⚠️This content includes discussions of suicidal thoughts and suicide attempts, which may be distressing for some readers. Please proceed with caution and prioritize your mental well-being.⚠️
အပိုင်း (၈၁)
သို့ရာတွင် သူ့မှာမူ ဆိုဖာပေါ်တွင် လှုပ်ရှားမှုမပြုနိုင်စွာ အားအင်မဲ့လျက် လဲလျောင်းနေ၏။ သူ့မျက်ခွံများက ဆေးရှိန်ကို မခုခံနိုင်တော့သည့်အလား မှိတ်ကျလုနီးနီး။
သူ၏မျက်လုံးများက သွေးကြောမျှင်များအပြည့်ဖြင့် နီရဲနေခဲ့သည်။
စိတ်ထဲတွင် အော်ဟစ်နေပါသော်လည်း စကားလုံးတစ်လုံးမှ လည်ချောင်းထဲမှ ထွက်မလာနိုင်။
သူ တွေးနေသည်က : မခုန်ချလိုက်ပါနဲ့နော် ကျေးဇူးပြုပြီး ကိုယ် တောင်းဆိုပါတယ် မခုန်ချလိုက်နဲ့!
ကောင်မငယ်လေးက သူ့ကို နူးညံ့စွာ ပြုံးပြလာခဲ့ပြီး သူ(မ)၏မျက်ဝန်းများက သူတို့နှစ်ဦး စတင် တွေ့ဆုံစဉ်ကအတိုင်း ညင်သာနေခဲ့သည်။ သူမက သူ(မ)ကိုယ်သူ(မ) လက်ညိုးထိုးပြရင်း ဆိုလာ၏။
"ငါ ကြောက်နေပြီ"
ထို့နောက် သူ(မ)သည် တုန့်ဆိုင်းမှုအလျဉ်းမရှိစွာ ခုန်ချသွားခဲ့သည်။
ရှန်းရီသည် သူ(မ)ခေါင်းနောက်မှ စိမ့်ထွက်လာသည့်သွေးအိုင်ကြီးနှင့်အတူ မမှတ်မိနိုင်လောက်သည်အထိ ဖြစ်သွားခဲ့သော အလောင်းကို မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ရသည်။ သူ(မ)သည် ထာဝရတစ်သက်စွာအတွက် မျက်လုံးများကို မှိတ်သွားခဲ့ပြီး ဘယ်သောအခါမှ ပြန်ဖွင့်လာတော့မည်မဟုတ်ပေ။
အိပ်ပျော်သွားသကဲ့သို့သော သူ(မ)၏ပုံစံလေးက ရှန်းရီအား ကောင်မငယ်လေး သေဆုံးသွားသည်မှာ လုံးဝ မဖြစ်နိုင်ဘူးဟု ထင်မြင်စေခဲ့သည်။
ဟိုတစ်စ၊ သည်တစ်စ အိပ်မက်များက ရှန်းရီအား ယခင်က အဖြစ်အပျက်များအားလုံးကို မှတ်မိရန် လုံလောက်စေခဲ့သည်။
သူသည် ကုန်းရုန်းထလာပြီး သူ့ထံမှနေ ကြောက်မက်ဖွယ်ကောင်းသည့် ရယ်သံသဲ့သဲ့လေးတစ်ခု ထွက်လာ၏။
~~~
သူ(မ)အရှေ့မှ အမျိုးသားကိုကြည့်ရင်း လုဝမ်ဝမ်သည် နှလုံးသားထဲတွင် ရှင်းပြလို့မရသော ထူးဆန်းသည့် ခံစားချက်ကြီးတစ်ခုကို ခံစားလိုက်ရပြီး ရှန်းရီအား မေးလိုက်၏။
"နင် ဘယ်တွေသွားနေတာလဲ"
ရှန်းရီသည် သူ(မ)မျက်နှာလေးအား ပွတ်သပ်လာပြီး လှုပ်ရှားမှုများက ကျိုးပဲ့လွယ်သည့် အရုပ်မလေးတစ်ရုပ်ကို ထိတွေ့နေသည့် အလား နူးညံ့ညင်သာလွန်းလှသည်။
"ကိုယ် ခဏတဖြုတ် လမ်းထွက်လျှောက်နေတာ"
သူ့လက်ချောင်းများက အမြဲတမ်း အေးစက်နေလျက်ရှိသဖြင့်လည်း လုဝမ်ဝမ်မှာ သူ၏အထိအတွေ့များကြောင့် မသက်မသာဖြစ်လာရပြီး နောက်သို့ အနည်းငယ်ဆုတ်လိုက်တော့သည်။
"အို့ ငါတို့ ဘယ်ချိန်ပြန်ကြမလဲလို့ မေးကြည့်ချင်လို့"
"နေ့လည်"
"ဒါပေမဲ့ ငါ ဒီမနက် လုပ်စရာလေးတွေရှိသေးတယ်"
သူက သူ(မ)၏လက်ချောင်းလေးများကို ဖျစ်ညှစ်ကစားကာ ညင်သာစွာ မေးလာခဲ့သည်။
"မင်း ဘာလုပ်စရာရှိလို့လဲ?"
ဘာပြန်ပြောရမည်မှန်း လုဝမ်ဝမ်တကယ်ကို မသိချေ။ လုကျောက်ဇီမှာ အထက်တန်းကျောင်းသားသာဖြစ်သော်လည်း သူ(မ)အား ပြဿနာပေါင်းသောင်းခြောက်ထောင် ပေးနေ၏။
ကျောင်းရှိကောင်မလေးအတွက် လုကျောက်ဇီမှာ အတန်းပျက်လိုက်၊ ရန်ဖြစ်လိုက်နှင့် ကျောင်းလူဆိုးလေးလုံးလုံး ဖြစ်နေခဲ့သည်။ သူ၏အတန်းကို တာဝန်ယူရသည့် အတန်းပိုင်းဆရာအသစ်က တည်ကြည်ပြီး စည်းကမ်းကြီးသည့် ဆရာတစ်ဦးပေ။
သူ့အား နှစ်ကြိမ်၊သုံးကြိမ်တိုင် ဆိုဆုံးမပြီးနောက်တွင် ထိုကလေးက နာခံမှုမရှိသေးကြောင်း တွေ့လိုက်ရကာ စိတ်ဓာတ်ကျစွာဖြင့်ပင် ဖေဖေလုနှင့် မေမေလုအား စကားပြောရန် ကျောင်းသို့ နှစ်ကြိမ်၊သုံးကြိမ်လောက်ခေါ်ပြီး တွေ့ဆုံဆွေနွေးခဲ့သည်။
ရိုးအသည့်ကျောင်းဆရာအသစ်လေးထင်ခဲ့သည်က လုကျောက်ဇီ၏မိဘများကမူ သူ့အား ထိန်းသိမ်းနိုင်လိမ့်မည်ဟု။
သို့သော် ရက်အနည်းငယ်ကြာပြီးနောက်တွင် လုကျောက်ဇီ၏အထက်စီးဆန်သည့်အကျင့်က အမှန်တကယ်တွင် သူ့မိဘများ၏အလိုလိုက်အကြိုက်ဆောင်ထားမှု၏ ရလဒ် ဖြစ်သည်ဟုပင်။
မနေ့က လုကျောက်ဇီ၏ရည်စားလေးမှာ အနိုင်ကျင့်ခံလိုက်ရပြီး သူ၏စိတ်ကြီးလွန်းလှသည့် ဒေါသဖြင့် သူ့ကိုယ်သူ မထိန်းချုပ်နိုင်ကာ ရန်ပွဲတွင် လူအများအပြားကို ပါဝင်စေသည့် အတန်းနှစ်တန်းကြား ပဋိပက္ခတစ်ခုကို မွှေလိုက်သည်။
၎င်းက ကျောင်းတစ်ကျောင်းလုံးကို တုန်လှုပ်သွားစေခဲ့သည့် ရန်ပွဲအကြီးကြီး တစ်ခုဖြစ်သွားခဲ့သည်။
အတန်းပိုင်းဆရာအသစ်လေးမှာလည်း သူ့မိဘများအား မျှော်လင့်မနေတော့ဘဲ လုဝမ်ဝမ်ဆီ တိုက်ရိုက်ဖုန်းဆက်ပြီး ယနေမနက် ၁၀နာရီတွင် ကျောင်းသို့အရောက်လာပေးရန် ဖိတ်ကြားလာခဲ့သည်။
မူလက ဤကိစ္စသည် ရှန်းရီကို ပြောလို့မရနိုင်သည့် ကိစ္စမျိုး မဟုတ်သော်လည်း ထိုအတန်းပိုင်းအသစ်လေးသည် တိုက်ဆိုင်လွန်းစွာဖြင့် တစ်ချိန်က လုမမလေးတစ်ယောက် မြှူဆွယ်ပြီး ခုန်အုပ်ရန် ကြိုးစားခဲ့ကာ ဆက်ဆံရေးရှိချင်ခဲ့သည့် သူ ဖြစ်နေလေသည်။
ထိုဇာတ်လမ်း၏မှတ်ဉာဏ်များက လုဝမ်ဝမ်၏ခေါင်းထဲတွင် ရှိနေဆဲဖြစ်သည်။
ယခုဘဝတွင် သူတို့နှစ်ဦးလက်ထပ်ပြီး သုံးလအကြာလေးတွင် လုဝမ်ဝမ်၏သရုပ်မှန်သည် ပေါ်ထွက်လာခဲ့သည်။ သူ(မ)သည် သူမ၏ သူဆင်းရဲခင်ပွန်းအပေါ် အမြင်မကြည်လာတော့ပြီး ဒီမျက်နှာချည်းပဲ မြင်တွေ့နေရသည့်အခါ ရိုးအီလာတော့သည်။
သူ(မ)ရဲ့လူလိမ်လူညစ်သူငယ်ချင်းများ၏ အားပေးနှိုးဆော်မှုဖြင့် ဘားအရှေ့တစ်နေရာ၌ သူ(မ)သည် မူးရူးပြီး သူ့ဆီ အပြေးတိုးဝင်ကာ ဝီချက်အကောင့်ကို သွားတောင်းခဲ့သည်။
ကောင်းမွန်သည့်မိသားစုမှ ဆင်းသက်လာသည့် အနှီအမျိုးသားအဖို့ စာထဲတွင်သာ နှစ်များစွာ အာရုံစိုက်ထားခဲ့သဖြင့် အမျိုးသားများနှင့် အမျိုးသမီးများ၏ကိစ္စများနှင့် ပတ်သက်ပြီး အတွေ့အကြုံနုနယ်သေးသည့် သူမျိုး ဖြစ်သည်။ လုမမလေး၏ အနည်းငယ်ဖျားယောင်းခြင်းကို ခံလိုက်ရချိန်တွင် လိုလားစိတ်က တစ်ဝက်၊ တုန့်ဆိုင်းခြင်းက တစ်ဝက်ဖြင့် သူ(မ)အနောက် ကောက်ကောက်ပါသွားခဲ့သည်။
နှစ်ယောက်သားက ဟိုတယ်သို့သွား ရာလမ်းတစ်ဝက်မှာတင် ရှန်းရီ၏တားဆီးခြင်းကို ခံလိုက်ရသည်။
ထိုအချိန်က ရှန်းရီသည် ဒေါသထွက်နေသည့်အမူအရာမျိုး မရှိပြီး သူ(မ)ကို တစ်လှည့်၊ ထိုအမျိုးသားကိုတစ်လှည့် ကြည့်ကာ မူးရူးနေသည့်သူ(မ)ကို သူ့ဘေးနာသို့ ဆွဲခေါ်လိုက်သည်။ ထို့နောက် စကားတစ်ခွန်းမဆိုဘဲ သူ(မ)အား အိမ်သို့ ပြန်ခေါ်သွားခဲ့သည်။
သူက သူ(မ)ကို ပင်မအိပ်ခန်းတွင်ထားခဲ့ပြီး သူကိုယ်တိုင်ကမူ ဒုတိယအိပ်ခန်းတွင် တစ်ယောက်တည်း သွားအိပ်ခဲ့သည်။
ရှန်းရီသည် အလွန် မှတ်ဉာဏ်ကောင်းသူဖြစ်ရာ သူသာ သူ(မ)ကို ကျောင်းသို့ အဖော်လိုက်လာပေးလျှင် ထိုလူကို မှတ်မိနေလိမ့်မည်မှာ သေချာပေါက်ပင်။
သူ(မ)သည် ရှန်းရီ၏မကောင်းသည့်စိတ်ကို သွားမဆွချင်တော့ပေ။ ယခုတစ်ကြိမ်တွင်လည်း သူ(မ)သည် အကြောင်းအမျိုးကြောင့် သေရလိမ့်အုံးမည်ဟု သူ(မ) ရေးတေးတေး ခံစားနေရသည်။
အဆောက်အအုံပေါ်မှ ခုန်ချပြီး သူ(မ)ကိုယ်သူ(မ) အဆုံးစီရင်လိုက်စ်ဉ်က ခေါင်းကိုက်ခဲမှုနှင့်အတူ စိတ်ဓာတ်ကျမှုတို့ကြောင့် ဖြစ်နိုင်သလို၊ အခြားပြဿနာအသေးမွှားလေးတွေကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်၏။
မည်သို့ပင်ဖြစ်စေ သူ(မ)သည် မူလခန္ဓာပိုင်ရှင်ကဲ့သို့ တူညီသည့်အဆုံးသတ်မျိုးနှင့် ဇာတ်သိမ်းရလိမ့်မည်ဖြစ်သဖြင့် ၎င်းကို လျစ်လျူရှုထားနိုင်ခဲ့ပြီးဖြစ်သည်။
ဘယ်လိုပဲဖြစ်ဖြစ် သေမှာပဲဟာကို အရင်က မသေဖူးဝာာလည်း မဟုတ်ဘူးလေ။
လုဝမ်ဝမ်သည် လိမ်ညာလိုက်သည်။
"လုကျောက်ဇီလေ ကျောင်းမှာပြဿနာရှာထားလို့ ငါ ကျောင်းကို သွားပေးရအုံးမယ် ဒီနားမှာ တက္ကစီရဖို့မလွယ်ဘူးဆိုတော့ နင် ငါ့ကို မြို့ထဲအထိမောင်းပို့ပေး အဲ့ဒီရောက်မှပဲ ငါတက္ကစီ စီးသွားလိုက်မယ်"
သူ(မ)၏နူးညံ့ညံ့အသံလေးကို နားထောင်ပြီး ရှန်းရီ၏မျက်လုံးများက ပိုပို၍မည်းမှောင်လာတော့သည်။
"ကိုယ် မင်းနဲ့ အတူသွားမယ်"
လုဝမ်ဝမ်သည် အလျင်အမြန် လက်များကို ခါယမ်းပြပြီး သူ(မ)၏ငြင်ဆန်နေမှုကြီးက မျက်နှာထက်တွင် အတိုင်းသားပင်။
"မလိုဘူးဆို လုကျောက်ဇီက နင့်ကို သဘောမကျမှန်း နင်လည်း သိသားပဲ သူနင့်ကိုတွေ့ရန် ထပ်ပြီး သောင်းကျန်နေပါအုံးမယ်"
ရှန်းရီသည် ပြုံးကာ : "ကောင်းတာပဲလေ ကိုယ်လည်း သူ့ကို အဲ့လောက်ထိသဘောမကျဘူး"
"…… ??? "
ထိုတစ်ကြိမ်က သူတို့၏တိုက်ခန်းထဲသို့ အကြိမ်ကြိမ် ခိုးဝင်လာပြီး လုဝမ်ဝမ်ကို ခေါ်ထုတ်ရန်ကြိုးစားသူမှာ လုကျောက်ဇီ ဖြစ်သည်။ သူသာ ဒီကောင်လေးကို သဘောကျနေပါက ထူးဆန်းနေလိမ့်မည်သာ။
ရှန်းရီ၏ပုံမှန်မဟုတ်သည့်သဘောထားက လုဝမ်ဝမ်ကို စိတ်ရှုပ်ထွေးစေသကဲ့သို့ အနည်းငယ် မသက်မသာဖြစ်သွားစေသည်။
သူ(မ)၏ ခွန်းတုန့်ပြန်စကားဆိုသည့် လေသံက ဆိုးရွားနေခဲ့သည်။
"နင်တို့နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက်အမြင်ကပ်နေကြမှဖြင့် နင် သွားပြီးမတွေ့တာ ပိုကောင်းတယ်မဟုတ်ဘူးလား"
ရှန်းရီက အပြုံးမမည်သည့်အပြုံးတစ်ခုဖြင့် သူ(မ)ကို စူးစိုက်ကြည့်ပြီး လက်လွှတ်ရန် ငြင်းဆန်နေခဲ့သည်။