လျိုဝမ်ကျင်း ခံရပြီ
ယခင်ဘဝက ဤအလှူပွဲသည် ရှန်လျန်၏ဂုဏ်သတင်းပျက်ပြားခဲ့ရသည့်ပွဲဖြစ်ပြီး အင်ပါယာမြို့တော်သို့ရောက်ပြီးနောက် အရှက်အရဆုံးဖြစ်ခဲ့သည်။ သူ့မျက်နှာမှာ အရှက်မရှိတဲ့သူလို့ ရေးထားသလိုဖြစ်ခဲ့သည့် ထိုအချိန်နှင့်ယှဉ်လျှင် ယခုက ကွဲပြားသွားလေပြီ။
ရှန်လျန်ဆိုတဲ့နာမည်က မြို့တော်တစ်ခွင် ကျော်စောပြီး ချင်ဖင်းမြို့စားကတောင် လက်ထပ်ခွင့်တောင်းခံခြင်း ကိစ္စရှိခဲ့သည်။ သူ့အရည်အချင်းကို မင်းညီမင်းသားတွေလည်း သဘောကျကာ မင်းသမီးယွဲ့ဟွားပင် သူ့အပေါ်မျက်နှာသာပေးခဲ့သည်။ ချင်ပါယာမှာ လတ်တလော နာမည်အကြီးဆုံး ကော ကိုပြပါဆိုလျှင် ရှန်လျန်ပဲဖြစ်လိမ့်မည်။ အမှုထမ်းတွေရဲ့ တင်ပြချက်တွေအရ ဧကရာဇ်ပင် သူ့နာမည်ကို မှတ်မိနေပြီ။
တုံးလင်အိမ်တော်က လူငယ်မျိုးဆက်တွင် လက်ရေးလှပြိုင်ပွဲမှာ ချီးကျူးခံခဲ့ရသည့်ရှန်ကျင်းမှလွဲ၍ ကျန်သူတွေက အိမ်တော်ကို အရှက်သာ ရစေခဲ့သည် ။ ရှန်ချောင်က အဆိုးဆုံး အရှက်ရခဲ့သဖြင့် လာမည့် နေ့ရက်တွေမှာ ခြံဝန်းအပြင်သို့ခြေတစ်လှမ်းပင် ထွက်ရဲတော့မည် မဟုတ်။
"သူက ချင်ဖင်းမြို့စားကိုလက်ထပ်ပြီး သူ့ဇနီးဖြစ်ချင်တယ်ပေါ့လေ..အိပ်မက်မက်နေလိုက်!"
ဟယ်ရှန်း ခြံဝန်းတွင် ကျောက်လန်၊ လုယန် နဲ့ အလှူပွဲကပြန်ရောက်လာကြတဲ့သူတွေဟာ အဖွားအိုကို ပြိုင်ပွဲအကြောင်း ပြန်ပြောင်းပြောပြကြသည်။ အဖွားအိုသည် ရှန်ချောင် အတွက် စိတ်နှလုံးမချမ်းမြေ့ဖြစ်ကာ ရှန်လျန့်အပေါ် ပိုမုန်းတီးလာသည်။
"အမေ ဘာမှ မမြင်လိုက်ရလို့..သူ့အတွက်နဲ့ ချင်ဖင်းမြို့စားက တော်ဝင်မင်းသားတွေကိုတောင် အတိုက်အခံလုပ်ခဲ့တာ"
ကျောက်လန်က သူမ သမီးအတွက် စိုးရိမ်ပြီး
ရင်ထဲက အပူမီးတောက်က မငြိမ်းသေးပေ။ ထို့ကြောင့် အဓိပ္ပာယ်ပါတဲ့ စကားလုံးအနည်းငယ်နဲ့ မီးရှို့ပေးလိုက်၏။
"ဟွန့်! လက်ထပ်ထိမ်းမြားတယ်ဆိုတာ အုပ်ထိန်းသူနဲ့ မိဘတွေမှာပဲ တာဝန်ရှိတာ..
ချင်ဖင်းမြို့စားက အဆင့်ကျော်ပြီး ကိုယ်တိုင် ထိမ်းမြားခွင့်တောင်းခံတယ်ပေါ့လေ..
မင်းသမီးကြီးတို့ဇနီးမောင်နှံနဲ့ တော်ဝင်မင်းညီမင်းသားတွေက ဒီကိစ္စကို လက်ခံမှာ မဟုတ်ဘူး.. စိတ်ကူးယဉ်နေတာပဲ"
သခင်မကြီးက ဒီကိစ္စကို အရေးတယူ တွေးမနေပေ။
လုယန်ဘေးမှာ ထိုင်နေတဲ့ ရှန်ကျင်းက
"အဖွား ..တစ်ဖက်လူက ချင်ဖင်းမြို့စားနော်..သူမလုပ်ရဲတာ ဘာမှမရှိဘူး..တော်ဝင်မင်းသားတွေတောင် သူနဲ့ရည်ရွယ်ချက်ချင်းတူနေကြတယ်.. မတော်လို့ ဧကရာဇ်ဆီကတိုက်ရိုက် ထိမ်းမြားခွင့်ပေးအောင် လုပ်နိုင်ခဲ့ရင် သမီးတို့ဘယ်လိုတားတား အချည်းနှီးပဲဖြစ်မှာ"
ရှန်လျန့်အပေါ် ရှန်ချန်နဲ့ ရှန်ချောင်ရဲ့ ဆက်ဆံပုံကိုကြည့်ပြီး အကျိုးမရှိတာတွေလုပ်နေလို့ ရယ်မောမိခဲ့သေးသည်။ ရှန်လျန်က အမွေဆက်ခံသူဆိုတော့ရောဘာဖြစ်သလဲ.. မျက်နှာသာမှမပေးခံရတာ ... ဒါပေမယ့် သူမ ချဉ်းကပ်ဖို့ကြံရွယ်နေတဲ့ မင်းသား၄ ကပါ ရှန်လျန့်ကို အရင်ချဉ်းကပ်ဖို့ကြိုးစားနေတာကိုတွေ့လိုက်ရတဲ့အခါ သူမရဲ့ တော်ဝင်မျိုးနွယ်ထဲ ဝင်မယ့် လမ်းမှာ အကြီးမားဆုံးအတားအဆီးက ရှန်လျန်ဖြစ်နေခဲ့သည်။
"အင်း.. ရှောင်ကျင်းပြောတာ အကျိုးကြောင်းသင့်တယ်.. အဖွား.. ကျွန်တော်တို့ ချင်ဖင်းမြို့စားနဲ့ မင်းသားတို့ အဆက်အသွယ် မလုပ်လာအောင် သေချာ အစီအစဉ်ချရမယ်"
ကျောက်လန်၏သားဖြစ်သူ ရှန်ယန်က ဝင်ထောက်ခံလိုက်သည်။ အကြောင်းပြချက်ရေရေရာရာမရှိသော်လည်း ရှန်လျန်က သူ့အတွက် အတားအဆီးဖြစ်လာမယ်လို့ခံစားမိသဖြင့် သူ့ကိုမထိန်းချုပ်ထားနိုင်ရင် စိတ်အေးလက်အေးနေနိုင်မည်မဟုတ်ချေ။
"မြေးတို့ ဘာတွေ ပြောနေ..."
သခင်မကြီးရဲ့ စူးရှတဲ့ အရိပ်ပြ အကြည့်တွေအောက်မှာ အားလုံးခေါင်းအသာငြိမ့်လိုက်ကြသည်။ စကားခေါင်းစဉ်နှင့် သက်ဆိုင်သည့်သူ ရောက်လာတာလား..
"သခင်မကြီးရှင့် ပဉ္စမသခင်လေး ပြန်ရောက်လာပါပြီ.. ချင်ဖင်းမြို့စားကိုယ်တိုင်လိုက်ပို့ပေးသွားပါတယ်"
ဘန်း!
အစေခံရဲ့ သတင်းပေးမှုက မီးလောင်ရာ လေပင့်သလိုပင်... သခင်မကြီးက သူ့လက်ထဲက စိပ်ပုတီးကို ဒေါသတကြီးနဲ့ ပစ်ပေါက်ပြီး အံတင်းတင်းကြိတ်ကာ ပြောလိုက်၏။
"မင်းသားတွေနဲ့ ချင်ဖင်းမြို့စားတို့ ရဲ့အတွေးတွေကိုရပ်သွားစေချင်ရင် ..ဒါကမခက်ပါဘူး ပွင့်ပွင့်လင်းလင်းပြောလိုက်ရုံပဲ ရှန်လျန်သာ လူပျိုမစစ်တော့ဘူးဆိုရင်ပေါ့...."
အနီးနားက လူတွေက အဖွားအို လက်ကို ဆွဲကိုင်ကာ နှစ်သိမ့်ပေးလိုက်ရင်း မကြာသေးခင်က တီးတိုးတိုင်ပင်နေသူတွေရဲ့မျက်နှာမှာ ကျေနပ်တဲ့ အပြုံးတွေ ထွက်ပေါ်လာပြီး အကြွင်းမဲ့ယုံကြည်လိုက်ကြသည်။
လျိုရှုဟန်၏ ခြံဝန်းတွင်ဖြစ်သည်။
"အမေ.. သူ့နာမည်ကို ပြန်ဖိနှိပ်ဖို့ တစ်ခုခုလုပ်မှ ဖြစ်တော့မယ်.. အခုသူ ဘယ်လောက်ထိ နာမည်ကြီးနေလဲ ကြည့်ဦး..လူတိုင်းသူ့ကိုသိနေပြီ..သမီးတို့ကို ဘယ်သူကမှတ်မိတော့လို့လဲ"
ရှန်သခင်ကြီးက ကိစ္စလေးတစ်ချို့ကြောင့် တရားရုံးဆီ ထွက်သွားခဲ့ရာ သားအမိသုံးယောက်က လျိုရှုဟန် ၏ခြံဝန်းထဲတွင် စုဝေးနေကြသည်။ ရှန်ချန်က သူ့အမေလက်ကို ဆွဲကာ ဆူအောင့် ပြစ်တင်နေသည်။
ပွဲမှာ ကတည်းက သူ့ရဲ့မနာလိုစိတ်တွေက ပိုကြီးထွားလာခဲ့သည်။ သင့်တော်တဲ့အသက်အရွယ်မှာ တော်ဝင်မိသားစုနဲ့ လက်ထပ်ပြီး မိသားစုဝင်ဖြစ်ချင်ရင် သင့်တော်တဲ့စိတ်နေ စိတ်ထား..အရည်အချင်း၊ အလှတရားတွေနဲ့ပြည့်စုံရမယ်လို့ အမေကသင်ထားပေးသည်။
ရှန်လျန်ပြန်မရောက်လာခင်က ရှန်ချန်သည် သူမကိုယ်သူမ ကောင်းစွာ ကျော့ကျော့မော့မော့နေနိုင်ပြီး မြို့တော်မှာလည်း သူမ၏အလှက နံပါတ်တစ်ဖြစ်ကာ တတ်မြောက်ထားသည့်ပညာရပ်များကြောင့်လည်း နာမည် ကျော်စောသည်။ ထို့ကြောင့် သူမကို မလိုချင်ကြသည့်မိသားစုဟူ၍ မရှိချေ..
ရှန်လျန်ပြန်ရောက်လာပြီးနောက်မှာတော့ အားလုံးက ပြောင်းလဲသွားတော့သည်။ ရသင့်ရထိုက်တာတွေကို ခွေးကောင်က ခိုးယူသွားခဲ့သည်။
သူမရဲ့ နေရာကို လုရဲနေမှတော့ အဆုံးသတ်ပေးရတော့မှာပေါ့..
"တိတ်တိတ်လေးနေစမ်း"
လျိုရှုဟန်ကတော့ ဓားပြကိစ္စကိုသာ စိတ်ပူနေဆဲ... သူ့သမီးကိုဆူပူလိုက်ပြီး လာဆွဲနေတဲ့လက်ကို ဖြုတ်ချလိုက်သည်။ ကိစ္စတွေ ဘယ်ထိ တွန်းအားပေးခံရမလဲပဲ တွေးပူနေမိသည်။ ရှန်လျန်ရဲ့ပါးစပ်က အင်မတန် ထက်ရှသည်ဆိုတာ သူမ ကြုံတွေ့ဖူးပြီးဖြစ်ရာ မင်းသမီးသာ ယုံကြည်သွားရင် လျိုမိသားစုရော သူမပါ ဒုက္ခအကြီးကျယ် ရောက်သွားမှာ ဖြစ်၏။ ထိုသို့ဖြစ်သွားလျှင် ရှန်ထက်ကြုံခဲ့ရတာထက်ပင် သူမကိုယ်သူမ ကာကွယ်ဖို့ ခက်သွားပေလိမ့်မည်။
"အမေ..."
ရှန်ချန် ကြောက်ရွံ့သွားပြီး မျက်ရည်က ချက်ချင်းဝဲကာ ကျလာတော့မည်။
လျိုရှုဟန် ထိုအချင်းအရာကိုမြင်လိုက်မှ စိတ်ပျော့သွားကာ သမီးငယ်လက်ကိုဆွဲပြီး သက်ပြင်းချရင်း လေးလေးနက်နက်ပြော၏။
"ချန်အာ..သမီး ခံပြင်းနေမယ်ဆိုတာ အမေသိပါတယ် ဒါပေမယ့်အခုချိန်က အဲ့တာကိုစိတ်ပူရမှာ မဟုတ်ဘူး.. ခဏလောက်သည်းခံပေးဦး.. အချိန်တန်ရင် အမေကူပြီး သူ့ကို ဖြေရှင်းပေးမယ် ဟုတ်ပြီလား"
သူမကို ကူကယ်ရာမဲ့ပြီးပြဿနာတက်အောင်လုပ်မယ့်သူက မိသားစုအထောက်အပံ့မရှိတဲ့ အယုတ်တမာကောင် ဖြစ်နေမယ်လို့ အိပ်မက်ပင် မမက်ခဲ့ဖူးပါချေ။ ယခုတောင် အိမ်တော်အာဏာကို ဆုံးရှုံး ထားရပြီးဖြစ်၍ လက်ရှိနေရာကိုပါ ထပ်ပေးလိုက်ရရင်တော့ သူမရဲ့ မူလနေရာကို ပြန်ရောက်သွားရတော့မည်။
"အမေပြောတာ မှန်တယ်ချန်အာ.. ကိုယ့်ကိုကိုယ်အတွက်ပဲ မတွေးရဘူး
အကြာကြီးတိတ်ဆိတ်နေခဲ့တဲ့ ရှန်ရှောင်
က သူ့ညီမ စိတ်ပြေအောင် ဝင်နှစ်သိမ့်ပေး
လာပြီး လျိုရှုဟန်ကိုပြော၏။
"ဒီနေ့ ရှန်ချောင် တော်တော်လေး ခံလိုက်ရတယ် ဆိုတော့ ဒုတိယ မိသားစုက ဒီတိုင်း ငြိမ်မနေလောက်ဘူး.. ပြီးတော့တတိယအဒေါ်က ဉာဏ်တိမ်ပေမယ့် သူ့သမီးရှန်ကျင်းက ထက်မြက်တယ်.. အဖွားကို တစ်ခုခုလုပ်ပေးဖို့ သွားချွန်မှာ သေချာတယ်.. ကျွန်တော်တို့က ဘာမှလုပ်စရာမလိုဘူး ဒီတိုင်း ခွေးအချင်းချင်းကိုက်တာ စောင့်ကြည့်နေရုံပဲ"
"အင်း.. ငါ့သားမှန်တယ်"
ခေါင်းငြိမ့်လိုက်ပေမယ့်လျိုရှုဟန် စိုးရိမ်နေဆဲပင်။
"ချန်အာ သမီးလည်း ပွဲမှာ တွေ့ခဲ့မှာပဲ.. ကျန်းမိန်းကလေးရော လင်းယွီချိန်ရော နှစ်ယောက်လုံးကိုလှည့်စားပြီးအနိုင်ယူခဲ့တာ ဘယ်သူလဲလို့..
တတိယမင်းသားတို့ဇနီးမောင်နှံလည်း ဘာမှမတတ်နိုင်ခဲ့ဘူး... အဲ့ဒါအပြင် ဆန်ချိန် ရှီတစ်ထောင်ကိုလှူဒါန်းပြီး လူထုရဲ့ စိတ်နှလုံးကိုသိမ်းကြုံးဖမ်းဆုပ်သွားခဲ့သေးတယ်.. သေချာ မှတ်ထား အခုချိန်မှာ ရှန်လျန်ကိုသွားအနိုင်ကျင့်လို့မရဘူး.. ချောင်အာလည်း တစ်နေ့တနေ့ အနောက်ဆောင်ပဲ သွားပတ်မနေနဲ့ ! စာထဲ အာရုံစိုက်ဦး စာမေးပွဲမှာ အမှတ်မြင့်မှ ရမယ်..ရှန်တာ့ကို ငါတို့ရှေ့ ခုန်ပေါက်နေခွင့်မပေးနဲ့"
သူမ ငယ်ရွယ်စဉ်ကတော့ ဝေကျစ်ချန်နဲ့ ယှဉ်ပြိုင်ပြီးရင် အနိုင်ရပြီပေါ့... အခုတော့ သူ့သားတွေနဲ့ ဆက်ပြိုင်ရပေဦးမည်။ လက်ရှိအခြေအနေအတိုင်းဆိုရင် သူ့ဘက်ကပဲ ခံနေရပြီး ရှုံးနေလေပြီ။
"ကျွန်တော် နားလည်ပါပြီ အမေ စိတ်ချပါ.. ကျွန်တော် သေချာပေါက် ထိပ်ဆုံးရောက်စေရမယ်"
စားပွဲအောက်မှာ လက်သီးကျစ်ကျစ်ပါအောင်ဆုပ်ထားပြီး အံကြိတ်ကာ ဖြေသည်။ ရှန်လျန်က သူ့ညီမအတွက် အတားအဆီးဖြစ်နေပြီး ရှန်တာ့က သူ့အတွက် ဖြတ်ကျော်ရခက်တဲ့ပင်လယ်ပြင်ကြီးဖြစ်နေသည်။ ရှန်တာ့က အဖေရဲ့ အားကိုးရတဲ့ တောင် ကြီး ဖြစ်နေသော်လည်း လွန်ခဲ့တဲ့ငါးနှစ် သူ့ညီအတွက် အိမ်ကထွက်သွားတော့ အရာအားလုံးက ကောင်းဖို့ဖြစ်လာပြီလို့ ရှန်ရှောင် ထင်ခဲ့မိသည်။
ထိုအချိန်မှစပြီး သူက အမွေဆက်ခံဖို့ အသင့်တော်ဆုံးသားကြီး ဖြစ်ခဲ့ပြီး ရှန်တာ့နဲ့ သူ့ညီရဲ့ တည်ရှိမှုကို လူတိုင်းမေ့သွားကြသည်။ တစ်ကယ့်လက်တွေ့မှာတော့ ရှန်တာ့ရဲ့ ကြိုးစားအားထုတ်မှု ဂုဏ်ပုဒ်က သူ့ကိုဖိနှိပ်နေဆဲပင်။
"အင်း.. နှစ်ယောက်လုံး ကြိုးစားဖို့လိုတယ်.. စိတ်အေးအေးထား ခက်ခဲတဲ့ အချိန်တွေက ခဏပါပဲ.. အမေ သေချာပေါက် အဲ့ဒီကောင်ကို ကြာကြာလျှောက်ပြေးနေခွင့်မပေးဘူး"
သားနဲ့သမီးကို တစ်လှည့်စီကြည့်ရင်း ကတိပေးလိုက်သည်။ တစ်ချိန်တည်းမှာပဲ သူ့ကိုယ်သူလည်း သတိပေးလိုက်တာ ဖြစ်သည်။
ကောင်စုတ်လေးက အမြင့်ကြီးပျံချင်နေတယ်ပေါ့..အိပ်မက်မက်နေလိုက်!
ဖေးယွမ်ရွှင်းက ရှန်လျန့်ကိုအိမ်ရှေ့
ပြန်ပို့ပေးရုံမက အိမ်တော်ဝန်းထဲထိပါ လိုက်ဝင်လေသည်။ရှန်လျန့်ခြံရှေ့ရောက်သော် အိမ်အကျယ်နဲ့အိမ်ပုံစံကိုကြည့်ပြီး အတော်လေးအံ့အားသင့်မိ၏။ ထျန်းချွမ် သတင်းပို့တုန်းက
ရှန်လျန် ကောင်းကောင်းမနေရတာ သိထားပေမယ့် ကိုယ်တိုင်တွေ့လိုက်ရတော့ အတော်လေး ဒေါသထွက်မိသည်။ မိသားစုကြီးတစ်ခုရဲ့ အမွေဆက်ခံမယ့်သား နေရတဲ့အိမ်က အစေခံအိမ်လောက်တောင် မသားနားဘူး ..တုံးလင်အိမ်က တစ်ကယ် တစ်ခုခု လွဲမှားနေပြီ ။
"တော်ပြီ.. ခင်ဗျားက ဦးလေးဖုနဲ့ ချီရွှမ်းကို ကြောက်အောင်လုပ်နေတာပဲ"
ဘာတွေ စိတ်တိုစရာရှိလို့လဲ?
ရှန်လျန် က ခေါင်းတယမ်းယမ်း..ဖေးယွမ်ရွှင်းရဲ့စိတ်တွေ ငြိမ်သွားအောင်လို့ အိမ်ထဲ တိုက်ရိုက်ခေါ်ထိုင်ခိုင်းလိုက်ရသည်။ တစ်နေ့လုံးစိုးရိမ်စိတ်ပူနေရှာတဲ့ ဖုရင် က သူပြန်ရောက်တာ မြင်တာနဲ့ ကြက်ပေါင်းရည်တစ်ပန်းကန်ကိုင်ပြီး ရောက်ချလာသည်။
"မီးအပူပေးထားလို့ နွေးနေသေးတယ်.. မြန်မြန်သောက်လိုက်ပူတုန်း.. ကြည့်ပါဦးဘယ်လောက်တောင် ပင်ပန်းလာတာလဲ"
ဖုရင်က ရှန်လျန့်အပေါ် သူ့သားအရင်းလိုပဲ စိတ်ရင်းနဲ့ စောင့်ရှောက်ပေးပြီး သူ့ကျန်းမာရေးထက်ပင် ပိုဂရုစိုက်နေလေသည်။
"မြို့စားကိုလည်း တစ်ပန်းကန်ပေးလိုက်ပါဦး"
ကြက်ပေါင်းရည် တစ်ငုံသောက်ပြီး ဖုရင်ကိုပြောလိုက်၏။
"ရပြီ .. လျန်လျန် အနားယူတာကိုမနှောင့်ယှက်တော့ဘူး နောက်နေ့ ထျန်းရှုကိုလွှတ်ပြီး ကိုယ့်အိမ်လာလည်ဖို့ ကြိုခိုင်းလိုက်မယ်"
ရှန်လျန် ပင်ပန်းနေတာက အစစ်အမှန်မလို့ ဖေူယွမ်ရွှင်းက အချင်းချင်းခံစားချက်တွေ ပျိုးထောင်ဖို့ အလျင်မလိုပဲ ပြန်နှင့်ရန်ပြင်၏။
"အင်း..ကိစ္စတစ်ခုခုရှိရင် ထျန်းချွမ်ကနေ ယောင်းကွမ်ကို တစ်ဆင့်စကားပါးလိုက်လေ .. အကုန်လုံး ခင်ဗျားရဲ့လူတွေပဲဟာ"
တစ်ဖက်သူက သူ့အစား စိတ်ဆင်းရဲနေမှန်းသိတာကြောင့် ရှန်လျန်လည်းဆွဲမထားတော့ပေ။
"ချီယွဲ့.. မြို့စားမင်းကို ငါ့အစား ဧည့်ပို့ပေးပါဦး"
"ကောင်းပြီ အဲ့လိုလုပ်လိုက်မယ်"
ဖေးယွမ်ရွှင်းက ရှန်လျန့်ကို နင့်နင့်နဲနဲစိုက်ကြည့်ပြီးမှ လှည့်ထွက်သွား၏။
"လျန်လျန် ဆုံးဖြတ်ပြီးပြီလား"
ခြံဝန်းထဲက ထွက်သွားပြီဖြစ်တဲ့ မြို့စားမင်းရဲ့နောက် .. အကြည့်တွေပါသွားတဲ့ ရှန်လျန့် အသိစိတ်ကို ပြန်ဆွဲရင်း ခပ်တိုးတိုးမေးလိုက်သည်။
"ပင်ပန်းနေလို့ထင်တယ်... နားချင်နေပြီ.. ညစာ စားဖို့ မခေါ်တော့နဲ့နော်"
ဒါက လျို့ဝှက်ထားရမယ့်ကိစ္စမဟုတ်တော့လည်း ရှန်လျန် ဖုရင်ကို ဖုန်းကွယ်ထားရန် ရည်ရွယ်ချက်မရှိပါ.. ထရပ်ကာ အိပ်ခန်းဘက် ဦးတည်လိုက်သည်။
"ဦးလေးဖု ဘာတွေ ဆုံးဖြတ်နေတာလဲ"
ဖုရင်နဲ့ချီရွှမ်းသာ ကျန်ခဲ့ရာ ချီရွှမ်းက စတင်စပ်စုတော့သည်။
ဖုရင်က ပန်းကန်လုံးကိုကောက်ကိုင်ရင်း ပြုံးသည်။
"လျန်လျန်က ကံကောင်းတယ်.. ဒီတုံးလင်အိမ်က သူနဲ့မထိုက်တန်ဘူး.. တောက်ပတဲ့ အနာဂါတ်က လျန်လျန့်ကိုစောင့်ကြိုနေတာ သေချာတယ်"
ချင်ဖင်းမြို့စားရဲ့ ကောလဟာလ သတင်းတွေက ရှုပ်ထွေးပေမယ့် ဖုရင်က လူကဲခတ်မညံ့ပေ။ ရှန်လျန့်ရဲ့အမေ အနေနဲ့ သားမက်ကို အကဲခတ်ရသလောက် ဖေးယွမ်ရွှင်းကိုအလွန်သဘောကျသည်။
နောက်တစ်နေ့တွင် အကြီးအကဲရှဲ့နဲ့အခြား နန်းတွင်းမင်းမှုထမ်းများက ဝမ်ယွဲ့မြို့၏ဆည်တာတာမံမကျိုးပေါက်ရေးက်စ္စအား ဆွေးနွေးကြပြီး စစ်မှုထမ်းအရာရှိများနဲ့ ဧကရာဇ်တို့က စိုးရိမ်ထိတ်လန့်သွားကြ၏။
ပြည်ထဲရေးဝန်မင်း ဝမ်ယွမ်နဲ့ ဗိုလ်ကြီးလင်းဝေတို့နှစ်ဦးကို ဝမ်ယွဲ့မြို့က ဆည်တာတမံ ခိုင်ခံ့အောင် ဆောင်ရွယ်စေဖို့ အလျင်အမြန်စေလွှတ်လိုက်သည်။
ထို့အပြင် တရားရေးရာအတွင်းဝန်က သီးသန့်စာတစ်စောင် အား ကိုင်ဆောင် တင်ပြလာရာ စာထဲတွင် ဘာရေးထားမှန်းမည်သူမှ မသိသော်လည်း ဖတ်ရှုသူ ဧကရာဇ်က အမျက်ရှကာ လျိုဝမ်ကျင်းကို ရာထူးကထုတ်ပယ်လိုက်ရုံမက ထျန်းမန်ကျောင်းတွင် တက်ရောက်နေသော သူ့သားကိုလည်း ကျောင်းထုတ်သည်။ မြို့တော်
ပြင်ပသို့ လျိုမိသားစုဝင်တစ်ခုလုံး ထွက်ခွင့်ပါပိတ်လိုက်သည်။ အမှုမှန်ကိုစုံစမ်းစစ်ဆေးနေပြီး အဖြစ်မှန်မပေါ်ပေါက်သရွေ့ လျိုဝမ်ကျင်း လွတ်မြောက်ရန် ခက်ခဲ၏။
ထိုသတင်းက တုံးလင်အိမ်သို့ ရောက်ချိန်တွင် လူတိုင်းက ညစာ စားနေကြပြီး လျိုရှုဟန်ဆိုလျှင် နေရာမှာတင် တုန်လှုပ်ကာ မေ့လဲကျသွားသည်။ ရှန်ရှောင် တို့မောင်နှမလည်း ငေးကြောင်ကာ မလှုပ်မယှက် ဖြစ်နေကြသည်။ ဒုတိယနဲ့ တတိယ မိသားစုကတော့ စိတ်ထဲ ခုန်ပေါက် ပျော်ရွှင်နေကြ၏။ လျိုဝမ်ကျင်းရဲ့ အာဏာ ပြုတ်သွားခြင်းက လျိုရှုဟန်ရဲ့ တောင်ပံကျိုးသွားခြင်းဖြစ်ရာ ကျန်မိသားစုအတွက် သတင်းကောင်းပင် ဖြစ်ပေ၏။
"မင်းသမီးကြီးကတော့ တစ်ကယ် မင်းသမီးကြီးပါပဲ..လှုပ်ရှားတာ မြန်တယ်"
ရှန်လျန် ချီးကျူးမိ၏။ အာဏာက ရှိသင့်လို့လည်း လူတိုင်း တိုက်ခိုက်နေကြရသည်ပဲလေ..
"သူတို့နဲ့ တန်တယ်.. ဧကရာဇ်က ဘာလို့ တစ်ခါတည်း ခေါင်းမဖြတ်ပစ်လိုက်တာလဲ"
ဒီရက်တွေမှာ ချီရွှမ်းက လျိုရှုဟန်တို့အဖွဲ့ကို အတော်လေးမျက်မုန်းကျိုးနေပြီး ဘယ်တော့မှ ပြန်ပေါ်မလာစေချင်တဲ့ထိ မုန်းတီးနေ၏။
"စိတ်ရှည်ရှည်ထား.. မင်းသမီးကြီးမှာ သူ့အတွေးနဲ့သူရှိမှာပေါ့"
တော်ဝင်မျိုးနွယ်မှာ ဘယ်သူမှ အလကား သဘော မကောင်းပေ။ လျိုမောင်နှမက မင်းသမီးကြီးရဲ့အမျက်ရှတာကိုခံရပြီးကတည်းက သူတို့ ဘဝ တစ်လျှောက် ခက်ခဲဖို့သာ ပြင်ထားပေတော့...
"လျန်လျန် ဒီနေ့ အပြင်သွားမလို့လား"
ရှန်လျန် အနီရောင် ဝတ်စုံဝတ်ထားတာမြင်၍ ဖုရင် မနေနိုင်ပဲမေးမိ၏။
"ကိစ္စလေးတစ်ချို့ ကိုင်တွယ်ဖို့ ကျန်နေလို့ပါ"
ထို့ထက်ပို မပြောတော့ပဲ ဖုရင်ကို အပ်စိုက်ကုသပေးပြီးနောက် ယောင်းကွမ်နဲ့ ချီယွဲ့ကို ခေါ်ကာ ထွက်လာလိုက်သည်။ ချီရွှမ်းကတော့ အရိပ်တပ်က ပို့လိုက်တဲ့ ကိုယ်ခံပညာဆရာနဲ့ လေ့ကျင့်သင်ကြားရင်း အိမ်စောင့်ဖို့ကျန်ရစ်ခဲ့သည်။ သူတို့မထင်ထားတာက အိမ်ကထွက်သွားပြီးမကြာခင်မှာပဲ ဟယ်ရှန်းဆောင်က လွှတ်လိုက်တဲ့ အစေခံတွေ ရောက်လာပြီး အဖွားက
ရှန်လျန်ရဲ့ ကျန်းမာရေးကိုစိုးရိမ်လို့ သူ့အိမ်ဝန်းဘက် လာခဲ့ဖို့ ခေါ်ကြောင်း လာပြောလေသည်။
ကံကောင်းစွာနဲ့ ဖုရင်က အတွေ့အကြုံရှိသူမို့ ရှင်းရှင်းလင်းလင်း ငြင်းထုတ်နိုင်ခဲ့သည်။
Words 2963
Grape 🍇