' ရှင်ဘုရင်ကြီး အမျက်တော်ရှ'
အင်ပါယာနန်းတော်ကြီးရှိ ဘုရင့် စာကြည့်ဆောင်၌ဖြစ်၏။
"အရှင်မင်းကြီး စတုတ္ထမင်းသားက ဒူးထောက်နေဆဲ ပါပဲ"
မှောင်နေပြီဖြစ်သည့် ကောင်းကင်ကြောင့် ရန်အန်းကုန်းကုန်းက လက်ဖက်ရည် ဆက်သချိန်တွင် ရှန့်ကော ဘုရားကျောင်းမှပြန်လာကတည်းက မင်းသားက စာကြည့်ဆောင်ရှေ့၌ နာရီပေါင်းများစွာကြာအောင် ဒူးထောက်နေကြောင်း အသိပေး၏။
"ဆက်ပြီး ဒူးထောက်နေပါစေ၊ မနာခံတတ်တဲ့သား၊ ဘုန်းကြီးကျောင်းသွားတာတောင် ညစ်ပတ်တဲ့အရာ သွားလုပ်ရဲသေးတယ်၊ ခေါင်းမဖြတ်တာပဲ ကံကောင်းတယ်မှတ်"
ဧကရာဇ် ဒေါသမထွက်ဖြစ်။ သတင်းကြားကြားချင်း သူဘယ်လောက်ထိ ထိတ်လန့်ခဲ့ရလဲ ဘုရားသာ သိလိမ့်မည်။ တ့ချင်ပြည်ထောင်က ကပ်ဘေးဆိုက်နေပြီး၊ ပြည်သူလူထုက စိတ်မချမ်းသာရတဲ့အထဲ၊ နယ်စပ်က စစ်လည်း မပြီးဆုံးနိုင်တဲ့အပြင် ၊တိုင်းပြည်ရဲ့မင်းသားတစ်ပါးက မကူညီနိုင်ပဲ ဒုက္ခပါပေးသေး၏။
အာဏာအတွက် တစ်နေ့လုံးတိုက်ခိုက်ဖို့ပဲစဉ်းစားနေပြီး၊ အရင်ကတော့ သိရုံသာသိပြီး မမြင်ခဲ့ရပေမယ့် ဒီတစ်ကြိမ်တော့ တစ်တိုင်းပြည်လုံး ကျော်မကောင်းကြားမကောင်းသည်ထိ ဖြစ်သွားသည်။ မိဖုရားခေါင်၏ ဈပနအခမ်းအနားက ဝမ်းနည်းခြင်းသတ်မှတ်ရက် အတွင်းသာရှိသေးသည်ကို ဘုရားကျောင်းလိုနေရာမျိုးမှာ မလျော်ကန်တဲ့ကိစ္စ သွား လုပ်ရတယ်လို့၊ အနာဂါတ်မှာ သူ့ကိုလူတွေ ဘယ်လိုတွေးကြမလဲ ၊ပြည်သူတွေက တော်ဝင်မိသားစုကို ဘယ်လို ထင်ကြမလဲ မတွေးတောဘူး။
"အရှင်က အမျက်ရှနေလို့သာ၊ စတုတ္ထမင်းသား ပြောပုံအရ သူမတရား ခံရတာပါတဲ့"
အစေခံ ပြောပုံအရ တုံးလင်အိမ်တော်က အမှားတစ်ခုခုလုပ်မိသည် ဆို၏။ ရန်အန်းကုန်းကုန်းက ကာကွယ်ပေးလာတာကြောင့် ဧကရာဇ်သည် စုတ်တံကို ချလိုက်ကာ..
"ဟုတ်လား?"
"မှန်လှပါ၊ ပျံ့နေတဲ့ သတင်းတွေအရ ရှန်မိသားစုက ညီအစ်မနှစ်ယောက်ဟာ ညကြီးသန်းခေါင် မင်းသားရဲ့အိပ်ဆောင်မှာ နှစ်ယောက်လုံးတူတူ ဖျက်ဆီးခံလိုက်ရတယ်တဲ့ ......"
ရန်အန်း စကားမဆုံးသေးပေမယ့် ပြောချင်တဲ့သဘောကရှင်း၏။ ဧကရာဇ်က အလင်းပေါက်သွားပြီး...
"မင်းဆိုလိုချင်တာက... သားတော်၄က မိန်းမနှစ်ယောက်ရဲ့ စွပ်စွဲခြင်းခံရတယ်လို့လား"
အဲ့ဒီမိန်းမ နှစ်ယောက်ရဲ့ ဖခင်နှစ်ဦးက မဖြစ်စလောက်အရာရှိအဆင်နဲ့ တော်ဝင်မင်းသားကို ထိရဲတယ်ပေါ့? အင်တင်တင်နဲ့ပဲ ချင်ယွင်ရှန်းက မြေခွေးလ််ိုကောက်ကျစ်တဲ့ ရှန်ညီအစ်ကိုနှစ်ဦးရဲ့ မဟုတ်မမှန် စွပ်စွဲသည်အား ခံရသည်ဟု ယုံကြည်လိုက်သည်။
"ဒါက...."
ရန်အန်း မဖြေပဲ ကြည့်ရုံသာကြည့်နေသည်။ စကားကဆက်ပြောပါက အပြစ်တင်ခံရမှာ စိုးရိမ်နေပုံပင်။
"စိုးရွံ့မိပါတယ် အရှင်"
သူတို့ချင်း ရင်းနှီးလာတာ တစ်ရက်နှစ်ရက်မဟုတ်တာကြောင့် ပွင့်ပွင့်လင်းလင်း မပြောသည့် ကုန်းကုန်းအား ဧကရာဇ်က ဒေါသထွက်လာသည်။ ထိုင်ခုံမှာ နောက်မှီ လိုက်ပြီး စိတ်ပင်ပန်းစွာ မျက်လုံးမှိတ်လိုက်သည်။
"ကျွန်တော်မျိုး စကားများများပြောမိတာ ခွင့်လွှတ်ပေးပါအရှင်"
ရန်အန်းကုန်းကုန်းက ကောက်ကျစ်စွာ လျှို့ဝှက်ပြုံးသည်။
"မိန်းမငယ်လေးနှစ်ဦးက သေချာပေါက် ဘယ်ရဲတင်းလိမ့်မလဲ၊ တုံးလင်အိမ်တော်က သခင်မကြီးရယ် ဒုတိယသခင်မနဲ့ တတိယသခင်မတို့က မရိုးရှင်းဘူးလို့ ကျွန်တော်မျိုး ကြားမိပါတယ်၊ ထပ်တူပဲ ပထမသခင်မနဲ့ သူ့အစ်ကို လျိုဝမ်ကျင်းလည်း မင်းသားကြီး သွမ့်ကျွင်းကို စော်ကားသမှုပြုခဲ့သေးတာ အရှင်လည်း မှတ်မိမှာပါ၊ ဒါပေမယ့် သူတို့မောင်နှမ အမှုက ရှင်းရှင်းလင်းလင်း ပေါ်ပေါက်ပြီးခဲ့ပါပြီ၊ ဒါတောင် မင်းသမီးကြီးရဲ့ စိတ်တော်က ကောင်းမွန်တာကြောင့် အပြစ်သားတွေက မင်းသားကြီးကို စော်ကားတာကို ဒီတိုင်း ထားပေးခဲ့တယ် မဟုတ်ပါလား၊
တစ်ကယ်ဆို မြေးတော်လေးကို ပြန်ပေးဆွဲတဲ့ က်စ္စက သေးသေးလေးမှ မဟုတ်တာ၊ ဘယ်လောက်ရဲတင်းလိုက်သလဲ၊ အရှင်က ပညာရှိအရာခံတွေကို နှစ်သက်တော်မူတာ မမှားပါဘူး၊ ဒါကို အမတ်ကြီး အိမ်တော်က လူတွေက အခွင့်ကောင်းယူပြီး ပိုပိုဆိုးလာနေပါတယ်၊ ချင်အင်ပါယာရဲ့ တော်ဝင်မိသားစုကို ဘယ်လိုတောင် ရဲရဲတင်းတင်း မှောက်ချည်လှန်ချည် လုပ်ဝံ့နေသလဲ၊ သူတို့..."
"သူတို့က ကျန်းတို့ တော်ဝင်မျိုးနွယ်ကို မျိုးဖြုတ်ချင်နေတာ လား ဟမ်!!!"
အရှင်မင်းကြီးက ဆက်လက် နားမထောင်နိုင်တော့ပဲ မျက်လုံးတစ်စုံဟာဆိုရင် ပြူးကျယ်လာတာမှ အချိန်မရွေး အပြင်ပြုတ်ကျလာတော့မယောင်။
သိပ်ကောင်းတယ်! တုံးလင်အိမ်တော်က တစ်ကယ်ပဲ သူ့သားတော်ရဲ့ခေါင်းကို လိုချင်နေတာပဲ!
"အရှင် စိတ်လျှော့တော်မူပါ၊ ကျွန်တော်မျိုးက ဟုတ်လားမသိ မဟုတ်လားမသိ ခန့်မှန်းကြည့်ရုံပါပဲ၊ အကုန်မှားနေမှာ စိုးမိပါတယ်"
ဘုရင် အမျက်ဒေါသထွက်လာတာ မြင်တော့ ရန်အန်းကုန်းကုန်းက ကြမ်းပြင်ပေါ် ပြားနေအောင် ဝပ်တွားကာ ကြောက်လန့်တကြား ပြော၏။
ဧကရာဇ်က အေးစက်စက် နှာမှုတ်လိုက်သည်။
" ညဆယ်နာရီတောင် ထိုးတော့မယ်၊ စတုတ္ထသားတော်ကို အထဲ ဆင့်ခေါ်ချေ၊ ဘာဖြစ်သွားလဲ မေးရမယ်"
"အမိန့်တော်မြတ်အတိုင်းပါ"
ရန်အန်းကုန်းကုန်းက ဂရုတစိုက် ဆုတ်ခွာပြီး ဒူးထောက်နေတဲ့ ချင်ယွင်ရှန်းကို လက်ထောက်ကုန်းကုန်းနှစ်ယောက်အား ကူညီထူမစေ ၏။
"ဖခမည်းတော် သားတော်အပြစ်ကျူးလွန်မိပါတယ်၊ ကျေးဇူးပြုပြီး အပြစ်ပေးတော်မူပါ"
ကုန်းကုန်းတို့၏အကူအညီဖြင့် နောက်ဆုံးတော့ တစ်ဝက် ထရပ်နိုင်သွားတဲ့ ချင်ယွင်ရှန်းက ဆို၏။
သားဖြစ်သူ၏ ပုံမှန်မြင်နေကြလို ကြော့ရှင်းရည်မွန်သည့်ပုံရိပ်က ပျောက်ကွယ်နေသဖြင့် ဧကရာဇ်၏ စိတ်နှလုံးတော်က ချက်ချင်း ပျော့ပြောင်းသွားရတော့၏။
"ထပါ၊ အထဲ ဝင်ထိုင်ချေ"
ခမည်းတော် ? ခမည်းတော်၏ သဘောထားက ထိုမျှ နူးညံ့နေမည်ဟု မထင်ထားသဖြင့် ချင်ယွင်ရှန်း ခေတ္တ မတုံ့ပြန်နိုင်ဖြစ်သွား၏။ ရန်အန်းကုန်းကုန်းက ကိုယ်တိုင်ကိုယ်ကျ မင်းသားအား ကူညီရန်ရောက်လာသည်။ ဧကရာဇ်အား ကျောပေးသည့် အနေအထားတွင် မျက်စိမှိတ်ကာ အချက်ပြ၏။ ချင်ယွင်ရှန်းလည်း ချက်ချင်း သဘောပေါက်ပြီး ကျေးဇူးတင်သည့် အကြည့်ပြန်ပေးရန် မမေ့ခဲ့ပါချေ။
"ပြောပြပါဦး၊ ဘာတွေ ဖြစ်ခဲ့တာလဲ"
ကျန်တဲ့သူတွေကို ထွက်သွားခိုင်းပြီး ရန်အန်း ကုန်းကုန်း တစ်ဦးတည်း ကျန်မှ ဧကရာဇ်က တည်ငြိမ်စွာမေး၏။
"ခမည်းတော်ကို ဖြေကြားပါတယ်၊သားတော် အမှန်တိုင်းပဲ ဖြေပါ့မယ်၊ သားတော် တစ်ကယ် သူများ ချောက်တွန်းတာ ခံရတာပါ၊ မနေ့မနက်ပိုင်းက သားတော်နဲ့ အစ်ကိုတော်၊ညီတော်တို့ တုံးလင်အိမ်သားတွေနဲ့ ဘုရားကျောင်းအဝမှာ ကြုံဆုံလို့ စကားစမြည်ပြောဖြစ်ကြပါတယ်၊ ဒါကလည်း ညီအစ်ကိုတွေအကုန်လုံးရှိပါတယ်၊ တုံးလင်အိမ်က သား၊သမီးတွေလည်း ရှိပါတယ်၊
ဒါပေမယ့် နေ့လည်ဘက်မှာ အဲ့ဒီအမျိုးသမီးနှစ်ယောက်က သားတော်ကို တွေ့ဆုံဖို့ ထပ်ရောက်လာပါတယ်၊ သီးသန့်တွေ့ကြတာမျိုးမဟုတ်ပါဘူး၊ သားတော်နဲ့ အတူ အခြွေရံ အများကြီးရှိပါတယ်၊ တမင် ငြင်းဆန်ပစ်လို့ မကောင်းတတ်တာကြောင့် နားနေဆောင်မှာ လက်ခံတွေ့ဆုံခဲ့တာပါ၊ အဲ့ဒီအချိန် သူတို့ဘက်မှာလည်း အစောင့်တွေ၊ အခြွေရံတွေ ပါပါတယ်၊ ဦးဇင်းတွေကလည်း စည်းစနစ်ကောင်းတာကြောင့် ညနေဘက်မှာ အမျိုးသမီးတွေ သေချာပေါက် ပြန်သွားကြရပါတယ်၊ ညဘက်မှာ သားတော်တောင် တိတ်ဆိတ်ခြောက်ကပ်လို့ ပျင်းရိရိရှိတာနဲ့ က်ုယ်ရံတော်ကို တောင်အောက်ဆင်းပြီး အရက်အိုးသွားဝယ်ခိုင်းလိုက်သေးတယ်၊ အိုးနည်းနည်းသောက်ရုံနဲ့တင် နောက်တစ်ရက်မိုးလင်းသွားပြီး သားတော်ရဲ့ကုတင်ပေါ် သူတို့နှစ်ယောက် ရှိနေတော့တာပဲ၊
ဘာတွေ ဖြစ်သွားမှန်း မသိပေမယ့် အဲ့ဒီ မိန်းကလေးနှစ်ယောက်က ဖျက်စီးခံထားရပြီးပါပြီ၊ မသိရင် သားတော်တို့ မူးပြီး မှားယွင်းကုန်တယ်ပေါ့၊ ဒါပေမယ့် ခမည်းတော် စဉ်းစားပေးတော်မူပါ၊ အဲ့ဒီအရက်အိုးနည်းနည်းလေးကို သားတော် သောက်ရုံနဲ့ အဆမတန်မူးပါ့မလား၊ ပြီးတော့ အမူးလွန်နေတာကို အလိုမတူပဲ မိန်းကလေးနှစ်ယောက်ကို ဖျက်ဆီးနိုင်ပါ့မလား"
အချိန်အကြာကြီး ဒူးထောက်နေချိန်အတွင်း ဘယ်လိုလျှောက်တင်သင့်သည်ကို တွေးတောခဲ့ရာတွင် ဘာကြောင့် သူ့က်ုချောက်ချခဲ့လဲ သဘောမပေါက်ပါချေ။ သူ့အိပ်ရာပေါ်ကို ဒီနည်းနဲ့ တက်ခဲ့ပြီးရင် နာမည်ပျက်သွားမှာ ဧကန်မုချပင်။ သူကလည်း အလွယ်လိုက်တဲ့ အမျိုးသမီးတွေကို ကြင်ယာတော် ဂုဏ်ပုဒ်မပေးနိုင်ပါ။
ရန်အန်းကုန်းကုန်း ခန့်မှန်းသလို ချောပ်ချခံနေရတာ မှန်သလောက်နီးနီးရှိရာ ဧကရာဇ်ရဲ့ မျက်ဝန်းတွေ ပိုပြီး နက်ရှိုင်းလာသည်။ အဖြစ်အပျက်အားလုံးက ရှန်ချန်နဲ့ ရှန်ကျင်းဆိုတဲ့ မိန်းကလေးနှစ်ဦးက ပူးပေါင်းကာကြိုတင်ကြံစည်ခြင်းသာ ဖြစ်မည်ဟု ဆုံးဖြတ်လိုက်တော့သည်။
"ကျန်းသိပြီ၊ အဆောင်တော် ပြန်နားလိုက်တော့၊ မိဖုရားရဲ့ အခမ်းအနားအကြောင်း ထားထားခွင့်ပြုတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် နောက် နှစ်ရက်ဆို ပြီးပြီပဲလေ၊ မင်းရဲ့ ညီအစ်ကိုတွေကို စောင့်ရှောက်ပေးရတော့မယ့် အချိန်ရောက်ပြီ"
ခမည်းတော်ရဲ့ လေသံက အေးစက်မာကြောနေတာကြောင့် ဘာတွေးနေမှန်း ချင်ယွင်ရှန်း မခန့်မှန်းတတ်ပါချေ။ သို့နှင့် ထိုင်ခုံမှ ဒူးခွေယိုင်စွာ ထရပ်ကာ ဂါရဝပြုပြီး နှုတ်ဆက်လိုက်သည်။
"သားတော်ကို ပြန်ခွင့်ပြုပါခမည်းတော်"
ဒုန်း!
"သတ္တိသိပ်ကောင်းပါလား၊ ရှန်မိသားစုက ကိုယ်တော်ရဲ့ သားကို အနိုင်ကျင့်ရဲတာ၊ ကျန်း လုံးဝ ခွင့်မလွှတ်ဘူး"
ရန်အန်းကုန်းကုန်းက လက်ထောက် ကုန်ကုန်းနှစ်ယောက်အား အရှင့်သားကို အဆောင်တော်သို့ တွဲပြီးလိုက်ပို့စေသည်။ ထို့နောက် တံခါးပိတ်ပြီး ပြန်အလှည့်၌ ဧကရာဇ်က ပစ္စည်း ပစ်ပေါက်ကာအမျက်ဒေါသပေါက်ကွဲတော့၏။
ကုန်းကုန်းက ဂျင်စင်းရေနွေးကြမ်းတစ်ခွက်ငှဲ့ပေးပြီး စိတ်ပြေစေသည်။
"အရှင် စိတ်လျှော့တော်မူပါ၊ ဒေါသထွက်ရင် ကျန်းမာရေးထိခိုက်တတ်တာကြောင့် နဂါးကိုယ်ခန္ဓာကို သူတို့လိုလူတွေအတွက်နဲ့ အထိခိုက်မခံပါနဲ့"
ဂလု!
ဂျင်စင်းရေနွေးကြမ်း တစ်ငုံသောက်လိုက်ပြီးသော်လည်း အမျက်တော်ရှနေဆဲပင်။
"ဘယ်လိုလုပ် ဒေါသမထွက်ပဲ နေနိုင်မှာလဲ၊ဒီနေ့မှာ စတုတ္ထမင်းသားရဲ့ ကုတင်ပေါ်တက်ပြီး ကြင်ယာတော် လုပ်တယ်၊ မနက်ဖြန်မှာ ရာဇပလ္လင်ပါ လိုချင်သေးသလား!"
လွန်ခဲ့တဲ့ နှစ်များစွာ အတွင်း တိုင်းပြည်တွင်း အကြီးအကဲ များ၏ သားသမီးများအား ထိမ်းမြားလက်ထပ်ခွင့်ကို သူကိုယ်တိုင်စီစဉ်ပေးသည်။ သူ့သားတော်များပင် စိတ်တိုင်းကျ ရွေးချယ်ပိုင်ခွင့်မရှ်ိခဲ့။
ယခုတော့ သေးငယ်သည့် မိသားစုဖြစ်သော တုံးလင်အိမ်တော်က မိန်းကလေးနှစ်ဦးက ရာရာစစ စတုတ္ထသားတော်ကို အသုံးချရန် အကွက်ချကာ တိုင်းပြည်မိခင်နေရာထိ မှန်း၏။ ဆီလျော်မှု တစုံတရာ မရှိလွန်းပေ ။
"ကျွန်တော်မျိုး စကားပြောများလို့ ခွင့်လွှတ်ပေးပါအရှင်၊ ရှန်အမတ်ကြီးက ပြဿနာရှာနေကြဆိုပေမယ့် အရေးကိစ္စတွေမှာ ချင့်ချိန်တွေးတောတတ်သူပါ၊ ခုကိစ္စမှာ သူ့သမီးတွေက လုပ်ခဲ့တာကြောင့် အမတ်ကြီးကိုတော့ ဗွေမယူပါနဲ့၊ သူက ပုံမှန်ဆို တော်ဝင်မင်းညီမင်းသားမပြောနဲ့၊ အခြားဝန်မင်းတွေနဲ့တောင် မပတ်သက်ချင်တဲ့သူပါ အရှင်"
"နေစမ်းပါဦး၊ မင်းကို သူကဘယ်လောက်ပေးထားလို့လဲ၊ သူ့ဘက်က ဒီလောက် ကာပြောပေးနေရအောင်"
ဧကရာဇ်ရဲ့ စူးရှတဲ့ အကြည့်တွေအောက်မှာ ကုန်းကုန်းက ဒူးထောက်ချ၏။
"အရှင် မှားယွင်းနေပါပြီ၊ ကျွန်တော်မျိုးက အရှင့်ကိုပဲ သစ္စာတော်ခံတာပါ"
"ဟုတ်ပါပြီ၊ မင်းလည်း စိတ်ရှုပ်နေရောပေါ့"
မိုးပြိုတော့မယ့် ရုပ်ကြောင့် ဧကရာဇ်က လက်ဝေ့ယမ်းလိုက်သည်။
"ဒါပေမယ့် ကုန်းကုန်းပြောတာ အကျိုးကြောင်းသင့်တယ်၊ သူက အတော် ပြဿနာရှာတတ်ပေမယ့် ဉာဏ်ထက်တယ်၊ တော်တယ်၊ ဒါကြောင့်လည်း အိမ်ထောင်ဦးစီးဖြစ်နေတာပေါ့"
"မှန်လှပါ"
ရန်အန်း ဘာမှ ထပ်မပြောရဲတော့ပေ။ ဧကရာဇ်က စိတ်မသက်မသာဖြင့် သူ့အား ကြည့်၏။
"ဒုက္ခပဲ ၊ဒီလိုဆို ကျန်း ဘယ်လိုဖြေရှင်းသင့်လဲ၊ ဘာမှ မဖြစ်သလို ကျော်ချသွားလို့လည်း မရဘူး၊ လူသိရှင်ကြားဖြစ်ကုန်ပြီ၊ ရှန်အမတ်ကြီးလည်း သတင်းကြားပြီးတာနဲ့ ရောက်လာတော့မှာ"
"ဒါတော့ ကျွန်တော်မျိုး အကြံမပေးရဲပါဘူး"
ကုန်းကုန်းက ဇက်ပြုတ်တော့မတတ် ခေါင်းခါ၏။
"ဘာမှမဖြစ်ဘူး ပြောစရာရှိတာပြော၊ မင်းက လူငယ်မှ မဟုတ်တော့တာ ကျန်းအပြစ်မပေးပါဘူး၊ အသက်ကကြီးနေပြီကို ကြောက်တတ်သေးတယ်"
ဘုရင်နဲ့ ကုန်းကုန်းက အတူရှိခဲ့ကြတာ ဆယ်နှစ်ကျော် ရှိပြီဖြစ်ပြီး သဘာဝကျစွာပင် အလွန်ရင်းနှီး၏။ ဧကရာဇ်က ကူကယ်ရာမဲ့စွာနဲ့ ရယ်မောလိုက်၏ ။
"စ်ိုးရွံ့မိပါတယ်အရှင်"
ကုန်းကုန်းက တစ်ဖန် အကြံပြုလာသည်။
"အရှင်က သူတို့ကို အရှင့်သားရဲ့ ကြင်ယာတော် အဖြစ် မထားချင်တာ ကျွန်တော်မျိုး သိပါတယ်၊ ခက်တာက သတင်းက တစ်တိုင်းပြည်လုံး ပျံ့နှံ့သွားပြီဆိုတော့ မထားလို့လည် မဖြစ်ပြန်ဘူး၊ ရှန်ကျင်းက တတိယဇနီးရဲ့သမီးဖြစ်လို့ မထားဘူးဆိုရင်တောင် ရှန်ချန်က ပထမဇနီးရဲ့ သမီး ဖြစ်နေတယ်၊တစ်ကယ်လို့ အရှင်က မခန့်အပ်ချင်...."
"သမီးကြီး ဆိုတော့ရော ဘာဖြစ်လဲ"
ဧကရာဇ်က ကုန်းကုန်းရဲ့ စကားမဆုံးခင် ဒေါသထွက်ပြန်၏။ ရှန်ချန်က နောက်မိန်းမရဲ့ သမီးဟာကို၊ ကျန်တဲ့ ညီမတွေနဲ့ အဆင့်တန်းတူပဲ၊ ထိုက်တန်လို့လား။
"ကျွန်တော်မျိုး စကားဆုံးအောင် ဆက်ပြောပါ့မယ်နော်"
ရန်အန်းက အားလျော့စွာ ကြည့်နေပြီး ဆက်ပြောရှာသည်။
"အမတ်ကြီးရဲ့ အနေအထားကနေလည်း မျက်နှာ မပျက်ရလေအောင်၊ အရှင်လည်း ပြည်သူတွေရဲ့ မေးခွန်းထုတ်မခံရအောင်၊ စတုတ္ထမင်းသားရဲ့ ကန့်ကွက်မှုလည်း မရှိအောင်လို့ ဒီလို လုပ်လိုက်ရင်ရောအရှင်..."
အကြံပြုစကားဆုံးတော့ ကုန်းကုန်းက ဧကရာဇ်ကို သတိနဲ့ ကြည့်၏။
"ဒါနောက်စရာမဟုတ်ဘူး၊ ဂုဏ်ပုဒ်ဆိုတာ ပေးပြီးရင် ပြန်နှုတ်လို့ မရတော့ဘူး"
ကုန်းကုန်းရဲ့ အကြံပြုစကားက အသင့်လျော်ဆုံးဖြစ်မှန်း သိပေမယ့် စိတ်အလိုမကျစွာ ဒေါသထွက်ပြီး ရင်ဘတ်က နိမ့်ချည် မြင့်ချည် ဖြစ်နေဆဲပင်။
"ဒီမြေက အရှင့်ပိုင်နက် ဖြစ်သလို၊ ခြွေရံသင်းပင်းဆ်ုတာ အရှင်ပဲ ဆုံးဖြတ်ပိုင်ခွင့်ရှိတာလေ၊ ချင်အင်ပါယာမှာ အရှင့်ထက် အာဏာကြီးသူ ဘယ်သူမှ မရှိပါဘူး "
ဘုရင်မင်းမြတ်၏ စိတ်တော် အလိုမကျတာကို သိတာကြောင့် မြေပြင်ပေါ် ပြားပြားဝပ်လျက် မြောက်ပင့်လိုက်၏။ မိန်းမစိုးခေါင်းဆောင်ဖြစ်ဖို့ဆိုတာ ရှောင်လင် သိုင်း ကောင်းကောင်းတတ်ကျွမ်းထားရသည်။ ပင့်တန်ပင့်၊ တွန်းတန်တွန်းပြီး အညှာကိုင်ထားတတ်ရ၏။
"ကောင်းပြီ၊ မင်းပြောသလို ရိုက်ချကြတာပေါ့"
ဧကရာဇ်က အောင့်သက်သက်နှင့် စိတ်လျှော့လိုက်ရ၏။
"စတုတ္ထသားတော်ရဲ့ ကြင်ယာတော်ဖြစ်ချင်ကြတယ်ပေါ့၊ ကိုယ်တော်က မပေးဘူးဆိုရင် သူတို့ ဘာတတ်နိုင်ဦးမလဲ"
"အဲ့ဒါက...."
"ဘာ အဲ့ဒါမှ မရှိဘူး၊ သူတို့ပဲ သားတော်ကို အကွက်ချပြီး နာမည်အပျက်ခံ၊ ဇနီးနေရာယူချင်တာလေ"
ရန်အန်းကုန်းကုန်းရဲ့ တုံ့နှေးနေမှုကြောင့် ဧကရာဇ်၏ဆုံးဖြတ်ချက်က ပိုသေချာသွား၏။
"တော်ဝင်ပြန်တမ်း ထုတ်ဖို့ပြင်၊ တုံးလင်အိမ်တော်က ရှန်ချန်နဲ့ ရှန်ကျင်းကို စတုတ္ထမင်းသားရဲ့ ကိုယ်လုပ်တော် အဖြစ် ခန့်အပ်လိုက်တယ်၊ နောက်တစ်နေ့ကူးတာနဲ့ အဆောင်တော် အခစားဝင်စေ"
မှန်သည်။ တော်ဝင်အမိန့်ပြန်တမ်းသာ တုံးလင်အိမ်တော် ရောက်သွားတာနဲ့ ရှန်ကျင်းနဲ့ ရှန်ချန်တို့ ရူးသွားမလား စိုးရိမ်မိချေသည်။ ကိုယ်လုပ်တော်လည်း ဇနီးဖြစ်ခွင့်ရှိသည်။ သို့သော် ကြင်ယာတော် ဂုဏ်ပုဒ်နဲ့ယှဉ်လျှင်မူ များစွာ နိမ့်ကျ အလှမ်းဝေး၏။
2646 words
Grape 🍇
(Tn.ကုန်းကုန်း ဂျင်းတွေရမယ်)