'အဖွားအို၏အကြံအစည်'
"တတိယမင်းသား၊တတိယကြင်ယာတော်နဲ့ ချင်ဖင်းမြို့စားကိုဂါရဝပြုပါတယ်"
တစ်ယောက်ယောက်၏ စနက်ကြောင့် ရင်ဖုန်းတံတားကျိုးကျသွားပြီးနောက် ဖေးယွမ်ရွှင်းနဲ့ ရှန်လျန်က အေးအေးလူလူ လမ်းလျှောက်ရန် စိတ်မပါတော့ပဲ နဂိုနေရာ ပြန်လာလိုက်သည်။ သူတို့လေးယောက် တစ်ဖက်ကမ်းမှာ ရှိနေတာမြင်တော့ ရှန်ဟွေးခပ်သွက်သွက်ဖြင့် စမ်းချောင်းက်ိုဖြတ်ကူးလာသည်။ မင်းသားက မနိုးလာသေး၊ ချင်ယွင်ရိပေါ် ခေါင်းမှီကာ ပျင်းတိပျင်းရွှဲလဲလျောင်းနေဆဲ။
ဖေးယွမ်ရွှင်းက ရှန်မိသားစုအပေါ် အမြင်ကောင်းမရှိရာ အဖက်မလုပ်ချေ။ သို့နှင့် ရှန်လျန် မေးလိုက်သည်။
"အစ်ကိုသုံး ဘယ်လိုလုပ်ရောက်လာတာလဲ"
"စားဖိုဆောင်က စားစရာလာပို့ပြီ၊ အခုမှမစားရင် အေးကုန်တော့မယ်၊ပြီးတော့ ငါ ခဏနေ ဘုရားမှာဆုတောင်းဖို့ အဖွားတို့နဲ့ လိုက်သွားတော့ မှာ၊ အဲ့ဒီအချိန်မှ မင်း ဗိုက်ဆာရင် လာရှာနေမှာစ်ိုးလို့"
ရှန်ဟွေးပုံစံက တစ်ခုခုထူးဆန်းနေသော်လည်း စိတ်ထိန်းနိုင်အောင် ကြိုးစားနေရပုံပေါ်သည်။ ဒီနေရာမှာ နောင်ပြောင်စရာမဟုတ်တဲ့ တတိယမင်းသားချင်ယွင်ရိ ရှိနေသည်ကိုလည်း မေ့နေပုံရ၏။ သူ့ရဲ့မာနကြီးတဲ့ သဘောထားက ဘွင်းဘွင်းကြီး မြင်နေရ၏။
"ဗိုက်ဆာနေမှာစိုးလို့လား"
ရှမ်လျန်လည်း တစ်ဖက်လူရဲ့ မလိုလားတဲ့ စိတ်ဓာတ်ကို ဖော်ထုတ်ချင်စိတ်မရှိပေ။ ဒုတိယမိသားစုမှ တရားမဝင်သားက ဧကရာဇ်ရဲ့သားတော်နဲ့ ကြင်ယာတော်ရှေ့မှာ ဘာလို့အပြောအဆို မဆင်ခြင်ရတာလဲ၊ တလွဲမာနထားခြင်းက နေရာမှားနေသည်။ တစ်ကယ်တမ်း သူအိပ်ဆောင်ကထွက်လာကတည်းက နောက်ကလိုက်လာတဲ့ ရှန်ဟွေးကို လိုက်မလာဖို့ ရှင်းအောင်ပြောခဲ့ပြီးပြီ။
"အင်း ဟုတ်တယ်"
ဘာကြောင့်ရယ်မသိ ရှန်လျန်၏ စူးရှရှ မျက်ဝန်းတွေကိုမြင်တိုင်း ရှန်ဟွေး တစ်ခုခုမှားနေသလိုခံစားရသဖြင့် အစပိုင်း၌ လိုက်မလာရဲခဲ့။
"ဒါဆို ပြန်သွားကြရအောင်"
ရှန်လျန်က ဖေးယွမ်ရွှင်း နဲ့ အကွာအဝေးတစ်ခု ခြားလိုက်ပြီး ...
"ဝမ်ရယ်၊ တတိယမင်းသားနဲ့ ကြင်ယာတော်ဗျ ကျွန်တော် အရင်ပြန်နှင့်ပါရစေ"
ပြန်ပြီး ဘာလုပ်ဖို့ကြံစည်နေလဲ သွားကြည့်ရမယ်။
"အင်း ပြန်ပြီး အဝတ်အစားသွားလဲလိုက်ဦး၊ အကုန်ပေနေပြီ"
ဖေးယွမ်ရွှင်းက ရှန်လျန့်အလိုလိုက်ချင်စိတ်မရှိပဲ တွန်းချခံရစဉ်က ပေသွားသည့် ရှန်လျန့်အဝတ်အစားကို ကြည့်နေသည်။
"ကျေးဇူးတင်ပါတယ် ဝမ်ရယ်"
ရှန်လျန် အရိုအသေပြုလိုက်ပြီး လေ့ကျန်းနဲ့ ယောင်းကွမ်ကိုခေါ်ကာ ရှန်ဟွေးနောက်လိုက်သွားသည်။
"ရှန်မိသားစုမှာ အဲ့ဒီလူ ရှိတာလား"
လင်းယွီလင်က မျက်ခုံးပင့်လိုက်သည်။သူတို့အဖို့ လူသိများတဲ့ ရှန်မိန်းကလေးတွေကို သိပေမယ့် သားသမီးတိုင်းကိုတော့ မသိနိုင်ပါ။
"ဒုတိယမိသားစုက တရားမဝင် သားတစ်ယောက်ပါပဲ၊ မှတ်ထားစရာမလိုဘူး"
ဖေးယွမ်ရွှင်း နှာမှုတ်လိုက်သည်။ ဒီကောင် ဘာလုပ်ဖို့ကြံစည်နေလဲ မသိပေမယ့် ရှန်လျန်သေချာပေါက် သံသယရှိမှာ မလွဲ။
"အော် ..ကိုယ့်ကိုကိုယ် အထင်ကြီးတာ ကောင်းပေမယ့် ကိုယ့်နေရာကိုယ် မမေ့သင့်ဘူး"
လင်းယွီလင် ထောက်ခံသည့်အနေဖြင့် ခေါင်းငြိမ့်၏။ ရှန်ဟွေးရဲ့ မနာလိုဖြစ်နေတဲ့ရုပ်က သူတို့အမြင်မှာ ရှောင်လွှဲလို့မရနိုင်။ သို့ပေမယ့် ကိုယ့်မိသားစုနောက်ခံအနေအထားကြောင့် ကိုယ့်ကိုကိုယ် တိုးတက်အောင်၊နေရာတစ်နေရာရအောင် အရင်ကြိုးစားသင့်သည်။
မဟုတ်ပါက လူတိုင်းရဲ့လစ်လျူရှုမှုကိုသာ ခံရမည်ပင်။ အခုလိုပေါ့ တစ်ဖက်က ဂါရဝပြုလာပေမယ့် ပြန်အရေးစိုက် မခံရတာမျိုးလေ။
"သူ့ကိုယ်သူ အထင်ကြီးနေတဲ့အပြင် စိတ်ထားကလည်း မရိုးသားဘူး"
ပြောပြီးတာနဲ့ ဖေးယွမ်ရွှင်းက အခြွေအရံတွေနဲ့အတူ ထွက်သွားသည်။ လင်းယွီလင် မရယ်ပဲမနေနိုင်။ ဟုတ်၏။ ဒီလူ့အကြောင်း ဂဃဏနမသိသေးပေမယ့် ကြည့်ရုံနဲ့တင် မရိုးသားမှန်း ခန့်မှန်းနိုင်သည်။
ရင်ဖုန်းတံတားကျိုးကျသွားတော့ ရှန်လျန်တို့ ဘုရားကျောင်းမှာ တစ်ည အိပ်ရန်ဖြစ်လာသည်။ မဟုတ်လည်း ဒီနေ့ ဝတ်ပြုဆုတောင်းဖို့ မသွားနိုင်တော့တဲ့အတွက် မနက်ဖြန်မှပဲ တရားနာရမည်ဖြစ်ရာ တံတားမကျိူးကျလည်း တစ်ညတော့ အိပ်ရမှာပင်။
"ညီငါး ငယ်သားတွေကို နေ့လည်စာသွားယူခိုင်းလိုက်ဦး၊ မင်းတစ်ယောက်ထဲ ပျင်းနေရင် စစ်တုရင်ထိုးကြမယ်လေ၊ ငါအဖော်လုပ်ပေးမယ်"
နှစ်ယောက်က ရင်းနှီးတာလည်း မဟုတ်ပဲနဲ့ တစ်ဖက်က အတင်း ရင်းနှီးပြနေရာ ရှန်လျန်တို့သုံးယောက်လုံးပိုပြီး သံသယဝင်လာသည်။
"အစ်ကိုသုံး မသိဘူးထင်တယ်၊ ကျွန်တော်က လက်ရေးလှနဲ့ ပန်းချီမှာပဲ ကျွမ်းကျင်တာ"
စစ်တုရင်ထိုးမယ်ပေါ့?
လုပ်စရာရှိတာ မလုပ်ပဲ ဘာတွေကြံစည်နေပါလိမ့်? သို့ရာတွင် အရင်ဘဝ၌ ယခုလို ထပ်တူကျသည့် အဖြစ်မျိုးဖြစ်ဖူးသည်။ ကွာခြားချက်က ရှန်ဟွေး မဟုတ်ပဲ ရှန်ရှောင်နဲ့ရှန်ယန်က သူ့အား အခန်းထဲ ဆွဲခေါ်ထည့်ခြင်းဖြစ်သည်။
"အာ... အဲ့ဒါဆို ငါသင်ပေးမှာပေါ့"
ရှန်ဟွေးအရှုံးပေးချင်စိတ်မရှိသေး၊ အနောက်ကလိုက်သွားခွင့်မရတာမို့ အဖွားခိုင်းထားတဲ့တာဝန်ကို ပြီးအောင် မလုပ်ရသေးရာ ရှန်လျန့်ကို အခန်းထဲ ပြန်ခွင့်မပြုနိုင်။
"မလိုဘူး၊ လေ့ကျန်း စားဖိုဆောင်ကိုသွား၊ သွားရင်းနဲ့ ရင်ဖုန်းတံတားကျိုးကျတဲ့ သတင်းလည်း စုံစမ်းခဲ့၊ ငါအခန်းထဲ ပြန်ပြီး အဝတ်လဲလိုက်တော့မယ်"
ရှန်လျန့်ဘက်ကစပြီး ပြောတာကြောင့် လေ့ကျန်းနဲ့ယောင်းကွမ်က အမိန့်နာခံပြီး ထွက်သွားပေးသည်။ သို့ပေမယ့်တစ်ကယ်သွားတာ မဟုတ်ပဲ ရှန်ဟွေးမမြင်အောင် တစ်နေရာ၌ ပြိုင်တူပုန်းကွယ်လိုက်ကြသည်။ ထို့နောက် တစ်ယောက်ကို တစ်ယောက်ကြည့်ကာ အသံတိတ် သဘောတူလိုက်ကြသည်။
"ဝူတိ နေမယ့် အခန်းကိုမရောက်ဖူးသေးဘူးမလား? အစ်ကို လိုက်ပို့ပေးမယ်"
မမျှော်လင့်ထားစွာ အခွင့်အရေးကောင်းရသဖြင့် ရှန်ဟွေးအလွန်စိတ်လှုပ်ရှားသွားသည်။ အပြုံးကပိုပိုထင်ရှားလာခြင်းမှာ ရှန်လျန့်အမြင်တွင်ပို၍သံသယဝင်စရာကောင်းနေသည်။
"တတိယ အစ်ကို လမ်းပြပါ"
အေးစက်စက် အကြည့်တွေကိုဖုံးကွယ်လျက် ရှန်လျန်ပြောသည်။
ကိုယ့်အတွေးနဲ့ကိုယ် နှစ်မြှုပ်နေတဲ့ ရှန်ဟွေးက လေထုရဲ့အေးစက်ခြင်းကို သတိမထားမိပဲ ခြံဝန်းတစ်ဝိုက် ပတ်ကာ အခန်းကျယ်ဆီခေါ်သွားပြသည်။ ဘုရားကျောင်း၏ နားနေဆောင်အဆောက်အဦးပုံစံက ကနုတ်လက်ရာများဖြင့် ခမ်းခမ်းနားနား ပြင်ဆင်မွန်းမံထားသော်လည်း အတွင်းပိုင်းပရိဘောဂ တော့ဖြင့် ရိုးရိုးရှင်းရှင်း သစ်များဖြင့်သာ ထွင်းထုထားသည်။ ဇိမ်ခံပရိဘောဂများ ဥသုံမရှိပါ။
နေရာထိုင်ခင်းက ကျယ်ဝန်းပြီး အဓိကလိုအပ်တဲ့ အိပ်ရာ၊ စားပွဲနဲ့ ကုလားထိုင်ရှိပြီး အလှဆင်ပစ္စည်းအပိုမရှိပေ။ ရှန်လျန် တစ်ချက်ဝေ့ဝိုက်ကြည့်လိုက်ပြီး အိပ်ရာဆီတန်းတန်းသွားကာ အထုပ်အပိုးဖြည်လိုက်သည်။ တစ်ဖက်လှည့်ကြည့်လိုက်သော် ရှန်ဟွေးက ဖယောင်းတိုင်မီးထွန်းနေသည်ကိုတွေ့ပြီး ရှန်လျန့်အကြည့်တွေ နက်မှောင်သွားသည်။
လုပ်ငန်းစနေပြီပဲ! အဖွားကြီးကို ကူညီဖို့ ရွေးချယ်လိုက်တယ်ပေါ့!
"ဝူတိ ဘုရားကျောင်းဆိုတော့ အိပ်ဆောင်က သစ်တွေနဲ့ပဲလုပ်ထားတာ ၊အစ်ကိုမီးထွန်းပေးထားတယ်နော် ၊ ဒီဖယောင်းတိုင်ရဲ့ မွှေးရနံ့က အနားယူတဲ့အခါ မွေးရနံ့သင်းပြီး အိပ်ပျော်စေ တယ်"
ရှန်လျန်က သူ့ကိုကြည့်နေတာကြောင့် စိတ်အေးအေးထားပြီး ရှင်းပြလိုက်သည်။
"အကိုသုံး ကို ကျေးဇူးတင်ပါတယ်၊ ကျွန်တော် အဝတ်အစားလဲချင်လို့ အစ်ကိုအရင်ထွက်သွားပေးလို့ရမလား?"
ပြောရင်း ရှန်လျန်က ဖယောင်းတိုင်ကို ယူလိုက်သည်။ ရှန်ဟွေးက..
"ဟုတ်သားပဲ၊ ငါ့ညီ အဝတ်လဲဖို့လိုတာ အစ်ကိုမေ့သွားတယ်၊ ဒါဆို သွားတော့မယ်နော်"
တားဖို့ရည်ရွယ်ချက်မရှိရာ ဘာမှပြန်မပြောလိုက်တော့ချေ။ ရှန်ဟွေး အခန်းထဲမှ ထွက်သွားချိန် တံခါးပြန်ပိတ်ပေးရန် မမေ့သလို ဖယောင်းတ်ုင်ကို အကြည့်တစ်ချက်ပေးရန်လည်း မမေ့ချေ။
ရှန်လျန်မျက်ဝန်းတွေအေးစက်သွားပြီးဖယောင်းတိုင်ကိုချကာ လက်ချောင်းနှစ်ချောင်းနဲ့ မီးငြိမ်းသတ်လိုက်သည်။ ထိုအခိုက် လေ့ကျန်းနဲ့ ယောင်းကွမ်က တစ်ပြိုင်တည်း ရောက်လာသည်။
"မြင်လား ၊အနံ့က ဖယောင်းတိုင်မှာ ရှိတာမဟုတ်ဘူး၊ သူ့အင်္ကျီ လက်ထဲ ဖွက်ထားတာ"
ရှန်လျန် နဂိုကနောက်ကျောပေးထား၍ မမြင်လိုက်သော်လည်း အမှောင်ထဲ ဖြစ်နေစေကာမူ သူတို့ကတော့ ရှင်းရှင်းလင်းလင်းမြင်၏။
"အဖွားကြီးရဲ့အကြံအစည်ကို အောင်မြင်ခွင့်ပြုရမှာတဲ့လား"
ရှန်လျန်နှာမှုတ်လိုက်ပြီး ဖယောင်းတိုင်နားကပ်ကာ အသက်ထိန်းရှူသည်။ မွှေးရနံ့က နှာခေါင်းထဲ ပျံ့လွင့်လာပြီးနောက် ကျွမ်းကျင်စွာဖြင့် အမျိုးစားခွဲခြားလိုက်သည်။
"ကာမစိတ်ကြွစေတဲ့ဆေး၊ နည်းနည်းပဲ ရှုရင် ဘာမှမဖြစ်ဘူး၊ ဒါပေမယ့်အများကြီးရှူမိရင်တော့ တစ်ကိုယ်လုံးပူလာပြီး စိတ်လွတ်သွားလိမ့်မယ်၊ ဘာမှစဉ်းစားဆင်ခြင်နိုင်တော့မှာ မဟုတ်ဘူး၊ တိရစ္ဆာန်တွေလို မိတ်လိုက်မိမှာပဲ"
"ဘယ်လို!"
ယောင်းကွမ် ကိုယ့်နားကိုယ် မယုံနိုင်၊ အရမ်းအံ့ဩမိပြီး ကြောင်အမ်းနေသည်။ အမြဲတမ်းတည်ငြိမ်နေတတ်တဲ့ လေ့ကျန်းပင် ဒေါသထွက်သွားသည်။ ဘယ်လိုလုပ် သူတို့သခင်ကို အဆုံးထိ ဖျက်ဆီးပြီး အသေသတ်ချင်နေကြတာလဲ။
"ဘုရားကျောင်းမှာ ဒီလို လုပ်ရပ်မျိုးလုပ်ပြီး ရှောင်တိမ်းနိုင်မယ်ထင်နေတာလား"
ဘယ်အချိန်တည်းက ရောက်နေမှန်းမသိတဲ့ ဖေးယွမ်ရွှင်းက ရှန်လျန့်ပခုံးကိုဖက်သည်။
"ဘုရားကျောင်းဖြစ်လို့ တမင်လုပ်တာလေ"
ရှန်လျန်က မပေါက်ကွဲပဲ အေးစက်စက်သာ ပြောသည် ။
"တုံးလင်အိမ်တော်က သခင်မကြီးက ဘာသာတရားကိုင်းရှိုင်းတာ မြို့တော်တစ်ခုလုံးသိတယ်၊ သူလုပ်တာကို ဘယ်သူကသံသယဝင်မှာလဲ၊ ကျွန်တော့်ကိုယ်ကို မနေနိုင်မထိုင်နိုင် လူရှာတယ်ပဲ ဖြစ်မှာ၊ ဖယောင်းတိုင်ပမာဏက အနည်းဆုံး နှစ်နာရီကြာ ရှူမိမှာနဲ့ဆို တစ်ညလုံး ပွဲကြမ်းမိမှာပဲ၊ မိုးလင်းလို့ လူဆုံတက်ဆုံလာဖမ်းတဲ့အချိန်ကျတော့ ဆေးနံ့ကရှိတော့မှာ မဟုတ်ဘူး၊ ဒါပေမယ့် အခန်းတစ်ခုလုံး ခြေစလက်စတွေနဲ့ ရှုပ်ပွညစ်ပတ်နေမှာသေချာတယ်"
အရင်ဘဝမှာတော့ သူ့ဘဝကိုဖျက်ဆီးမည့်လူက မင်းသားကျန်းဖြစ်ခဲ့ပြီး ဘာမှမလုပ်နိုင်သေးခင်တွင် တစ်စုံတယောက်က သူ့ကိုအတင်း သတိပြန်ဝင်စေခဲ့သည်။ ချီယွဲ့က တိရစ္ဆာန်စိတ်ဝင်နေသော လူလက်ထဲမှ သူ့ကို ကာကွယ်ပေးခဲ့ပြီး ချီရွှမ်းက ငိုယိုလျက် သူ့အားအဝေးဆွဲခေါ် ထုတ်ခဲ့သည်။ နောက်တစ်ရက် ပြန်သွားကြည့်သည့်အခါ ချီယွဲ့က အိပ်ရာပေါ်၌ သေဆုံးသွားပြီဖြစ်ပြီး တစ်ကိုယ်လုံး ဒဏ်ရာများဖြင့် မြင်မကောင်းအောင် ပြည့်နှက်နေသည်။ ကြမ်းပြင်ပေါ်တွင်လည်း ကြာပွတ်နှစ်ချောင်းက ရှိနေလျက် အသက်ရှင်စဉ်ကအနှိပ်စက်ခံခဲ့ရဟန်တူ၏။
သူနဲ့ ချီရွှမ်းတို့မှာ ရှုံးပွဲချ ငိုယိုရုံသာတတ်နိုင်သည်။ တုံးလင်အိမ်တော်မှ တရားခံကိုစောင့်ဖမ်းရန်လာသော လူအုပ်မှာ တစ်ယောက်ပြီး တစ်ယောက် ချီယွဲ့အားပြစ်တင်ရှုံ့ချကြသည်။ သခင့်အခန်း၌ မကောင်းတာလုပ်သည့်အစေခံဟူ၍စွပ်စွဲကြပြီး မည်မျှပင် ရှင်းပြစေကာမူ ယုံကြည်ပေးမည့်သူမရှိပဲ ရုပ်အလောင်းအား သချိုင်းမှာ သွားပစ်လိုက်ကြသည်။ သူနဲ့ချီရွှမ်းက ခက်ခက်ခဲခဲ သွားခိုးသယ်ပြီး ဖုန်းမင်တောင်ခြေမှာတင် ငိုရင်း မြှုပ်နှံသဂြိုဟ်ပေးခဲ့ကြသည်။ သို့သော်ငြား တစ်စုံတစ်ယောက်မှ ဖျက်ဆီးမည်စိုး၍ နာမည်ကဗျည်းတိုင်တော့ မထောင်ပေးရဲခဲ့ပါ။
နောက်ပိုင်းတော့ လျိုရှုဟန်က သူတို့ချင်းလူလဲတာကို ရိပ်မိသည်ထင် .. သူနဲ့ မင်းသားကျန်းရဲ့ ပတ်သက်မှုဖြစ်နိုင်သည်ဟူ၍ ဖြစ်စဉ်ကို ဆက်စပ်လျက် ရှန်လျန့်အား စွပ်စွဲပြန်ကာ ရွံ့ရေထဲ ဆက်လက်နစ်မွန်းစေသည်။
အရင်ဘဝကမှတ်ဉာဏ်တွေကို မြင်ယောင်လာပြီး အလွန်ပြင်းထန်သော လူသတ်ချင်စိတ်ပေါ်ထွက်လာခဲ့သည်။ ချက်ချင်းပဲ ဖယောင်းတိုင်ကိုယူကာ အဖွားအိုနဲ့ ထိပ်တိုက်ရင်ဆိုင်လိုက်ချင်သည်။ အသုံးမဝင်ဘူး ဟူသည့် အသိစိတ်က တားဆီးနေ၍သာ၊ အဖွားအိုက သေချာပေါက်တွက်ချက်ပြီးသား ဖြစ်လိမ့်မည်။
အကယ်၍ ရှန်လျန် ရှာတွေ့ခဲ့ပါက အပြစ်အားလုံးကို ရှန်ဟွေးအပေါ် ပုံချလိမ့်မည်။ ဘာပဲဖြစ်ဖြစ် ရှန်ဟွေးက အရေးကြီးတဲ့သားတစ်ယောက်မှ မဟုတ်တာ ၊နည်းနည်းလောက် ဆုံးရှုံးတာက မပြောပလောက်ဘူး။
အဆုံးသတ်ရလဒ်က ဒုတိယမိသားစု၏တရားမဝင်သားက ရှန်လျန့်ကိုဒုက္ခပေးရန်ကြံစည်သည်ဟူသည့် ကောလဟာလသာ ပျံ့နှံ့သွားလိမ့်မည်။ လူထုက စပ်စုချင်လျှင်တောင် အခင်မကြီးရဲ့ ဂုဏ်သတင်းကိုထိခိုက်ဖို့ဝေး၊ သံသယပင် ဝင်ကြမှာ မဟုတ်။
"အစီအစဉ်က ကျနလိုက်တာ၊ မင်းသိနေမှန်း သူတို့မသိတာ သနားစရာပဲ"
ဝမ်းနည်းသည့်အငွေ့အသက်မျိုး ခံစားမိသော်လည်း ဖေးယွမ်ရွှင်း ဘာမှ မမေးချေ။ ထိုအစား ရှန်လျန့်လက်ကိုသာ အားပေးသည့်အနေဖြင့် ဆုပ်ကိုင်ပေးခဲ့သည်။
"သူတို့က ကျွန်တော့်ဆေးပညာက ထူးချွန်မှန်း သေချာပေါက် ယုံကြည်မှာ မဟုတ်ဘူး၊ နောက်တစ်ချက်က ဆေးနံ့က သစ်ထဲ စိမ့်ဝင်သွားရင် ကျွမ်းကျင်သမားတော်တောင် ဖော်ထုတ်နိုင်တော့မှာ မဟုတ်ဘူး"
ထုတ်ပြောရန်မလိုသည့် နှစ်သိမ့်ပေးမှုကြောင့် ရှန်လျန့်နှလုံးသားလေးနွေးထွေးသွားပြီး မူလက စိတ်အခြေအနေလည်း အတော်အတန်လျော့ပါးသွားသည်။
"ဟမ့်! လျန်လျန် သူတို့ကို ဘယ်လိုပြန်ပေးဆပ်ခိုင်းမှာလဲ"
ဖေးယွမ်ရွှင်းက ရှန်လျန့်အစား သင်ခန်းစာပေးလိုက်ချင်သော်လည်း ခွင့်ပြုချက်ရမည်မဟုတ်မှန်း သိ၏။ ရှန်လျန်က ဒုက္ခပေးတဲ့သူတိုင်းကို ခန့်မှန်းမိနေပြီး ကြိုတင် အစီအစဉ်ချပြီး ဖြစ်လိမ့်မည်။
"ကျွန်တော့ရှေ့မှာ ဒူးထောက်လာစေရမယ်၊ စောင့်နေလိုက်"
မျက်ခုံးက ဖြောင့်တန်းနေပြီး မျက်ဝန်း အတွင်းဆုံးပိုင်းက နက်ရှိုင်းသည့် အေးစက်မှုကိုပြသည်။ သူ့ကိုဖျက်ဆီးချင်တယ်လား? တန်ပြန်တိုက်စစ်ရှိတယ်နော်... အဆုံးမှာ ဘယ်သူက ပျက်စီးပြီး ဘယ်သူက အနိုင်ရမလဲ ဆိုတာ ......။
2451words
Grape 🍇