မီးဖိုချောင်ထဲမှ ရေတစ်ဖန်ခွက်ဖြင့် ထွက်လာချိန်တွင် ရှန်းရီက ပြတင်းပေါက်နားတွင် ဖုန်းပြောရင်း ရပ်နေခဲ့သည်။ သူ၏အမူအရာက မှေးမှိန်နေပုံရပြီး သူ့ဘေးနာရှိလေထုဖိအားသည်လည်း အနည်းငယ်ကျဆင်းနေသည်။
လုဝမ်ဝမ်သည် နေရာတွင်သာ ရပ်ပြီး တစ်ခဏ နားထောင်နေခဲ့သည်။ သူမ အများကြီးနားမလည်လိုက်သော်လည်း ခေါ်ဆိုလာသူက ကောင်းသည့်အကြောင်းကို ပြောနေမည်မဟုတ်မှန်းတော့ ခန့်မှန်းမိလိုက်သည်။
ရှန်းရီက နောက်ဆုံးတွင်မှ : “ငါနားလည်ပြီး အဲ့ဒီကိစ္စပတ်သက်ပြီး စိတ်ပူမနေနဲ့တော့”
ထို့နောက် သူသည် ဖုန်းကိုချလိုက်သည်။
လုဝမ်ဝမ်သည် ခေါင်းမော့လိုက်ချိန် အနှီအမျိုးသားက တစ်ဖက်သို့လှည့်လာပြီး သူမ၏အကြည့်များနှင့် တိုက်တိုက်ဆိုင်ဆိုင် ဆုံလေသည်။
သူမက တံတွေးမျိုချပြီး မေးလိုက်သည်။
“ဘာဖြစ်လို့လဲ?”
သူမက ပို၍သတိထားနေသည့် အသံဖြင့် ထပ်မေးလိုက်သည်။
“အလုပ်မှာ ပြဿနာတစ်ခုခုပေါ်လာလို့လား?”
ယခုအချိန်သည် ရှန်းရီ၏ကုမ္ပဏီလေး ဒေဝါလီခံတော့မည့် ဇာတ်ကွက်တစ်ခုလုံးအတွက် အချိန်တန်နေလေပြီ၊ အမှန်တကယ်ကောင်းနေသည်ဟု ယူဆလို့မရနိုင်သည့် သူ၏မျက်နှာအနေထားနှင့် တွဲကြည့်ပြီး လုဝမ်ဝမ် ၎င်းကို စမ်းစစ်ကြည့်နိုင်ရန် သူ့ကို မေးကြည့်လိုက်သည်။
“အမ်း ဒါပေမဲ့ ကိစ္စကြီးကြီးမားမားတော့မဟုတ်ဘူး”
ယင်းမှာ ကိစ္စတစ်ခုဟုပင် ဆိုမရချေ။ တစ်စုံတစ်ယောက်က သူ့ကို ပြဿနာရှာရန် ကြိုးစားနေပြီး အသက်မရှင်ချင်တော့သည့်သူသာဖြစ်ပေလိမ့်မည်။
လုဝမ်ဝမ်သည် ရှန်းရီကို အချိန်အတော်ကြာ တိတ်တဆိတ် ငေးကြည့်နေခဲ့သည်။ သူ အိမ်တွင် အိမ်နေရင်းအဝတ်အစားများ ဝတ်ထားသည့်အချိန်တိုင်း သူ၏စူးရှမှုနှင့် ရက်စက်ကြမ်းကြုတ်မှုများက ပျော့ပျောင်းသွားပြီး၊ မျက်နှာပေါ်မှအသွင်အပြင်သည် ပေါ့ပါးနေဟန်နှင့် မည်းနက်သော မျက်ဝန်းများဖြင့် သူ၏စိတ်နေသဘောထားတို့က သန့်ရှင်းနေ၏။
သူမမှာ ထိုအမျိုးသားကို ဆက်၍ ငေးကြည့်နေပါက သူ၏ဆွဲဆောင်မှုအောက်တွင် ရုန်းမထွက်နိုင်တော့မည်ကို စိုးရိမ်သဖြင့် ခဏအကြာတွင် ခေါင်းကို ငုံ့ထားလိုက်တော့သည်။
ရှန်းရီ၏ဆွဲဆောင်မှုများအား သူမ အကြိမ်ပေါင်းများစွာ အတွေ့ကြုံရှိဖူးသည်။
နာခံပြီး လိမ္မာရေးခြားရှိသည့်အချိန်တိုင်းတွင် ရှိနေတတ်သည့် သူ၏အကြည့်များကို မည်သူကမျှ မခုခံနိုင်ပေ။ လုဝမ်ဝမ်အစစ်ဖြစ်သည့် သူမကိုယ်တိုင်က ဘယ်သောအခါမှ အတန်းကို ကောင်းကောင်းမွန်မွန် တက်လေ့မရှိသူ၊ သူနှင့်နှိုင်းယှဉ်လျှင် သူမက ထင်ရှားစွာပင် ကွဲပြားခြားနားသည်။
ကျောင်းယူနီဖောင်ကို စစ်ဆေးသည့်အချိန်တိုင်း သူမသည် အမြဲတမ်း ထိပ်ဆုံးကနေ အမိခံရပြီး အတန်းပိုင်၏ ဆူပူကြိမ်းမောင်းခြင်း သို့မဟုတ် အတန်းချိန်တစ်ဝက်အထိ စာသင်ခန်းရှေ့တွင်ရပ်ရန် အပြစ်ပေးခံရခြင်းတို့ဖြင့် အဆုံးသတ်လေ့ရှိသည်။
မကြာခဏအပြစ်ပေးခံရပြီးနောက်တွင် ရှန်းရီသည် မျက်မှောင်ကြုတ်ကာဖြင့် သူမအား ကူကယ်ရာမဲ့စွာ မေးလာခဲ့တော့သည်။
“ယူနီဖောင်ကို တစ်ခါလောက်ဖြစ်ဖြစ် ကောင်းကောင်းမွန်မွန် ဝတ်ပေးလို့ မရဘူးလား?”
လုဝမ်ဝမ်သည် အနည်းငယ်ခေါင်းမာတတ်သည့်မိန်းမငယ်လေးဖြစ်သည့်အလျောက် သူမ၏ခေါင်းလေးကို စောင်းကာ သူ့ကို ခွန်းတုန့်ပြန်လေသည်။
“မဝတ်ချင်ဘူး”
ပြီးတော့ ဒါတင်ပဲလားဆိုတော့ မဟုတ်သေးဘူး ..
သူမက သူ၏ကျောင်းယူနီဖောင်ကိုလည်း ဆွဲချွတ်ပစ်ပြီး ကြမ်းရမ်းသည့်ဟန်ဖြင့် အစွယ်များကို ထုတ်ပြလာ၏။
“နောက်တစ်ခါကျ နင်လည်း ဝတ်ခွင့်မရှိဘူး”
လုဝမ်ဝမ်မှာ ရှန်းရီတစ်ယောက် သူမစကားကို တစ်သဝေမတိမ်းလိုက်နာမည်ဟု မမျှော်လင့်မိခဲ့ပေ။ ထိုအချိန်မှစ၍ အတန်း၏နံပါတ်တစ်ကျောင်းသားလေး ရှန်းရီသည် ကျောင်းယူနီဖောင်ကို ထပ်ပြီး မဝတ်တော့ကာ၊ ထိုနေ့မှစ၍လည်း အတန်းအရှေ့တွင် မတ်တပ်ရပ်ရန် အပြစ်ပေးခံရသူမှာ တစ်ယောက်ကနေ နှစ်ယောက်ဖြစ်သွားခဲ့သည်။
ပထမနှစ်ကြိမ်က သူမ နှလုံးသားလေး သူ့ထံတွင် ကျရှုံးသွားရသည်မှာ တကယ့်ကို သာမန်သာဖြစ်သည်။
ရှန်းရီသာ ဆန္ဒရှိလျှင်၊ တစ်စုံယောက်တစ်ယောက်အား သူ့ကို သဘောကျသွားအောင် ပြုလုပ်ချင်လျှင် ယင်းမှာ လုံးဝ ခက်ခဲသည့်အရာမဟုတ်နေပေ။