'အကျဉ်းထောင်'
တိုင်းပြည်၏ အပြစ်သားအကျဉ်းစခန်းဟာ တရားစီရင်ရုံးနှင့် မနီးမဝေးတွင် တည်ရှိသည်။ ရှန်ရွေ့ထင်တို့ညီအစ်ကိုသုံးယောက်ဟာ တရားရုံးစာရေး ခေါ်ရာနောက်သို့လိုက်လာပြီး အကျဉ်းစခန်းသို့ရောက်ရှိလာ၏။အလာလမ်းတွင် စာရေးလေး ရှင်းပြသည်က မင်းသားသွမ့်၏သားအား ပြန်ပေးဆွဲခဲ့သော ဓားပြအားလုံး ဤအကျဉ်းထောင်တွင် သတ်သေသွားကြသည်ဟူ၏။
အလားတူ ဖြစ်ရပ်မျိုး ထပ်မဖြစ်စေရန် ဝမ်ယွမ်အပါအဝင် အပြစ်သားအားလုံးကို တင်းတင်းကြပ်ကြပ်စောင့်ကြည့်ဖို့ သန်မာကြံ့ခိုင်သည့်ရဲစစ်သည်တို့ကို အကျဉ်းခန်းတဝိုက် ဒေါက်ထောက်စောင့်ကြည့်စေပြီး ယင်ကောင်ပင် ခိုးဝင်၍ မရအောင် မင်းသားသွမ့်က လုပ်ခိုင်းထားကြောင်းပြောပြ၏။
"ငါ့ကိုလွှတ်ပေး၊ ငါ့မှာ ဘာအပြစ်မှ မရှိဘူး... အခုလွှတ်ပေး!"
"ငါ ဘာမှ မလုပ်ထားဘူး"
"လွှတ်ပေး.."
အကျဉ်းထောင်၏ လမ်းကျဉ်းကျဉ်းကိုဖြတ်သန်းနေစဉ်တစ်လျှောက်လုံး နာကျည်းခံပြင်းစွာ အပြစ်မရှိကြောင်း အော်ဟစ်ငိုယိုနေသံများဖြင့်ပြည့်နေသည်။ စာရေးလေးက မီးရောင်မှိန်ပျပျအောက် ဦးဆောင် ခေါ်ဝင်သွားကာ ၊အမှန်တရားဖော်ထုတ်ရန်သုံးသည့် ရိုက်နှက်နှိပ်စက်သည့်ကိရိယာအခန်းကို ဖြတ်ကျော်ကာ အကျဉ်းထောင်၏ အတွင်းဆုံးအခန်းထိ ခေါ်လာသည်။
လမ်းကျဉ်းတစ်လျှောက် ရှန်ရွေ့ထင်တို့ကိုတွေ့သည်နှင့် ဘေးတစ်ဖက်တစ်ချက်စီမှ အကျဉ်းသားများက ရှေ့တိုးကာ အချုပ်တန်းအပြင်ထိ လက်ဆန့်ပြီး ထိကိုင်ရန်ကြိုးပမ်းကာ သူတို့၏အမှုများကို ပြန်လည်စစ်ဆေးပေးပါရန် တောင်းဆိုသည်များလည်း ကြုံရသည်။
"သွားစမ်း!"
အချိန်ကာလကြာ မူလအသားရောင်ပင် မမြင်ရတော့အောင် မဲတူးနေပြီဖြစ်သည့် လက်တစ်ဖက်က သူ့အား ဆွဲမိလုနီးပါးဖြစ်သွားသောအခါ ရှန်ရွေ့ကျန်းက ရွံရှာစက်ဆုပ်စွာ ကြိမ်းမောင်းလိုက်သည်။ ထောင်မှူးနှင့် စာရေးက အံ့ဩသွားဟန်မပြပေ။ လူချမ်းသာအများစုက ဒီလိုနေရာမျိုးကို တော်ရုံ ခြေမလှမ်းချင်ကြပေ။ စက်ဆုပ်ပြီး အပြစ်သားတွေကို မြင်လျှင်လည်း စိတ်အနှောင့်ယှက်ဖြစ်ကြသည်။
သို့သော် သူတို့မေ့နေသည်က သူတို့၏သားတွေဟာလည်း ဒီနေရာမှာ အပြစ်သားအဖြစ်ရှိနေတယ် ဆိုတာကိုပင်။
အကျဉ်းထောင်၏ နောက်ဆုံးအခန်းတွင် တန်ဖိုးကြီး ဖဲသားဝတ်စုံ ဝတ်ထားဆဲ ဖြစ်သည့် ရှန်ရှောင်နဲ့ ရှန်ယန်က အခန်း၏ထောင့်တစ်နေရာစီတွင် နေနေကြသည်။ နှစ်ယောက်လုံးက ယခင်လို မောက်မာထောင်လွှားခြင်းမျိုး မရှိနေပဲ၊ ပိန်ဖျော့ကာ ဆံပင်တွေလည်း ရှုပ်ပွနေသည်။ စိတ်ဓာတ်အတော်ကျနေပုံရသည်။ပြန်တွေးကြည့်လျှင်လည်း သခင်လေးနှစ်ဦးလုံးက ရွှေဇွန်းကိုက်ကာမွေးဖွားလာကြပြီး တုံးလင်အိမ်တော်တစ်ခုလုံး၏ အထူးဂရုစိုက်ခံခဲ့ရသည်မှာ နှစ်နှစ်ဆယ်ပင် ရှိရော့မည်။ ယခုလို ဆက်ဆံခံခဲ့ဖူးခြင်းမရှိခဲ့၊ သို့သော် အဖမ်းခံလိုက်ရတည်းက စာမေးပွဲ ကိစ္စတွင် သူတို့အား ရှာတွေ့သွားပြီ ဖြစ်မှန်း ရှင်းလင်းစွာ သိလိုက်ကြသည်။ ဘယ်လိုပဲဖြစ်ဖြစ် အကျဉ်းခန်းက လွတ်သွားရင်တောင် သူတို့ရဲ့ နာမည် ဂုဏ်သတင်းကတော့ ပျက်စီးသွားရတော့မှာပင်။
"ဒီအခန်းပဲ!"
ထောင်မှူးက တံခါးဖွင့်ပေးကာ ဧည့်သည်များကိုညွှန်ပြ၏။
လူငယ်နှစ်ယောက်က အသံကြားသည်နှင့် ခေါင်းမော့လာကာ ချက်ချင်း ထပြေးလာပြီး အရူးအမူးအော်ခေါ်ကြသည် ။
"အဖေ ကျွန်တော့်ကို ကယ်ပါဦး"
"အဖေ၊ ဦးလေး ကျွန်တော် ဒီမှာ မနေချင်ဘူး"
အစောင့်တွေ ထွက်သွားတဲ့ နောက်မှာ သခင်လေးနှစ်ဦးက ထိန်းချုပ်မထားတော့ပဲ စိတ်ဓာတ်တွေ ပြိုလဲကာ မျက်ရည်စီးကြောင်းက ပါးပြင်တစ်လျှောက် ကျဆင်းလာတော့သည်။
"ယန်အာ.."
ရှန်ရွေ့ချင်နဲ့ ရှန်ရွေ့ကျန်းက ရှေ့တိုးပြီး ယန်အာကို အမြန်ပွေ့ဖက်လိုက်ကြသည်။ လက်မှာ သံကြိုးချည်လျက် တန်းလန်းနှင့် ယန်အာက သိတ်လှုပ်ရှားစွာ ပြန်ဖက်သည်။
သို့ရာတွင် ရှန်ရွေ့ထင်ကမူ ရှန်ရှောင့်ကို စိမ်းစိမ်းဝါးဝါးစိုက်နေသည်။ ရှန်ရှောင်က တစ်ခုခုမှားနေမှန်း ခံစားမိပြီး နောက်သို့ခြေနှစ်လှမ်းခန့် ဆုတ်လိုက်သည်။ ထို့နောက် ကြောက်ရွံ့စွာဖြင့်..
"အ... အဖေ"
ခွပ်!
"အသုံးမကျတဲ့ သား!"
ရှန်ရှောင် ပါးစပ် ဟရန်ကြံခါရှိသေး ၊ ရှန်ရွေ့ထင်က ပြင်းထန်သည့်ထိုးချက်ပေးလိုက်သည်။ ရှန်ရှောင် နောက်သို့ ခြေလှမ်းအတော်များများ ဆုတ်လိုက်ရပြီး၊ လဲမကျရန် ကိုယ့်ကိုကိုယ် ထိန်းလိုက်သည်။ ထိုးခံရသည့် ပါးပြင်က ချက်ချင်းရဲတက်ကာ ယောင်ကိုင်းလာသည်။သူ့တုံ့ပြန်ပုံကြောင့် ရှန်ရွေ့ချင်တို့ သုံးယောက်က သတိဝင်လာပြီး တစ်ဖက်စွန်းသို့ ကပ်လိုက်ကြသည်။ သံသယဝင်စရာမလိုအောင်ပင် ရှန်ယန်က သူ့အဖေကို တင်းတင်း ဆွဲကိုင်ထားပြီး တုန်လှုပ်နေသည်။ ထောင်မှူးနဲ့ စာရေးကတော့ ဝင်မပါပဲ ရပ်ကြည့်နေသည်။
"မင်းကိုမေးမယ်၊ ဝမ်ယွမ် အကြီးအကဲဆီမှာ တစ်ကယ်ပဲ လာဘ်ထိုးခဲ့သလား"
ရှန်ရှောင်ရဲ့ မယုံကြည်နိုင်တဲ့အမူအရာကို လစ်လျူရှုကာ ရှန်ရွေ့ထင် ဒေါသတကြီး မေး၏။
"ကျွန်တော်..."
"ငါအမှန်အတိုင်းပဲ သိချင်တယ်၊ မင်းရဲ့စကားထဲမှာ အလိမ်အညာတစ်ခွန်းပါရင် ဒီထဲမှာပဲ တစ်သက်လုံးနေသွားရမယ်မှတ်! တရားစီရင်ရေးက မင်းတို့ကို အပြစ်မပေးနိုင်ခဲ့ရင်တောင် ငွေကြေးအလွဲသုံးစားလုပ်မှုကြောင့် အပြစ်ပေးခံရဦးမှာပဲ"
ရှန်ရှောင်က မျက်ရည်များနှင့် ခေါင်းမော့လာသည်။ သူဘာမှ မပြောနိုင်သေးခင် ရှန်ရွေ့ထင်က ရှေ့တိုးလာပြီး ကြိမ်းမောင်းသည်။
"ကျွန်တော်.. ဝမ်သခင်လေးနဲ့ အကြိမ်နည်းနည်းလောက် သောက်စားခဲ့ရုံတင်"
နှစ်နှစ်ဆယ်လုံးလုံး အဖေ့အထာနှပ်နေတဲ့ ရှန်ရှောင်က အမှန်တရားကို ဝန်မခံရဲပဲ အပြစ်ကို ရှောင်ပြီး ဝေ့ဝိုက်ကာ အပြစ်ငယ်ကို ထုတ်ပြောသည်။ သူ့အဖေက အားလံုးသိပြီးဖြစ်မယ်လို့ မထင်ခဲ့တာလည်း ပါသည်။
"ဒါဆို ပိုက်ဆံကိစ္စက ဘယ်လိုဖြစ်တာလဲ၊ လတိုင်း5000 သွားပေးနေတာလေ"
ရှန်ရွေ့ထင်ကလည်း သားဖြစ်သူ၏ အတွေးကို သိလိုက်ရသည်။ အမှန်ဆို ထုတ်မေးနေစရာမလိုအောင် ဒီကိစ္စက သူ့သား လုပ်ခဲ့တာ အမှန်ပဲဆိုတာ သေချာပြီးသားပင်။
"ငွေ...ငွေတွေက"
သူ့အဖေက အားလုံးသိပြီးသည့်အပြင် လတိုင်းမည်မျှပေးသည်ကိုပါ အတိကျပြောလာရာ ခေါင်းမော့ပြီး အဖေ့ကိုထပ်မကြည့်ရဲတော့ချေ။
"ခွေးမသား ၊မင်းလိုကောင်မျိုးကို ငါဘာလို့ ပျိုးထောင်ခဲ့မိတာလဲ"
ရှန်ရွေ့ထင်က နောက်တစ်ချက်ထပ်ထိုးသည်။
ရှန်ရှောင် မူးဝေသွားပြီးနောက် ဒေါသထွက်ကာ ပြန်အော်သည်။
"ဟုတ်တယ်၊ ကျွန်တော်က အသုံးမကျဘူး၊ အဖေ့မျက်လုံးထဲ ကျွန်တော့်ဆို တစ်ခါမှ အကောင်းမမြင်ဘူး၊ အဖေက ရှန်တာ့ကိုပဲ ချစ်တာ၊ ကျွန်တော်နဲ့ ရှန်ချန် က အိမ်ကဆင်းသွားတဲ့ ရှန်တာ့နဲ့ ဘယ်တော့မှ မယှဉ်နိုင်ဘူး၊ သူက အသက်နှစ်ဆယ်နဲ့ ကြယ်သုံးပွင့်ဗိုလ်ကြီးဖြစ်နေပြီလေ၊ ကျွန်တော်ကရော? သူ့အရိပ်အောက်မှာပဲ ရှင်သန်နေရမှာလား? ကျွန်တော့်ကိုကျတော့ ငတုံးလို ဆက်ဆံပြီး တစ်ခါမှ အခွင့်အရေးမပေးခဲ့ဘူး၊ အနာဂါတ်မှာ ကျွန်တော် ဖြစ်ချင်၊လုပ်ချင်တာကို ကိုယ်တိုင် စဉ်းစားခွင့်ပေးခဲ့ဖူးလား?"
ရင်ထဲမြိုသိပ်ထားသမျှ ခံစားချက်တွေ အကုန်ပွင့်ထွက်လာသည်။ သူက စာပေဘက်မှာအရည်အချင်းရှိတာကြောင့် ကိုယ့်ကိုကိုယ် ယုံကြည်ချက်နဲ့ အမှုထမ်းစာမေးပွဲအတွက် ပြင်ဆင်နေချိန်မှာပဲ ရှန်တာ့သတင်းက ကျော်စောနေနှင့်ပြီ။ စစ်ပွဲတိုင်းအောင်နိုင်သည့်သတင်းကြောင့် ရှန်ရှောင်၏ယုံကြည်ချက်ဟာလည်း တဖြည်းဖြည်း ပြိုပျက်ခဲ့ရသည်။ ဒီအချက်ကြောင့် ရှန်ရှောင်က အမေက်ို ပြောပြီး ဝမ်ယွမ်ရဲ့သားကတစ်ဆင့် အဆက်အသွယ်ရဖို့ ကြိုးပမ်းခဲ့သည်။
အမှုထမ်းစစ်ဆေးပွဲက တင်းကြပ်တာကြောင့် ရှန်ရှောင်လည်း သူ့နေရာမှာ စာအစားထိုးဖြေပေးမယ့်သူကို မရှာခဲ့ပဲ ကိုယ့်အရည်အချင်းနဲ့ ကိုယ်တိုင်သာဖြေဆိုခဲ့သည်။ ဝမ်ယွမ်ကို လာဘ်ထိုးခဲ့တာမှန်ပေမယ့် ရလာတဲ့ရလဒ်က သူ့ရဲ့ ကိုယ်ပိုင်အစွမ်းအစတွေပဲဖြစ်သည်။
"မင်းဖြစ်ချင်တဲ့ အနာဂါတ် ဟုတ်လား? အဲ့တာက စာမေးပွဲကြီးကြပ်သူကို လာဘ်ထိုးပြီးမှ ဖြစ်လာမှာလား? မင်းက ရှန်တာ့ကို မနာလိုဖြစ်ဖို့ အချိန်တွေ ဖြုန်းနေပေမယ့် ၊အသက်ဆယ့်ငါးနှစ်နဲ့ အိမ်ကထွက်သွားတဲ့ ရှန်တာ့က သူ့ကိုယ်ပိုင် အားထုတ်မှုကြောင့် အားလုံးကို ပိုင်ဆိုင်နိုင်နေပြီ၊ သူ့ရဲ့ခုလို စစ်ပွဲတွေ ဆက်တိုက် အောင်မြင်တဲ့သတင်းက နန်းတော်ဆီ မရောက်လာခဲ့ရင် သူစစ်သည်အဖြစ်နဲ့ တိုက်ပွဲထဲရောက်နေမှာမှန်း ငါသိနိုင်ခဲ့မှာ မဟုတ်ဘူး၊ မင်း အစွမ်းရှိရင် သူ့လို သွားလုပ်လေ.. သွား စစ်သွားတိုက်ပြီး နာမည်တစ်လုံးရလာအောင် လုပ်ခဲ့"
ရှန်ရှောင်ရဲ့ ခံယူချက် စိတ်ဓာတ်တွေကြောင့် ရှန်ရွေ့ထင် ဒေါသလည်း ထွက်မိသလို စိတ်လည်း ပျက်မိသည်။ သားသမီးလေးယောက်ရှိတဲ့အထဲ ရှန်တာ့ကိုတော့ အချစ်ဆုံးဆိုတာ အစတည်းက အမှန်တရားဖြစ်၏။ ရှန်ရှောင်ကို သိပ်မနှစ်သက်သော်လည်း ဒီအသက်ဒီအရွယ်ထိ ဆိုးဆိုးရွားရွားဆက်ဆံခဲ့တာမျိုး မရှိခဲ့ပါ။ ရှန်တာ့မရှိတဲ့နှစ်တွေမှာ ရှန်ရှောင့်ကို ပညာသင်ကြားဖို့ ကောင်းစွာထောက်ပံ့ပေးခဲ့တယ်၊ ရှန်ရှောင်နဲ့ ရှန်ချန်အတွက် သူ့မှာ ကျန်ရှိနေတဲ့ အားအင်ကိုစုစည်းပြီး နေရာပေးခဲ့တယ်။ ကလေးနှစ်ယောက်က ပါရမီကြီးကြီးမားမား မရှိပေမယ့် တစ်ခါမှ ပစ်ပယ်မထားခဲ့၊ သူ လစ်လျူရှုထားမိတဲ့ သူက ရှန်လျန် တစ်ယောက်ထဲပဲ၊သူ့ရဲ့ မွေးဖွားလာမှုကြောင့် ချစ်ဇနီးကို သေဆံုးစေခဲ့တဲ့ အငယ်ဆုံးသားလေးကိုသာ လှည့်မကြည့်မိခဲ့ခြင်း။
"ကျွန်တော်...."
"ကောင်းပြီ ရှောင်အာ၊ အစ်ကိုကြီးက မင်းရဲ့အဖေလေ၊ ဘယ်ဖခင်က ကိုယ့်သားကို မချစ်ဘူးဆိုတာ ရှိမလဲ၊ စကားေပြာ ဆင်ခြင်ဦး"
ရှန်ရှောင်က ရှန်ရွေ့ထင်အား စကားစစ်တိုက်ရန်ပြင်နေသည်ကို သတိထားမိသောအခါ ရှန်ရွေ့ကျန်းက အမြန် ရှေ့တိုးလာပြီး ကြားဝင်ချော့မော့၏။ ထို့နောက် ရှန်ရွေ့ထင် ဘက် လှည့်ကာ...
"အစ်ကိုကြီးကလည်း ရှောင်အာက ခုတောင်အပြစ်ပေးခံနေရတာ ၊ သူလည်း စိတ်ဆိုးမိမှာပဲေလ၊ ထပ်မဆူပါနဲ့တော့၊ အခုက သူတို့ကိုဘယ်လို ခေါ်ထုတ်မလဲဆိုတာ ဆွေးနွေးဖို့ ပိုအရေးကြီးတယ်မှတ်လား"
" အဲ့ဒီအပြစ်ဖြစ်အောင် သူကိုယ်တိုင်လုပ်ခဲ့တာပဲလေ"
ရှန်ရွေ့ထင်က မကျေနပ်သေးပေမယ့် ဆက်မပြောတော့ချေ။
ရှန်ရွေ့ကျန်းရဲ့ ကြားဝင်ဖျန်ဖြေမှုက ရှန်ရှောင့်အား အသိတရားရသွားစေသည်။ ဒေါသက်ိုထိန်းချုပ်လိုက်ရင်း ဒူးထောက်ချလိုက်သည်။
"အဖေ ကျွန်တော် မှားမှန်း သိပါပြီ"
"မင်း... ဟူး!"
အဆုံးကျတော့ ဒါက သူ့သားဆိုတော့လည်း ရှန်ရွေ့ထင် သက်ပြင်းမော ချလိုက်သည်။
"ငါ မင်းတို့ နှစ်ယောက်လုံးရဲ့အဖြေလွှာကိုစစ်ကြည့်ပြီးပြီ၊ အရင်နှစ်မှာ ဝင်နိုင်ခဲ့တဲ့ ထိပ်ဆုံးကျောင်းသားအဆင့်က အမှန်အကန်ဖြစ်လျက်နဲ့ ဘာလို့ လာဘ်သွားထိုးနေသေးတာလဲ"
"ကျွန်တော်"
အဖေ့ကိုမော့ကြည့်ပြီးနောက် ဘာပြန်ပြောရမှန်းမသိ ဖြစ်နေခဲ့သည်။
ရှန်ယန်က အခြေအနေကို အကဲခတ်ကာ သူလည်း ဒူးထောက်လိုက်ပြီး...
"ဦးလေး ကျွန်တော်တို့ ခဏတာ စိတ်လွတ်သွားလို့ပါ၊ ဦးလေးကို တောင်းဆိုပါတယ်၊ ကျွန်တော်တို့ကို ကယ်ပေးဖို့ တစ်ခုခု စဉ်းစားပေးပါဦးဗျာ၊ ကျွန်တော် တစ်ကယ် ဒီမှာ မနေနိုင်တော့ဘူး"
ရှန်ယန်က ဒုတိယမိသားစုရဲ့ သားဖြစ်ပြီး၊ အိမ်တော် အမွေဆက်ခံမည့်သူ မဟုတ်သော်လည်း ၊သခင်မကြီး၏မြေးရင်း ဖြစ်တာကြောင့် အလိုလိုက်ခံရလေသည်။ ထိုသူက ထောင်ခန်းကျဉ်းကျဉ်းထဲမှာ အနံ့ဆိုးတွေနဲ့ ဆူညံတဲ့အသံတွေကြောင့် တစ်ကယ်ကို သည်းမခံနိုင်တော့ပါ။
"အမှန်အတိုင်းကျတော့ မပြောပဲ ကယ်ခံချင်နေသေးတယ်"
ရှန်ရွေ့ထင်က ကလေးနှစ်ယောက်အပေါ် စိတ်ပျက်မှုက နည်းနည်းမှ လျော့မသွားသေးပေ။ အသက်က နှစ်ဆယ်တောင် ရှိနေပြီ ၊ငယ်တော့တာလည်း မဟုတ်ဘူး၊ ဒီလိုကိစ္စက အရေးကြီးလား မကြီးလားဆိုတာ သဘောပေါက်သင့်လေပြီ။
"ဦးလေး.."
ရှန်ယန် ရှက်သွားပြီး ဘာလုပ်လို့ဘာကိုင်ရမှန်းမသိစွာဖြင့် အဖေဖြစ်သူကို အကြည့်နှင့်အကူအညီတောင်း၏။
ရှန်ရွေ့ချင်က စိတ်ဖိစီးလာပြီး..
"ယန်အာ.. မင်းတို့ အဲ့ဒီအချိန်က ခေါင်းထဲ ဘာတွေတွေးခဲ့တာလဲ၊ တစ်ကယ်လို့နားလည်မှုလွဲတာရှိရင်လည်း မင်းတို့ဦးလေးကို တစ်ခါတည်းထုတ်ပြောပြလိုက်.. မဟုတ်ရင် ငါတို့လည်း..."
"ရှန်လူကြီးမင်း.. သူတို့ကို ဘာမှ ထုတ်မပြောပါနဲ့၊ ဒီလိုဆက်လုပ်နေမယ်ဆိုရင် ခင်ဗျားတို့ကို အပြင်ပြန်ခေါ်ထုတ်သွားရလိမ့်မယ်"
စာရေးက အေးစက်စွာ သတိပေးလာသည်။ ရှန်ရွေ့ချင်ရဲ့စကားက အပြစ်ကို ခေါင်းရှောင်ရန်နည်းလမ်းအား သင်ပြပေးနေတဲ့အတိုင်းပင်။
ရှန်ရွေ့ထင်က သူ့ညီကို ဖျတ်ခနဲ စူးစိုက်ကြည့်ပေးလိုက်ပြီး တရားရုံးစာရေးကို တောင်းပန်သည်။ထို့နောက်
"ဘာပေါက်ကရစကားမှ လာမပြော နဲ့၊ ငါ အမှန်အတိုင်းပဲ ကြားချင်တယ်၊ ဒီလာဘ်စားတဲ့အမှုက လူအများကြီး စောင့်ကြည့်နေကြတာ၊ အမှားမခံဘူး၊ မင်းတို့ ဒီထဲက ထွက်ချင်ရင် အမှန်အတိုင်း အကုန်ထုတ်ပြောမှ ကယ်ဖို့ နည်းလမ်းရှာနိုင်မှာ"
"ကျွန်...ကျွန်တော်..."
ရှန်ရှောင်သည် ရှန်ရုထင်က သူ့ကိုစိုက်ကြည့်မလာခင် ထုတ်ပြောလိုက်တော့၏။
"အစက ကျွန်တော် ဝမ်ယွမ်အကြီးအကဲကို လာဘ်ထိုးဖို့ အစီအစဉ်မရှိခဲ့ဘူး၊ အဲ့ဒီနေ့ တိုက်တိုက်ဆိုင်ဆိုင် ဝမ်သခင်လေးနဲ့ ဆုံတော့ အပြင်ထွက်သောက်တဲ့အချိန် လူတွေက ရှန်တာ့အကြောင်း ချီးမွှမ်းနေတာကြားပြီး ခဏတာ စိတ်လွတ်သွားမိရင်း.. အဖေ ကျွန်တော်ပြောတာ ယုံပါ၊ စာမေးပွဲဖြေမယ့်နေ့ထိ ကျွန်တော့်အစားဖြေဖို့ လူရှာမတွေ့ခဲ့ဘူး၊ အဲ့ဒါနဲ့ ကျွန်တော် ကိုယ်တိုင်ပဲ ဝင်ဖြေလိုက်တာ"
စကားပြောနေရင်း တစ်ဝက်မှာပဲ ရှန်ရှောင်ဟာ ဒူးထောက်ချပြီး ဖခင်ရဲ့ပေါင်ကို စိတ်လှုပ်ရှားစွာ တင်းတင်းဖက်ထားလေ၏။ သူ့စိတ်ထဲမှာတော့ ယခုလ်ုအခြေအနေအား အလွန်မုန်းတီးနေမိသည်။
အားလုံးက ရှန်တာ့ကြောင့် ဖြစ်ရတာ၊ သူသာ အိမ်ကထွက်မပြေးသွားရင် လာဘ်ထိုးမှုက ဖြစ်လာစရာအကြောင်းမရှိဘူး၊ မင်းသားသွမ့်ကိုယ်တိုင် လာဘ်စားတဲ့အမှုပြန်ဖွင့်တဲ့သတင်းကိုသူ ကြားမိပေမယ့် ဝမ်ယွမ်နဲ့ တိုက်ရိုက်ဆက်သွယ်ဖူးတာလည်း မရှိသလို ၊ပေးခဲ့တဲ့ ငွေပမာဏကလည်း နည်းနည်းပဲလို့ အတွေးဝင်မိခဲ့သည်။ ပြီးတော့ အစားထိုးဖြေပေးမယ့်လူလည်း မရှာနိုင်ခဲ့ရာ ပြဿနာက ကြီးသွားမယ်မှန်း မသိခဲ့ရိုးအမှန်၊ ဒါကြောင့် သိပ်များများမတွေးမိခဲ့ခြင်းဖြစ်၏။
"လူရှာ မတွေ့လို့သာ ကိုယ်တိုင် ဖြေလိုက်ရတယ်ပေါ့?"
ရှန်ရှောင်ရဲ့ပုံစံက သူ့လုပ်ရပ်သူ လုံးဝ နောင်တမရသည့်သဘောပင်။ ရှန်ရွေ့ထင် အရမ်းစိတ်ပျက်မိသွား၏။
သူ့သားကို တစ်ကယ်ပဲ လစ်လျူရှုထားမိခဲ့တာလား?ဒါပေမယ့် ဒီလိုဖြစ်တာ သူ့အမှားမှ မဟုတ်တာ၊ ဝေကျစ်ထျန်နဲ့ လက်ထပ်ခဲ့တုန်းက နှစ်ဦးသား အချစ်မှာ နစ်မျှောခဲ့ကြပြီး ဘယ်သူမှ ကြားမဝင်နိုင်ခဲ့သော်လည်း၊ ရှန်ရှောင်ရဲ့ အမေ လျိုရှုဟန်က အဒေါ်ဖြစ်တဲ့ သခင်မကြီးနဲ့ ပူးပေါင်းပြီး သူ့ကိုစိတ်ကြွဆေးပြင်းပြင်း တိုက်ခဲ့ကြတယ်၊သူ သတိလုံးဝလွှတ်ထွက်သွားပြီး အသိပြန်ဝင်လာချိန်မှာတော့ လျိုရှုဟန်နဲ့ အိပ်နှင့်ပြီးခဲ့ပြီ။ အဲ့ဒီအချိန်က သူ့စိတ်တွေ ဘယ်လောက် ယောက်ယက်ခတ်ခဲ့လဲ သူကိုယ်တိုင်အသိဆုံး။
တစ်ဖက် အမျိုးသမီးကို တာဝန်လည်း မယူပေးချင်ခဲ့ဘူး၊ ဒီလိုနဲ့ လတွေကြာသွားတော့ လျိုရှုဟန်က ကလေးတစ်ယောက်ပိုက်ပြီး ပေါ်ထွက်လာတယ်၊ သခင်မကြီးက ဝေကျစ်ထျန်ဆီ တိုက်ရိုက်သွားပြီး လျိုရှုဟန်ကို သခင်မ နေရာပေးဖို့ သွားတောင်းဆိုခဲ့တယ်၊
သူတို့လိုချင်တာက ဝေကျစ်ထျန်နဲ့ တန်းတူနေရာ ဆိုပေမယ့် သခင်ကြီးရော ၊ဝေကျစ်ထျန်ပါ သဘောမတူခဲ့ဘူး၊ နောက်ဆုံးတော့ မယားငယ်နေရာပေးခဲ့ရပြီး အဲ့ဒီကိစ္စကြောင့်ပဲ ဝေကျစ်ထျန်နဲ့ အကြီးအကျယ်ပြဿနာတက်ခဲ့ရတယ်၊ ဒီလိုပုံစံနဲ့ မွေးဖွားလာရတဲ့ ရှန်ရှောင်က အချစ်နဲ့ စတင်ပြီး မွေးဖွားလာရတဲ့ရှန်တာ့နဲ့ ဘယ်လိုလုပ်ယှဉ်နိုင်မှာတဲ့လဲ...။
2840 words
Grape 🍇