no

Font
Theme

'ဘိုးဘေးလေးက ဘိုးဘေးလေးပါပဲ'



"ဝါး....."


ကျယ်လောင်တဲ့ ငိုသံက ခြံဝန်းတစ်ခုလုံးကိုနိုးကြားသွားစေခဲ့သည်။ 


"ငိုးတဲ့မ!"


"ဘာဖြစ်တာလဲဟ!"


"သခင်ငယ်လေးရဲ့ငိုသံပဲ"


"ယိုအာ ငိုနေတာ"



လူတိုင်းလန့်နိုးပြီး ယောင်တောင်တောင်ဖြစ်ကုန်၏။ ဘာအသံမှန်း ခွဲခြားနိုင်သွားသောအခါ အပေါ်အင်္ကျီထပ်ဝတ်မနေပဲ ဖိနပ်ဖြစ်သလိုစီးကာ ရှန်တာ့တို့ အခန်းဆီ ပြေးသွားကြသည်။ ဖေးယွမ်ရွှင်း၏ရင်ခွင်ထဲ၌ အိပ်မောကျနေသည့် ရှန်လျန်လည်း နိုးလာသည်။ 


"မလောနဲ့ ဖြည်းဖြည်း"


သူ ထသွားကြည့်‌‌ချင်နေသည်ကို မြင်သော် ဖေးယွမ်ရွှင်း မျက်မှောင်ကြုံ့လိုက်သည်။ ရှန်တာ့တို့နှစ်ကောင် ဘာလုပ်နေကြလို့လဲ? ကိုယ့်သားကိုယ် မထိန်းတတ်ဘူးလား?စောစောစီးစီး သူတစ်ပါးရဲ့မနက်ခင်းကို နှောင့်ယှက်ရသလား? 


"ဝါး....ရှုရှု..."


ရှန်တာ့၏အခန်းထဲတွင် ကလေးအရမ်းငိုတာ ကြောင့် မိဘနှစ်ဦးပျာယာခတ်ကာ ချော့‌‌မြူရန် ပွေ့ချီလိုက်ကြသည်။ သို့သော် ရှန်ယို‌‌က မေတ္တာကိုနားမလည်သေးပဲ သူစိမ်းလက်ထဲရောက်နေရသဖြင့် ကန်ကျောက်ကာ ရုန်းနေတော့၏။ 



အလိုမကျကြောင်း အမူအရာပြသော်လည်း တစ်ဖက်လူတွေက မလွှတ်ပေးသဖြင့် ဒေါသထွက်ကာ အော်ငိုတော့သည်။ ဦးလေးငယ်ကို တမ်းတကာ ငိုနေပုံက သနားစဖွယ်ကောင်းလှ၏။ 


"ယိုအာ လိမ်မာတယ်နော်၊ မငိုရဘူးလေ... ဖေဖေ လေ ဖေဖေ့ကိုကြည့်ပါဦး၊ မငိုရဘူးနော်"


ဟော်ရယ့်လင်က ကလေးငယ်ကို ပွေ့ကာ ဟိုလျှောက်ဒီလျှောက်ဖြင့် ချော့မြူသည်။ ရှန်တာ့က ခေါင်းကုတ် ဖင်ကုတ်နှင့် ဘာလုပ်ရမယ်မသိဖြစ်နေ၏။ 


"ဘိုးဘေးလေးရေ မငိုနဲ့တော့ ‌‌‌‌‌‌‌‌နော် ၊ တိတ်တိတ်!"


ငိုသံက သူတို့နားစည်ပင်ကွဲမတတ်။ 


"ဒုန်းဒုန်း!"


"ကော တံခါးဖွင့်ပေးဦး"


တံခါးခေါက်သံနဲ့အတူ ရှန်လျန်၏အသံက ကပ်ပါလာသည်။ နောက်ဆုံးတော့ ကယ်တင်ရှင် ရောက်လာသည့်အလား ရှန်တာ့ အပြေးအလွှား တံခါးသွားဖွင့်သည်။ ဒီလောက်မြန်သည့်အရှိန်နှုန်းဖြင့် သူ့တစ်သက်တစ်ကိုယ် တံခါးမဖွင့်ဖူးခဲ့။ 


ရှန်လျန်နဲ့အတူ ချီယွဲ့၊ချီရွှမ်းတို့ပါ အခန်းထဲ လိုက်ဝင်သည်။ 


"ရှုရှု...ရှုရှု...ဝူးဟူး"


ရှန်လျန့်ကို တွေ့တာနဲ့ ရှန်ယိုက အတင်းလက်ဆန့်တန်းကာ သူ့အားပွေ့စေသည်။ ဟော်ရယ့်လင် မထိန်းနိုင်လုနီးပါးဖြစ်သွားသော်လည်း ကံကောင်းစွာဖြင့် ရှန်လျန်က အမြန်ရှေ့တိုးလာကာ လက်ပြောင်းယူလိုက်သည်။ ထို့နောက် ညင်ညင်သာသာ ဖင်ပုတ်ကာပုတ်ကာဖြင့် ...


"ယိုအာ လိမ်မာနော်... ရှုရှု ဒီမှာရှိတယ်၊ မငိုရဘူး"


"ဝု... ရှုရှု"


ရှောင်ရှန်ယိုသည် လက်သေးသေးလေးနှစ်ဖက်ကို ရှုရှု၏လည်တစ်ဝိုက်၌ တင်းတင်းဖက်ထားသည်။ ထို့နောက် ပခုံးတဖက်မှာ သူ့ခေါင်းလေးတင်ပြီး နှာတရှုံ့ရှုံ့လုပ်နေသည်။ 


အငိုတိတ်သွားတာမြင်မှပဲ ရှန်တာ့တို့လင်လင်နှစ်ဦး စိတ်သက်သာရာရသွား၏။ သူတို့အခန်းထဲလည်း လာကြည့်သူတွေ ပြည့်လာ၏။ 


"သခင်ငယ်လေးက လျန်လျန့်ကို မတွေ့တဲ့ရက်တွေမှာ နေ့တိုင်းလိုက်ရှာတတ်တယ်၊ မတွေ့ရင် ခုလိုပဲငိုတာ၊ မနည်း ချော့ယူရတယ်၊ နေ့တိုင်း လျန်လျန့်အခန်းထဲ လေးဘက်ထောက်ပြီး လာရှာတယ်၊ ပြီးရင် ကြမ်းပြင်မှာ လူးလိမ့်ပြီးငိုတယ်၊ အဲ့တာနဲ့ တံခါး သော့ခတ်ထားရတယ်"



"သခင်ငယ်လေးက လူအရမ်းကပ်တယ်၊ လျန်လျန်မရှိရင် သူ့ခမျာ စိတ်မကောင်းဖြစ်လို့"


"ခုသခင်လေးကို‌ တွေ့တာနဲ့ မငိုတော့ဘူးကြည့်!"


တစ်ယောက်တစ်ပေါက်နဲ့ ယိုအာ့အကြောင်းကြားလိုက်ရတဲ့အခါ ရှန်လျန် စိတ်မကောင်းဖြစ်သွားသည်။ အရေးပေါ်အခြေအနေကြောင့်သာ မဟုတ်ရင် သူလည်းကလေးကို ဘယ်ထားသွားချင်ပါ့မလဲ။


"အင်းပါ ဟုတ်ပါပြီ၊ မငိုရဘူးနော်... နောက်ဆို ရှုရှု ဘယ်သွားသွား ယိုအာလေးကို ခေါ်သွားမယ်နော် ဟုတ်ပြီလား"


ရှန်လျန် လက်တစ်ဖက်က ကလေးပွေ့ပြီးကျန်တစ်ဖက်က ကျောကို အသာပွတ်ကာ ချော့၏။



"အင့် .. ရှုရှု ရှုရှု ရှုရှု"


ဦးငယ်ကို သတိရလွန်း၍ထင်သည်။ နောက်တခါထပ်ပျောက်သွားမှာစိုးပြီး နာမည်ခေါ်တာ မရပ်ချေ။လည်တိုင်ကိုအတင်းဖက်တွယ်ထားကာ အလွတ်မပေး။ ရှန်တာ့တို့က လူအုပ်ကြားထဲရပ်ကြည့်ပြီး ဘေးလူနှယ်။ 


"အဟမ်း"


ဟော်ရယ့်လင် နေရခက်စွာနဲ့ ချောင်းဟန့်လိုက်သည်။ ထို့နောက် ရှေ့တိုးလာရာ...


"ဟင်း အင်း....ဟင့်အင်း"


အလိုလိုသိစိတ်ဖြင့် ရှန်ယိုက ရုတ်တရက်ကြီး ခေါင်းထောင်ကြည့်ကာ ရှေ့တိုးလာတဲ့ ဖခင်ကို ပြင်းပြင်းထန်ထန် ငြင်းဆန်သည်။ဟော်ရယ့်လင် တုန့်ခနဲရပ်သွားပြီး ရင်ထဲနာကျင်သွားသည်။ ရှန်တာ့က ပခုံးဖက်ကာ နှစ်သိမ့် ပေးလာသည်။ 


"ယိုအာနဲ့ ခြောက်လတောင် ခွဲနေခဲ့ရတာဆိုတော့ကိုယ်တို့ကို ဘယ်မှတ်မိပါတော့မလဲ၊အလျင်မလိုနဲ့ဦး၊ ဖြည်းဖြည်းချင်းအချိန်ယူကြတာပေါ့"


သူလည်း ဘယ်စိတ်ကောင်းပါ့မလဲ၊ ကိုယ်မွေးထားတဲ့သားက ကိုယ့်ကို မသိပဲ ငြင်းဆန်ပြီးငိုနေတာ။


"ယိုအာ အဲ့လို မလုပ်ရဘူး"


ငြင်းဆန်နေတဲ့ လက်သေးသေးနှစ်ဖက်ကို ဆုပ်ကိုင်လိုက်ပြီး လျန်လျန်သင်ပြသည်။ ဆူပူသည့်ပုံစံဖြင့်


"သူတို့က သားရဲ့ ပါပါးတွေ"


"ဟင့် "


ယိုအာက မျက်ရည်တွေနှင့် လက်မခံချင်ဟန်ကြည့်သည်။ အချိန်မရွေးငိုချတော့မည့်ပုံကြောင့် ရှန်လျန် မျက်နှာထားတင်းလိုက်ကာ..


"ပါပါးဆိုတာ အပြင်လူတွေ မဟုတ်ဘူး၊ လူဆိုးလည်း မဟုတ်ဘူး၊ ယိုအာ့ရဲ့ ပါပါးနှစ်ယောက်၊သူတို့က ရှုရှုရဲ့ ကောကောတွေ... ယိုအာ မလိမ်မာဘူးဆိုရင် ရှုရှု မင်းကိုမချစ်တော့ဘူး"


ကလေးတွေကို ချစ်တာက သပ်သပ်၊ အလိုလိုက်တာက သပ်သပ်၊ ဆုံးမတာက သပ်သပ်တစ်ပိုင်းဖြစ်သည်။ 



သူ့အပေါ်မှီခိုတာ သိပေမယ့် ကလေးဖြစ်ချင်သလို ပေးဖြစ်၍မရပေ။ လိုချင်တာကို ငိုပြီး တောင်းဆိုတတ်သည့်အကျင့်မျိုး မရသွားစေလို။ 


"ရှုရှု"


ပြောတာကို သဘောပေါက်သည်ထင်၏။ မျက်နှာ လေးရှုံ့မဲ့လာကာ ပိုဝမ်းနည်းသွားဟန်။ 


"အင်း ယိုအာက ငယ်သေးတယ်၊ လောင်ကုန်း ပြောတာမှန်တယ်၊ ငယ်ငယ်ကတည်းက ဒီကိုပို့လိုက်တာ ဆိုတော့ ကလေးက ဘယ်မှတ်မိပါ့မလဲ၊ ခုမှ ပထမဆုံးမြင်ဖူးသလိုဖြစ်သွားရှာတာ"


ဟော်ရယ့်လင် ရှေ့ဆက်မတိုးလာတော့ချေ။ ယိုအာ ထပ်ငိုလိုက်မှာကိုသာ ပိုကြောက်၏။ 


"ဟုတ်တယ်၊သူငိုအောင် ထပ်မလုပ်ရင် ရပြီ"


ရှန်တာ့လည်း ဘိုးဘေးလေးကိုလန့်သွားသည်။ မနေ့ကဖန်ကျုံးယွင် ပြောသည်ကို နားထောင်ခဲ့ရမှာ၊ ယိုအာက ခုလိုပြင်းပြင်းထန်ထန်တုံ့ပြန်မယ်လို့ မထင်ထားတာကြောင့် အတူခေါ်အိပ်လိုက်မိသည်က မှားသွား၏။ ဖအေတူ သားလေးပဲ။ 


"ကောတို့... တမျိုးမတွေးကြနဲ့ဦး၊ သူငိုတာနဲ့ အနိုင်မပေးလိုက်နဲ့၊ ဒီအရွယ်က ပိုပြီး အကျင့်ပျက်လွယ်တယ်"


ရှန်လျန်မပြုံးနိုင်၊ ကလေးမွေးလိုက်တာထက် ပျိုးထောင်ရတာကပိုခက်သည် ။ ကလေးငိုတာကိုပဲ ကြည့်ပြီး အလိုလိုက်၍မရပေ။ ရှန်တာ့ တိတ်နေသလို ချီယွဲ့တို့လည်း တိတ်နေကြသည်။ လျန်လျန် ပြောတာ မှန်သည်။ 


"ရှုရှု"


ငိုပြတာက အသုံးမဝင်မှန်းသိသွားသော် ဦးငယ်ရဲ့ရင်ခွင်ထဲ လိမ်လိမ်မာမာ ခေါင်းတိုးကာ ချွဲသည်။ အပြုအမူပြောင်းလဲသွားမှန်း သိသာလွန်းသဖြင့် ရှန်လျန် သဘောတကျ ရယ်သည်။ ထို့နောက် ဖင်လုံးလုံးအားနှစ်ချက်လောက် ရိုက်လိုက်ကာ...


"အာကျယ်လေး နောက်တစ်ခါ မဆိုးနဲ့"


"ရှုရှု ရှုရှု"


နာမည် ခေါ်ရင်းသာ တုံ့ပြန်သည်။ ဖေးယွမ်ရွှင်းက မပျော်မရွှင်ဖြင့် အခန်းထဲဝင်လာကာ ယိုအာကို ဆွဲပွေ့လိုက်သည်။ 



"ဘိုးဘေးလေး သေချာကြည့် ၊အဲ့ဒါမှ မင်းရဲ့ ပါပါး တွေ၊ သူတို့ဆီသွားချွဲ၊ တနေ့လုံး ရှုရှုနား ကပ်မနေနဲ့ ကြားလား"


ဖေးယွမ်ရွှင်းက လက်တစ်ဖက်နဲ့ ပွေ့ထားပြီး ကျန်တစ်ဖက်က ကလေးရဲ့မျက်နှာကို ရှန်တာ့တို့ဆီ လှည့်ပေးထားသည်။ ယိုအာက တွန့်လိမ်ရင်း ရှုရှုဆီ အားကိုးတကြီးကြည့်သည်။ ငို တော့မငို။


"ဖေးယွမ်ရွှင်း ... ကလေးလည်ပင်းကိုသတိထား လေ.. မင်းဘယ်လို ချီနေတာလဲ"


သူ့သား ဖမ်းချုပ်ခံထားရတာမြင်တော့ ရှန်တာ့ ဒေါသထွက်လာသည်။


"တော်ကြတော့ အဝတ်လဲစရာရှိလဲ၊ ခဏနေ ညီလာခံတက်ရတော့မယ်"


စိတ်တိုနေတဲ့ ခင်ပွန်းကိုဆွဲထားလိုက်ရသည်။ 


"ဒါနဲ့ ညီသုံး မင်းအစောကြီး ဘာလာလုပ်တာလဲ"


"ငါဒီမှာအိပ်တာပဲလေ"


"ဘာ?!"


ရှန်တာ့ ဒေါသထွက်ပြီး ရင်ဘတ်နိမ့်ချည်မြင့်ချည် ဖြစ်လာသည်။ ရှန်လျန်က ဝမ်ရယ် ရှေ့ပိတ်ရပ်ကာ


"အိုင်းယား တာ့ကော အဝတ်လဲပါတော့ဆို၊ မြန်မြန်... ကျွန်တော် ‌‌‌‌‌‌‌‌‌‌‌‌တို့လည်း မျက်နှာသွားသစ်တော့မယ်"


"ရပ်စမ်း၊ ဖေးယွမ်ရွှင်း မင်း စကားကိုရှင်းရှင်း ပြော"


ဟော်ရယ့်လင်ဆွဲထား၍ ရှန်တာ့ အော်နေရုံသာတတ်နိုင်၏။ ချီယွဲ့တို့လည်း မြှားဦးကသူတို့ဘက်လှည့်လာမှာစိုးပြီး အမြန်အခန်းထဲမှ လှစ်ထွက်ကြသည်။ 


"စောစောစီးစီး စစ်တိုက်လိုက်ရသလိုပဲ၊ မူး တောင်မူးတယ်"


ကျားကြီးလက်မှ လွှတ်မြောက်လာပြီးနောက် ရှန်လျန် နဖူးကချွေးစေးသုတ်လိုက်သည်။ 


"ကိုယ် ပြဿနာမရှာဘူး နော်"


ဖေးယွမ်ရွှင်းက သူတို့ဆက်ဆံရေးကို ပေါ်တင်ကြေငြာခြင်းအတွက် ရှန်လျန်ဒေါသတကြီး ကြည့်လိုက်သည်။ 


"ခင်ဗျားက ပြဿနာမရှာဘူးလုပ်နေ...ထိုးခံရတော့မလို့ နည်းနည်းပဲလိုတယ်"


တာ့ကောက သူတို့နှစ်ယောက်ယူမှာကို သဘောမတူမှန်းသိသိနဲ့ ညဘက် အတူအိပ်ကြောင်း သွား ပြောသေး၏။ ရှန်တာ့ကို တမင်သွားဆွတာမဟုတ်ရင် ဘာလဲ။


"အနှေးနဲ့ အမြန်သိသွားမှာပဲကို"


ဖေးယွမ်ရွှင်းက သူလုပ်တာ ဘာမှ မမှားဘူးဆိုတဲ့ဟန်နဲ့ နှုတ်ခမ်းထောင့်စွန်းက ပြုံးနေသေး၏။ လက်ထဲက ယိုအာကိုပင် စိတ်ကြည်မှန်းသိသာစွာ စနောက်နေ၏။ 


"လုပ်ချင်တာ လုပ်တော့၊ နောက်တစ်ခါဆို ခင်ဗျားနဲ့အတူ မပြေးတော့ဘူး"


အရည်ထူလွန်းသည့်သူကို ရှန်လျန် အရှုံးပေးလိုက်ရသည်။ 


"သခင်!"


နှစ်ယောက်သား ဧည့်ခန်းမနား ရောက်ချိန်တွင် လေ့ကျန်းအပြင် လူစုံတက်စုံရှိနေကြသည်။ သူတို့၏ရှေ့တွင် ဘီးလှည့်ကုလားထိုင်တစ်ခုလည်း ရှိနေ၏။ သူဘာမှ မမေးရသေးခင် ယွမ်ရှောင်းမှ ပြောလာသည်။ 


"ဒီဝှီးချဲနဲ့ဆို ဝေသခင်မ သွားလာရအဆင်ပြေ လောက်တယ်မလား၊ အမြဲတမ်းပွေ့သယ်သွားရတာထက် ရေရှည်အတွက်ဆို ဒီဘီးနဲ့က ပိုကောင်းလိမ့်မယ်ဗျ၊ ဝေသခင်မ ထိုင်လိုက်တာနဲ့ အသာတွန်း ပေးလိုက်..ရုံပဲ၊ ဘီးနဲ့ဆိုတော့ အားသိပ်ထည့်စရာမလိုဘူး၊တာ့ပေါင်တောင် တွန်းပေးနိုင်ပြီ"


ဒီပစ္စည်းက သူတို့၏ သခင်ဟောင်းမှ ပေါ်ပေါက်လာသည့် နည်းလမ်းပင်ဖြစ်၏။ တခြားကမ္ဘာတစ်ခု၌ တွင်ကျယ်စွာအသုံးပြုသည့်အရာဟု ဆိုခဲ့သေး၏။ သို့နှင့် အရိပ်တပ်သားတို့လည်း ဤတွန်းလှည်းဘီးလုပ်နည်းကို လက်ဆင့်ကမ်းသင်ခဲ့ကြသည်။ 


"ကောင်းတယ်၊ ပါပါး သွားလာရ လွယ်ကူတာပေါ့"


ရှန်လျန် ဘီးတပ်ကုလားထိုင်ကို ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဟိုဒီရွှေ့ကြည့်ကာ စိတ်ကျေနပ်နေသည်။ စမ်းသပ်ကြည့်သည့်အနေဖြင့် ယိုအာ့ကို ထိုင်ခိုင်းဖို့ ဖေးယွမ်ရွှင်းအား ပြောလိုက်သည်။ တွန်းလှည်းကို နေရာအနှံ့တွန်း ပေးလိုက်သဖြင့် ရှန်ယို တခစ်ခစ်ရယ်ကာ သဘောကျမဆုံးဖြစ်နေသည်။ 



"လျန်လျန် အရင်သွားပြီး ဆေးကြောလိုက်ပါလား"


ချီယွဲ့က သူမနက်ထဲက မျက်နှာမသစ်ရသေးမှန်းသိသဖြင့် တိုက်တွန်းလိုက်သည်။ 


ရှန်လျန်လည်း ငြင်းမနေတော့ပဲ တွန်းလှည်းကိုလွှတ်ကာ ယိုအာ့ကို ပွေ့ခေါ်သွားရန်ပြင်သည်။ ဖေးယွမ်ရွှင်းက မျက်နှာမသာမယာဖြစ်ကာ...


"လုပ်စရာရှိတာ သွားလုပ်လိုက်၊ ကိုယ်..ကလေးကြည့်ထားပေးမယ်"


"အွန်း.."


လူကြီးကြီးနဲ့ သေးသေးလေးကို ပြုံးကြည့်လိုက်ပြီး


"ယိုအာ လိမ်မာတယ်နော်.. မင့်ဦးဦးက ပလုတ်ကျင်းမျက်နှာသစ် ပေးလိမ့်မယ်၊ ရှုရှုအဝတ်လဲပြီးရင် ပြန်လာခဲ့မယ်နော်"


ရှန်လျန် ကလေးကို မွှေးကြူလိုက်သည်။ ယိုအာက သူနဲ့လိုက်ချင်ပေမယ့် ခန္ဓာကိုယ် သေးသေးလေးက နတ်ဆိုးသားရဲကြီး ဖမ်းချုပ်တာခံထားရသည်။ သူ၏ရှုရှု အခန်းထဲဝင်သွားသည်အား ကြည့်နေရုံသာတတ်နိုင်သည်။ 


"မြို့စားမင်း ကျွန်တော် လုပ်လိုက်ပါ့မယ်"


တခြားသူများနှင့်ယှဉ်လျှင် ဖန်ကျုံးယွင်က ဖေးယွမ်ရွှင်းကို ကြောက်ရွံ့နေဆဲ။ တွန့်ဆုတ်ဆုတ် ရှေ့တိုးကာ ကလေးကို ပွေ့ရန် လက်ဟန်ပြင်သည်။ မြို့စားမင်းက သခင်ငယ်လေး၏ဝေယျာဝစ္စလုပ်ပေးမည်ကို ဒီတိုင်းရပ်ကြည့်‌‌မနေဝံ့ပါ။ 


"ကောင်းပြီ"


"ဖန်ဦးဦးနဲ့လိုက်သွားနော် ..မင်းရဲ့ရှုရှုက ညစ်ပတ်

အိုး ဆို မကြိုက်ဘူး၊ ငြိမ်ငြိမ်လေးနေရမယ်၊ သိတယ် နော်"


ကလေးကိုဗိုလ်ကျနေသည့်မြို့စားမင်းကို ကြည့်နေရင်း ဖန်ကျုံးယွင်စိတ်ထဲ တွေးမိသွားသည်မှာ မြို့စားမင်းက နည်းနည်း ချစ်စရာကောင်းနေသလားလို့?



2240 words

Grape 🍇 


There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment