'ရှန်လျန်ရဲ့ အရည်အချင်းကို ထပ်စမ်းသပ်ပြီ'
ကျင်းရှီယန်နဲ့ ဖေးယွမ်ရွှင်းရဲ့ယှဉ်ပြိုင်မှုတွင် ပြတ်ပြတ်သားသား ပဲ ကျင်းရှီယန် ရှုံးနိမ့်ခဲ့သည်။ သို့ဖြစ်ရာ အဖိုးတန်လှပသည့်ရှေးဟောင်းပစ္စည်းတစ်ခုကို လှူဒါန်းပေးခဲ့သည်။ သူတို့နှစ်ဦးပါဝင်ဆင်နွှဲလိုက်တာကြောင့် အလှူပွဲတော်ကပိုပြီးအသက်ဝင်လာသည်။ သခင်လေးများနှင့် သခင်မလေးများက သူတို့အိမ်တော်၏ဂုဏ်သရေညှိုးနွမ်းမည်ကို မူလကစိတ်ပူနေကြသော်လည်း ယခုတော့ စိတ်အေးသက်သာရာရကာ တစ်ဦးပြီးတစ်ဦးယှဉ်ပြိုင်ရန် ပေါ်ထွက်လာကြသည်။
မည်သူမဆို ကိုယ့်အတတ်ပညာ အရည်အချင်းကိုအကောင်းဆုံးထုတ်ပြရမည့်အစား ရှန်လျန်နဲ့ ကျန်းအိမ်ကမိန်းကလေးလို ဂုဏ်သိက္ခာအတွက် ယှဉ်ပြိုင်တိုက်ခိုက်ရခြင်းများ ထပ်ဖြစ်မည်ကိုစိုးရိမ်ကြသည်။
မည်သို့ပင်ဆိုစေ ကျန်းမိန်းကလေးက ဥပမာကောင်းဖြစ်သွားသည် ထင်၏။ နာရီ အနည်းငယ်ကြာသည်အထိ မည်သူမျှ ရှန်လျန့်အား ထပ်စိန်ခေါ်လာသူမရှိချေ။ ထို့ကြောင့် အနည်းနှင့်အများ ဝေဖန်နေသူများ၏အကြည့်မှ လွတ်မြောက် ကာ စိတ်အေးလက်အေး နေနေရ၏။
"သခင်မလေးရဲ့ လက်ရေးအလှ က အတော် လှပတာပဲ.. တစ်ခြားသူတွေတော့ တုန်လှုပ်နေလောက်ပြီ"
"အဲ့လိုပဲဖြစ်နေရမယ်လေ.. ငါတို့သခင်မလေးရဲ့လက်ရေးနဲ့ အတွက်အချက်ပညာက အကောင်းဆုံးပဲ"
"အကောင်းဆုံးတဲ့လား? ဘယ်သူ့ကိုလာနောက်နေတာလဲ? သခင်မလေးက သခင်လေး၅ရဲ့ ပန်းချီ ပညာကိုမယှဉ်နိုင်လောက်ဘူးလို့ ပြောနေကြတာ မကြားမိဘူးလား?"
"လုကျစ်.. နင်ဘာပြောလိုက်တယ်?"
"ငါပြောတာ မှားလို့လား? သခင်မလေး ရဲ့ လက်ရေးက မလှဘူးလို့ ငါမပြောပါဘူး... ဒါပေမယ့် နင် သူ့မျက်နှာကိုမတွေ့ဘူးလား.. ပျော်နေတဲ့ပုံမပေါက်ဘူး"
လူတစ်ချို့က အလှူပွဲကျင်းပရာနေရာမှ ဝမ်းကျန်းမာရေး ဖြေရှင်းရန်ထွက်လာကြသည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် ရှန်ကျင်း၏ အစေခံများက အကြွားသန်နေကြရာ ရှန်ချောင်၏အစေခံ လုကျစ်က ဝင်ပြောပြီး အောင်အောင်မြင်မြင် ဖြတ်သန်းသွားကာ မည်သည့်အနှောင့်အယှက်မှ မဖြစ်ခဲ့သကဲ့သို့ပင်။ ရှန်ကျင်း၏အစေခံနှစ်ယောက်မှာ ရှက်စဖွယ်အနေအထားနှင့် ကျန်ရစ်ခဲ့သည်။
" မင်းတို့သခင်မလေးက တစ်ကယ်ပဲ မပျော်မရွှင် ဖြစ်နေတာလား"
လူတစ်ယောက်၏အသံက ရုတ်ချည်းထွက်ပေါ်လာတာကြောင့် အစေခံနှစ်ဦးလုံးလှည့်ကြည့်လိုက်ပြီးနောက်.. ဒူးထောက်လိုက်ကြသည်။
"ဗိုလ်ကြီးလင်း မင်္ဂလာပါ"
ဗိုလ်ကြီးလင်းရဲ့အမည် အပြည့်အစုံမှာ လင်းယွီချိန်ဖြစ်ပြီး ဗိုလ်ချုပ်လင်း၏အကြီးဆုံးသားဖြစ်၏။ ငယ်စဉ်ကတည်းက ဖခင်နှင့် အတူ နယ်စပ်တွင် စစ်ထွက်တိုက်ခဲ့ပြီး နောက်... ပြီးခဲ့သော နှစ်နှစ်တွင် သားအဖနှစ်ယောက်သည် ရန်သူများအား နိုင်ငံ့နယ်နမိတ်အစွန်ထိ လိုက်လံ မောင်းထုတ်ကာ မိုင်ပေါင်းများစွာ ဆုတ်ခွာထွက်ပြေးသွားအောင် တိုက်ထုတ်နိုင်ခဲ့သည်။
ထိုတိုက်ပွဲပြီးသည်နှင့် ဧကရာဇ်မှ အဆင့်၄ တပ်ဦးစီးအရာရှိ ရာထူး ကို ချက်ချင်းချီးမြှင့်ပေးခဲ့သည်။ ရာထူးကမမြင့်သေးပေမယ့် အသက်အရွယ်ငယ်သည်ကြောင့် အနာဂါတ်လမ်းကြောင်းက သေချာပေါက် အာမခံချက်ရှိသည်။ သူ၏ တပ်မှူးဂုဏ်ပုဒ်ကြောင့် ထျန်းမန်ပညာသင်ကျောင်းသို့ တိုက်ရိုက်ဝင်ခွင့်ရခဲ့သေးသည်။ ဤသို့ဖြင့် ထူးချွန်ပြီး လှပသည့်
ရှန်ကျင်းကိုမြင်မြင်ချင်း ချစ်မိသွားခဲ့ကာ လင်းယွီချိန်သည် ရှန်ကျင်းအား တိတ်တခိုးရည်မှန်းနေသူများထဲမှ တစ်ယောက် ဖြစ်လာသည်။
"ဟမ်? သူပြောသွားတာ အမှန်ပဲလား.. မင်းတို့သခင်မလေးက ရှန်လျန်ကြောင့် မပျော်မရွှင်ဖြစ်နေရတာလား"
အစေခံနှစ်ယောက်ကို စူးစူးရဲရဲစိုက်ကြည့်ပြီး မေးငေါ့ မေးသည်။ ရှန်လျန့်အပေါ် ဘာအမြင်မှ မရှိခဲ့ ပေမယ့် ရှန်ကျင်း ကို စိတ်ညစ်အောင် လုပ်တယ်ဆိုရင်တော့ သူဆိုတဲ့ လင်းယွီချိန်က ဒီတိုင်းလွှတ် ပေးထားမှာ မဟုတ်ပေ.....
"အဲ့ဒါက..."
အစေခံနှစ်ယောက်က ထိုလူရွယ်၏ တွန်းအားပေးမှုကြောင့် နေရခက်ပြီး သူတို့၏ခေါင်းကို ဖြည်းဖြည်းလေးလေးနှင့်ငြိမ့်လိုက်ကြသည်။
"မင်းတို့သခင်မလေးကိုပြောလိုက်.. ကျုပ်ကသူ့အတွက် တရားမျှတမှုရှာပေးမယ်လို့"
ခန်းမကျယ်ဘက် ပြန်လျှောက် သွားတဲ့ လင်းယွီချိန် ကိုကြည့်ကာ အစေခံနှစ်ယောက်က အဓိပ္ပာယ်ပါပါဖြင့်တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ အကြည့်ချင်းဖလှယ်လိုက်ကြသည်။
"မမလေးရှင့် အားလုံး စီစဉ်ပြီးပါပြီ"
ပြန်ရောက်လာတဲ့ အစေခံတစ်ဦးက ရှန်ကျင်းရဲ့နား နားကပ်ကာ တီးတိုးပြောသည်။
"အင်း.."
ရှန်ကျင်းခေါင်းဆတ်ပြလိုက်ပြီး သူမ၏နှုတ်ခမ်းပေါ်မှ အပြုံးကို လဖက်ရည်ခွက်နှင့်ကာလိုက်၏။
ဟုတ်ပြီ.. အားလုံး သူစီစဉ်ထားတဲ့အတိုင်းပဲ..လုကျစ်က အာရုံစိုက်မိအောင်လို့ အစေခံနှစ်ယောက်ကို သူမရဲ့ကောင်းကြောင်းတွေ ထုတ်ကြွားခိုင်းလိုက်တာ.... ရှန်ချန်..အဲ့ဒီမောက်မာတဲ့ကောင်မက ရှန်ချောင်နဲ့ သူ့ကိုဆို အမြဲ အထင်သေးတယ်..သေချာပေါက် သူ့ကျွန်ကလည်း သခင်မ စရိုက်အတိုင်းပဲ.. ရှန်ချန်ကလွဲရင် ဘယ်သူ့မှ မမြင်ဘူး.. လက်ရှိလူတွေ ကိုလေ့လာကြည့်ရင် ရှန်လျန်ကို အနိုင်ကျင့်နိုင်မယ့် တစ်ဦးတည်းသောသူက....
အချိန်ကိုက်ပင် ပြောဆိုအပြီး လုကျစ်ကလည်း ခန့်မှန်းထားသကဲ့သို့ ပြောဆိုလာခဲ့၏။ လင်းယွီချိန် က သူ့ကိုကြိုက်နေပြီး ပျော်ရွှင်အောင်လည်း လုပ်ပေးတတ်ရာ ရှန်ကျင်း ၏ဂုဏ်သရေ ညှိုးမှိန်ရသည့် အရေးကြီးသော ကိစ္စကို သူဘယ်လို ခွင့်ပြုမည်တဲ့လဲ....
"ပွဲက ပြီးတော့မယ် လျန်လျန်..နောက်ကို မင်းကိုလာရှာလို့လွယ်အောင် တုံးလင်အမတ်ကြီးဆီ ငါသွားမိတ်ဆက်လိုက်ရမလား"
မိန်းကလေးနှစ်ဦး၏ ယှဉ်ပြိုင်ပွဲကို စိတ်မဝင်စားသည့် ရှန်ကျိုးက ရှန်လျန်နှင့်လေပေါနေသည်။
သူ့စကားကြောင့် အားလုံးရဲ့အကြည့်က ရှန်လျန့်ဆီရောက်လာ၏။ အနာဂါတ်မှာ သူတို့လည်း ရှန်လျန်နှင့်ဆက်ဆံရေးကောင်းတည်ဆောက်ချင်နေကြ၏။
"ပြန်စဉ်းစားတာ ကောင်းမယ်ထင်တယ်.. မင်းငါ့ကို ရယ်ချင်လည်းရတယ်နော် ငါက ပင်မခြံဝန်းနဲ့အဝေးကြီးမှာ နေရတာ.. ငါ့အိမ်က အခန်းသုံးခန်းပဲရှိပြီး ဧည့်သည် အတွက် အပိုခန်းမရှိဘူး ၊ တုံးလင်အိမ်တော်ရဲ့ တရားဝင်သား တစ်ဦးအနေနဲ့ ဧည့်သည်ကို အိမ်ပြင်မှာ ပဲထွက်တွေ့ရင် ရှန်ရှောင်နဲ့ ရှန်ချန်တို့မောင်နှမက အားလုံးကို ခေါ်တောင် ပြလိမ့်ဦးမယ်.. အဲ့ကျရင် မင်းရော ငါရော နေရခက်ကုန်မှာ"
ရှန်လျန် အာလုံးရဲ့အကြည့်ကို ရှောင်လွှဲကာ ကူကယ်ရာမဲ့စွာနဲ့ ခေါင်းငုံ့လိုက်သည်။ သူငယ်ချင်းတွေရဲ့ စိတ်ညစ်သွားတဲ့ အမူအရာတွေကြောင့် သူပြုံးလိုက်၏။
"အကြည့်တွေက ဘာတုန်း?ငါ မင်းတို့ကို မဖိတ်နိုင်ပေမယ့် မင်းတို့ဘက်ကရော ငါ့ကိုဖိတ်လို့မရလို့လား?မင်းတို့ဘက်က ဖိတ်ခေါ်သရွေ့ ငါကလည်း ငြင်းမှာ မဟုတ်ဘူး၊ ပြီးတော့ ဒီနွေပြီးရင်လည်း ငါထျန်းမန်ကို လာတက်တော့မှာ ပဲလေ"
"အေး..မင်းစကား မင်းတည်နော်! ငါဖိတ်ခေါ်စာပို့တာနဲ့ မင်းလုံးဝ ငြင်းခွင့်မရှိဘူး"
ရှန်ကျိုးနဲ့ လူတိုင်းရဲ့ အားလျော့သွားတဲ့ မျက်နှာပေးတွေက ချက်ချင်းပြန်တက်ကြွလာကြသည်။ ကော တစ်အုပ်စုလုံးဟာ ဂုဏ်ပုဒ်တွေဘေးချိတ်ကာ တောက်တောက်ပပ ပြုံးနေကြပြီး လက်ရှိမှာ သူငယ်ချင်းတွေသာ ဖြစ်ကြသည်။
"ဟုတ်ပါပြီ ဟုတ်ပါပြီ ရှန်သခင်ငယ်လေးက တစ်ချက်လွှတ် အမိန့်ပေးနေမှတော့ ကျွန်တော်မျိုးမှာ ငြင်းရဲတဲ့သတ္တိ ဘယ်ရှိမတဲ့လဲ"
သူငယ်ချင်းတွေရဲ့ မေတ္တာ တွေကြောင့် ရှန်လျန်ဆယ်ကျော်သက် အရွယ်ပြန်ရောက်သွားတယ်လို့ခံစားလိုက်ရ၏။
"ဟေး ကြည့်ကြဦး.. ဗိုလ်ကြီးလင်းရှေ့ထွက်သွားပြီ"
ယန်ထျန်းယွီက အာလုံးရဲ့ အာရုံကို ပြန်ဆွဲခေါ်လိုက်၏။
ဗိုလ်ကြီးလင်းလား?
ရှန်လျန်၏ မျက်ခုံးက လေးကိုင်းသဏ္ဍာန်ဖြစ်သွား၏။ ဤလူကို သူ့ဘက်က အတော်လေးရင်းနှီးနေပါ၏။ ရှန်ကျင်းအား အရူးအမူး ကြိုက်သော ထိုလူရွယ်က သူ့ကို တစ်ချက်မှ လှည့်မကြည့်ခဲ့ဖူးသော်လည်း ဒီလူ၏ ဝမ်းကွဲက တတိယမင်းသား၏ ကြင်ယာတော် ဖြစ်ခဲ့လို့ပင်။ သူကိုယ်တိုင်လဲ စတုတ္ထမင်းသား၏ ကြင်ယာတော်ဖြစ်ရာ အချင်းချင်း အဆက်အသွယ်များစွာရှိခဲ့သည်။
လင်းယွီချိန်က တစ်ဇွတ်ထိုးဆန်ကာ ကိုယ့်ကိုကိုယ်လည်းယုံကြည်မှုလွန်ကဲသူဖြစ်၏။ စစ်သည်မိသားစုမှဆင်းသက်လာပြီး သူကိုယ်တိုင်လည်း စစ်သည်ကောင်းတစ်ယောက်ဖြစ်၏။ ကံမကောင်းစွာနှင့် အသေစောတာ တစ်ခုပင်။ ဖေးယွမ်ရွှင်းနှင့် သူ့အစ်ကိုကြီးတို့ မှာ အနည်းဆုံး တော့ တာဝန်ထမ်းဆောင်ရင်း တိုက်ပွဲမှာ ကျဆုံးကာ လူငယ်မျိုးဆက်တိုင်း၏ ရင်ထဲတွင် နာမည်ကျန်ရစ်ခဲ့သည်ထိ ကျော်ကြားခဲ့သေးသည်။
သို့သော် လင်းယွီချိန်က ရှန်ကျင်းကြောင့် သေဆုံးခဲ့ရကာ အလွန်နစ်နာဖွယ်ရာ ပင်။ သေဆုံးသွားသည်အထိ ရှန်ကျင်း၏ အသုံးချခံဖြစ်ခဲ့ရသည်ကို သိမသွားရှာခဲ့။ ရှန်ကျင်းသည် သူမကိုယ်သူမ တပ်မှူး၏ဇနီးနေရာအား ဘယ်သောအခါမှ ကျေနပ်မှုမရှိခဲ့သည်က ရှက်ဖွယ်ဖြစ်ခဲ့၏။
"လင်းတပ်မှူးကလည်း ဒီပွဲမှာ ပါဝင်ဆင်နွှဲမယ်လို့ ကျုပ် ထင်မထားမိဘူး၊ ဘယ်သူ့ကို စိန်ခေါ်မှာပါလဲ"
လူတိုင်းက လင်းယွီချိန်ကိုမျက်နှာလိုမျက်နှာရလုပ်ကြသူချည်းပင်။ သူ့ဝမ်းကွဲက တတိယ မင်းသား၏ကြင်ယာတော်ဖြစ်ရာ လင်းတပ်မှူးက အမျိုးစပ်ရလျှင် တော်ဝင်မိသားစုဝင်ဖြစ်သည်။ မင်းသားသွမ့်ကျွမ်းပင်လျှင် တက်ကြွကာ ရင်းရင်းနှီးနှီး ပြောလာသည်။
"တုံးလင်အိမ်တော်က ရှန်လျန်ပါ"
သူပြောပြီးသည်နှင့် ခန်းမ တစ်ခုလုံးတိတ်ကျသွား၏။ ကျန်းမိန်းကလေးနှင့် ရှန်လျန်တို့ယှဉ်ပြိုင်ပွဲက သူတို့ရဲ့မျက်စိထဲမှ ပျောက်ကွယ်မသွားသေးပေ။ ထို့အပြင် ရှန်လျန်ကိုယ်တိုင်မှလည်း ဆို၊ က၊ ရေး၊တီး ပညာရပ်တွေကို တတ်ကျွမ်းခြင်းမရှိကြောင်း ရှင်းရှင်းလင်းလင်း ပြောခဲ့ပြီးသားဖြစ်ရာ သူ့ကို စိန်ခေါ်ခြင်းက တမင်သက်သက်ကို အနိုင်ကျင့်ရာ ကျနေလေပြီ။ လင်းယွီချိန်လို နာမည်ကောင်းနှင့်ကျော်စောသူက ဘယ်လိုလုပ် ပုံမှန် မပြုမူရတာလဲ?
"ကျွန်တော်လား?"
ရှန်လျန် ကြောင်အနေမိ၏။ ရှန်ကျိုးနှင့်အခြားသူများလည်း သူ့နည်းတူပင် ဖြစ်ကာ စိုးရိမ်ပူပန်လာကြရပြန်သည်။ ဘယ်လိုလုပ် နောက်တစ်ခါ ထပ်ဖြစ်လာတာလဲ သူတို့ နားမလည် ကြတော့ချေ။
"ရှန်လျန်က တော်တော် နာမည် ကြီးနေတော့ လူတိုင်းက စမ်းချင်နေကြတာပေါ့"
မင်းသားကြီးက အဓိပ္ပာယ်ပါပါ ပြောလာသည်။ အခြားတော်ဝင် မင်းသားများက ဆွံ့အနေကြကာအတူယှဥ်တွဲ ထိုင်နေကြသည့် တတိယမင်းသားတို့ဇနီးမောင်နှံကတော့ စိတ်ရှုပ်ထွေးနေကြ၏။
ကြင်ယာတော်၏ဖြူစင်သည့်နှလုံးသားသည် လူတိုင်းက သူ့ဝမ်းကွဲအပေါ် ဘာလို့ တစ်မျိုးတစ်မည် ကြည့်နေကြမှန်း သဘောမပေါက်ပါချေ။ မင်းသားကြီး ပြောတာမှန်၏။ ရှန်လျန်က လက်ရှိမှာ မွှေး ပျံ့သည့် ပေါင်မုန့် တစ်လုံးဖြစ်ရာ လူအတော်များများ မြည်းစမ်းချင်နေကြခြင်းဖြစ်မည်။
သို့သော် ထိုမွှေးပျံ့သည့်ပေါင်မုန့်က အဆိပ်ရှိနေသည်ကိုတော့ မည်သူမျှ ရှင်းရှင်းလင်းလင်းမမြင်နိုင်ကြပေ။
"လင်းတပ်မှူး တစ်ကယ်ပဲ ရှန်လျန့်ကို စိန်ခေါ်ချင်တာလား"
မင်းသားသွမ့်ကျွမ်းမှာ မျက်မှောင် ကြုံ့လျက် ထပ်မေးမြန်း၏။
"မှန်ပါတယ်... သူနဲ့ယှဉ်ပြိုင်ပါရစေ"
ခေါင်းငြိမ့်လျက် လင်းယွီချိန် ပြန်ဖြေ၏။ သူ့အကြည့် ကလူအုပ်ကို ဖြတ်သန်းကာ သူ့ကိုကြည့်နေသော ရှန်ကျင်းဆီအရောက်.. အပြုံးတစ်ချက် ဝင့်ကာ ပေးလိုက်ပြီး ရှန်လျန့်ဆီအာရုံပြန်စိုက်လိုက်သည်။
ရှန်လျန် မလှုပ်ရှားပေမယ့် လင်းယွီချိန်၏ အကြည့်က ရှန်ကျင်းဆီ ရွေ့သွားမှန်းသတိထားမိ၏။ ထို့ကြောင့် ယခု ဖြစ်ပျက်နေသည်အား အနည်းနှင့်အများသဘော ပေါက် သွားရ၏။
ဤလင်းယွီချိန်က ရှင်းရှင်းလင်းလင်းကို အသုံးချ ခံနေရပြီ...အရင်ဘဝက သေသွားတာတောင် မကျေမနပ်ဖြစ်သွားခဲ့ပုံမရလောက်ပေ...
"လျန်လျန်!"
သူမတ်တပ်ထရပ်လိုက်ရာ ရှန်ကျိုးက စိုးရိမ်တကြီး ဆွဲထားသည်။ လင်းယွီချိန်က ကျန်းမိန်းကလေးနှင့်မတူပေ။ ကိုယ်ခံပညာကို သံသယ မရှိ ကျွမ်းကျင်သည့်သူဖြစ်သည်။ ရှန်လျန်၏ လေတိုက်လျှင် လွင့်သွားမည့် ခနွာကိုယ်နှင့်ယှဉ်လိုက်လျှင် ဒီတိုင်း အဝေးကို ကောက်မပြီး လွင့်ပစ်ခံလိုက်ရနိုင်သည်မလား..
"အဆင်ပြေပါတယ်၊ ဗိုလ်ကြီးလင်းက နည်းနည်းသွေးပူချင်ရုံနေမှာပါ..ငါ့ကိုဒုက္ခမပေးလောက်ပါဘူး"
ဆွဲထားသည့်လက်အားပုတ်ပေးလိုက်ပြီး နှစ်သိမ့်ပေးလိုက်၏။ ထို့နောက် ယှဉ်ပြိုင်မည့်နေရာသို့ အားလုံး၏မျက်စိရှေ့ ရောက်ရှိသွားသည်။
"ဟေး မင်း စိတ်ပူလား?"
အနီးဆုံးမှာ ထိုင်နေတဲ့ ကျင်းရှီယန်က လက်မောင်းကို လာဆုပ်ကိုင်ရင်း ဖေးယွမ်ရွှင်း အနားတိုးလာ၏။ ထို့နောက် တစ်ဖက်လူ နားသို့ တီးတိုးကပ်ပြောသည်။
"သူကိုယ်တိုင်ရှေ့ထွက်ရဲမှတော့ ကိုယ်တော်စိုးရိမ်နေစရာ ဘာရှိလဲ"
ဖေးယွမ်ရွှင်းက ဝိုင်ခွင်အားကိုင်ထားလျက် ထိုင်ခုံမှာ ကျောမှီလိုက်သည်။ မျက်ဝန်းကအနည်းငယ် ကျဉ်းမြောင်းသွားကာ
ယှဉ်ပြိုင်ရုံတင် မဟုတ်လို့ကတော့? သူကိုယ်တိုင်ဒီမှာ ရှိနေသရွေ့ လင်းယွီချိန် ဒုက္ခ ပေးဖို့အခွင့်အရေး မရှိစေရဘူး...
တစ်ကယ်တော့ လျန်လျန်က ဘာတွေ စပရိုက် တိုက်ဦးမလဲ သူသိချင်သေးသည်။
"ကိုယ့်ကိုကိုယ် ကြည့်ဦး! ငါ့ကိုပြော.. သူ့အပေါ် အတည်လား"
အရင်က တစ်ခြားသူတွေက်ု ဒီလောက် စိတ်နှစ်ထားတာမျိုးမတွေ့ဖူးတဲ့ ကျင်းရှီယန်မှာ မမေးပဲ မနေနိုင်တော့... ပြန်တွေးကြည့်ရင်တော့ ရှန်လျန့်အနေအထားက ယွမ်ရွှင်းနဲ့ သင့်တော်ပါတယ် ဒါပေမယ့်လက်ထပ်ဖို့ကျတော့ လွယ်ကူတဲ့က်ိစ္စမဟုတ်ဘူး... မင်းသားတွေ ရဲ့ ရှန်လျန့်အပေါ် ကျားချောင်းချောင်းနေတဲ့အကြည့်တွေကို ဘယ်သူ မမြင်လို့လဲ?
"ဟမ်?"
ဖေးယွမ်ရွှင်း က ကျင်းရှီယန်ဆီ အကြည့်တစ်ချက်ပေးလိုက်သည်။
"သူ့ကို အတည်ဟုတ်၊မဟုတ်မသိဘူး တစ်စုံတစ်ယောက်က ငါ့ဇနီးဖြစ်လာမယ်ဆိုရင် အဲ့ဒီ တစ်စုံတယောက်က တစ်ခြားသူမဖြစ်ရဘူး ရှန်လျန်တစ်ဦးတည်းပဲ"
တာဝန်တွေဝန်ထုတ်ဝန်ပိုးတွေ သယ်ဆောင်ထားတဲ့ ဖေးယွမ်ရွှင်းဟာ ရှန်လျန်နဲ့ မဆုံခင်က လက်ထပ်ထိမ်းမြားပြီး ကလေးယူမည့်အတွေးမရှိဖူးခဲ့သော်လည်း ယခုတော့ တစ်ကယ်ကို အနာဂါတ် တစ်နေ့မှာ တစ်စုံတစ်ယောက်နှင့် လက်ဆက်ချင်နေမိပြီး ထိုသူက ရှန်လျန်ပင်... တစ်ခြားသူ လုံးဝ မဖြစ်ရ!
"အဲ့တာ အတည်မဟုတ်လို့ ဘာလဲကွ?"
ကျင်းရှီယန် မျက်လုံးလိမ့်လိုက်၏။ ဘယ်လိုပဲဖြစ်ဖြစ် သူ့သူငယ်ချင်းက ဘဝရဲ့ တစ်စိတ်တစ်ပိုင်းကိုရှာ တွေ့သွားတဲ့အတွက် ထပ်တူ ဝမ်းသာရပါ၏။
"မင်းနားမလည်ပါဘူး လျန်လျန်က မတူဘူး"
လျန်လျန်က အထူးလူသား.. သူကလွဲပြီးဘယ်သူမှ နားလည်ကြမှာ မဟုတ်ပါဘူး...
"အလှတရားကို မျက်လုံးပါသူတိုင်းခံစားတတ်တယ်.. ငါသေချာပေါက် နားလည်တာပေါ့"
သူတို့ကံကြမ္မာကိုကြို မမြင်နိုင်သေးတာကြောင့် ဘာဝေဖန်မှုမှ မလုပ်ချင်ရာ ကျင်းရှီယန်က ဖေးယွမ်ရွှင်းကို လစ်လျူရှုထားဖို့သာ ရိုးရိုးရှင်းရှင်း ဆုံးဖြတ်လိုက်သည်။
"ဗိုလ်ကြီးလင်းက ဘာပြိုင်ချင်ပါသလဲ"
လင်းယွီချိန်၏ရှေ့၌ရပ်ကာ ရှန်လျန်က တည်ငြိမ်သည့် ဟန်ပန်ကိုဆက်ထိန်းသိမ်းထားသည်။ သူ့ရဲ့ရဲရဲရင့်ရင့် ဆုံးဖြတ်ချက်က လူကြီးတွေရဲ့ သဘောကျနှစ်သက်မှုကိုရစေခဲ့ပြီး အသိအမှတ်ပြု ခေါင်းငြိမ့်သည်ကို မြင်လိုက်ကြရသည့် တော်ဝင်မင်းသားတို့သည် ရှန်လျန့်အပေါ် ပို၍ စိတ်ဝင်စားလာကြ၏။
"ဖူဟူက မိန်းကလေးတွေ ကစားတဲ့နည်းပဲ.. ကစားနည်းပြောင်းကြမယ်..မြှားပစ်ကြရင် ဘယ်လိုလဲ?"
ရှေ့ပွဲက ဖူဟူယှဉ်ပြိုင်ပွဲကြောင့်ပွနေတဲ့ အမှိုက်တွေကို ရှင်းလင်းနေတဲ့ အစေခံတွေကိုတွေ့ပြီး လင်းယွီချိန် ရှန်လျန့်ကိုကြည့်ကာပြောသည်။
ဒီကောင်လေးက မကြောက်မရွံ့ ဘာအရည်အချင်းမှ မရှိပဲ သူ့ရှေ့မှာ ရပ်ရဲသေးသည်။ ရှန်ကျင်းစိတ်မပျော်ရွှင်နေတာကြောင့်မဟုတ်ရင်သူလည်း ရှန်လျန်ကို ခုလို တွန်းအားပေးမိမှာ မဟုတ်ပါ။
မြှားအတတ်လား?
လူတိုင်း ကိုယ့်ကိုကိုယ် ဉာဏ်မမှီတော့သလို ခံစားလိုက်ရသည်။ဗိုလ်ကြီး လင်းက စစ်ဗိုလ်လေ.. သူ့မြှားအတတ်က သာမာန်လူတွေနဲ့ယှဉ်လို့ရနိုင်မလား.. ရှန်လျန်ဆိုတာ လေးကြိုးတောင် ဆွဲနိုင်မှာ မဟုတ်ဘူး၊ ဒါသက်သက်အနိုင်ကျင့်တာမဟုတ်တော့ဘူး၊ တစ်ဖက်သားရဲ့ဘဝကို နှိမ်ချိုးနေတာပဲ!
"ကောင်းပြီလေ!"
ဘာ? ဘာ!
ရှန်လျန့်တုံ့ပြန်မှုက လူတိုင်းကိုအံ့အားသင့်စေတယ်။ သူရူးသွားပြီလား? လင်းယွီချိန်ကို ဘယ်သူမှန်းမသိရင်တောင် ကိုယ့်အစွမ်းအစကိုယ် မသိတော့တာလား?
လင်းယွီချိန် ပြောသမျှ ဘာကိစ္စ သဘောတူလိုက်တာလဲ? သူတို့ကပဲ ရှန်လျန့်အကြောင်း သေချာ မသိကြသေးတာလား? လူတိုင်းမသိအောင် ကိုယ်ခံပညာတတ်ကျွမ်းတာကို ဖုံးကွယ် ထားတာလား?
Words 3830
Grape 🍇