no

Font
Theme

'လူသတ်ကွင်း'

နောက်တစ်နေ့မနက် ရှန်လျန့်မျက်နှာလေးရွှင်လန်းနေတာမြင်မှ တစ်ညလုံးစိတ်ပူနေကြတဲ့ ချီယွဲ့တို့မှာ တိတ်တဆိတ် စိတ်သက်သာရာရသွားသည်။ အားလုံးက အလိုက်သိစွာနဲ့ အစမဖော်ကြချေ။ မနက်စာစားသည့် အချိန်တွင် ချီယွဲ့က ဟယ့်ရန်အကြောင်း ပြောလာသည်။

တုံးချွမ်ပြည်နယ်မှ ဟယ့်မိသားစု၏သားဖြစ်သူက မြို့တော်သို့ ဒီကနေ့ ရောက်လာသည်၊ ဟယ့်ဖေဖေနဲ့ဟယ့်မေမေက ရုံးစတက်တာကြောင့် ဖြေရှင်းရမယ့်ပြဿနာတွေက များ၏။ ပျက်စီးနေသည့် ပြည်နယ်‌ေကြာင့် ပြောထားကြသည့်အတိုင်း ဟယ့်ဖေဖေဆီ ချက်ချင်းစာပို့အကြောင်းကြားလိုက်ရာ သူတို့က ဟယ့်ရန်ကိုသွား‌ေရာက် ကူညီရန်စေလွှတ်လိုက်ကြသည်။

ယခုတော့ ပြန်လည်စိုက်ပျိုးထားတဲ့ အပင်တွေက ကြီးထွားလာရာ နဂိုပုံမှန်အတိုင်း ဖြစ်သွားပြီမို့ ဟယ့်ရန်အား မြို့တော်သို့ ပြန်လာပါရန် ရှန်လျန်လူလွှတ်အကြောင်းကြားခိုင်းလိုက်တော့သည်။

"သူ့ကိုအိမ်တန်းတန်းမတ်မတ် ရောက်အောင် ပို့ပေးလိုက်ဦး၊ ကဲ ဒါဆိုကျွန်တော်သွားတော့မယ်၊ မွန်းလွဲမတိုင်ခင် ပြန်လာခဲ့ပါမယ်"

အလှူအတန်းက နေ့တိုင်းပုံမှန်လည်ပတ်နေပြီဖြစ်ရာ တစ်နေကုန် လူနာကြည့်ပေးရန်မလိုတော့ပဲ ခေတ္တခန့် နေ့တိုင်းမျက်နှာပြလျှင်ရပြီဖြစ်၏။

"ကောင်းပါပြီ"

ချီယွဲ့က ပန်းကန်တွေကိုသိမ်းဆည်းရှင်းလင်းလျက်က ခေါင်းငြိမ့်သည်။ဒါ ပြီးလျှင် ဖန်ကျုံးယွင်နဲ့ အတူ ဈေးဆိုင်တွေဘက် သွားရောက်စစ်ဆေးမှာဖြစ်၏။ ဒီတစ်ကြိမ်တော့ ကိုယ်ခံပညာလေ့ကျင့်ရန် ချီရွှမ်းက အိမ်မှာ နေခဲ့သည်။ နေ့တိုင်း ချီယွဲ့တို့နောက်လိုက်ပြီး ပြန်လာလျှင် ညလယ်ခေါင်ထိ ကိုယ်ခံပညာ ဆက်လက်လေ့ကျင့်ရရာ ငိုချမိမတတ် ပင်ပန်းလွန်း၍ပင်။

"အင့်...အင့်!"

ရှန်လျန် ထွက်သွားတော့မည်ကိုမြင်သော် ချီရွှမ်း၏လက်ထဲက ရှန်ယိုက လှမ်းကြည့်ကာ ငိုမဲ့မဲ့ဖြစ်လာသည်။ ရှန်လျန်၏ စိတ်ကပျော့သွားရကာ လက်သေးသေးလေးကို ကိုင်ပြီး ချော့မော့ရသည်။

"ရှုရှု ခဏပဲသွားမှာ၊ ပြီးရင်ပြန်လာမှာလေနော်"

"ရှုရှု..အင့်!....ရှုရှု"

ရှန်ယိုလေးက တစ်ကိုယ်လုံးလူးလွန့်ကာ သနားချင်စဖွယ် တအင့်အင့် ‌ရှိုက်သံလေးဖြင့် ရှန်လျန့်ကိုပွေ့ခိုင်းသည်။

"ညီလေးနဲ့ ဆော့ပေးလိုက်နော်"

ရှန်လျန်က လက်သေးသေးလေးကို လှည့်စားကာ နေရာရွှေ့လိုက်သည်။ အမြဲ အပြင်ထွက်မည်ဆိုတိုင်း ခက်ခက်ခဲခဲ ကြိုးပမ်းရသည်။

"တိတိ...တိတိရေ.. ရော့ ရော့"

သိတတ်လိမ္မာတဲ့ တာ့ပေါင်က ပလုပ်တုတ် အရုပ်ကိုယူကာ ရှန်ယို့လက်ထဲ ထည့်ပေးသည်။

"တုတ် တုတ်"

ရှန်ယို အာရုံတစ်ချက်ပြောင်းသွားခဲ့သည်။ အသိပြန်ဝင်လာတော့ ရှန်လျန်က လေ့ကျန်း၊ ယောင်းကွမ်နဲ့အတူ ထွက်သွားနှင့်ပြီဖြစ်၏။ လက်ထဲက ပလုပ်တုတ်က ဘုတ်ခနဲ မြေပြင်ပေါ် ပစ်ချခံလိုက်ရကာ ထွက်ခွာသွားတဲ့နောက်ကျောကို ငေးကြည့်လျက် စတင်ငိုတော့သည်။

"ရှုရှု...အင့် ...ရှုရှု"

လူတိုင်းအလုပ်ရှုပ်သွားတော့သည်။ ရှုရှုကို မေ့သွားစေရန် ချီရွှမ်းက ကလေးကို တစ်ခြားဖက်လှည့်ပွေ့လိုက်သလို တာ့ပေါင်ကလည်း ပလုပ်တုတ်ကိုကောက်ကာ လှုပ်ခါပြသည်။ ဖုရင်ပင် ရပ်ကြည့်မနေနိုင်ပဲ ယုန်ရုပ်ကိုယူကာ ဝိုင်းချော့ပေးသည်။

ဖေးယွမ်ရွှင်းပြောတာ မှားတော့မမှား၊ ရှောင်ရှန်ယိုက တစ်ကယ့်အုန်းကပ်စေး ဖြစ်၏။

မြို့ အရှေ့ဘက်ရှိ ကျိုးလီပုရပ်ကွက်ဆီရောက်ရန် နာရီဝက်ခန့် ရထားလုံး စီးရသည်။ မည်မျှ အလုပ်များနေစေကာမူ သွေးထွက်လွန်သည့် အဆိပ်အကြောင်း ကောင်းစွာနားလည်ရန် ရသည့်အချိန်အတွင်း ရှန်လျန်က အရိပ်တပ်ဖွဲ့မှ စုဆောင်းထားသည့် များပြားလှသော ဆေးစာအုပ်များကို ဖတ်ရှု လေ့လာသည်။

ကံဆိုးစွာနဲ့ ဤအဆိပ်ပျောက်ကွယ်သွားသည်မှာ နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်ရာ အချိန်တိုအတွင်း ဖြေဆေးရှာတွေ့ရန်မလွယ်နေ၊ ထိုအစား သူ၏ဆေးပညာအခြေခံနှင့် ကိုယ်တိုင်ကြုံတွေ့ထားသည့် ကုသရေးကို ပေါင်းစပ်၍သာ အဆိပ်ထိန်းရန် ဆေးညွှန်းရေး နိုင်သည်။ မတော်တဆအခြေအနေ၊ အရေးပေါ် အခြေအနေမှာ  ထိခိုက်ရှနာဖြစ်ခဲ့ရင် ဖေးယွမ်ရွှင်းကိုအမြန်ဆုံး သွေးတိတ်အောင် လုပ်ပေးနိုင်ဖို့ သေချာစေရန် ပိုကောင်းသည့် ဆေးညွှန်း ရှာနေရသည်။

"ယွီး!!"

ရထားလုံးက အရေးပေါ်ရပ်တန့်လိုက်ရသဖြင့် ရှန်လျန်က အကြောင်းရင်းမေးရန်ပြင်စဉ် အပြင်မှ ပြောသံကိုကြားလိုက်ရသည်။

"ကျွန်တော့်သခင်လေးက သခင်လေးရှန်လျန်ကိုဖိတ်လိုက်ပါတယ်၊ သခင်လေးနဲ့ လိုက်‌‌တွေ့ပေးနိုင်မလားဗျ"

ထိုစကားကြားတော့ ရှန်လျန် လှောင်ရယ်လိုက်သည်။ လေ့ကျန်းတို့ ငြင်းမလွှတ်ခင် ကိုယ်တိုင်ပြောလိုက်သည်။

"ကိုယ့်နာမည်ကိုယ် မပြောရဲပဲ ငါ့ကိုတွေ့ချင်တယ်ပေါ့၊ ငါက 'ကော'တစ်ယောက်ဆိုတာ သူ မသိဘူးလား၊ ငါ့မှာ ပိုင်ရှင်ရှိပြီးသားဆိုတာ သူ မသိဘူးလား၊ ငါ့ရဲ့ ဂုဏ်သိက္ခာကို ဖျက်ဆီးဖို့ကြံနေတဲ့ မင်းတို့သခင်လေးက လူကောင်းမဖြစ်နိုင်ဘူး၊ လေ့ကျန်း သွားစို့"

"ဟုတ်ကဲ့!"

အမိန့်ရတာနဲ့ လေ့ကျန်းက မြင်းကြိုးကိုလွှတ်ရန်ပြင်သည်။ ထို အမျိုးသားက...

"ရှန်သခင်လေး အထင်လွှဲနေပါပြီ၊ ကျွန်တော်တို့သခင်လေးက လူကောင်းပါ၊ ရှန်သခင်လေးနဲ့ ရိုးရိုးတွေ့ဆုံရုံသာဖြစ်ပြီး မိတ်ဖွဲ့တဲ့သဘောပါ"

"ချင်အင်ပါယာတစ်ခုလုံးမှာရှိတဲ့ လူထောင်ပေါင်းများစွာက ငါ့ကို မိတ်ဖွဲ့ချင်ကြတာချည်းပဲ၊ အမည်မသိတဲ့သူကို.. ငါ က အခွင့်အရေးပေးမယ်ထင်နေတယ်ပေါ့"

ပြောင်ပြောင်တင်းတင်း နှိမ့်ချလှောင်ပြောင်ခံရတာကြောင့် အပြင်ဘက်မှ ထိုလူ၏မျက်နှာက အိုးမဲသုတ်ထားသလိုပင်။ သခင်က ပါအောင်ခေါ်ရမယ်လို့ အမိန့်ပေးထားတာကြောင့် ဘာလုပ်ရမှန်း မသိတော့ရင်တောင် လွယ်လွယ်နဲ့ သွားခွင့်မပေးလိုက်နိုင်ပါ။

ထိုစဉ် ဘေးဘက်ခြမ်းက လဖက်ရည်ဆိုင်၏ ဒုတိယထပ်မှ ယောင်္ကျားလေးတစ်ယောက်၏ ဆွဲဆောင်မှုရှိ‌သော အသံက လေထဲပျံ့နှံ့လာသည်။

"ရှန်သခင်လေးက နာမည် ထုတ်ပြောမှရမယ်ဆိုလို့ ၊ဒီမင်းသားက ရှန်သခင်လေးကို လက်ဖက်ရည် အတူသောက်ဖို့ ဖိတ်ခေါ်ချင်လို့ပါ"

ဒုတိယထပ်က ဖွင့်ထားသော ပြတင်းပေါက်တွင် ခန့်ညားသောလူတစ်ဦးရပ်နေသည်။ တစ်ခြားသူမဟုတ်၊ သုံးရက်အတွင်း ရှန်ချန်တို့ကို နန်းတွင်းခေါ်ဝင်ရမယ်လို့ ဧကရာဇ်ရဲ့ အမိန့်ရထားတဲ့ ချင်ယွင်ရှန်းပဲဖြစ်ပေ၏။

"စတုတ္ထမင်းသား၊အဲ့ဒါ အရှင့်သားပဲဟေ့"

"အရှင့်သား သက်တော်ရာကျော်ရှည်ပါစေ"

"သက်တော်ရာကျော်ရှည်ပါစေ"

လူလုံးထွက်ပြလိုက်ရတော့ မျက်စိလျင်သူအချို့က သူ့ကိုသတိထားမိသွားသည်။ မည်သူက စလိုက်သည်မသိ လမ်းမထက်ရှိ လူတိုင်းက ဒူး‌ထောက်ကာ ‌ကောင်းချီးပေးကြသည်။ ချင်ယွင်ရှန်းရဲ့ တည်ငြိမ်တဲ့မျက်နှာက စိတ်အနှောင့်အယှက် နည်းနည်းဖြစ်သွားသည်။ အားလုံးကို ထရပ်ခွင့်ပြုမည့်အချိန်တွင် ရှန်လျန့်လှည်းဆီမှ လိုက်ကာကိုပင့်တင်လိုက်သည့် ဖြူဥပိန်ပါးသောလက်တစ်ဖက်ကို မြင်လိုက်ရသည်။ ထို့နောက် အပြာရောင်ဝတ်ရုံဝတ်ဆင်ထားသည့် ရှန်လျန်က လှည်းထဲမှ ထွက်လာသည်။

"လှရက်လိုက်တာ"

ဘယ်အချိန် ဘယ်နေရာပဲ ဖြစ်ဖြစ် ရှန်လျန်ထွက်လာတာနဲ့ ပတ်ဝန်းကျင်ရဲ့ အာရုံစူးစိုက်မှုက ပြောင်းလဲသွားသည်။ သုံးနှစ်ကလေး က စလို့ အသက်ရှစ်ဆယ်ကျော် အရွယ်ထိ သူ့အား မသိသူမရှိ၊ စတုတ္ထမင်းသား၏အရှိန်အဝါကိုပင် ဖုံးလွှမ်းသွားနိုင်စွမ်းရှိသူဖြစ်သည်။

ဖော်ပြစရာ စကားမရှိအောင် လှပါ၏။

ဒုတိယထပ်မှာ ရပ်နေတဲ့ ချင်ယွင်ရှန်းလည်း အများနည်းသူ ငေးမောသွားမိ၏။ ရှန်လျန်သည် တစိမ့်စိမ့် ငေးကြည့်နေရလောက်အောင် လှ၏။ လစ်လျူရှုဖို့ရာ မလွယ်ပါ၊ ထိုအခိုက်အတန့် ချင်ယွင်ရှန်း၏ နှလုံးသားအောက်ခြေထိ အမြစ်တွယ်နေတဲ့ တစ်စုံတစ်ခုကို သံသယဝင်ဖွယ် တွေ့ရှိသွားခဲ့သည်။

ထိုအကြောင်းပြချက်ကြောင့် ရှန်ချန့်အား ကြင်ယာတော် မမြောက်နိုင်ခဲ့ခြင်းဖြစ်သည်။

ကိုယ်လုပ်တော်အဖြစ်ထားပါကလည်း လျိုဝမ်ကျင်းကို ဆက်လက် ဖိနှိပ်နိုင်ပြီး တုံးလင်အိမ်တော်ကိုလည်း လွှမ်းမိုးနိုင်မည်။ထို့အပြင် ချောက်ချစွပ်စွဲခံရတဲ့ကိစ္စ မဖော်ထုတ်နိုင်သေးပေမယ့် မောင်းမဆောင်ကို အမျိုးသမီးနှစ်ဦးထည့်ရုံပဲဆိုတော့ တွေဝေတုံ့ဆိုင်းနေမှာ မဟုတ်ပါ။

"စတုတ္ထမင်းသား"

လှည်းပေါ်မှာ ရပ်လျက် ရှန်လျန်ဦးညွှတ် ဂါရဝပြုသည်။

"သက်တောင့်သက်သာနေပါ!"

ချင်ယွင်ရှန်း သတိကပ်လိုက်ပြီး လက်ဝေ့ယမ်းသည်။

"အားလုံးထကြပါ၊ ကျုပ်က လက်ဖက်ရည် သောက်ဖို့လာတာ၊ ရှန်သခင်လေးနဲ့ တိုက်တိုက်ဆိုင်ဆိုင်ဆုံလို့ စကားစမြည်ပြောဖို့ ဖိတ်တာပါ၊ သက်တောင့်သက်သာနေကြပါ"

"ကျေးဇူးကြီးလှပါတယ် အရှင့်သား"

ချင်ယွင်ရှန်းရဲ့ ဂုဏ်သတင်းက ကောင်းမွန်နေဆဲ၊ ရှန်ချန်၊ ရှန်ကျင်းတို့ ကိစ္စ လူသိရှင်ကြား ဖြစ်သွားတာတောင် ပြည်သူတွေက စတုတ္ထမင်းသား ချောက်ချခံရတယ်လို့ ထင်ပြီး ထိုအမျိုးသမီးနှစ်ဦးက အကွက်ချစီစဉ်သူ၊ အရှင့်သားက နစ်နာသူဟု စိတ်ထဲ ထင်မှတ်မိကြသည်။ ချင်ယွင်ရှန်းရဲ့ နာမည်ဂုဏ်သတင်းဟာ မပျက်ယွင်းတဲ့အပြင် ပိုပြီးကောင်းမွန်လာသေး၏။

ရှန်လျန်က မသိမသာနဲ့ မျက်နှာမဲ့လိုက်သည်။ ချင်ယွင်ရှန်းကို လွယ်လွယ်နဲ့ ဆွဲမချနိုင်ပေမယ့် အချိန်ကောင်းကိုစိတ်ရှည်ရှည် စောင့်ပြီး သေချာပေါက် လူကောင်းမျက်နှာဖုံးကိုဆွဲခွာပစ်မည်ဟု တေးထားသည်။ ထိုအခါမှ ကြင်နာတတ်တဲ့ မင်းသားလေးက ဒီလိုလူမျိုးပါလားဆိုတာ ပြည်သူတွေ သိသွားစေရမည်။

"ရှန်သခင်လေး အပေါ်တက်လာပါလား၊ လက်ဖက်ရည် အတူသောက်ကြတာပေါ့"

ချင်ယွင်ရှန်း ဘာမှ မလုပ်ရင်တောင် ရှန်လျန်နဲ့ သီးသန့်တွေ့ဆုံခဲ့မှန်း ဧကရာဇ်၏နားထဲပေါက်သွားလျှင် ပြဿနာကြီးမှာ စိုးရသည်။

"ခွင့်လွှတ်ပါ အရှင့်သား"

ရှန်လျန် ဖြေးဖြေးချင်း ဦးမော့ကာ ကိုယ်နေဟန်ထား တဖြောင့်တည်း ရပ်၏။

"အရှင့်သားက ယောက်ဖတော်ဖြစ်လာမှာဆိုတော့ ကျွန်တော်မျိုးနဲ့ သီးသန့်တွေ့ဆုံဖို့ မ‌သင့်တော်ပါဘူး၊ ညီမလေးတွေရဲ့မျက်နှာ ရှိသေးလို့ပါ"

ချင်ယွင်ရှန်းလိုလူနဲ့ နီးနီးကိုမနေချင်၊ သူ့လမ်းကို လာပိတ်တဲ့အကြောင်းရင်းကို သိချင်ပေမယ့် ပြဿနာမီးခွက်ထွန်း ရှာမိမှာနဲ့ယှဉ်ရင် စပ်စုချင်စိတ်က အဓိက မကျတော့ပေ။

" အစောင့်တွေအများကြီးရှိနေတာကို သီးသန့်တွေ့ဆုံတာ ဘယ်ဟုတ်မလဲ"

ချင်ယွင်ရှန်းက သေချာ မစဉ်းစားမိပဲ လွှတ်ခနဲ ပြောထွက်သွားခြင်းဖြစ်သည်။ စကားက ဟိုမလွတ် ဒီမလွတ်ဖြစ်နေသည်။

"ပန်ဝမ် အဖော်ပြုပေးရင်ရော ဘယ်လိုသဘောရလဲ?"

ယောင်္ကျားပီသသည့် ဩရှရှအသံနဲ့ အတူ ခရမ်းရောင်စိုသည့် ဝတ်ရုံ၏ ပိုင်ရှင်သည် တစ်စက္ကန့်အတွင်း ရှန်လျန့်လှည်းဘေး ရောက်လာသည်။ ပိန်ပါးကာ အရပ်ရှည်ပြီး ချောမောကြည့်ကောင်းသည့်မျက်နှာပေါ်ဝယ် ထီမထင်ဟန်အပြုံးက ကပ်ပါလျက်၊ နှစ်ဆယ်ချီကြာသွားလည်း ခရမ်းရောင် အပေါ်ရုံလွှာကို မပြောင်းမလဲ ဝတ်ဆင်သူမှာ ဖေးယွမ်ရွှင်းသာရှိ၏။

ချင်ယွင်ရှန်းရဲ့ မျက်ဆံက နက်မှောင်သွားပြီး ပြတင်းဘောင်အောက်တွင် လက်သီးတင်းတင်းဆုပ်လိုက်သည်။ အမြဲတစေ ပြုံးလျက်သား မျက်နှာက တောင့်တင်းသွားပြီး မျက်လုံးနှစ်စုံက စီးချင်းထိုးနေသည်။ ပြင်းထန်တဲ့ အကြည့်ဗို့အားကြောင့် မီးပွားတွေ အပြင်စင်ထွက်ကျလာတော့မတတ်။

"စောစောစီးစီး ဒီရောက်နေကြပါလား"

ထိုစဉ် နောက်ထပ် အသံတစ်သံက ကြားဖြတ်ဝင်လာသည်။ အဖြူရောင် သခင်လေးတစ်ပါးက ဖြည်းဖြည်းချင်း လျှောက်လာသည်။

"ကျင်းရှီသခင်လေး.."

မနေ့က မြင်ဖူးသူတိုင်း သူ့ကို ပြန်မှတ်မိကြသည်။ကျင်းရှီယန်က လူထုကိုပြန်ပြုံးပြ၏။

"စတုတ္ထမင်းသား၊ ချင်ဖင်းမြို့စား၊ ရှန်သခင်လေး အားလုံးနဲ့မတွေ့ရတာကြာပြီနော်၊ အားလုံးအဆင်ပြေရဲ့ မဟုတ်လား?"

သူတို့ အဆင်ပြေ နေပုံပေါက်လို့လား!!

လူသတ်ကွင်းကနေ မထွက်ခွာရသေးသည့် သုံးယောက်လုံးမှာ ပြန်မပြောပဲ နှုတ်ဆိတ်နေမိသည်။

"ယွမ်ရွှင်းရော ရှီယန်ရော ရောက်နေမှတော့ အကုန်လုံး တက်လာခဲ့လေ"

ချင်ယွင်ရှန်း စိတ်အေးအေးထားကာ ညင်သာစွာ ပြုံးသည်။ သို့သော် ဖေးယွမ်ရွှင်းက ထိုအပြုံးကို လက်မခံ...

"ထားလိုက်ပါတော့.. ကိုယ်လုပ်တော် နှစ်ယောက်ကို သုံးရက်အတွင်း သွားကြိုဖို့ အရှင်က မိန့်တော်မူထားတယ်မဟုတ်လား၊ ပန်ဝမ်က အရှင့်သားရဲ့ အဖိုးတန်တဲ့ အချိန်တွေကို နှောင့်နှေးအောင် မလုပ်ပါဘူး၊ပန်ဝမ် ရှန်သခင်လေးကို ... ကျိုးလီပုဆီ လိုက်ပို့ပေးမယ်လေ"

ဖေးယွမ်ရွှင်းအပေါ် ခပ်ပြတ်ပြတ် ပြောဆိုပေမယ့် ရှန်လျန့်ဘက် လှည့်ပြော သောအခါ စကားသံက ချိုသာနူးညံ့နေတော့၏။ မျက်နှာဖြတ်ရိုက်သလို အပြောင်းအလဲ မြန်သည့် သူကြောင့် ကြားရသူအပေါင်းက ချီးကျူးမိသလို ကောင်းကင်ဘုံ၏ နတ်ဖက်တဲ့ စုံတွဲကြောင့် ‌ချင်ယွင်ရှန်း သွေးတစ်ပွက် အန်ပစ်ချင်တော့၏။

"ဟုတ်ကဲ့ မြို့စားမင်း"

ရှန်လျန်ခေါင်းအနည်းငယ်ငုံ့ကာ ‌ဦးညွှတ်သည်။ တစ်ဖက်ကို ဂါရဝပြုရန်လည်း မမေ့ချေ။

"စတုတ္ထမင်းသား ကျုပ်တို့အရင်သွားနှင့်ပါမယ်"

ရှန်လျန့်အတွက် လိုက်ကာစ မတင်ပေးရင်း အထဲ လိုက်မဝင်ခင် ချင်ယွင်ရှန်းကို အသိပေးခဲ့လိုက်သေး၏။တစ်ခဏအတွင်း အပြင်မှာ ရပ်နေတဲ့ ကျင်းရှီယန်လည်း အတူလိုက်ဝင်သည်။

"အဲ့ဒီမှာ ဘာလုပ်နေတာလဲ လျန်လျန်"

ရထားလုံး ခပ်ဝေးဝေး မောင်းထွက်သွားတာနဲ့ ရှန်လျန့်ပခုံးကိုဖက်ထားတဲ့ ဖေးယွမ်ရွှင်းက မပျော်မရွှင်မေးလာသည်။ တစ်စုံတစ်ယောက်က သူ့ကို ဖယ်ထုတ်ပြီး လျန်လျန်နဲ့ တူတူရှိချင်နေတယ်။

"ပေါက်ကွဲခါနီး မီးလုံးမိစ္ဆာနဲ့ တူတူရှိနေမှာမျိုး ခင်ဗျားသည်းခံနိုင်လို့လား၊ကျွန်တော့်ကို လာခေါ်မှာပဲ မဟုတ်လား"

"ဝိုး!"

ရှန်လျန်က တစ်ချက် မပြုံးပဲ ပက်ခနဲ ပြန်ပြောသဖြင့် ကျင်းရှီယန် အလွန်လေးစားသွားသည်။ဒီစကားကြားသွားရင် ချင်ယွင်ရှန်း ဒေါသအကြီးကျယ် ထွက်လောက်တယ်။

"အရှင့်သား"

ချင်ယွင်ရှန်းက နဂိုနေရာမှာပဲ ရပ်နေပြီး သူတို့လှည်းကို လှမ်းကြည့်နေသည်။ ရဲ့ထျန်းက ရှေ့တိုးလာသည်။ အရှင့်သားက ရှန်လျန့်ကို အမှန်တစ်ကယ် သဘောကျနေတာဖြစ်မှန်း သိ၏။ လက်ရှိအနေအထားနဲ့ ရှန်လျန့်ကိုပိုင်ဆိုင်ခွင့် ရဖို့ကမလွယ်ကူ၊ဝေမိသားစုက ချင်ယွင်ရှန်းလို ကိုယ်လုပ်တော်နှစ်ယောက်ရှိတဲ့ သူနဲ့ သဘောတူမှာ မဟုတ်၊ အားလုံးသိတဲ့ အတိုင်း ဝေမိသားစုရဲ့ စည်းကမ်းက တစ်လင်တစ်မယားစနစ် ဖြစ်သည်။

ဝေ မိသားစုဝင်တိုင်း ကြိုက်နှစ်သက်သူနှင့် လက်ထပ်ထိမ်းမြားခွင့်ရှိပြီး မယားငယ် ထားခွင့်တော့မရှိ၊ ရှန်လျန့်အဖေ ဝေကျစ်ထျန်က မိသားစု သမိုင်းမှာ ဝမ်းနည်းစရာအကောင်းဆုံး ချွင်းချက်ဖြစ်ခဲ့သည်။

"ရှန်ကျင်းနဲ့ ရှန်ချန်ကို စံအိမ်တော် ခေါ်ခဲ့ဖို့ လူလွှတ်လိုက်"

ချင်ယွင်ရှန်း၏ အပြုံးက မပျောက်ကွယ်သေးပေမယ့် လေသံက အေးစက်ခက်ထန်ကာ ဝမ်းခေါင်းသံနဲ့ မာန်ပါစွာ အမိန့်ပေးသည်။

"ဒီတိုင်း ခေါ်ခဲ့ရမှာလားဗျ"

ရဲ့ထျန်း အလိုအလျောက် မျက်မှောင်ကြုံသည်။ ရှန်ကျင်းကို မပြောလိုပေမယ့် ရှန်ချန်က တုံးလင်သခင်ကြီးးရဲ့ တရားဝင်သမီးဖြစ်ပြီး လျိုဝမ်ကျင်းရဲ့တူမအရင်း ဆိုတော့၊ အလေးမထားလို့ဖြစ်ပါ့မလား?

"လှည်းရှစ်စီးတိုက်နဲ့ သွားကြိုပေးချင်လို့လား၊ မင်းက! "

ချင်ယွင်ရှန်းက ချာခနဲ လှည့်ကာ စူးစူးရဲရဲကြည့်သည်။ ထိုမိန်းမတွေကြောင့်မဟုတ်ရင် ခုလို ရှက်စရာကောင်းတဲ့အခြေအနေနဲ့ ကြုံရပါ့မလား၊ ထိမ်းမြားပေးဖို့ မပြောနဲ့ ၊ချက်ချင်း သတ်ပစ်ချင်တယ် ။

"နားလည်ပါပြီ"

လှေကားကနေ ပျောက်ကွယ်သွားတဲ့သူကိုကြည့်ရင်း ရဲ့ထျန်း သက်ပြင်းရှည်ချလိုက်သည်။

2743 words

Grape 🍇

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment