နှစ်ဖက်တွေ့ဆုံ
တုံးလင်အိမ်တော်သို့ မင်းသားကျန်းနဲ့ စတုတ္ထမင်းသားတို့က ဇနီးဖြစ်သူကို ကြိုရန် လှည်းလွှတ်ပေးလိုက်ရာ တစ်အိမ်လုံးလှုပ်လှုပ်ရှားရှား ဖြစ်ကုန်သည်။စတုတ္ထမင်းသားက လူကိုယ်တိုင်မလာပဲ သတို့သမီးဘက်မှ မိသားစုနှင့်တွေ့ဆုံရန် ရထားလုံးနှစ်စီးသာ လွှတ်ပေးလိုက်သည်။ တစ်ဖက်က ရှန်ချန်နဲ့ ရှန်ကျင်းတို့၏ ခန်းဝင်ပစ္စည်းကတော့ နည်းနည်းနောနောမဟုတ်ချေ။ သို့သော်တုံးလင်အိမ်တော်၏ရတနာသိုလှောင်ခန်းမှ အဖိုးတန်သည့် အရာများစွာ သယ်ထုတ်နိုင်ခဲ့သော ရှန်ချန်နဲ့ ယှဉ်ရင်တော့ ရှန်ကျင်း၏ ပမာဏကနည်း၏။
ခန်းဝင်ပစ္စည်းများစွာ ထုတ်လာတာကိုမြင်တော့ ရှန်ကျင်း လက်သီးတင်းတင်းဆုပ်လိုက်မိသည်။ တစ်ဖက်လူက ကိုယ်ဝန်မရှိတာပြန်တွေးမိပြီးမှ စိတ်မသက်မသာဖြစ်မှုက လျော့ပါးသွားသည်။ အမျိုးသမီးတစ်ဦးမှ မျိုးဆက်မွေးပေးနိုင်ခြင်းကပင် အရေးအကြီးဆုံးဖြစ်သည်။
"အမေ.."
ရှန်ချန်က မင်္ဂလာဝတ်စုံကိုဝတ်ဆင်ထားပြီး မခံချင်စိတ်နဲ့ မျက်ရည်ဝေ့လာသည်။ တုံးလင်အိမ်တော်သခင်ရဲ့ တရားဝင်သမီးဖြစ်တဲ့သူ့ကို စတုတ္ထမင်းသားက တစ်ကယ်ပဲ ဝေါယာဉ်ငယ်လွှတ်ပြီး ကြိုခိုင်းသည်။ အနာဂါတ်မှာ သူ့မျက်နှာ ဘယ်သွားထားရပါ့မလဲ၊ တစ်ဘဝလုံး ထိုအမည်းစက်က ပြန်ဖျက်၍ရနိုင်မှာ မဟုတ်ပေ။
"မိုက်မဲချင်တာကို.. ကိုယ့်ကိုကိုယ်ပဲ အပြစ်တင်တော့!"
ရှက်ရွံ့ဝမ်းနည်းနေသည့် သမီးကိုမြင်တော့ လျိုရှုဟန် စိတ်အခြေအနေမကောင်းချေ၊ ချစ်သမီးလေးက ဒီလိုပုံစံနဲ့ အနိုင်ကျင့်ခံရမှတော့ ဘယ်လိုလုပ် ပျော်ရွှင်နိုင်မလဲ? ဒါပေမယ့်လည်း ခုချိန်မှာ အားမတန်၍ မာန်လျှော့ ထားရသည်။ ချန်အာရဲ့ အပျိုစင်ဘဝက သူများဖျက်ဆီးလို့ပျက်စီးခဲ့ရသည်။ စတုတ္ထမင်းသားကိုတွယ်တက်ဖို့အခွင့်အရေးရပေမယ့် တစ်ကယ်ပဲ မင်းသားရဲ့အသိအမှတ်ပြုခြင်းခံရပါ့မလား? အဖြစ်မှန်မပေါ်သေးခင်သာ ကိုယ်လုပ်တော်အဖြစ်နေနိုင်လိမ့်မယ်၊အမှန်တရားပေါ်တဲ့နေ့ စတုတ္ထမင်းသားသာမက ဧကရာဇ်ပါ အမျက်ရှပြီး အကုန်ခေါင်းဖြတ်သတ်တာခံရမှာ။
မဖြစ်လာသေးတာကိုကြိုတွေးပြီး လျိုရှုဟန် မျက်နှာပျက်နေမိသည်။ ပြဿနာအားလုံးရဲ့ တရားခံ က ရှန်လျန်ဖြစ်မည်ဟု သံသယရှိသည်။ သို့သော် တစ်နေရာက လွဲနေသလို ခံစားရပြန်၏။ ရှန်လျန်သာ ရှန်ချန်ရဲ့ ဘဝကိုဖျက်ဆီးချင်ရင် ဘာလို့ စတုတ္ထမင်းသားရဲ့အိပ်ရာပေါ် တင်ပေးတာလဲ?
ကြံစည်နိုင်စွမ်းရှိတဲ့သူတွေကများတော့ တရားခံက ဘယ်သူမှန်း ခုထက်ထိ ရှာမတွေ့ခဲ့။
"အမေပြောတာ မှတ်ထား၊ မင်းသားရဲ့စံအိမ်ကက အမေတို့ တုံးလင်အိမ်တော်လို မနွေးထွေးဘူး၊ဘာလုပ်လုပ် သတိနဲ့ဆင်ခြင်ပြီးနေထိုင်၊ မဟုတ်ရင် ဘယ်လိုသေလို့သေသွားမှန်းသိလိုက်မှာ မဟုတ်ဘူး ကြားလား"
ဒီအသက် ဒီအရွယ်ထိ အစ်ကို ရှန်ရှောင်ဆို သူ့အပေါ် နာကျင်ထိခိုက်စေဖို့မပြောနဲ့၊ စကားပြောတာတောင် ညင်သာသည်။ အမေနဲ့ အစ်ကို့ဆီက အလွန်အမင်းအလိုလိုက်ခံခဲ့ရသည့် ရှန်ချန်မှာ သူတစ်ပါးမှနှိမ်ချစွာ ဆက်ဆံခြင်းအား သည်းမခံနိုင်သဖြင့် မျက်ရည်ကျရုံသာရှိ၏။
လျိုရှုဟန်က စိတ်ဖိစီးလျက် သူ့မျက်ရည်တွေကိုသုတ်ပေးသည်။
"မငိုတော့နဲ့၊ အမေနဲ့ မင်းအစ်ကိုက သမီးကောင်းဖို့အတွက် ပို့ရတာပါ၊ စတုတ္ထမင်းသားရဲ့ ကိုယ်လုပ်တော်ဆိုတော့ ဘာဖြစ်လဲ? ငါ့သမီးက လှလည်းလှ ၊အရည်အချင်းလည်းရှိ၊ ဉာဏ်နည်းနည်းသုံးလိုက်ရင်ကို မင်းသားရဲ့ မျက်နှာသာပေးခြင်းခံရမှာ...ဘာမှမခက်ခဲဘူး၊ ပြီးရင် သားဦးလေးမွေးပေးနိုင်အောင် ကြိုးစား၊ ကြင်ယာတော်အဆင့်တက်နိုင်ရင် ဘယ်သူက အတိတ်ကိုပြန်သတိရရဲမှာလဲ ဟုတ်တယ်မလား"
လျိုရှုဟန်က တုံးလင်အိမ်တော်သို့ ဝင်ရောက်ခဲ့သည့် အတွေ့အကြုံအရ သိမှတ်သင့်တာကိုမှီငြမ်းပြီး ပြန် ပြောပြသည်။ နောက်တော့ ဒီလိုပဲ တရားဝင်ဇနီး ဖြစ်လာခဲ့သည်။ လတ်တလောမှာ ရှန်လျန်ဆိုတဲ့ သန္ဓေယုတ်ကြောင့် ခေတ္တခဏ အာဏာရပ်ဆိုင်းခံထားရသည်။ ထိုကောင် တစ်ခဏပဲ မောက်မာခွင့်ရလိမ့်မည်ဟု ယုံကြည်သည်။ လျိုရှုဟန်ဆိုတဲ့ သူ..တစ်ေယာက်ထဲကသာ အနာဂါတ်မှာ တုံးလင်အိမ်တော်ရဲ့သခင်မအဖြစ် ဆက်ရှိနေမှာလေ။
"ဟုတ် အမေ.. သမီးသဘောပေါက်ပါပြီ"
ရှန်ချန်က မျက်ရည် တစမ်းစမ်းနဲ့ နာခံသည်။ လျိုရှုဟန်က စားပွဲပေါ်က သေတ္တာငယ်တစ်လုံးကို အရှေ့တွန်းပို့ပေးသည်။
"ဒါယူသွား၊ စတုတ္ထမင်းသားနဲ့ အိပ်ရာမဝင်ခင် သောက်ဖြစ်အောင်သောက်၊ တစ်ကြိမ်ထဲနဲ့ သေချာပေါက် ကိုယ်ဝန်ရတယ်"
"ကျေးဇူးပါ အမေ"
ရှန်ချန် ယူပြီး ဖွင့်ကြည့်လိုက်သည်။ သေတ္တာထဲမှာ ပဲစေ့အရွယ်ခန့် ဆေးနီတောင့် တစ်တောင့်ကိုတွေ့၏။
"အမေ... ဒါဘာလဲ"
"ကိုယ်ဝန်ဆောင်နိုင်တဲ့ဆေးစွမ်းကောင်းတစ်လက်ပဲ၊ အနောက်တောင်ဘက်မှာရှိတဲ့ အမြင့်ဆုံးတောင်ပေါ်က လူမျိုးစုတွေ လုပ်ပေးတဲ့ဆေး၊ နောက်ထပ် မရနိုင်ဘူး၊ သူက လိင်ဆက်ဆံပြီးရင် 100% ကိုယ်ဝန်ဆောင်နိုင်တယ်၊ အရင်က သမီးရဲ့ဦးလေးက အမေ့ကို ဆေးသုံးတောင့်ပေးထားခဲ့တာ၊ ဒီတစ်ခုက ေနာက်ဆုံးတစ်လုံးပဲ"
ဒီဆေးကြောင့်ပဲ ကိုယ်ဝန်နှစ်ကြိမ်ဆောင်နိုင်ခဲ့ပြီး ရှန်ရှောင်နဲ့ ရှန်ချန်ကို အောင်အောင်မြင်မြင် မွေးဖွားပေးနိုင်ခဲ့တယ်။ ရှန်လျန်က ထူးဆန်းတယ်လို့ထင်နေပေမယ့် တစ်ကယ်တမ်း တိုက်ဆိုင်တာမျိုး မဟုတ်ပဲ ဆေးအကူနဲ့ တူတူအိပ်တဲ့ တစ်ကြိမ်ကို အခွင့်အရေးအရ ယူနိုင်ခဲ့တာပဲ။
"ဟုတ် အမေ တစ်ကယ် ကျေးဇူးအများကြီးတင်ပါတယ်"
ရှန်ချန်က သေတ္တာငယ်ကို အရမ်းတန်ဖိုးထားပြီး ဂရုတစိုက်ရွှေ့နေတော့ လျိုရှုဟန်က ရယ်သည်။
"လာ.. အမေ ဆံပင်ဖြီးပေးမယ်၊ မင်းသားရဲ့ သဘောထားက ဘယ်လိုဖြစ်ဖြစ်...အမေ့သမီးက အလှဆုံးသတို့သမီးဖြစ်နေရမယ်"
"ဟုတ်"
ရှန်ချန်ပိုပြီး ပြုံးနိုင်လာသည်။ စတုတ္ထမင်းသားရဲ့ ကိုယ်လုပ်တော် နောက်တစ်ပါးဖြစ်တဲ့ ရှန်ကျင်းက စိတ်ဓာတ်ကျနေတဲ့ ရှန်ချန်နဲ့ ယှဉ်ရင် ပိုပြီး တည်ငြိမ်သည်။ အမေဖြစ်သူ လုယန်သာ ရင်ထုမနာဖြစ်နေရှာသည်။ မင်းသားရဲ့ ရှင်းလင်းတဲ့ သဘောထား က တုံးလင်မိသားစုမျက်နှာကိုတောင် မထောက် ခဲ့ပေ။ နောက်ပိုင်း စံအိမ်တော်ထဲ ရောက်သွားရင် ခက်ခက်ခဲခဲ ရုန်းကန်ရလိမ့်မည်။
"အမေ ပျော်ပျော်နေပါ၊သမီးတစ်ကယ်ကို မင်းသားနဲ့ လက်ဆက်ချင်တာ၊ သူက အခုအချိန်မှာ မင်းသားတစ်ပါးဆိုပေမယ့် အိမ်ရှေ့စံအဖြစ်အပ်နှင်းခံရပြီး ထီးမွေနန်းမွေဆက်ခံရနိုင်တဲ့သူပဲ၊ သမီးလည်း အခုချိန်မှာ ကိုယ်လုပ်တော်ဖြစ်နေပေမယ့် နောက်ကျရင် မိဖုရားခေါင် ဖြစ်လာမှာပဲလေ"
ပြင်ဆင်ထားတဲ့ ကိုယ့်မျက်နှာကိုယ် မှန်ထဲ ကြည့်ရင်း ရှန်ကျင်း ကျေနပ်စွာပြုံးသည်။ ဘာမဟုတ်တဲ့ တုံးလင်အိမ်တော်ကို စွန့်ခွာခွင့်ရပြီး အရှင့်သားရဲ့ စံအိမ်ထဲဝင်ခွင့်ရတော့မည်လေ ။ သူ့လုပ်နိုင်စွမ်းနဲ့သာဆိုရင် အရှင့်သားကို ကပ်နိုင်မှာဖြစ်ပြီး လှောင်ရယ်အထင်သေးတဲ့သူတိုင်းကို နောင်တစ်ချိန်မှာ ပါးစပ်ပိတ်သွားအောင် လုပ်ပေးဦးမည်။
"ရှောင်ကျင်း..တော်ဝင်မိသားစုရဲ့ အနောက်ဆောင်က ထင်သလောက် မရိုးရှင်းဘူး၊ ဂရုစိုက်ရမယ်နော်၊ နင့်အဖေလည်း ငါတို့ကိုဂရုမစိုက်ပေးနိုင်တော့ဘူး၊ ကိုယ်ကိုတိုင် ကြိုးစားမှပဲဖြစ်မှာ"
လုယန်က အနောက်ဘက်မှာရပ်ပြီး သူ့ပခုံးပေါ်လက်တင်သည်။ ဆုံးမစကားပြောချိန်တွင် မျက်လုံးက နီလာသည်။ ဘေးမှာ ရှိနေတဲ့ ရှန်ရွေ့ကျန်းက စိတ်မရှည်ဖြစ်လာပြီး...
"မင်းက တစ်နေ့လုံး ငိုဖို့ပဲသိတယ်၊ ဒီနေ့က မင်္ဂလာရက်မြတ်လေ..မင်္ဂလာရှိတဲ့စကားကောင်းပဲ ရွေးပြောစမ်းပါ၊ ရှောင်ကျင်း.. စတုတ္ထမင်းသားက အရှင့်သားဆိုတော့ သူတစ်ခုခု မှားလုပ်ရင်တောင် သမီး သည်းခံရမယ်၊ စိတ်အလိုမလိုက်နဲ့၊ တစ်ခုခုဆို သူ့ဘေးက လူ မသိသွားစေနဲ့"
ဇနီးကိုဆူပူပြီးနောက် ရှန်ရွေ့ကျန်းက ရှန်ကျင်းကို မှာကြားသည်။ သူတို့မိသားစုရဲ့အနာဂါတ်က ရှန်ကျင်းအပေါ်ပဲ မူတည်သည်။
"ဟုတ်ကဲ့"
ရှန်ကျင်းက မျက်လွှာချရင်း ရှက်ရွံ့သလိုခံစားရပေမယ့် ခိုင်မာစွာ ပြန်ဖြေခဲ့သေး၏။
ရှန်ချန်၊ ရှန်ကျင်းပြီးတော့ မင်းသားကျန်းနဲ့ ထိမ်းမြားခွင့်ရတဲ့ ရှန်ချောင်ဟာ အခြားသူထက် အဆင့်ပိုမြင့်ပြီး ကြင်ယာတော်ဖြစ်ခဲ့ပေမယ့် သူနေတဲ့ခြံဝန်းက ဗြောင်းဆန်အောင် ဖျက်ဆီးခံထားရသည်။
ယမန်ည အမိန့်စာရပြီးကတည်းက ညလယ်ထိ မနားတမ်းငိုယိုသောင်းကျန်း ပြီး ကျောက်လန်၏ချော့မော့မှုကြောင့် နောက်ဆုံးမှ စိတ်ငြိမ်သွားခဲ့သည်။ သို့သော် မင်းသားကျန်းက ခန်းဝင်ပစ္စည်း ပေးပို့လိုက်တဲ့သတင်းကြားသည့်အပြင် ၊နောက်တစ်ရက်မှာ မင်းသားကျန်းနဲ့ ထိမ်းမြားရတော့မှာကို တွေးမိတော့ တစ်ဖန်သောင်းကျန်းပြန်သည်။
"သူနဲ့ မယူချင်ဘူး အမေ၊ သူနဲ့ လက်မထပ်ဘူး"
ရှန်ချောင်က အာခေါင်ခြစ်အော်သည်။တိတ်တခိုးကြိုက်ရတဲ့ ချင်ဖင်း မြို့စားနဲ့ ယှဉ်ရင် ဒီမင်းသားက အသက်ကြီးပြီး၊ ရုပ်ဆိုးသည်။ ရိုင်းစိုင်းပြီး ရက်စက်ကာ ကြမ်းတမ်းသေး၏။ အသေသာခံလိုက်မယ်၊ ထိုလူနဲ့ လက်မဆက်ချင်။
"ချောင်အာ!"
ကျောက်လန် လူရော စိတ်ပါ ပင်ပန်းနေပြီ၊ ကြံစည်ခံရပြီး သမီးဖြစ်သူက ဖျက်ဆီးခံထားရသည့်အပြင် ယောက္ခမက အိပ်ရာပေါ်လှဲနေသည်။ ခဲအိုက အိမ်ထောင်စုစာရင်းခွဲချင်နေသည်ဖြစ်ရာ ကျောက်မိသားစု၏ အနာဂါတ်က သမီးတစ်ယောက်ထဲသာ ကျန်တော့၏။ ခင်ပွန်းလည်း အချိန်မရွေး ဖမ်းချုပ်ခံရနိုင်သည်ဟု တွေးမိတော့ အကြိမ်ပေါင်းများစွာ သတ်သေချင်သွားသည်။
"တော်တော့ ၊ဘယ်လောက်ကြာအောင် ပြဿနာရှာနေဦးမှာလဲ"
တံခါးကိုကန်ဖွင့်လိုက်ပြီး ရှန်ရွေ့ချင် မျက်နှာတည်နဲ့ အခန်းထဲ ဝင်လာသည်။ ရှန်ချောင်က ထိတ်လန့်သွားပြီး အငိုတိတ်သွားသည်။ ကျောက်လန်က လာနှစ်သိမ့်ပေးချင်သော်လည်း စိတ်ရောလူပါ ပင်ပန်းနွမ်းနှယ်နေပြီမို့ ငြိမ်ငြိမ်သက်သက်သာ ထိုင်နေလိုက်သည်။
"ငါတို့ရှေ့မှာပဲ နင်ငိုလို့ရမယ်၊ သတ္တိရှိရင်တော်ဝင်မိသားစုရှေ့ သွားငိုပြပါလား၊ မသိချင်ယောင်ဆောင်မနေနဲ့... တော်ဝင်အမိန့်ကို ငြင်းဆန်နိုင်မယ့် အာဏာနင့်မှာ ရှိလို့လား? မရှိဘူးဆိုတာ ကိုယ့်ကိုကိုယ်သိရင် နာနာခံခံနဲ့ ထိမ်းမြားဖို့စောင့်နေ၊ ထပ်ငိုရဲငိုကြည့် !မနက်ဖြန် နင့်ကိုကြိုးချည်ပြီး အဆိပ်ခပ်သတ်ပစ်မယ်"
ပြင်းပြင်းထန်ထန် ဆူပူပြီးတာနဲ့ ရှန်ရွေ့ချင်က ချာခနဲလှည့်ပြီး အပြင်ထွက်သွားသည်။ ငယ်ငယ်ကတည်းက သူ့ကိုသိပ်ချစ်တဲ့အဖေ ဟုတ်ရဲ့လားလို့ ရှန်ချောင် ကြောင်ငေးပြီး ခေါင်းတခါခါနဲ့ မယုံကြည်နိုင်ဖြစ်နေသည်။ နောက်တော့ မျက်ရည်ပူတွေ တသွင်သွင် စီးကျလာတော့၏။
"ချောင်အာ ဒီကိစ္စက ပြန်ပြင်လို့မရတော့ဘူး၊ ကိုယ့်ကံကြမ္မာကိုယ်လက်ခံလိုက်တော့"
သမီးရဲ့ပုံစံကိုကြည့်ပြီး ကျောက်လန်က စိတ်ရှည်၊သည်းခံစိတ်တွေ ကုန်ဆုံးသွားခဲ့သည်။
"အမေ..."
သူမကို အချစ်ဆူံးဖြစ်တဲ့မိခင်ပါ ထွက်သွားသည်ကိုကြည့်ရင်း ရှန်ချောင် မြေပြင်ပေါ် ပုံခနဲ ထိုင်ချလိုက်မိသည်။
ဘာကြောင့်လဲ? သူ့ကိုဖျက်ဆီးခဲ့သူနဲ့ လက်မထပ်ချင်တာ ဘာမှားလို့လဲ? ချင်ဖင်းမြို့စားနဲ့ပဲ ထိမ်းမြားလို့ မရဘူးလား? အဖေက ဘာလို့ မကူညီရတာလဲ? သူ့ကိုဘယ်သူမှ နားလည်မပေးကြဘူး! မုန်းတယ်! အဲ့ဒီမင်းသားကိုမုန်းတယ်! ရှန်လျန်ကိုလည်း မုန်းတယ်! အဖေနဲ့အမေကိုရော အားလုံးကိုမုန်းတယ်!
ရှန်ချောင် မျက်ရည်မဆည်နိုင်သည့်အပြင် အမုန်းတရားတွေ ပိုကြီးလာသည်။ အငြိုးအာဃာတကြီးတဲ့ တစ္ဆေတစ်ကောင်လို ကြည့်ရဆိုးနေ၏။
နေ့လည်ပိုင်းရောက်သော် ရှန်ချန်နဲ့ ရှန်ကျင်းတို့ဘက်မှပြင်ဆင်ထားတဲ့ ခန်းဝင်ပစ္စည်းအမျိုးအစားရာချီကို တုံးလင်အိမ်ပေါက်ဝသို့ ရွှေ့လိုက်ကြသည်။ အိမ်ပေါက်ဝ၏ဆန့်ဘက်ဘက် အခြမ်းမှာတော့ အနီရောင် မြင်းရထားနှစ်စီးက သတို့သမီးတွေ ကို ကြိုပြီး စတုတ္ထမင်းသား၏ အနောက်ဆောင်သို့ တိုက်ရိုက်ပို့ဆောင်ရန် အဆင်သင့်စောင့်နေသည်။
ခေါင်းဆောင်းပေါ်မှာ ပဝါထပ်အုပ်ကာ ဆင်ယင်ထားတဲ့ ရှန်ချန်နဲ့ ရှန်ကျင်းတို့နှစ်ယောက် တုံးလင်အိမ်တော်မှ ထွက်ခွာသည်နှင့် ချင်ရွေ့ချင်လည်း ရှန်ရှောင်နဲ့ ရှန်ယန်ကို အိမ်ပြန်ခေါ်ခွင့်ရမှာဖြစ်လေသည်။ မိခင် သုံးဦးက မျက်ရည်လေးတစမ်းစမ်း ရှိ၏။
"ဂလောက် ဂလောက် ဂလောက်!"
မြင်းခွာသံတွေက တုံးလင်အိမ်တော်ရှေ့အရောက် ရပ်တန့်သွားသည်။ လူတိုင်းက ထိုလှည်းကို ဝိုင်းကြည့်လိုက်ကြသည်။ လိုက်ကာပွင့်သွားပြီးနောက် မိုးပြာရောင်ဝတ်ဆင်ထားတဲ့ ရှန်လျန် ထွက်လာတာကို အားလုံးမြင်လိုက်ကြသည်။
သူ့ကိုမြင်တာနဲ့ ရှန်မိသားစုဝင်တွေရဲ့မျက်နှာအမူအရာပြောင်းသွားကုန်သည်။
အထူးသဖြင့်ရှန်ချန်နဲ့ ရှန်ကျင်း၏အမြင်တွင် ရှန်လျန်က အဆိပ်ပြင်းတဲ့ကောင် ဖြစ်နေခဲ့သည်။
"ညီမငယ်နှစ်ယောက်ရဲ့ မင်္ဂလာပွဲကို ဂုဏ်ပြုပါတယ်နော်"
မြင်းရထားပေါ်က ခုန်ဆင်းပြီး ရှန်လျန်က အံ့အားသင့်ချင် ယောင်ဆောင်လိုက်သေးသည်။ သိနေသူတွေကတော့ ရှန်လျန့်စကားသံထဲက လှောင်ပြောင်ချင်တာကို ဖမ်းမိသည်။
"ရှန်သခင်လေး..."
စတုတ္ထမင်းသား လွှတ်လိုက်တဲ့ သူတွေက ရှန်လျန့်ကို ဦးညွှတ်ပြီး တလေးတစားနှုတ်ဆက်ကြသည်ကိုမြင်သော် လျိုရှုဟန်တို့မှာ မျက်နှာကိုအိုးမဲသုတ်ထားသလို ပိုပြီး အကျည်းတန်လာစေ သည်။
"ပင်ပန်းသွားရပါပြီ"
ယဉ်ကျေးသမှုနဲ့ ပြန်လည် ခေါင်းငြိမ့်ပြသည်။ ရှန်လျန်က လေ့ကျန်း၊ယောင်းကွမ်နဲ့အတူ အိမ်ပေါက်ဝ တက်တဲ့လှေကားဆီလျှောက်လာစဉ် ရှန်ယန့်ဘေးမှ ဖြတ်အလျှောက် မသိမသာ အကဲခတ်လိုက်သည်။ ယောင်္ကျား တစ်ယောက်အနေနဲ့ ရှိသင့်တဲ့အသားအရေထက် နှစ်ဆ ပိုမိုချောမွေ့လာပြီး၊ ဝမ်းဗိုက်မှာတော့ ဖုဖောင်းနေတာမျိုးမမြင်ရပေ။ သို့သော်လည်း အစရှည်နဲ့ ပတ်ထားတာမျိုး ဖြစ်နိုင်သည်။ ခန္ဓာကိုယ်အေနအထားကို အကဲခတ်ကြည့်ရသလောက် လက်ဆုပ်လက်ကိုင်ပြစရာရှိတာ သေချာသည်။
"ညီမ၇နဲ့ ညီမ၉ တို့က စတုတ္ထတော်ဝင်မင်းသားရဲ့ ကိုယ်လုပ်တော်တွေအဖြစ် ခစားရတော့မယ်ဆိုတော့ အစ်ကိုက ဆုတောင်းပေးပါတယ်၊ နှစ်တစ်ရာတိုင်အောင် ပျော်ရွှင်ချမ်းမြေ့တဲ့ အိမ်ထောင်ရေးလေးဖြစ်ပါစေလို့"
သူတို့ရှေ့မှာပဲဆုတောင်း စကားပြောလိုက်သည်။သူ့အနေနဲ့ လစ်လျူရှုသွားလို့ရတဲ့ အနေအထားရှိပေမယ့် အများရှေ့မှာ အမှန်တိုင်း ထုတ်ဖော်မပြပေ။ သူများအမှားက ကိုယ့်အမှားအဖြစ်ပြောင်း လဲသွားတတ်လေသည်။
"ကိုယ်လုပ်တော်နှစ်ဦး မြင်းရထားပေါ် တက်လို့ရပါပြီဗျ"
အခြေအနေတွေ ပြင်းထန်လာတာကို သတိထားမိတဲ့ ရဲ့ထျန်းက အသီးသီးနေရာယူဖို့ ပြောလိုက်ရသည်။ အစေခံတွေက ခေတ္တတွေဝေသွားကြပြီးမှ သတို့သမီးနှစ်ယောက်ကို လှည်းပေါ်တင်လိုက်ကြသည်။ မကြာခင်မှာပဲ ခန်းဝင်ပစ္စည်းတွေနဲ့အတူ မြင်းလှည်းနှစ်စီးက တုံးလင်အိမ်တော်မှစတင်ထွက်ခွာ သည်။
စွင်းကျင့်က အစေခံတွေကို ရေနှစ်ပုံးအပြည့်ခပ်ပြီး အိမ်ရှေ့လောင်းချစေသည်။ အညံ့တွေ ပြေပျောက်သွားစေလိုဟန်ရှိ၏။ ခြံဝန်းဆီ မပြန်ခင်..လျိုရှုဟန်နဲ့ လုယန်တို့ အချင်းချင်း စူးစူးရဲရဲကြည့်ပြီး ရန်စောင်နေတာကို စွင်းကျင့်သေချာအောင် အတည်ပြုလိုက်သည်။
နောက်ဆို တခြားသူတွေရဲ့ နှိမ်ချ၊အနိုင်ကျင့်တာမျိုး ခံရတော့မှာ မဟုတ်လို့ ပျော်ရွှင်နေမိသည်။
ခန်းဝင်ပစ္စည်း တစ်ပုံတပင်နဲ့ လာသော်ငြား ကိုယ်လုပ်တော်အဆင့်ဖြစ်တာကြောင့် စတုတ္ထမင်းသား၏ စံအိမ်တော်ကို အရှေ့ပေါက်မှ ဝင်ခွင့်မရခဲ့ချေ။ ထိုအစား ဘေးပေါက်မှ ဝင်ရသည်။ ခြွင်းချက်တော့ရှိ၏။ အရှင့်သားမှ မျက်နှာသာပေးခံရသည့် မိန်းမပျိုဆိုရင်တော့ အရှေ့တံခါးမှ ဝင်ခွင့်ရလိမ့်မည်။
ယခုတော့ လူရော ပစ္စည်းပါ ဘေးပေါက်မှ ဝင်ခွင့်ရတာကြောင့် မြို့တော် တစ်ခုလုံးသို့ ဤသတင်းသာ ပျံ့နှံ့သွားလျှင် နောက်တစ်ရက်၌ လူတိုင်း၏ စကားခေါင်းစဉ် ဖြစ်နေမှာ သေချာပေ၏။
2719 words
Grape 🍇