no

Font
Theme

'ဒေါသထွက်နေတဲ့ လျိုရှုဟန်'

တုံးလင်အိမ်တော်မှ အမြောင်မယားသည် မုရုန်အိမ်ရှေ့မှာ မိုးရေထဲ ဒူးထောက်နေခဲ့ပြီး ပိတ်စရောင်းပါရန် တောင်းပန်နေခဲ့သည်။ ထို့နောက် မုရုန်သခင်မက သူ့ရဲ့ကြိုးစားမှုကိုအသိအမှတ်ပြုပြီး ဒုတိယသခင်မရဲ့မောက်မာတဲ့အပြုအမူကို အစားပြင်ဆင်ခွင့်ပေးခဲ့သည်။

စွင်းကျင့်ရဲ့ သတင်းက တုန်းလင်အိမ်တော်ဆီ ပျံ့နှံ့သွားပြီး သခင်ကြီးကလည်း မိုးရေကြောင့် အဖျားမိသွားသည့် ထိုမိန်းမကို နောက်တစ်နေ့မနက် ညီလာခံသွားခါနီးချိန်ထိ တစ်ညလုံးဂရုစိုက်ပေးနေခဲ့သည်။

"ကောင်မ! သခင်ကြီးနဲ့ ငါ့နေရာကို လုချင်လို့ ဒီလိုလုပ်နေတာ...အောက်က ကောင်မတွေအကုန်လုံးပဲ"

ဒုန်း!ခွမ်း!

ထိုသတင်းက လျိုရှုဟန်နားထဲရောက်သွားသည်နဲ့ ပစ္စည်းတွေပစ်ထုတ်ကာ စတင်ပေါက်ကွဲတော့သည်။ ရှေ့နှစ်‌တွေတုန်းက သူမရဲ့ သိတတ်မှုကိုပြသည့်အနေဖြင့် မယားငယ်တစ်ချို့ကိုခေါ်ဝင်ပေးခဲ့ပြီး သူမ၏အမိန့်အောက် ပြားပြားဝပ်နာခံစေခဲ့သည်။

ဒီနှစ်အတောအတွင်းမှာ သခင်ကြီးရဲ့မျက်နှာသာပေးမှုနဲ့ပတ်သက်ပြီး တစ်ခါမှ ယှဉ်ပြိုင်စရာမလိုခဲ့ပေ။ စွင်းကျင့်ကလည်း ထင်ထင်ပေါ်ပေါ်မနေပဲ ...အိမ်ထဲက ဘုရားခန်းထဲမှာပဲ တစ်နေကုန် သိုသိုဝှက်ဝှက်နေခဲ့တာကြောင့် လျိုရှုဟန်ရဲ့နေရာကို ခြိမ်းခြောက်လာလိမ့်မယ်လို့ နည်းနည်းလေးမှ မထင်ခဲ့မိချေ။ တစ်ခြားသူက လျိုရှုဟန်ကို ဆန့်ကျင်လာမယ်ဆိုရင်တောင် ဒီလောက်အံ့ဩမိမှာမဟုတ်! အခုက မထင်ထားတဲ့သူ ဖြစ်နေတာကြောင့် ပိုပြီးမခံချင်စရာကောင်း၏။

"သခင်မ... ဘာလို့ကြမ်းပြင်မှာ ထိုင်နေရတာလဲရှင်... အမြန်ထပါ"

ပစ္စည်းတွေ ပြုတ်ကျသည့်အသံကြောင့် အစေခံဟွိုင်ကျူးက တံခါးဖွင့်ပြီးပြေးဝင်လာသည်။ လျိုရှုဟန်က အပိုင်းအစ အကွဲအပြဲကြားမှာ ထိုင်ချလျက်ရှိသည်ကို လှမ်းမြင်လိုက်ရာ အစေခံ ရန်ကျီနဲ့အတူ လျိုရှုဟန်ကို အမြန်ထူပေးကာ ထိုင်ခုံမှာ ထိုင်စေသည်။ ထို့နောက် ဝါရင့်အစေခံနှစ်ဦး၏ အရည်အချင်းကြောင့်မိနစ်အနည်းငယ် အတွင်း အမှိုက်သရိုက်တွေ အပြောင်ရှင်းသွား၏။

"အမေ... ပစ္စည်းတွေ ပစ်ထုတ်နေတာလား"

ရှန်ချန်က အစေခံလုကျီနဲ့အတူ ဝင်လာပြီး အမေ့အပြုအမူကို သဘောမတူဟန်နှင့်

"သမီးတို့ကျတော့ စိတ်လျှော့ထားဖို့ ပြောပြီး အမေကပဲ စိတ်မရှည် ဖြစ်နေတယ်.. မတော်လို့အဖေသိသွားရင် သမီးတို့ အာဏာပြန်ရပါဦးမလား"

ဒုတိယမိသားစုက အမှားလုပ်ခဲသည်။ မုရုန်မိသားစုကြောင့် ကိစ္စက အတော်လေးကြီးသွားပြီး တစ်ညထဲနဲ့ တစ်မြို့လုံးရဲ့ အလှောင်ပြောင်ခံဘဝ ရောက်သွားရသည်။

ကိစ္စက ဒီလိုဖြစ်လာမှတော့ သူမတို့မိသားစုက အိမ်တွင်းအာဏာ ကိုပြန်ရယူဖို့အကောင်းဆုံးအခွင့်အရေးဖြစ်နေ၏။ မောင်နှမနှစ်ယောက် ဖခင်ကိုသွားရှာပြီး မိခင်၏အပြစ်ကိုဖြေလျှော့ပေးရန်နှင့် ယခင်အတိုင်း အိမ်ကိစ္စ စီမံပိုင်ခွင့်ပြန်ပေးပါရန်သွားတောင်းဆိုခဲ့ပါသော်လည်း မိခင်ဖြစ်သူက ပစ္စည်းတွေ ပစ်ပေါက်နေသည်။ ဤသတင်းသာ အဖေ့နားထဲ ပေါက်ကြားသွားပါက တတိယမိသားစုကိုပဲ အာဏာပေးတော့မည်ဟုဆိုလျှင် ဘာမှမတတ်နိုင်။

"ချန်အာ..."

လျိုရှုဟန်က သမီးလေး ကို‌ ဖက်ပွေ့လိုက်ပြီး တစ်ဖက်သူ၏ပခုံးကို စိုရွဲသွားစေသည်။

ဝေကျစ်ချန် သေဆုံးသွားကတည်းက တစ်အိမ်လုံးကိုချုပ်ကိုင်စီမံနိုင်ခဲ့ပြီး ရှန်‌ေရွ့ထင်ရဲ့မျက်နှာသာပေးမှုကို အလုံးစုံ ဆုပ်ကိုင်ထားနိုင်ခဲ့သည်။ သခင်ကြီးက နှစ်တွေကြာလာတော့ သူမအပေါ် စိတ်ဝင်စားမှုမရှိတော့ပေမယ့် သားသမီးနှစ်ဦး၏ မျက်နှာကိုထောက်ကာ အိမ်သခင်မနေရာတွင်သာနေစေခဲ့သည်။ သခင်ကြီးက သူ့တစ်ယောက်ထဲကိုသာ မျက်လုံးထဲ မြင်ခဲ့သည်။

ယခုမူ ဆိတ်ဆိတ်ငြိမ်ငြိမ်သာ နေလေ့ရှိသည့် စွင်းကျင့်က ရုတ်တရက်အာဏာကို စိတ်ဝင်စားလာသည့်အပြင် သခင်ကြီးကပါ တစ်ညလုံး ဂရုစိုက်ပေးလိုက်သေး၏။ တစ်ညလုံး ဖြစ်၏။

ကျုံးလင် အိမ်တော်တွင်....

"ကျစ် ကျစ်! သခင်ကြီးက ထင်တဲ့အတိုင်းပဲ... စွင်းကျင့်သာ အာဏာရသွားမယ်ဆိုရင် လျိုရှုဟန်ဆွေ့ဆွေ့ခုန်နေမလားပဲ!"

ပြတင်း‌ပေါက် အပြင်ဘက်တွင် မိုးက ရွာသွန်းနေမြဲဖြစ်ပြီး... ရှန်လျန်သည် ဘာမှလုပ်စရာမရှိသဖြင့် ပြတင်းဘောင်ကိုမှီရင်း လျိုရှုဟန်အကြောင်း တွေးမိသွား၏။

"မနေ့က အဲ့လိုပြောလိုက်မယ်လို့ မထင်ထားမိဘူး.. အကြီးဆုံးအဒေါ်ကလည်း တစ်ကယ်ပဲ လှည့်ကွက်အတိုင်း လိုက်လုပ်တယ်... ဒါပေမယ့် သခင်ကြီးက ဘယ်လိုလုပ် တစ်ညလုံး သူ့ခြံဝန်းထဲမှာ နေနေတာလဲ"

ချီယွဲ့ အတော်လေး အံ့ဩနေပြီး...

"လျန်လျန် သူ့ကို အကုန်သင်ပေးလိုက်တာလား"

"မဟုတ်ပါဘူး... အခွင့်အရေးက်ို အသုံးချတတ်ဖို့ လမ်းညွှန်ပေးရုံပါပဲ... အားလုံးက သူ့အပေါ်ပဲမူတည်တယ်... ယွဲ့ကော... မိန်းမတွေကို အထင်သေးလို့မရဘူး၊အိမ်တွင်းအာဏာလုတာက တရားရုံးမှာ တရားလိုနဲ့တရားခံ နှစ်ဖက် လှည့်ကွက်မျိုးစုံနဲ့ ဖုံးဖိတာ၊ အနိုင်ရဖို့လွန်ဆွဲကြတာမျိုးနဲ့ ဆင်တူတယ်"

ရှန်လျန် ပေါ့ပေါ့ပါပါးပြုံးပြ၏။

မနေ့ညက မုရုန်အိမ်ရှေ့သွားပြီး ပိတ်စရောင်းပေးဖို့ ဒူးထောက်တောင်းပန်ရန်သာ ပြောပြခဲ့ပြီး ပိတ်စကိုတော့ တစ်ဖက်လှည့်နဲ့ စွင်းကျင့်ဆီ ရောင်းခိုင်းလိုက်သည်။ ဒီလိုနည်းဖြင့် သခင်ကြီးရဲ့ မျက်နှာသာပေးမှုကို ရယူနိုင်မည်ဖြစ်ကာ အိမ်တွင်းအာဏာရဖို့မှာတော့ သခင်ကြီး၏ ဆုံးဖြတ်ချက်အပေါ်သာ မူတည်သည်။ သတင်းပျံ့နှံ့ရန်အတွက် အရိပ်ကိုယ်ရံတော် တပ်သားများက တာဝန်ယူသည်။

"အကြီးဆုံးအဒေါ်က ဟန်ဆောင်ဖျားပြနေလို့ သခင်ကြီးက တစ်ညလုံး ဂရုစိုက်ပေးနေတာ မဟုတ်ရင် သခင်မက ဒေါသကြီးနေပါ့မလား"

ကလေးအား လေပေါ် မြောက်တင်လိုက်၊ ‌ချလိုက် ဆော့ကစားပေးနေသော ချီရွှမ်းက သိချင်စိတ်ဖြင့် လှည့်ကြည့်လာသည်။ လျိုရှုဟန်ရဲ့ထိန်းချုပ်မှုအောက်မှာ သခင်ကြီးရဲ့ အမြောင်မယား သုံး၊ လေးဦးရှိနေပြီး ကိုယ်တိုင်ခေါ်သွင်းလာတာမလို့ ယခု‌လို ဒေါသထွက်နေတာက မဆီလျော်ပေ။

"မထူးဆန်းပါဘူး၊ ဒီနှစ်တွေမှာ ဘယ်သူက သခင်ကြီးရဲ့မျက်နှာသာရဖို့ လျိုရှုဟန်နဲ့ ယှဉ်ရဲလို့လဲ? အနောက်ဆောင်က အမျိုးသမီးတွေအားလုံးကို ထိန်းချုပ်ထားပြီး အခုမှ အကြီးဆုံးအဒေါ်က ကျော်တက်ဖို့ကြိုးစားတော့ ဘယ်လိုလုပ် လက်ခံနိုင်ပါ့မလဲ.. လျိုရှုဟန်က သူ့အာဏာသူပြန်ရအောင် ကြိုးစားနေရတုန်းအချိန်ဆိုတော့ ပိုဆိုးတာပေါ့"

ဖုရင်က ရှန်လျန့်တုံ့ပြန်ချက်အတိုင်း ဆက်ရှင်းပြ၏။ အနောက်ဆောင် အရှုပ်တော်ပုံနှင့်ပတ်သက်လျှင် သူများထက် ကောင်းကောင်းကြီး တွေ့ကြုံ ဖူးသည်လေ။

"ဦးလေးဖု ပြောတာ မှန်ပေမယ့် ဒါကအဓိကအချက်တော့မဟုတ်ဘူး.. လျိုရှုဟန်က သခင်ကြီးကို တစ်ကယ် ချစ်နေတာ...တစ်ကိုယ်ကောင်းဆန်တဲ့ အချစ်မျိုးလေ... ရှန်ရုထင်ရဲ့ မျက်နှာသာပေးမှုကို ဘယ်သူပဲရရ... သူ လုံးဝမသည်းခံနိုင်ဘူး"

ရှန်လျန် ဖြည့်ပြောပြလိုက်သည်။ ကျုံးလင်ခြံဝန်းထဲ လျိုရှုဟန် လာသောင်းကျန်းသွားတဲ့နေ့တည်းက သတိထားမိလိုက်သည်မှာ ရှန်‌ရွေ့ ထင်အပေါ် ထားတဲ့ အချစ်က အတော်လေး နက်ရှိုင်းပြီး အစွန်းရောက်သည့်ပုံစံ ဖြစ်နေသည်။

"အဲ့လိုကိုး... သခင်ကြီးတွေက အချစ်ကို တစ်ယောက်ထဲပဲမျှဝေတတ်တော့ မျက်နှာသာ ပေးတာခံရဖို့ မိန်းမတွေ နေရာလုကြတော့တာပေါ့အကြီးဆုံးအဒေါ်က သခင်ကြီးကို တစ်ညလုံးနေအောင် လုပ်နိုင်မှတော့ စိတ်ယိုင်သွားမှာပဲလေ၊ လျိုရှုဟန်က ဒါကို ဒေါသထွက်နေတာကိုး"

ချီယွဲ့ရော ချီရွှမ်းပါ အခုမှ နားလည်သွားတော့၏။

ရှန်လျန် က အေးစက်စက်ရယ်လိုက်ပြီး...

"အဲ့တာအချစ်လို့ ခေါင်းစဉ်တပ်လို့ရလား... စော်ကားခံရသလိုပဲ"

ပြတင်းဘောင်ကိုမှီထားရင်း အပြင်ဘက်ကြည့်ကာ တီးတိုးရေရွတ်၏။ မိုးပေါက်တွေက ပုလဲလုံးသဖွယ် ကောင်းကင်ပေါ်မှ ကျဆင်းနေသည်။ ဖုရင်နဲ့တစ်ခြားသူတွေလည်း စကားခေါင်းစဉ်ကို ဒီမှာတင် အဆုံးသတ်လိုက်ကြ၏။ ထိုအချိန် ရှန်ယိုလေးက သူ့အားဖက်ပေးရန် လက်ဆန့်လာသည်။

"လာလာ ရှုရှုနားလာခဲ့"

ချစ်စရာ တူလေးက ရှန်လျန့်ကိုစိတ်ချမ်းသာစေသည်။ ကလေးကို ချီရွှမ်းလက်ထဲမှ တစ်ဆင့် ပြောင်းပွေ့လိုက်ပြီး...

"အာ....အာ"

ရှန်လျန့်လက်ထဲရောက်သွားတာနဲ့ ရှန်ယို လေးက စိတ်လှုပ်ရှားကာ ခြေထောက်ကို လှုပ်ကန်တော့သည်။ လက်သီးဆုပ်သေးသေးက ရှန်လျန်၏ ဆံပင်ရှည်ကို ကိုင်ဆွဲကာ ဆော့ကစားသည်။

"အရှုပ်ထုတ်လေး...အဲ့လိုမလုပ်ရဘူးလေ...ရှုရှု နာတာပေါ့... ရော့ ဒါလေးနဲ့ ကစား"

ရှန်ယို့လက်ကို ဖြည်းဖြည်းချင်းဆွဲဖယ်ပြီး ပိတ်စဖြူထဲ ဂွမ်းထည့်ကာချုပ်ထားတဲ့ ယုန်ရုပ်လေးကို ပေးလိုက်သည်။ သူ့ခေါင်းလောက်ရှိတဲ့အရုပ်လေးကြောင့် ချက်ချင်းအာရုံလွှဲသွားပြီး လက်နှစ်ဖက်နဲ့ ဖက်ထားသည်။ ယုန်နားရွက်ကို ပါးစပ်ဟကာ ဆွဲကိုက်လေသည်။

"ဟဟား ကျွန်တော်တို့ယိုအာလေးက အစားပုတ်လေးပဲ"

ရှန်လျန် ခေါင်းနောက်လှန်သည်အထိ သဘောတကျ ရယ်မော၏။ ဖုရင်နဲ့အခြားသူများလည်း ရယ်မော‌ကြ၏။သခင်ငယ်လေး က တစ်ကယ် ထက်မြက်တဲ့ ကလေးလိုပဲ...သူတို့ဒီအရွယ်တုန်းက ဆော့ကစားနေဆဲ ဖြစ်ပေမယ့်... သခင်ငယ်လေးက သူတို့ကို အချစ်တွေနဲ့ ပြန်ကြည့်ပေးတတ်နေပြီ...အကြီးဆုံးသခင်လေးက ပြန်လာတော့မလားမသိဘူး... သူ့ဇနီးက ကိုယ်ပိုင်အစေခံ သေချာပေါက် ရှိမှာပဲဆိုတော့ သခင်ငယ်လေးကို ကြည့်ရှုပေးဖို့ သူတို့ကိုမလိုလောက်ဘူး။

ရှန်ယို့ကို စနောက်နေတဲ့ ရှန်လျန့်ကို ကြည့်ရင်း အဲ့ဒီအကြောင်းတွေးမိလိုက်တော့ နည်းနည်း စိတ်ဓာတ်ကျသွားသည်။ ဖုရင်က ပခုံးပုတ်ကာ နှစ်သိမ့်ပေးပြီး...

"အဲ့ဒီမျက်နှာပေးက ဘာလဲ? အချိန်တန်ရင် လျန်လျန်လည်း လက်ထပ်မှာပဲလေ.. မြို့စားကြီးရဲ့ ကလေးကို လွယ်ချင် လွယ်ရနိုင်တယ် ၊အဲ့တော့ ပိုတော်တဲ့ ကလေးလေးကို မွေးပေးမှာ ကျိန်းသေပေါက်ပဲ"

အကြီးဆုံးသခင်လေးက ကလေးက်ို ပြန်ခေါ်သွားရင်လည်း ဖုရင် စိတ်တိုခွင့်မရှိပါ။ ကံကောင်းစွာနဲ့ လျန်လျန်က ကလေးမွေးပေးနိုင်သည်။

အနာဂါတ်မှာ လျန်လျန့် ကလေးကို သေချာဂရုစိုက်ထိန်းကျောင်းပေးရမည်။

"ဟုတ်တယ်နော့်"

ချီယွဲ့နဲ့ချီရွှမ်းက အကြည့်ချင်းဖလှယ်ကာ ခေါင်းငြိမ့်ထောက်ခံသည်။

"သုံးယောက်လုံးကျွန်တော့ကို အသက်မရှိဘူးထင်နေကြတာလား...ကျွန်တော် အကုန်ကြားတယ်"

ရှန်လျန် မှုန်ကုပ်ကုပ်ကြည့်လိုက်၏။ သူဖြင့်လက်တောင်မထပ်ရသေးတာ... ကလေးမွေးတဲ့အထိပါ တွေးထားကြပြီ... အတော်လေး စိတ်ကူးယဉ်နေတာပဲ။

"ဟီးဟီး လျန်လျန် အနာဂါတ်ကျရင် သုံးယောက်မွေးပေးလို့ရလား.. ကောကော ရယ် ဦးလေးဖုရယ် အစ်ကိုရယ် တစ်ယောက်စီခွဲ ထိန်းပေးမယ်လေ"

တစ်ကယ် ဒေါသမထွက်တာ သိနေခြင်းကြောင့် ချီရွှမ်းက သူ့လက်ကို ဆွဲကိုင်ကာ ပြောလာသည်။ ကလေးသုံးယောက်ရှိရင် လုနေစရာမလိုတော့ဘူး မဟုတ်လား။

ရှန်လျန့် နှုတ်ခမ်းတွေ တွန့်ကွေးသွားပြီး နတ်ဆိုးဆန်ဆန်ပြုံးလိုက်သည်။

"ရွှမ်းကော ကို ယောင်္ကျားမရှာပေးတော့ဘူးလို့များထင်နေတာလား"

သုံးယောက်ဟုတ်လား? လက်တောင်မထပ်ရသေးဘူးလေ...ဒါတော့ စည်းကျော်သွားပြီ။

"ဟင်?"

ချီရွှမ်း ကိုယ့်ကိုကိုယ် ကော တစ်ယောက်ဖြစ်မှန်း မေ့နေခဲ့သည်။ သူလည်းပဲ လက်ထပ်ပြီး ကလေးရနိုင်သည်။

"ဟားဟား.."

သူ့ညီရဲ့ ရှုံ့မဲ့နေတဲ့မျက်နှာကြောင့် ချီယွဲ့က ခွက်ထိုးခွက်လန် ရယ်သည်။ သူလည်း တစ်ကယ် မေ့နေ၏။

"မင်း လျန်လျန့်အကြောင်း ဆက်တွေးမနေပဲ... ကိုယ့်အတွက်ကိုပဲ ပိုအာရုံစိုက်တော့...နောက်ကား ကျော်မတက်သွားစေနဲ့... ကောနဲ့ လျန်လျန် မင်းရဲ့လူကို ကူအကဲခတ်ပေးလို့ရတယ်နော်"

ဖုရင် ‌က ခေါင်းတခါခါနှင့် ရှန်ယို့ကို ပွေ့ချီကာ

"လျန်လျန်.. သခင်ငယ် ကို အပေါ့စွန့်ပေးရမှာမို့ ခေါ်သွားတော့မယ်နော်"

"ဟုတ်ပြီ"

"အာ...အာ..."

ရှန်လျန် ခေါင်းငြိမ့်လိုက်၏ ။ ရုတ်တရက်ကြီး အဝေးက်ု ခေါ်သွားခံရတာကြောင့် ရှန်ယိုက ယုန်ရုပ်ကိုပစ်ချကာ သူ့အားဖက်ပွေ့ပေးပါရန် ရှန်လျန့်ဆီ လက်လှမ်း၏။ သူ့အပြုအမူကို မြင်လိုက်ရတဲ့ရှန်လျန်မှာ ရင်ထဲ နွေးသွားပြီး

"ယိုအာ.. လိမ်မာနော်... အပေါ့သွားစွန့်လိုက်ဦး..ရှုရှုဘယ်မှမသွားဘူး ၊ဒီမှာပဲ စောင့်နေမယ်"

"ဝူး....."

ရှန်လျန့်စကားကို နားလည်လား ၊နားမလည်လား မသိ... အရည်ကြည်တွေက မျက်လုံးအိမ်ထဲ ဝေ့လာပြီး နောက်တစ်စက္ကန့်အတွင်း ငိုချတော့မယောင်။

"ဟုတ်ပါပြီ...ဟုတ်ပါပြီ.. သရုပ်ဆောင်မင်းသားလေးရယ်....ရှုရှုပဲ မင်းကိုခေါ်သွားပေးတော့မယ်"

တူလေးရဲ့ ငိုမဲ့မဲ့ မျက်နှာလေးကြောင့် ရှန်လျန် ကူကယ်ရာမဲ့စွာနဲ့ ပြတင်းပေါက်နားက ထလာရတော့၏။ လိုချင်တာ ရသွားသည့် ရှန်ယိုမှာ ချက်ချင်းကြီး တစ်ခစ်ခစ် ရယ်ကာ သဘောကျနေသည်။ ဖုရင်တို့လူတစ်စု အချင်းချင်း ကြည့်မိကြသည်။

တစ်ကယ် သရုပ်ဆောင်မင်းသားလေးပဲ!

"သခင်.. နန်းတော်က သတင်းရောက်လာပါတယ်... ဧကရာဇ်က ဝမ်ယွမ်ရဲ့ အကျင့်ပျက်လာဘ်စားထားတဲ့ အမှုကို စုံစမ်းဖို့ အမိန့်ချမှတ်လိုက်ပါပြီ.. တော်ဝင်မျိုးနွယ် နှစ်ဦးက သူတို့ကိုယ်တိုင် ဒီအမှုကိုစစ်ဆေးကြပါတယ်.. ဧကရီအေးအေးချမ်းချမ်း အနားယူနိုင်အောင်လို့ ပါဝင်ပတ်သက်သူတွေ ဖော်ထုတ်ပြီး အကုန်လုံးကိုအရေးယူသွားမှာပါတဲ့"

အပြင်ဘက်မှာ မိုးသည်းထန်စွာ ရွာသွန်းနေချိန် ဘယ်မှလည်း သွားစရာမရှိသည့်အလျောက် ကလေးငယ်နဲ့ ဆော့ကစားနေခြင်းကသာ အကောင်းဆုံးဖြစ်သည်။ ထိုအချိန်တွင် လေ့ကျန်း ရောက်လာပြီး သတင်းပို့သည်။ သူပြောတာ ကြားပြီးနောက် ဖုရင် လက်ထဲမှ ပလုတ်တုတ် က အောက်ပြုတ်ကျသွားသည်။ ဖုရင်က တစ်ခဏ မျှ အံ့ဩနေပြီးနောက်..

"လေ့ကျန်း အဲ့တာ အမှန်ပဲလား.. ဧကရာဇ်က တစ်ကယ်ပဲ အရာရှိစာမေးပွဲ အဖြေလွှာတွေ ပြန်စစ်ပေးမှာလား"

နောက်ဆုံးတော့ ယွင်ရှီး ရဲ့ ဂုဏ်သတင်းကိုပြန်အဖတ်ဆယ်နိုင်တော့မှာပေါ့! နတ်ဘုရားတွေက ပြန်ကြည့်ပေးပြီ!

"ဟုတ်ကဲ့... ဒီအမှုက သိပ်အချိန်ကြာမယ်မထင်ဘူး၊ အမြန်စစ်ဆေးပြီးတာနဲ့ မကြာခင် လူထုဆီ ချပြတော့မှာပါ"

ဖုရင်တို့မိသားစု အကြောင်း သိထားသည်ဖြစ်ရာလေ့ကျန်း ခေါင်းငြိမ့်သည်။ ဒီရက်ပိုင်း ဖုရင်နဲ့ တစ်အိမ်ထဲ နေလာတော့ ဒီလူတွေ အမှားမလုပ်မှန်း သဘောပေါက်လာသည်။

"ကောင်းလိုက်တာ... တစ်ကယ်ကောင်းတယ်"

ဝမ်းသာမျက်ရည်တွေ စီးကျရင်း ဖုရင် ဆိုသည်။

ချီယွဲ့က ပခုံးဖက်ကာ နှစ်သိမ့်ပေးသည်။

"ဦးလေးဖု.. ကျွန်တော်တို့က ပျော်ရမှာလေ... ဖုသခင်လေးရဲ့ နာမည်လည်း ပြန်အဖတ်ဆယ်နိုင်တော့မယ်"

"မှန်တယ်"

ပါးရိုးတစ်လျှောက် စီးကျနေတဲ့ မျက်ရည်တွေကို သုတ်လိုက်သည်။ သူတစ်ကယ် ပျော်နေတာဖြစ်၏။ ရှန်လျန်နဲ့ ဖုယွင်ရှီးရဲ့ အပေးအယူကို သိထားပေမယ့်လည်း သူ့သားလေး စာမေးပွဲ မအောင်လို့ ရာထူးမတိုးနိုင်တော့တာကို တွေးလိုက်တိုင်း စိတ်မကောင်းဖြစ်ရသည်။

အပြစ်မရှိတဲ့ သူ့သားက အပြင်မထွက်ဝံ့ပဲ အိမ်ထဲမှာ တစ်ချိန်လုံးလှောင်ပိတ်နေရမယ့် အဖြစ်ကြောင့် နာကျင်ခဲ့ရသည်။ အခုတော့ လှိုက်တက်လာတဲ့ အပျော်လုံးတွေကို ထိန်းမထားနိုင်တော့ပါ။

2676words

Grape 🍇

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment