'ကိုယ်မပါပဲ မင်းမသွားရဘူး'
"အွန်း သွားမှာ"
ရှန်လျန်က ဖေးယွမ်ရွှင်းရဲ့အကြည့်ကို တိုက်ရိုက်ရင်ဆိုင်လိုက်သည်။ ထိုလူတွေက မြန်မြန်သေချင်နေမှတော့ သူ့တို့ရဲ့ဆန္ဒကိုဖြည့်ဆည်းပေးရမှာပေါ့ မဟုတ်ဘူးလား?
"လျန်လျန်?!"
"ကောင်းပြီ ဒါဆိုလည်း ကိုယ်မင်းနဲ့လိုက်ခဲ့မယ်"
လျန်လျန်က ဆုံးဖြတ်ပြီးပြီဖြစ်ကာ ဖေးယွမ်ရွှင်းတောင် မတားပဲ နောက်ကွယ်က ပံ့ပိုးပေးနေမှတော့ ဖုရင်တို့လည်း တားရန်မတတ်နိုင်တော့ပါ၊ သုံးယောက်လုံး ပါးစပ်လေးတွေ ပိတ်လိုက်ကြသည်။ တားမရမှတော့ ဆက်ပြောနေလည်း အပိုပဲလေ!
"မဟုတ်ဘူး၊ မလိုက်နဲ့၊ ခင်ဗျားပါမှတော့ သူတို့ဘယ်လို လှုပ်ရှားရဲမှာလဲ"
ဖုရင်တို့ သဘောမတူတာကို လစ်လျူရှုလိုက်တဲ့အပြင် ရှန်လျန်က ဖေးယွမ်ရွှင်းရဲ့ အကြံကိုလည်း ငြင်းပယ်သည်။
မြို့စားမင်းက မျက်မှောင်ကြုံ့ပြီး..
"ကိုယ်မပါပဲ မင်းမသွားရဘူး"
သူမပါပဲ ရှန်လျန် တစ်ယောက်ထဲ ထောင်ချောက်ထဲ စွန့်စားဖို့ ခုန်ဝင်သွားမှာကို ခွင့်မပြုနိုင်ပါ၊
တစ်ဖက်က ဘယ်လိုယုတ်ညံ့တာတွေ ကြံစည်နေလည်း မြင်ရတာမှ မဟုတ်တာ၊ လျန်လျန် တစ်ခုခု ဖြစ်သွားရင် သူဘယ်လိုလုပ်ရမလဲ?
"အာ... ခင်ဗျားက အရမ်းထင်ပေါ်နေတာကြီးကို"
ရှန်လျန် ငြီးငြူလိုက်မိသည်။ နောက်မှပဲ ချော့တော့မယ်လို့ တွေးထားလိုက်ပြီး ဖုရင်တို့ကို ရှင်းပြသည်။
"ဒီတစ်ခေါက် သွားဖို့ ငြင်းဆန်လိုက်တာနဲ့ သူတို့က ဘာမှမလုပ်တော့ဘူး ထင်လို့လား၊ ကျွန်တော့်ကို တမင် ဒုက္ခပေးဖို့ ရည်ရွယ်ထားကြမှတော့ နှေးတာနဲ့မြန်တာပဲရှိမှာ ၊ ဖြစ်မှာက ဖြစ်လာမှာပဲ၊ မပြင်ဆင်ပဲ ရင်ဆိုင်ရတာထက် ထောက်ချောက်မှန်းသိသိရက်နဲ့ ကြိုတင်ကာကွယ်ပြီး ခုန်ဆင်းတာက ပိုအန္တရာယ်ကင်းတယ်၊ အနည်းဆုံးတော့ တန်ပြန် တိုက်ခိုက်ဖို့ အခွင့်အရေးရှိတယ်လေ၊ ဘယ်သူက မုဆိုး၊ ဘယ်သူက သားကောင်လဲဆိုတာ နောက်ဆုံးကျရင် သိရလိမ့်မယ်"
ဒီတစ်ခေါက် အပြင်ခေါ်ထုတ်တာကို ရှန်လျန်ဘက်က သံသယရှိနိုင်တယ်လို့ မခန့်မှန်းမိရလောက်အောင် သူတို့ကလည်း မညံ့ပေ။ ဒါပေမယ့် ဆက်လုပ်ဖို့ တွန်းအားပေးနေတဲ့ အချက်နှစ်ချက် ရှိနေသည်။တစ်ချက်က ရှန်လျန့်ကို ထပ်သည်းမခံနိုင်လောက်အောင် မုန်းတီးနေတာရယ်၊ နှစ်အချက်က ရှန်လျန့်ကို ကြောက်နေစရာမလိုပဲ သူတို့၏အကြံကသေချာပေါက် အောင်မြင်မယ်လို့ ယုံကြည်ထားတာကြောင့် ဖြစ်၏။ သူတို့မသိတာက ရှန်လျန်က ပြန်လည် မွေးဖွားလာသူဖြစ်ပြီး အားလုံးကို ကြိုတင်ပြင်ဆင်ထားမယ်လို့ မထင်ထားတာကြောင့် သူတို့နဲ့လိုက်လာသရွေ့ သေချာပေါက် အဆုံးသတ်နိုင်မည်လို့ တစ်ထစ်ချ ယုံကြည်နေကြသည်။
"ဒါပေမယ့်လည်း...."
ချီယွဲ့နဲ့ချီရွှမ်းကတော့ သဘောမတူချင်သေး၊ ဖုရင်က တွေးဆဆနှင့် အတန်ကြာမှ...
"ကောင်းပြီ လျန်လျန်သွားမယ်ဆို သွားပါ၊ လေ့ကျန်းနဲ့ ယောင်းကွမ်ကိုတော့ ခေါ်သွားရမယ်၊ ပြီးတော့ အရိပ်တပ်သားတွေကို ပုန်းကွယ်ပြီး လိုက်ခိုင်းရမယ်၊ အားလုံးကြိုပြင်ဆင်ထားမှ ဘာမှ မဖြစ်နိုင်မှာ"
"သေချာတာပေါ့၊ ကျွန်တော်တစ်ယောက်ထဲ လျှောက်မပြေးပါဘူး၊ စိတ်ချ "
ရှန်လျန် ကတိအထပ်ထပ် ပေးလိုက်သည်။ ဖုရင်က သူ့ကိုတားမရလျှင် သူနဲ့အတူ လူတွေ ထည့်ပေးလိုက်မှာမှန်း သိပြီးသားပင်။ ဖုရင်က အတိတ်မှာ မဟုတ်မမှန် စွပ်စွဲတာကိုကြုံခဲ့ဖူးသူမို့ စိုးရိမ်တာက ပုံမှန်ပင်။
"အစ်ကိုလည်း လိုက်မှာနော် လျန်လျန်.. အစ်ကို့ကိုလည်း ခေါ်သွားပါ"
လူတွေလိုက်ရမယ်ဆိုတော့ ချီရွှမ်းက ဝင်တောင်းဆိုသည်။ ရှန်လျန် သွားမှာကို သူကစိတ်ချလက်ချ နေခဲ့လို့ဘယ်ဖြစ်မလဲ?
ချီယွဲ့က လိုက်ချင်လည်း မလိုက်နိုင်ပေ။ နောက်တစ်နေ့မှာ ရှန်လျန့်လက်အောက်က လုပ်ငန်းများစွာကို စီမံခန့်ခွဲဖို့ လုပ်ဆောင်ရဦးမည်။
ပြီးတော့ ချီယွဲ့က ကိုယ်ခံပညာလည်း တတ်ကျွမ်းခြင်းမရှိရာ သူသွားရင် ဝန်ထုတ်ဝန်ပိုးပဲဖြစ်လိမ့်မည်။ နောက်ဆုံးတော့ ရွေးချယ်စရာမရှိပဲ နေခဲ့လိုက်ရသည်။
"လေ့ကျန်းနဲ့ ယောင်းကွမ်ပါရင် ရပြီ၊ ယွဲ့ကောကလည်း အလုပ်တွေ ရှိသေးတယ်၊ မနက်ဖြန် ဦးလေးဖုက အိမ်ကိစ္စအားလုံးကို တစ်ယောက်ထဲ မကိုင်တွယ်နိုင်ဘူး၊၊ ရွှမ်းကော က ကူညီပေးမှရမှာ၊ စိတ်အေးအေးထား ကျွန်တော် ဘေးကင်းကင်းနဲ့ အိမ်ပြန်လာခဲ့မယ်"
ရှန်လျန် သူတို့ကို မခေါ်သွားချင်တာ မဟုတ်ပါ၊ ရှန်ကျိုးတို့နဲ့ ချိန်းထားတာကိုလည်း ရွေ့ဆိုင်းခိုင်းရဦးမည့်အပြင် အရင်ဘဝက ဖြစ်ပျက်သွားတာတွေကို လည်း ထည့်စဉ်းစားရသေးသည်။ ဒီတစ်ကြိမ်တော့ ချီယွဲ့နဲ့ ချီရွှမ်းတို့ကို ထပ်ပြီး ဒုက္ခမခံခိုင်းတော့ပါ။
ချီရွှမ်းက ဖုရင်နဲ့ ချီယွဲ့တို့ကို စစ်ကူတောင်းသည့် အနေဖြင့်ကြည့်သော်လည်း ဘယ်သူမှ သူ့ဘက်မပါသောအခါ ရှန်လျန်ပြောသလိုသာ နာခံလိုက်ရသည်။
"ဒါဆိုလည်း အစ်ကိုအိမ်မှာပဲ နေခဲ့ပါ့မယ်၊ ဒါနဲ့လေ လျန်လျန်က ကြာလေကြာလေ အစ်ကို့ကို မလိုအပ်တော့သလိုပဲ"
ရင်ထဲမှာ ခါးသက်သက်နှင့် ထိုသို့မတွေးပဲ မနေနိုင်ချေ။ လျန်လျန်က အိမ်ကထွက်တိုင်း လေ့ကျန်းနှင့်ယောင်းကွမ်ကိုသာ ခေါ်သွားသည်။ သူ့အစ်ကိုချီယွဲ့ကျတော့ အိမ်ကိစ္စစီမံရတာနဲ့ မို့ မသိသာပေမယ့် သူကျတော့ မတူညီ။
နေ့စဉ် နေ့တိုင်း ကိုယ်ခံပညာေလ့ကျင့်လိုက်၊ဝေယျာဝစ္စ နည်းနည်းပါးပါးလုပ်လိုက်ရုံနဲ့တင် တစ်နေ့တာ ပြီးဆုံး၏။ ဒါကြောင့် တဖြည်းဖြည်း သူ့ကိုယ်သူ ဘောင်မဝင်သလို ခံစားလာရသည်။ သူကဒါမျိုးဖြစ်ချင်တာမှ မဟုတ်တာ။
" ဘာတွေလျှောက်ပြောနေတာလဲ? ဘယ်လိုလုပ်အစ်ကို့ကို မလိုအပ်ပဲ နေမှာလဲ?"
တစ်ကယ်တော့ ဒီရက်ပိုင်း ရှန်လျန် တစ်ကယ်ပဲ သူတို့ကို လစ်လျူရှုမိနေသည်ကိုတော့ ဝန်ခံသည်။ ချီရွှမ်းရဲ့ပခုံးကို လှမ်းဖက်ပြီး စိတ်ဓာတ်ကျနေတဲ့ အကြည့်တွေကို ရင်ဆိုင်လိုက်သည်။
"ရွှမ်းကော .. အစ်ကိုကျွန်တော့်ကို ကာကွယ်ပေးနိုင်မယ့်နေ့ကို ကျွန်တော်က စောင့်နေတာပါ၊ အစ်ကိုက အသုံးမဝင်တာ မဟုတ်ဘူး၊ သန်မာသင့်သလောက် မသန်မာသေးတာ၊ တစ်ကယ်လို့ အစ်ကိုတစ်ယောက်ထဲ အန္တရာယ်တွေကို ရင်ဆိုင်နိုင်တဲ့နေ့ရောက်လာရင် ကျွန်တော့် ညာလက်ရုံးဖြစ်လာမှာပဲလေ"
ချီရွှမ်းကို နှစ်သိမ့်ပေးနေတာ မဟုတ်ပဲ ကိုယ်ခံပညာသင်တာက ရက်အနည်းငယ်နဲ့ မကျွမ်းကျင်နိုင်ကြောင်း ပြောပြနေတာ ဖြစ်၏။ ချီရွှမ်းမှာ ပါရမီ ပါတယ်လို့ လေ့ကျန်းက ပြောပြထားသည်။ ထို့ကြောင့် ငယ်စဉ်ကတည်းက မလေ့ကျင့်ခဲ့သော်လည်း သင်ယူချင်သည့် ဆန္ဒပြင်းပြနေသရွေ့ တစ်နေ့မှာ လက်နက်ကောင်း ဖြစ်လာမှာပင်။ ထိုအခါမှ ယောင်းကွမ်၏ နေရာကို ယူပြီး ရှန်လျန့်ကို ကာကွယ်ပေးလျှင်လည်း နောက်မကျသေး။ ယောင်းကွမ်က တစ်ကယ်တမ်း သံမဏိတပ်ဖွဲ့ဝင် ခေါင်းဆောင် တစ်ဦးဖြစ်တာကြောင့် အမြဲတမ်း ရှန်လျန့်ဘေးမှာ မနေနိုင်ချေ။
ရှန်လျန်က ချီယွဲ့နဲ့ ချီရွှမ်းအပေါ် မျှော်လင့်ချက် ကြီးကြီး ထားကြောင်း ထုတ်မပြတာပဲ ရှိ၏။
"တစ်ကယ်လား၊ ဒီတိုင်းပြောလိုက်တာ မဟုတ်ပါဘူးနော်"
ချီရွှမ်းက သံသယ ဝင်နေဆဲ၊ လျန်လျန်က သူ့ကို မလိမ်လောက်မှန်း သိပေမယ့် သူ့ကိုယ်ပိုင်အရည်အချင်းက သူများလို ကျွမ်းကျင်ဖို့ အဝေးကြီးလိုသေးမှန်း သိ၏။
"လျှောက်ပြောလို့ရော ကျွန်တော့မှာ ဘာအကျိုးအမြတ်ရှိလို့လဲ"
ရှန်လျန်မှာ ရယ်ရခက် ငိုရခက်။ သူတို့စိတ်ထဲ သူ့ကို ဘယ်လိုလူလို့တွေးနေကြပါလိမ့်!
"ဟုတ်ပါပြီ ဒါဆို အစ်ကို သေချာ လေ့ကျင့်ပါ့မယ်၊ အနာဂါတ်မှာ လျန်လျန့်ကို ကာကွယ်ပေးရမယ့်သူက အစ်ကိုတစ်ယောက်တည်း ဖြစ်စေရမယ်"
လက်သီးကျစ်ကျစ်ပါအောင် ဆုပ်လျက် ချီရွှမ်း၏မျက်လုံးထဲ ယုံကြည်ချက်အပြည့်ဖြင့် တလက်လက်တောက်ပနေသည်။
"အင်း.. ကျွန်တော် မျှော်နေမယ်နော်"
ရှန်လျန် ခေါင်းငြိမ့်ကာ ချီရွှမ်းရဲ့ပခုံးကို ပုတ်ကာ အားပေးသည်။ ထို့နောက် တစ်ဖက်သို့လှည့်လိုက်သော် မျက်နှာပေါ်က အပြုံးတွေ တည်ကြည်သွားသည်။
အိမ်း.... ဒီလူကို မလိုက်အောင် တားဖို့က အခက်ဆုံးပဲ။
"သခင် ပင်မ အိမ်တော်က သတင်းရောက်လာပါတယ်၊ လျိုရှုဟန်က ကိုယ်ဝန်နှစ်လရှိနေပါပြီတဲ့၊ စွင်းကျင့်က သမားတော်လွှတ်ပြီး အတည်ပြုစစ်ဆေးနေပါတယ်"
ရုတ်တရက် လေ့ကျန်း ရောက်လာပြီး သတင်းပို့သည်ကိုကြားသော် အားလုံး ကြောင်အမ်းသွားသည်။ ဘာတဲ့? ကိုယ်ဝန်! လျိုရှုဟန်က အသက်သုံးဆယ်ကျော်မကလို့ လေးဆယ်ပဲပြည့်တော့မှာကို ရုတ်တရက်ကြီး ကိုယ်ဝန်ဆောင်ရတယ်လို့ ? တိုက်တိုက်ဆိုင်ဆိုင် ရုန်းရင်းဆန်ခတ်အချိန်ကြီးမှာလေ?
"စွင်းကျင့် ပင့်ထားတဲ့သမားတော်က ဘယ်သူလဲ သွားစုံစမ်းလိုက်"
ရှန်လျန်က တည်ငြိမ်စွာနဲ့ အမိန့်ပေးလိုက်သည်။
သူမှတ်မိတာ မမှားရင် လျိုရှုဟန်က ဒီကာလမှာ ကိုယ်ဝန်မဆောင်ခဲ့တာ သေချာတယ်၊ ကိုယ်ဝန်အတုလို့ပြောရအောင်လည်း လျိုရှုဟန်က ငတုံးမဟုတ်ဘူး၊ စွင်းကျင့်က သေချာပေါက် သမားတော် ပင့်ပြီး စစ်မှာပဲ၊ ဒီကိစ္စက အတော်လေး ထူးဆန်း၏။ ဖြစ်နိုင်ချေက အစတည်းက ကြိုတင်ကြံစည်ထားလို့ပဲ၊ အချိန်က ကွက်တိလာတိုက်ဆိုင်နေတာ။
"ဟုတ်ကဲ့"
လေ့ကျန်းက အမိန့်ရတာနဲ့ လုပ်ဆောင်ဖို့ ချက်ချင်း ထွက်သွားသည်။ ချီယွဲ့တို့က ရှန်လျန့်ကိုရှေ့ဆက် ဘာလုပ်သင့်လဲ အကဲခတ်နေကြ၏။လျိုရှုဟန်ရဲ့ ကလေးက အစစ် ဟုတ်ဟုတ်မဟုတ်ဟုတ် သူတို့စိတ်မဝင်စား၊ သူတို့က ရှန်လျန် စိတ်တိုမှာကိုပဲ စိုးရိမ်တာ ဖြစ်၏။ ရှန်ရှောင်နဲ့ ရှန်ချောင်ရဲ့ အဖေတူ၊ အမေကွဲ တည်ရှိမှုကတင် အော့အန်ချင်စရာကောင်းနေပြီမို့ အခု နောက်ထပ်တစ်ယောက်သာ ထပ်ရခဲ့ရင်...၊ ဒီကလေးက အမှန်တစ်ကယ် မတည်ရှိပါစေနဲ့ဟုသာ ဆုတောင်းနေမိကြတော့၏။
"ရှန်ရွေ့ထင်က ကလေးမရှိတာ နှစ်တွေကြာသွားပြီဆိုတော့ အခု လျိုရှုဟန်ရဲ့ ကိုယ်ဝန်က သူ့ကိုသက်ရောက်သွားနိုင်တယ်၊ ပြောမရဘူး အိမ်အာဏာက လျိုရှုဟန် ပြန်လွှဲယူနိုင်မယ်ထင်တယ်၊ စွင်းကျင့်က တရားဝင်ဇနီးမှ မဟုတ်တာ၊ သူ့နေရာက အတည် တကျ မဖြစ်နိုင်ဘူး၊ ဒီအချက်ကို ရှန်ရွေ့ထင်လည်း တွေးမိမှာပဲ၊ နောက်ပြီးတော့ မနက်ဖြန် ဘုရားကျောင်း သွားမယ့် ကိစ္စမှာ တစ်ခုခုဖြစ်ခဲ့ရင် လျိုရှုဟန်က နောက်ကွယ်က ကြိုးကိုင်ထားတယ်ဆိုရင်တောင် နေရာမှာ သူမရှိတော့ ပြဿနာကနေ ရှောင်ပြီးသား ဖြစ်သွားမယ်၊
နောက်ပြီး သူ့ကလေးက တစ်ကယ်ဆိုရင် တစ်ဘဝလုံး ကံဆိုးမိုးမှောင်ကျမှာပဲ၊ ကလေးရဲ့ တစ်ဘဝလုံး စွန့်စားနေရမှာ၊ ဘာလို့ဆို စွင်းကျင့်က လုံးဝ လက်ခံမှာ မဟုတ်လို့ပဲ၊ ကိုယ်ဝန်ဆောင်ကာလကတည်းက မပျက်ပျက်ကျအောင် နည်းမျိုးစုံ လုပ်မှာ ပဲလေ၊ ဒါပေမယ့်လည်း ကလေးပျက်ကျရင် စွင်းကျင့်နဲ့ ကျွန်တော်က ကြံစည်တာပါလို့ ရည်ရွက်ချက် ရှိရှိ ပစ်မှတ်ထားဦးမှာ"
လျိုရှုဟန်ရဲ့ ဒီတစ်ခေါက်ပစ်မှတ်က စွင်းကျင့်ကိုပဲ၊ သူနဲ့စွင်းကျင့်မှာ စွင်းကျင့်ကို ပစ်မှတ်ထားရတာက ပိုလွယ်တယ်၊ ရှန်လျန်က အရာအားလုံးဆုံးရှုံးပြီးသားလူဖြစ်တာကြောင့် ထောင်ချောက်ဆင်ဖို့မလွယ်ဘူး၊
စွင်းကျင့်ကျတော့ မတူဘူး၊ အဲ့ဒီတော့ ကိုယ်ဝန်က တစ်ချက်ခုတ် နှစ်ချက်ပြတ်၊ ကလေးရှိနေရင် သူနဲ့စွင်းကျင့်ကိုလည်း ဒုက္ခပေးနိုင်မယ်၊ ကလေးမရှိတော့ရင်လည်း စွပ်စွဲလို့ရနိုင်သေးတယ်၊ အဲ့ဒါအပြင် အမတ်ကြီးရဲ့ အာရုံစိုက်တာကိုလည်း ခံရဦးမယ်၊ ကလေးကိစ္စက အတော်လေး အလျဉ်းသင့်နေတယ်။
ရှန်လျန်က အချိန်တိုလေးအတွင်းမှာ ခွဲခြမ်းစိတ်ဖြာလိုက်နိုင်ရာ ချီယွဲ့၊ ချီရွှမ်း နဲ့ ဖုရင် ကို မပြောနှင့် ဖေးယွမ်ရွှင်းပင် လက်ဖျားခါရသည်။ ရှန်လျန်က သာမာန်'ကော'တစ်ယောက်
မဟုတ်ပဲ အနောက်မောင်းမဆောင်မှာ နှစ်ပေါင်းများစွာ အတွေ့ကြုံရှိဖူးသူလိုပင်။ တစ်ချက်ကြည့်လိုက်တာနဲ့ တစ်ဖက်လူ၏အကြံကို ထွင်းဖောက်သိသည်။
"ကိုယ်ဝန်က အစစ်ဆိုရင်က ထားပါတော့၊ အတုဆိုရင် ဖော်ထုတ်ကြမှာ မဟုတ်လား"
ကိုယ်ဝန်သတင်းနဲ့တင် စိတ်မသက်မသာ ဖြစ်အောင် လုပ်နိုင်သည်။ လျိုရှုဟန်မှာ အော့နှလုံးနာအောင်လုပ်နိုင်တဲ့အကြံပေါင်း သောင်းခြောက်ထောင် ရှိနေပုံပဲ၊ ချီယွဲ့က မနေနိုင်ပဲ မေးလာသည်။
"အလျင်မလိုဘူး၊ လေ့ကျန်းပြန်လာတာကို စောင့်မယ်"
ရှန်လျန်က လက်ခါယမ်းလိုက်ပြီး ထိုအကြောင်း ဆက်မပြောတော့ချေ။ ထိုအစား အနောက်ဘက်လှည့်လိုက်သော် ကိုင်တွယ်ရအခက်ဆုံး လူကို မြင်လိုက်ရ၏။
"ထက်မြက်ပြီး ဉာဏ်အမျှော်အမြင်ကြီးမားတဲ့ ကျွန်တော့်ရဲ့ မြို့စားမင်းခင်ဗျာ၊ ကျွန်တော့်ကို တစ်ခါလောက် မျက်နှာသာ ပေးပါနော်"
ရှန်လျန်က သူ့ရဲ့ ဟိတ်ဟန်ကို ပြန်သိမ်းကာ ရုတ်တရက် ဖေးယွမ်ရွှင်း၏ လက်မောင်းကို ဖက်လျက် ချွဲသည်။ ဒီလိုအချိန်မှာ သူ့ကိုအလိုလိုက်ဖို့ ချွဲသင့်သည်။ ကိုယ်ပိုင် စရိုက်မဟုတ်ရင်တောင် ထုတ်သုံးသင့်သည့်အချိန် ထုတ်သုံးရမည်ဟု ရှန်လျန်တွေးသည်။
ဖေးယွမ်ရွှင်းက တွန့်သွားပြီး လာဖက်တဲ့ လက်ကို ဖယ်ချသည်။
"ပြောစရာရှိတာ တိုက်ရိုက်ပဲပြော၊ ရုတ်တရက်ကြီး ဒီလိုလာလုပ်ရင် နေမကောင်းဖြစ်ချင်သွားတယ်"
ရှန်လျန်ရဲ့ ရှားပါးတဲ့ အပြုအမူကို မနှစ်သက်တာမဟုတ်ပဲ ၊ထိုအစားပိုတောင် ချွဲစေချင်ပါသေး၏။ ဒါပေမယ့်လည်း ချွဲရတယ့်ရည်ရွယ်ချက်က သိသာနေတာကြောင့် ပျော်လည်းပျော်သလို၊ မပျော်လည်း မပျော်ချေ။
"ဘာကိစ္စ နေမကောင်း ဖြစ်ချင်ရတာလဲ"
ရှန်လျန် ရယ်ရခက် ငိုရခက်ဖြစ်ကာ လူကို ဆွဲ၍ ထိုင်ခုံမှာ ထိုင်ခိုင်းလိုက်သည်။
ဖုရင်တို့က အချင်းချင်း မျက်စိပစ်လျက် ပဲကြီးလှော်ကြား ဆားညှပ်နေလေတယ်။ မီးသီးတွေက လိုအပ်တာထက် အလင်းရောင်ပိုများနေလို့ ဘေးမှာရှိတဲ့မီးသီးတွေက သူတို့ရဲ့မျက်လုံးမကန်းအောင် ကာကွယ်ထားရသည်။
"ကိုယ်နေမကောင်းဖြစ်သွားရင် မင်းပဲ ပြုစုပေးရမှာလေ.. ပင်ပန်းမှာနော်"
အချစ်မှာအကြီးကျယ် နစ်ဝင်နေသည့် စကားလုံးများဖြစ်သည် ။
"ဟုတ်ပါပြီ ဟုတ်ပါပြီ စကားတတ်လိုက်တာ၊ ကဲ အခု အရေးကြီးတာ ပြောလို့ရပြီလား"
ရှန်လျန်မှာ ရယ်မောလိုက်ရင်း ဖေးယွမ်ရွှင်းကို ရေနွေးငှဲ့ပေးရန်လည်း မမေ့ပါချေ။သူ့အပြုအမူက ဖားနေမှန်း သိသာသော်လည်း ခုလို ချွဲလာတာကို မြို့စားမင်းက ဆယ်ခါပြန် လက်ခံရန်ဆန္ဒရှိမှာပင်။
ဖေးယွမ်ရွှင်းက ရေနွေးခွက်ကို ယူကာ ကျေနပ်စွာ တစ်ငုံသောက်ပြီး လည်ချောင်းရှင်းလိုက်သည်။
"ညစာကို ဒီမှာပဲ စားမယ်၊ မင်းချက်ကျွေးမှာ မလား"
ရှန်လျန် ထမင်း၊ဟင်းချက်တတ်မှန်း သိထားတာကြောင့် သေချာပေါက် ဒီအခွင့်အရေးကို လက်လွှတ်မခံနိုင်ပါ။
"ကောင်းပါပြီဗျာ၊ ကျွန်တော် သွားပြင်ဆင်လိုက်မယ်"
"ကိုယ်က ငါးကြိုက်တယ်"
"ပြဿနာမရှိဘူး၊ ချက်ချင်းလူလွှတ်ပြီး ဝယ်ခိုင်းလိုက်မယ်"
"ဒါပေမယ့် တစ်ခုတော့ ကြိုပြောထားမယ်နော်.. ကိုယ့်ကိုပေးမသွားရင် မင်းလည်း မသွားရဘူး"
"သောက်မနေတော့နဲ့!"
ရှန်လျန်၏ စိတ်ရှည်မှုက အတိုင်းအတာ တစ်ခုသို့ရောက်သွားပြီဖြစ်ရာ ရေနွေးဆက်မငှဲ့တော့ပဲ ခွက်ကို ဆွဲယူလိုက်သည်။
"မင်းလေးက ခွေးနှစ်မှာ မွေးလာတာလား အဲ့လောက် စိတ်အပြောင်းအလဲ မြန်တာ? ကိုယ့်ကို လည်း မကြောက်ဘူး"
ဖေးယွမ်ရွှင်းက ဆွဲယူခံလိုက်ရတဲ့ ရေနွေးခွက်ကို ချက်ချင်း ပြန်ယူပြီး တစ်ကျိုက်ထဲ မော့သောက်ပစ်လိုက်သည်။
"နောက်တစ်ခါဆို အကြောင်းသိအောင် ကိုက်ပစ်မယ်... ယုံလား"
"ယုံတယ်.. ယုံတာပေါ့.. ဒါပေမယ့် ကိုယ့်ကိုလည်းတစ်ခါလောက် မျက်နှာသာပေးပါဦးကွာ နော်"
ဖေးယွမ်ရွှင်းက သူ ..ရှန်လျန့်ကို မဆန့်ကျင်နိုင်မှာ ကြိုသိနေပေမယ့် ရွေးချယ်စရာလမ်းတော့ ချန်ထားမှဖြစ်မည်။
ရှန်လျန်၏ နဖူးကို တောက်ကာ ကူကယ်ရာမဲ့စွာနဲ့ ရလိုရငြား တောင်းဆိုကြည့်ရသေး၏။
2810 words
Grape 🍇