no

Font
Theme

'စတုတ္ထမင်းသားနဲ့ အမှတ်မထင်‌တွေ့ဆုံခြင်း'

ချင်အင်ပါယာတွင် တည်ရှိသော အကြီးဆုံးဘုရားကျောင်း ဖြစ်သည်နှင့်အညီ ဗိသုကာလက်ရာများ ခမ်းနားစွာ ဆောက်လုပ်ထားပြီး၊ ဘုရားပရဝုဏ်က ကျယ်ဝန်းလှသည်။ ရှန့်ကောဘုရားကျောင်း၌ သီတင်းသုံးနေကြသော ဘုန်းတော်ကြီးများကိုလည်း အထင်သေး၍မရချေ။ တစ်ပါးစီတိုင်းက အင်ပါယာ၌ သိက္ခာဂုဏ်သတင်းကျော်စော၏။

ကျောင်းဆောင်အတွင်းဘက်မှ ဘုရားရုပ်ပွားတော်အား အသက်ဝင်စွာထွင်းထု ပူဇော်ထားကြပြီး အလှူငွေပေါင်းများစွာကို အခြားဘုရားကျောင်းများထက် ပိုရ၏။

ရှန်မိသားစုက ဘုရားတောင်ထိပ်သို့ရောက်ချိန်သည် နေ့ခင်းဘက်ဖြစ်ရာ နောက်ကျနေပြီဟုဆိုရ၏။

"ဒကာ၊ဒကာမတို့ တောင်ဘက် နားနေ‌ဆောင်မှာ အနားယူနိုင်ပါတယ်၊ သိပ်မကြာခင်အစားအသောက်တွေကို အခန်းထဲ ပို့ပေးလိုက်ပါမယ်"

ငယ်ရွယ်ကာ သိမ်မွေ့ဟန်ရှိသော ကိုရင် တစ်ပါးက လက်အုပ်ချီဟန်ပြုလျက် ဖိတ်ကြားလာသည်။

သခင်မကြီးရဲ့ နဂိုက စိတ်မကြည်မလင်ဖြစ်မှုဟာ ရုတ်ချည်း ငြိမ်းချမ်းသွားသည်။

"ဒုက္ခပေးမိပါပြီ ကိုရင်၊ ဒါနဲ့ ကျန်းမင်ဆရာတော်နဲ့ တွေ့လို့ရမလား မသိဘူး"

"ဒကာမကိုပြန်ဖြေပါတယ်၊ ဆရာတော် ကျန်းမင်က တော်ဝင်မင်းသားများနဲ့ မြို့စားမင်းတို့ကို တွေ့ဆုံနေပါတယ်၊ ဒကာမတို့ ကိစ္စအရေးကြီးရင် ကိုရင် ဆရာတော်ဆီ သွားပြောပေးပါ့မယ်"

"အဲ့လိုဆိုလည်း ကိုရင့်ကို ဒုက္ခမပေးတော့ပါဘူး"

"နားနေ‌ဆောင်က ဒီဘက်မှာပါ"

ကိုရင်လေးနဲ့ အဖွားအိုတို့ နှုတ်ဆက်စကားဆိုပြီးသည်နှင့် ကိုရင်လေးက ရှေ့မှဦးဆောင်ကာ ခေါ်သွားသည်။ တစ်ခဏခန့်လမ်းလျှောက်ပြီးနောက် သစ်သားခြံဝန်းလေးနားရောက်သွားသည်။

"ဒီနေရာက ဟိုင်ထန်ခြံဝန်းလို့ခေါ်ပါတယ်၊ ခြံဝန်းတွေထဲမှာ အကျယ်ဆုံးပဲ၊ ဒကာမလေးတွေက ဒီမှာ အနားယူနိုင်တယ်၊ ဒကာလေးတွေကိုတော့ ဘေးဘက်က တုံမေ့ခြံဝန်းမှာ နေရာချပေးပါမယ်၊ အဆင်ပြေတယ်မဟုတ်လား"

ကိုရင်လေးက ဟိုင်ထန်ခြံဝန်းအကြောင်း ပြောပြရင်း ဘေးခြံဝန်းကိုလည်း ညွှန်ပြသည်။

"တင်ပါ့ ကိုရင်လေးကို ဒုက္ခပေးမိပါပြီ"

အဖွားအိုက ရိုသေစွာ ဦးညွှတ်ဂါရဝပြုလိုက်သည်။

"အဆင်ပြေပြီဆိုမှတော့ ကိုရင် ပြန်ကြွပါတော့မယ်"

ရှန်လျန်က ဟိုင်ထန်ခြံဝန်းထဲက အိမ်သုံး‌ဆောင်ကိုကြည့်လိုက်ပြီး မျက်ဝန်းထဲ အလင်းတန်းတစ်ချက် ဖြတ်သွားသည်။ သို့သော် ကိုရင်ပြန်ကြွသွားသည်နှင့် သခင်မကြီးရဲ့မျက်နှာက ချက်ချင်း ပြောင်းလဲသွားသည်။

"ရှောင်စန်း(မြေးသံုး)၊ ရှောင်ဝူ(မြေးငါး) မင်းတို့နှစ်ယောက် ဘေးခြံမှာ နေလိုက်"

ပြန်ညွှန်ကြားပေးပြီး လူအုပ်စုကိုဦးဆောင်ကာ ဟိုင်ထန်ခြံဝန်းကျယ်ထဲ ဝင်သွားသည်။

သခင်မကြီး၏နောက်သို့ လိုက်ပါဝင်သွားသောအစောင့်နဲ့ အစေခံများကို ကြည့်ရင်း ခြံအပြင်ဘက်တွင် ရှန်လျန် ၊ရှန်ဟွေးနဲ့ လေ့ကျန်းတို့သုံးဦးက မျှော်လင့်ချက်မဲ့လျက် ချန်ထားခံခဲ့ရသည်။

"ညီငယ် ငါတို့ ဝင်ကြမလား"

ရှန်ဟွေးက ရှန်လျန့်ကို အနည်းငယ်တုံ့ဆိုင်းဆိုင်းနဲ့ ကြည့်လိုက်သည်။ အချိန်အကြာကြီး မျက်နှာချင်းမဆိုင်ရဲပဲ ရှန်လျန့်ကို ကြောက်နေသည်။

ရှန်လျန်မှာ ရှန်ဟွေး ချွေးစေးပျံနေတာကို သတိထားမိလိုက်သည်။ အတော်လေး နေရခက်နေသလိုပင်။ ရှန်လျန် ဆက်မကြည့်တော့ပဲ ပေါ့ပေါ့ပါးပါးပြောလိုက်၏။

"စန်းကော လူတိုင်းက ကိုယ်မွေးဖွားချင်တဲ့နေရာကို ရွေးချယ်လို့မရဘူး၊ ကံကြမ္မာအတိုင်းဖြစ်လာကြတာ၊ ဒုတိယမိသားစုက ရှန်ယန်အစား ကောကို နေရာပေးမယ်လို့ မျှော်လင့်နေတာလား? ကိုယ့်ကိုကိုယ် ရိုးသားပါ၊ ရှန်ယန် မရှိတော့ရင်တောင် ရှန်ယန်ကျန်သေးတယ်၊ အဒေါ်နှစ်အတွင် ကောက ဘယ်လိုလူမျိုးလဲ သေချာတွေးကြည့်၊ အနာဂါတ်အတွက် ကိုယ်လျှောက်မယ့်လမ်းကိုရွေးချယ်ပါ"

သတိပေးပြီးသည်နှင့် ခေါင်းငိုက်စိုက်လျက် ငေးငိုင်နေတဲ့ ရှန်ဟွေးရဲ့ တုံ့ပြန်သံကိုမစောင့်တော့ပဲ ရှန်လျန်နဲ့လေ့ကျန်းက သူ့အား နေရာမှာတင်ထားခဲ့လိုက်သည်။

တစ်ခဏခန့်တွေးနေမိပြီးနောက် ရှန်ဟွေး လက်သီးတင်းတင်းဆုပ်လိုက်သည်။ အကြည့်တွေက အကြင်နာတရားကင်းမဲ့လာပြီး နာကျည်းမှုအပြည့်နဲ့ ပြင်းထန်တဲ့ အမုန်းတရားတွေပေါက်ဖွားလာသည်။

ဟုတ်တယ် သူဘာမှားလို့လဲ၊ ဘယ်သူမှ စိတ်ကြိုက်မွေးဖွားလာဖွင့်မရှိဘူး၊ ကံကြမ္မာအရ ရှင်သန်လာရတာ၊ အနာဂါတ်မှာ သူရွေးချယ်တဲ့ လမ်းကပဲ ဒုတိယမိသားစုကို ဖိနှိပ်လို့ရမယ်၊ အောင်မြင်တဲ့လမ်းရောက်ဖို့က အတားအဆီးမှန်သ‌မျှကို ဖြတ်ကျော်ရမယ်။

"ရှန်ဟွေးက ပြဿနာဖြစ်လာနိုင်လား သခင်"

တစ်ကယ်တော့ တုံမေ့ခြံဝန်းက ဟိုင်ထန်ခြံဝန်းနီးပါးကျယ်ပါ၏ ။ ရှန်လျန်က သူနေမယ့်အခန်းကို ဟိုင်ထန်ခြံဝန်းနဲ့ အနီးဆုံးနေရာနား ရွေးချယ်လိုက်၏။ လေ့ကျန်းက ခြံဝန်းထဲဝင်လာတဲ့ ရှန်ဟွေးရဲ့ နာကျည်းမှုအရိပ်အယောင်တွေကို သတိထားမိသည်။ အသက်အရွယ်နဲ့ မလိုက်အောင် အန္တရာယ်ပြုမည့် အနေအထားကို ခံစားမိသည်။

"ဒီအိပ်ဆောင်မှာ သူငါနဲ့ တူတူ လာအိပ်မယ်လို့ပြောရင် မင်းယုံမလား"

ရှန်လျန့်စကားပင် မဆုံးသေး ရှန်ဟွေးက သူတို့ဆီတည့်တည့်လာနေပြီ။

လေ့ကျန်းက ရှန်ဟွေးအခန်းထဲ ဝင်လာတာတွေ့တော့ မနှစ်သက်စွာ မျက်မှောင်ကြုံ့၏။

"ဝူတိ ဒီအိပ်ဆောင်က အခန်းသုံးခန်းတောင်ရှိတာ၊ ငါတို့ ကပ်ရပ်နေကြမယ်လေ၊ နီးတော့ မပျင်းရတော့ဘူးပေါ့ "

"ယဉ်ကျေးမှုမရှိလိုက်တာ"

လေ့ကျန်းက ရှန်လျန့်အား ရှန်ဟွေးမမြင်နိုင်အောင် ပိတ်ကာလိုက်သည်။ အဆိပ်ပြင်းမယ့်မြွေမျိုး၊ ဒုတိယအိမ်ထောင်စုကိုမှ တရားမဝင်ဇနီးရဲ့သားဖြစ်သူက တုံးလင်အိမ်တော်ရဲ့အမွေစားအမွေခံ သားနဲ့ အိပ်ဆောင်တစ်ခုထဲ လာအိပ်ချင်နေသေးတယ်ပေါ့?

"ဝူတိ...."

ရှန်ဟွေးက ဘာလုပ်ရမှန်းမသိစွာနဲ့ ထိတ်လန့်တကြား နောက်သို့ ခြေနှစ်လှမ်း ပြန်ဆုတ်လိုက်သည်။ လေ့ကျန်း၏ ဆူပူမှုကြောင့် ရှန်လျန့်ကို အကူအညီတောင်းသည့်အကြည့် ကြည့်၏။

ရှန်လျန်က ငယ်သားကိုဆူပူမယ့်အစား.

"စန်းကော ကျွန်တော်တို့က ညီအစ်ကိုတွေဆိုပေမယ့် ကျွန်တော်က 'ကော'လေ၊ ဒီဝိုင်းထဲမှာ အိပ်ဆောင်နှစ်ခု ရှိတာကို ဒီမှာမှ လာအိပ်ချင်တယ်ဆိုရင်လည်း ကျွန်တော်ဘာမှပြောမှာ မဟုတ်ပါဘူး၊

တစ်ကယ်ဆို အစ်ကို ပျင်းနေမှာ စိုးရင် ဟိုင်ထန်ခြံဝန်းထဲ ဘာလို့မသွားလဲ? အဲ့ဒီမှာ အဖွားရော၊ ဒေါ်လေးတို့ရော ညီအစ်ကိုမောင်နှမတွေ အကုန်ရှိတယ်လေ"

ရှန်ဟွေးက သူ့ရဲ့မိထွေးကို လက်စားချေချင်ရင် ရှန်လျန် ဘာမှနှောင့်ယှက်မှာမဟုတ်ပေမယ့် အဖွားဆီမှာ အကောင်းမြင်အောင် ရှန်လျန့်ကိုအသုံးချချင်တယ်ဆိုရင်တော့ ရှန်လျန်က ဒီတိုင်းလွယ်လွယ်နဲ့ ခွင့်ပြုလိုက်မှာ မဟုတ်။

"ဝူတိပြောတာ အဓိပ္ပာယ်ရှိတယ်၊ အစ်ကို မတွေးလိုက်မိဘူး"

အမူအရာတောင့်တင်းလျက် ရှန်ဟွေးလှည့်ထွက်သွားကာ ဘေးအဆောင်သို့ဝင်ရောက်ပျောက်ကွယ်သွားသည်။

"သခင် သူဘာလုပ်ချင်နေတာလဲ"

လေ့ကျန်းက ရှန်ဟွေးရဲ့အပြုအမူကို နားမလည်ချေ။ ရှန်လျန်က ရှန်ဟွေးနဲ့ ရင်းမှ မရင်းနှီးတာ၊ သခင်မကြီးက ဘာလို့ ဒီနှစ်ယောက်ကို အတူတူနေဖို့ ပို့လိုက်တာလဲ?

"သူလား? အချိန်တွေအကြာကြီး အနှိမ်ခံနေရတာဆိုတော့ ဒုတိယအဒေါ်ရဲ့လောင်းရိပ်အောက်မှာ ထပ်မနေ‌ချင်တော့ဘူးလေ၊ ရှန်ယန်က ရုတ်တရက်ကြီး အဆံုးသတ် မကောင်းဖြစ်သွားတယ်၊ ရှန်ဝမ်က အရမ်းငယ်သေးတယ်ဆို‌မှတော့ အဖွားက သူ့ပဲ အသုံးချစရာရှိတာ၊ စိတ်ထဲ ထည့်မနေနဲ့၊ ငါတို့ဘယ်အခန်းမှာနေတယ်၊ ဘာလုပ်တယ်ဆိုတာ စောင့်ကြည့်ခိုင်းတာ၊ တစ်ခြားမဟုတ်ဘူး"

အင်ပါယာ‌မြို့တော်က ကြွယ်ဝ ချမ်းသာတဲ့မိသားစုတွေမှာ တရားမဝင်သားသမီးများစွာရှိတဲ့အထဲ ရှန်ဟွေးလည်း ပါဝင်သည်။ သူ့ဘက်က စပြီးအနိုင်မကျင့်ရင် ရှန်လျန်ကလည်း ခုဏကလို ခပ်ပြတ်ပြတ် ဆက်ဆံလိုက်မှာ မဟုတ်ပါ၊ ပထမဆုံးအကြိမ် သတိပေးလိုက်ခြင်းဖြစ်၏။ ရှန်ဟွေးဘက်က ဆက်ပြီး လွန်လာဦးမယ်ဆိုရင်တော့ အဲ့ဒီအခါကျမှ သူ့ကိုရက်စက်တယ်လို့အပြစ်လာမတင်နဲ့ပေါ့။

"ဒါဆို သခင်ပြောချင်တာ သူက...."

"ကျယ်ကျယ်မပြောနဲ့၊ ဟုတ်မဟုတ်မသေချာသေးဘူး၊ ငါတို့လူတချို့ကို ဟိုဘက်ခြံရော ဒီခြံဝန်းရော မျက်‌ေခြမပြတ်စောင့်ကြည့်ခိုင်းထားလိုက်"

ရှန်လျန်က လေ့ကျန်းရဲ့စကားကို ဖြတ်ပြောကာထရပ်လိုက်သည်။ သူ့ကိုမွေးကတည်းက ကံကြမ္မာဆိုးနဲ့ယှဉ်တွဲလျက် မွေးဖွားလာသည်ဟု စွပ်စွဲခဲ့သောကြောင့် ဘုရားကျောင်းတွေအပေါ် အမြင်ကောင်း မရှိပါ။

သို့သော်လည်း ရှန်‌့ကောဘုရားကျောင်းက ဖုန်းမင်တောင်ထိပ်တွင် ရှိပြီး တောင်တန်းရှုခင်းက အတော်လှ၏ ။ အရင်ဘဝမှာ ဒီကိုနှစ်ကြိမ်ရောက်ဖူးခဲ့သည်။ တစ်ခါက ချီယွဲ့သေဆုံးပြီးနောက်ပိုင်းတွင် လာခဲ့ပြီး ၊ဒုတိယတစ်ကြိမ်မှာ နတ်ရွာစံသွားပြီဖြစ်တဲ့ ဧကရာဇ်နေရာတွင် တင်မြောက်ခံရမည့် ဧကရာဇ်အသစ်ရယ်၊ ချင်အင်ပါယာကြီး အေးချမ်းသာယာဝပြောစေရေးအတွက် လာဆုတောင်းခြင်းပင်။ သုံးလတိတိ သက်သက်လွတ်စားကာ ဥပုသ်သီလဆောက်တည်ခဲ့သည်။ ရလဒ်အနေဖြင့် ဤနေရာတစ်ဝိုက်ကို ကျွမ်းကျင်သွားရသည်။

"ဝူကော အပြင်လမ်းလျှောက်ထွက်လာတာလား"

မူလက တောင်အနောက်ဘက်သို့ လမ်းလျှောက်ထွက်ရန် ကြံစည်ထားခဲ့၏။ ထိုနေရာ၌ လတ်ဆတ်သောလေက လူ၏စိတ်ကိုအေးချမ်းကာ အပန်းပြေစေသည်။ သို့ရာတွင် ခြံရှေ့ထွက်လိုက်သည်နှင့် ရှန်ချန်တို့နဲ့တည့်တည့်တိုး၏။ ရှန်ကျင်းနဲ့နှစ်ယောက်တည်း ဖြစ်ပြီး ရှန်ချောင် မပါပေ။ စိတ်အဆင်မပြေဖြစ်နေသေးဟန် တူ၏ ။

"စတုတ္ထမင်းသားကို တွေ့ချင်ရင် အရှေ့ဘက်နားနေဆောင်ကိုသွား၊ ငါတို့ လမ်းချင်း မတူဘူး"

သူ့လမ်းကိုပိတ်ဖို့ တမင်သက်သက်စောင့်နေတယ်လို့ ရှန်လျန် ခန့်မှန်းမိလိုက်၏။ ဖေးယွမ်ရွှင်းနဲ့ စတုတ္ထမင်းသားက သူ့ကိုလာရှာမယ်လို့ ထင်ပြီး စကားပြောရန် အခွင့်အရေး လိုချင်နေခြင်း ဖြစ်လိမ့်မည်။ ဒီနေရာမှာ အပြင်လူလည်း မရှိတာကြောင့် ရှန်လျန် သရုပ်ဆောင်ရမှာ အလွန်ပျင်းရိ‌ရာ ခပ်ပြတ်ပြတ်ပြောပြီး ထားခဲ့လိုက်သည်။

"ခွေးကောင်!"

ရှန်ချန်ရဲ့မျက်နှာက ထိန်းချုပ်မရစွာ မည်းပုပ်သွားသည်။ ထို့အတူ ရှန်ကျင်းလည်း ဆက်မပြုံးနိုင်တော့၊ဒါပေမယ့် ရှန်လျန်က သူတို့ကိုမနှောင့်ယှက်ဘူးဆိုမှတော့ ဘာအရေးစိုက်နေစရာလိုတော့ လဲ?

ဖုန်းမင်တောင်သည် အခြားတောင်တန်းများနှင့် တစ်ဆက်တည်း သွယ်တန်းလျက်ရှိ၏။တောင်ပေါ်ရောက်သွားသည်နှင့် တောင်ပတ်လည် ဝိုက်၍စီးကျနေသော ရေတံခွန်အလှကိုလည်း မြင်ရသည်။ စီးဆင်းသွားသော စမ်းချောင်းတစ်လျှောက်၌ ဘုန်းတော်ကြီးများက အရိပ်ရမိုးမခပင်အားစိုက်ပျိုးထားပြီး ဘုရားကျောင်းလာ ဧည့်သည်တော်များ အနားယူနိုင်ရန် စီစဉ်ပေးထားသည်။ ‌မိုးမခရွက်များက လတ်ဆတ်သော လေနှင့်အတူ ယိမ်းနွဲ့နေပြီး အေးချမ်းသည့် ဝန်းကျင်က ထူးခြားတဲ့ ဆွဲဆောင်မှုတစ်ခုပင်။

"သခင် ဒီလိုနေရာကို ဘယ်လိုလုပ် သိတာလဲ"

လေ့ကျန်း အလွန်အံ့အားသင့်နေသည်။ အရိပ်တပ်သား လူငယ်မျိုးဆက်သစ်ခေါင်းဆောင်တစ်ယောက်အနေနဲ့ ကိုယ်ခံသိုင်းပညာ၊ သံစဉ်ဂီတ၊စစ်တုရင်ထိုးစစ်ဆင်၊ လက်ရေးလှပညာနဲ့ ပန်းချီအနုပညာ အစရှိတဲ့ ပညာရပ်တွေကို နှံ့နှံ့စပ်စပ်ကျွမ်းကျွမ်းကျင်ကျင်သင်ယူခဲ့ပြီး လုံလောက်ပြီဟုထင်ခဲ့၏။ မိုးမခပင်၏ အရိပ်အောက် လမ်းလျှောက်လိုက်သည့်အခိုက်တန့်၌ သန့်ရှင်းလတ်ဆတ်သည့် လေပြေလေညှင်းက်ို တဝကြီးရှုသွင်းလိုက်မှသာ လူ့ဘဝ ပြည့်စုံသွားသည်ဟု ခံစားလိုက်ရသည်။

"ဟဟ.. အရင်က ရောက်ဖူးနေလို့ပါ၊ ဘယ်လိုလဲ?နေ‌ရာကောင်းလေးမလား? ဒီနေရာမှာ ငါအရင်က ငါးတောင် ကင်စားဖူးသေးတယ်"

ပြီးတော့ ဒီအကြောင်းသိတဲ့သူက မင်းနဲ့ ယွမ်ရှောင်းပဲရှိတယ်...

ဒီစကားကိုတော့ ရှန်လျန် ထုတ်မပြောခဲ့ပါ၊ နွေးထွေးတဲ့ အပြုံးသာ မျက်ဝန်းထဲ အရိပ်ထင်နေခဲ့၏။

"ဘုရားကျောင်းလာပြီး ငါးသတ်တယ်၊ ပြီးတော့ကင်စားသေး တယ်လား"

လေ့ကျန်း ရယ်ချင်သွားပြီး သူ့နောက်မှာ ဖြည်းဖြည်းချင်း လျှောက်လာတဲ့ ရှန်လျန့်ကို စချင်စိတ်နှင့်လှည့်ကြည့်လိုက်သည်။ သို့သော် အဝေးမှ လှမ်းလာသောတစ်စုံတစ်ယောက်ကိုမြင်တော့ မျက်နှာအမူအရာ ချက်ချင်းထိန်းလိုက်သည်။ ပျော့ပြောင်းသည့်သဘောထားမှာ အရိပ်အယောင်ပင် မမြင်ရတော့ချေ။ မနီးမဝေးမှ အနက်ရောင် ပိုးသားဝတ်ရုံဝတ်ဆင်ထားသည့် ချင်ယွင်ရှန်းက ကိုယ်ရံတော် နှစ်ယောက်နဲ့အတူ ဖြည်းဖြည်းချင်း လျှောက်လှမ်းလာသည်။

ရှန်လျန်နဲ့ လေ့ကျန်းက သူ့ကိုမြင်သွားပြီမှန်း ချင်ယွင်ရှန်း သိလိုက်သည်။ တစ်ခဏတုံ့ဆိုင်းသွားသော်လည်း တွေဝေမနေတော့ပဲ သူတို့ဆီတည့်တည့် လာလိုက်သည်။

"စတုတ္ထမင်းသား"

ပေါ့ပေါ့ပါးပါးလမ်းလျှောက်ထွက်ခါမှ မမြင်ချင်ဆုံးလူနဲ့ ထိပ်တိုက်တိုးသည်။ ရှောင်လွဲလို့မရမှတော့ နှုတ်ဆက်လိုက်ရ၏။ ယဉ်ကျေးသမှုနှင့် ဦးညွှတ်ကာဂါရဝပြုလိုက်သည်။

ချင်ယွင်ရှန်းက လက်နှစ်ဖက် နောက်ပစ်ထားလျက် ပြုံးသည်။

"ပေါ့ပေါ့ပါးပါးပဲ နေပါ"

"ကျေးဇူးကြီးမြတ်ကြောင်းပါ မင်းသား"

ရှန်လျန် ခေါင်းပြန်မော့၏။ မျက်နှာလှလှထက်ဝယ် တည်ရှိသည့်အပြုံးက ဖေးယွမ်ရွှင်းနဲ့ တွေ့ချိန် ပြုံးသည့် နွေးထွေးသော အရိပ်အယောင်နဲ့ ဆန့်ကျင်စွာ အေးစက်ပြီး ထီမထီဟန်ရှိ၏။

ချင်ယွင်ရှန်းက အလိုမကျစွာ မျက်မှောင်ကြုံ့၏။

"ရှန်သခင်လေးနဲ့ အမှတ်မထင် တွေ့မယ်မှန်း မသိခဲ့ဘူး၊ ဒီလိုဆိုမှတော့ လမ်းအတူ လျှောက်ကြစို့လား"

စိတ်ထဲမှာ ပြောစရာတွေ အများကြီး ရှိနေပေမယ့် လက်တွေ့မှာ ဘယ်က ဘာကို စပြောရမှန်း မသိပြန်၊ ရှန်လျန်နှင့် မျက်နှာချင်းဆိုင်လိုက်တိုင်း နေရခက်သည့် ခံစားချက် ဖြစ်တည်လာသည်။

"အရှင်မင်းသားဆန္ဒအတိုင်း မလိုက်လုပ်ပေးနိုင်မှာ စိုးမိပါတယ်၊ ကျွန်တော်မျိုး နေ့လည်စာ မစားရသေးလို့ စမ်းချောင်းထဲက ငါးဖမ်းစားမလို့ လုပ်နေတာပါ၊ မင်းသားရဲ့ ငြိမ်းချမ်းမှုကို မနှောက်ယှက်ဝံ့ပါဘူး"

ပြောပြီးနောက် ရှန်လျန်က ထွက်သွားရန်ပြင်သည်။ သူဖြတ်ကျော်သွားတော့မည့်အချိန်တွင် ချင်ယွင်ရှန်းရဲ့ လက်တစ်ဖက်က ရုတ်ချည်း သူ့လက်ကို ဆွဲကိုင်လာသည်။

"စတုတ္ထမင်းသား!"

မင်းသား၏အပြုအမှုကြောင့် ရှန်လျန် သတိပေးသည့်အကြည့် ကြည့်လိုက်သည်။ ချင်ယွင်ရှန်း၏မျက်နှာကို တည့်ရင်ဆိုင်လိုက်သော် အစဉ်အမြဲ ကြင်နာ စွာ ပြုံးနေတတ်သည့်သူက ယခုမူ အေးစက်စက်နှင့် ခက်ထန်သည့်အမူအရာရှိနေသည်။ အပြောင်းအလဲမြန်တတ်သည့် လူအား ယခင်ဘဝက မျက်ကန်းပြီး မည်သို့ချစ်ခဲ့မိမှန်းမသိတော့ပါချေ။ ရှန်လျန် မိမိ၏တုံးအမှုကြောင့် ဖွီးခနဲ တံတွေးထွေးပစ်ချင်သည်အထိ။

"ဘာလို့ မစား‌ရသေးတာလဲ"

ရှန်လျန်က ခါးခါးသီးသီး ငြင်းဆန်ချင်လေ ချင်ယွင်ရှန်းဆိုတဲ့ သူက လက်မလွှတ်ချင်လေပင်။ တင်းတင်းဆုပ်ကိုင်ထားပြီး ရှန်လျန် ထွက်ပြေးသွားမှာကို ကြောက်ရွံ့နေမိသည်။ ရှန်လျန်က ဆက် ရုန်းတော့ပဲ သူ့အကြည့်ကို လစ်လျူရှုထားသည်။

"အရှင့်သားတို့အားလုံးရောက်နေတော့ ဘုရားကျောင်းက အတော်လေး အလုပ်များနေလို့ မစားဖြစ်သေးတာပါ၊ အရှင့်သား... ဒီမှာရှိနေတာ ယောင်္ကျားသားတွေဆိုပေမယ့် ကျွန်တော်က လက်ထပ်နိုင်တဲ့ 'ကော'တစ်‌ယောက်ပါ၊ ပြီးတော့ ချင်ဖင်းမြို့စားနဲ့ စေ့စပ်ထားတဲ့သူ၊အရှင့်သား ခုလို လက်ဆွဲထားတဲ့ အပြုအမူက အလွန်မသင့်တော်ပါဘူး"

ရှန်လျန်က တင်းတင်း ဆွဲကိုင်ခံထားရတဲ့ လက်ကို ငုံ့ကြည့်ကာ ပြောသည်။ သူ့သဘောက ရှင်း၏။

အကြည့်ချင်း စစ်တိုက်နေပြီးမှ တစ်ခဏအကြာတွင် ကျိုးကြောင်း စဉ်းစားဆင်ခြင်လိုက်ပြီး ရှန်လျန့်ဘက်ကို လွှတ်ပေးသည်။

ချင်ယွင်ရှန်းရဲ့ ဖိနှိပ်မှုကို ထပ်ကြုံရမှာစိုးတာကြောင့် လက်လွှတ်လိုက်တာနဲ့ ရှန်လျန် ချက်ချင်းနောက်နှစ်လမ်း ဆုတ်ကာ ကာကွယ်သည်။

ချင်ယွင်ရှန်းက ဘဝင်မကျစွာဖြင့်..

"ကိုယ်တော် ငါးကူဖမ်းခိုင်းလိုက်မယ်"

"မလိုဘူး ကျွန်တော့်ဘာသာလုပ်နိုင်...."

"လျိုရိ"

"အမိန့်အတိုင်းပါ အရှင့်သား"

ငါးကင်တာလောက်က ပြောပစရာကိစ္စကြီး မဟုတ်ရာ ရှန်လျန့်အား ထပ်မံ အငြင်းစကား ပြောခွင့်မပေးပဲ ကြားဖြတ်အမိန့်ပေးလိုက်သည်။ ကိုယ်ရံတော် တစ်ယောက်က စမ်းချောင်းထဲ တိုက်ရိုက်ဆင်းသွားပြီး ရှန်လျန့်အား ငြင်းဆန်ခွင့်မပေးချေ။

Words 2842

Grape 🍇

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment