no

Font
Theme

'နှုတ်ဆက်၊ ဆက်လက်ခရီးဆက်'



"ခုဏက ဘာပြောလိုက်တာလဲ"


ဝေမိသားစုက ရှန်လျန့်ကိုအရမ်းဖိအားပေးမိမှာစ်ုးရိမ်ပြီး လေသံလျှော့၍ ချော့မော့မေး၏။ တစ်ဦးပြီးတစ်ဦး တစ်လှည့်စီ အကြိမ်ကြိမ်မေးတော့မှ ရှန်တာ့ လုပ်ကြံခံရလို့ အဆိပ်မိပြီး သတိလစ်နေတဲ့အကြောင်းပြောပြလာသည်။ 


ဗိုလ်ချုပ်ကြီးဝေရဲ့ဒေါကက တရိပ်ရိပ်တက်လာပြီး မျက်နှာပါနီရဲလာသည်။မိတဆိုးမြေးနှစ်ယောက်က ဝေမိသားစုဝင်တိုင်း ကာကွယ်ပေးရမည့် လူသားလေးတွေဖြစ်သည်။ 


"ရန်သူတပ်က လုပ်တာလား"


သားလတ် ဝေကျစ်ရွှင်းက စူးရဲတဲ့ မျက်လုံးတစ်စုံနဲ့ ရှန်လျန့်ကို မေးသည်။ ရှန်လျန်က တစ်ခဏ တိတ်ဆိတ်နေပြီးမှ....


"သေချာမသိဘူး၊ စစ်ပွဲမပြီးသေးမချင်း ပြောရခက်တယ် ဦးလတ်"


သေချာတွေးကြည့်ပြီးတော့ ရှန်လျန် ဒီကိစ္စကိုသူနဲ့ တာ့ကော ‌မြို့တော်ဆီ လုံလုံခြုံခြုံပြန်ရောက်ပြီးချိန်ထိ မိသားစုကိုမပြောပြပဲ ခဏ ဖုံးကွယ်ထားဖို့ဆုံးဖြတ်လိုက်သည်။ 


"ငါတို့ လျန်လျန်နဲ့ သီးသန့်စကားပြောချင်လို့ ...ငယ်သားတွေ ဟိုဘက်သွားကြ"


ဖိုးဖိုး‌ဝေက တိတ်ဆိတ်နေရာမှ ရုတ်တရက်ပြောလာသည်။ ထျန်းရှုတို့လည်း ခပ်လှမ်းလှမ်းဆီနေရာရွှေ့လိုက်ကြသည်။ ဖေးယွမ်ရွှင်းနဲ့ဝေမိသားစုပဲ ကျန်မှ ဖိုးဖိုးဝေက ရှန်လျန့်လက်ကို ညင်ညင်သာသာဆုပ်ကိုင်သည်။ 



"မြေးလေးက အရိပ်တပ်သားရဲ့သခင်သစ်ဖြစ်သွားပြီဆိုမှတော့ ဆေးနဲ့အဆိပ်ကျမ်းလည်း လက်ဝယ်ရှိထားပြီပေါ့ ဟုတ်လား"


ဝေမိသားစုက အပြင်ပန်းမှာ အရိပ်တပ်သားတွေနဲ့ အဆက်အသွယ် မလုပ်ပေမယ့် ...ကာကွယ်ရေးတပ်သားခေါင်းဆောင်တိုင်းက တာဝန်လွှဲပြောင်းယူလျှင်တော့ သူတို့ဆီ အသိပေးဂါရဝလာပြုရသည်။ သို့ဖြစ်ရာ လေ့ကျန်းကို တစ်ကြိမ်တစ်ခါသာ တွေ့ဖူးသော်လည်း တစ်ချက်ကြည့်ရုံနှင့် မှတ်မိသွားခဲ့သည်။ 


"ဟုတ် ကျွန်တော် မြို့တော်ပြန်ရောက်ကတည်းက ရတာ"


ဖုံးကွယ်ထားစရာလည်းမလိုတာကြောင့် နှစ်ထါတွေးမနေပဲ ထုတ်ပြောလိုက်သည်။ 


"ကောင်းတယ်၊ ကောင်းလိုက်တာ နှစ်ပေါင်းသုံးရာအတွင်း အမွေအနှစ်သေတ္တာကို ဖွင့်ယူနိုင်ဖို့ကြိုးစားခဲ့ကြရတာ၊ ဝေမိသားစုရဲ့ အမှန်စင်စစ်ရှေးဟောင်းအဖိုးတန်အ‌မွေအနှစ်ကို ရခဲ့ပြီပေါ့၊ အရိပ်တပ်ဖွဲ့ကိုလည်း ဆက်သွယ်နိုင်ခဲ့ပြီဆိုတော့ အနာဂါတ်မှာ သူတို့က လျန်လျန့်အပိုင်ပဲ၊ သွား သွား... မြေးရဲ့အစ်ကိုကို ဘေးကင်းကင်းနဲ့ ပြန်ခေါ်လာခဲ့ချေ၊ ဖိုးဖိုး မြေးတို့နှစ်ယောက်လုံးကို မြို့တော်မှာ စောင့်နေမယ်"



လက်ကိုဝမ်းသာအားရပုတ်ကာ ဖိုးဖိုးဝေ ပျော်ရွှင်လျက်ဆ်ု၏။ 


"ဖိုးဖိုး"


ရှန်လျန် မျက်ဝန်တွေနီရဲလျက် ဖိုးဖိုးကို‌ဖက်သည်။ ဖိုးဖိုးဝေက သူ့နောက်ကျောကို ပုတ်ပေးသည်။ လျန်လျန် ဒီနှစ်တွေအတွင်း ရှန်မိသားစုဆီမှာ မည်မျှ အောက်ကျနောက်ကျနေရလဲ သဘောပေါက်သည်။ မိသားစုလိုက် မြို့တော်ပြန်ရောက်လာပြီဆိုတော့ ဝေမိသားစုအပေါ် ချိုးနှိမ်ထားသမျှ ရှန်မိသားစုဝင်တစ်ယောက်ချင်းစီတိုင်းဆီမှာ အကြွေးပြန်တောင်းပြမည်။ ဟ်ုဟိုဒီဒီအကြောင်းပြချက်ပေးရဲပါက ဘယ်သူ့ မျက်နှာမှ မထောက်ဘူးဟုအပြစ်မတင်စေချင်။ 


"ဝေရွှီ.. ညီလေးကိုကာကွယ်ဖို့အတူ လိုက်သွားလိုက်"


အဖိုးဝေက အသက်နှစ်ဆယ်ဝန်းကျင်ခန့်၊ ရှန်လျန်နဲ့ အတော်လေးရုပ်ရည်ဆင်တူသည့်သူကို လေးလေးနက်နက်မှာကြားသည်။ 


"ဟုတ်ကဲ့ အဖိုး"



"အဖိုး ဝမ်းကွဲအစ်ကို အေးဆေးနေပါစေ၊  ကျွန်တော်နဲ့ယွမ်ရွှင်း လက်ထပ်မယ့်ကိစ္စက်ု ဧကရာဇ်က  သဘောမတွေ့ဘူးဖြစ်နေတာ၊ ဝေမိသားစုနဲ့ ပြန်အဆက်အသွယ်ရတာသိရင် ပိုပြီးဖိအားပေးလာနိုင်တယ်၊ အဖိုးတို့ အရင်မြို့တော်ဆီပြန်နှင့်လိုက်ပါ၊ ကျွန်တာ် တာ့ကောကို ဘေးကင်းကင်းနဲ့ ခေါ်ပြန်လာပါ့မယ်"


ရှန်လျန် ပြောပြီးတာနဲ့ ဦးညွတ်ပြီးနှုတ်ဆက်လိုက်တော့သည်။ ဝေမိသားစုက အေးတိအေးစက်ပုံစံတွေဆိုပေမယ့် သူ့ကိုအရမ်းကာကွယ်ပေးချင်မှန်းသိသည်။ မိသားစုအပေါ်တင်နေတဲ့အကြွေးတွေများနေပြီမို့ ဒီဘဝမှာတော့သူ့ဘက်ကတစ်လှည့် ပြန်ကာကွယ်ပေးချိန်တန်လေပြီ။ 


"ကိုယ့်မြေးကိုယ် အဆက်အသွယ်လုပ်တော့ဘာဖြစ်သလဲ? သူတားရဲသလား"


ရှန်လျန့်စကားကြားတော့ အဖိုးဝေ ဒေါသထောင်းခနဲထွက်သွားသည်။ ဧကရာဇ်သာ ယခုချိန် ဘေးမှာ ရှိကြည့်၊ ဒေါသထွက်လွန်းလို့ စကားမပြောပဲကို နေပစ်လိုက်မည်။ 


"အဖိုး"


ရှန်လျန် ရယ်ချင်ပက်ကျိဖြစ်နေ၏။ အဖိုး၏လက်မောင်းကို ဖက်တွယ်လိုက်ပြီး...


"ကျွန်တော် အဲ့ဒီသဘောပြောတာမဟုတ်ပါဘူး၊အခုတော့ အဖ်ုးတို့ အရင်ပြန်နှင့်လိုက်နော်၊ တာ့ကောက သေမလားရှင်မလား မသိပေမယ့် ၊ဘာမှမဖြစ်တာက အကောင်းဆုံး မဟုတ်လား၊ ဧကရာဇ်နဲ့ ရန်ဖြစ်ဖို့အစီအစဉ်ရှိရင်တောင် ကျွန်တော်တို့ ပြန်ရောက်တဲ့ထိ စောင့်ပါဦး ဟုတ်ပြီလား"


"အသက်ဘယ်လောက်ရှိပြီလဲ ၊ခုအရွယ်မှ ရန်ဖြစ်နေရအောင်"


အဖိုးဝေက အရှက်ပြေ သူ့လက်ကိုခါယမ်းပစ်လိုက်ပြီးနောက် ဖေးယွမ်ရွှင်းဘက်လှည့်သွားသည်။ 


"လျန်လျန်က စောင့်ရှောက်ဖို့ လူမခေါ်ချင်ဘူးဆိုမှတော့ သူ့လုံခြုံရေးက မင်းရဲ့တာဝန်ပဲ၊ ခေါင်းမာတဲ့ကောင် ငါ့မြေးတစ်ခုခုဖြစ်ရဲဖြစ်ကြည့် မင်း သက်စေ့မနေစေရဘူး၊ ငါ့မြေးနဲ့လည်း လက်ထပ်ခွင့်ရမယ်မထင်နဲ့ ကြားလား"



"ဗိုလ်ချုပ်ကြီးဝေ စိတ်ချပါ၊ ပန်ဝမ်က လျန်လျန့်ကို အားလုံးထက် ပိုဂရုစိုက်မှာပါ"


ဖေးယွမ်ရွှင်း နားတွေ အူ.. ခေါင်းတွေထူ..လာပေမယ့် ခေါင်းမော့ပြီး မျက်ဝန်းချင်းဆုံကြည့်ကာ သေချာကတိပေးလိုက်သေးသည်။


လျန်လျန်နဲ့ လက်မထပ်ရ၍ မဖြစ်ချေ။ 


"ဟမ့်!"


အဖိုးဝေက နှာရှုံ့သည်။ 


"ဒီလိုဆိုမှတော့ သွက်သွက်သွား သွက်သွက်ပြန်ခဲ့"


"ဟုတ်ကဲ့"


ရှန်လျန်ခေါင်းငြိမ့်ပြီး ဖေးယွမ်ရွှင်းရဲ့ဘေးနား သွားရပ်သည်။ 


"အဖိုး၊ ဖိုးဖိုး၊ ဦးလေး၊ ဒေါ်လေးတို့နဲ့ ဝမ်းကွဲ အစ်ကိုတို့ အားလုံး နှုတ်ဆက်ပါတယ် ၊မကြာခင် မြို့တော်မှာ ပြန်တွေ့ကြမယ်နော်"


"ဂရုစိုက်ပါ"


ဝေမိသားစု တစ်ဦးချင်းစီတိုင်းက ပြန်လည်ကာနှုတ်ဆက်စကားဆိုသည်။ လူတိုင်း၏မျက်ဝန်းထဲ စိုးရိမ်စိတ်များကိန်းဝပ်နေသည်ကို မြင်သော်လည်း ရှန်လျန် မျက်ရည်မကျတမ်း စိတ်ကိုတင်းထားသည်။ မကြာခင်မှာပဲ ဖေးယွမ်ရွှင်းနဲ့အတူ မြင်းပေါ်တက်ပြီးနောက် ဒါဇင်ချီသော မြင်းများက အနောက်မြောက်ရှိ ပြည်သူ့တပ်ဆီ ဦးတည်ကာ တဟုန်ထိုးခရီးဆက်ကြသည်။ 


"ဒီကလေးက အမှန်အတိုင်းမပြောဘူး"


သူတို့အုပ်စုကိုကြည့်ပြီး ဖိုးဖိုးဝေက သက်ပြင်းအသာချသည်။ ရှန်လျန်မှာ အသက်ငယ်ငယ်နဲ့ ထိုမျှထိ ရင့်ကျက်နေပြီဖြစ်၏။ လူကြီးတွေက စိုးရိမ်ပေးစရာပင် မလိုတော့အောင် အရွယ်ရောက်နေပေပြီ။ 


"မြို့တော်ရောက်ရင် အကုန်သိရ‌မှာပဲလေ"


အဖိုးဝေက အခိုင်အမာပြောပြီး လှည့်ထွက်သွားသည်။ အဖိုးဝေရဲ့ထက်မြက်စူးရှတဲ့ မျက်လုံးတစ်စုံက်ုတော့ဖြင့် မည်သူမှသတိမထားမိကြ။ စစ်ပွဲပေါင်းများစွာ အောင်ပွဲနွှဲလာသည့် စစ်ဗိုလ်ချုပ်ကြီးက ရှန်လျန်ရဲ့ ‌အတွေးကို မသိပဲဘယ်ရှိလိမ့်မလဲ? ဟုတ်ပါတယ်လေ...ဝေမိသားစုက စစ်‌နယ်မြေမှာပဲ အချိန်ကုန်ဆုံးတာများတော့ မြို့တော်နဲ့ မကြာခဏ စာတစ်တန်ပေတတန်ဆက်သွယ်ရန် အချိန်သိပ်မရှိခဲ့ရာ ဝေမိသားစုရဲ့တည်ရှိမှုကို တာ့ချင်က မေ့ထားကြပြီထင်သည်။ 


ရှန်လျန်က ဝေမိသားစုနဲ့ လမ်းတစ်ဝက်မှာ တွေ့ဆုံနေသည့်အခိုက်အတန့် ခြေမြန်တော်က ဧကရာဇ်ဆီ အရေးပေါ်သတင်းတစ်ခုသယ်ဆောင်လာ‌ပေးသည်။ ရှန်တာ့ ထိခိုက်သွားတဲ့ သတင်းကြောင့် ဧကရာဇ်မှာ ထိတ်လန့်‌စိုးရိမ်ပြီး နယ်စပ်ရှိ စစ်တပ်ကို တစ်ရက်တစ်ခါ ပုံမှန်စစ်ဆေးရန်နှင့် စစ်ပွဲ၏အ‌ခြေအ‌နေကို အနီးကပ်စစ်ဆေးရန် အမိန့်စာများစွာ ထုတ်ပြန်ရင်းအလုပ်ရှုပ်နေခဲ့ပြီး မင်းသားကျန်းသေဆုံးသည့်ကိစ္စနှင့် တုံးလင်အိမ်တော်က်ုဖိအားပေးသည့်ကိစ္စကို ခေတ္တ ဆိုင်းငံ့ထားလိုက်ရသည်။ ထို့အပြင် တော်ဝင်သမားတော် ဝူချီအား ရှန်ရွေ့ထင်ဆီ သွားရောက်ကုသပေးရန်ပင် အမိန့်ပေးလိုက်ရသေး၏။ မတော်လို့ ရှန်ရွေ့ထင်က တစ်ကယ်ကြီး ကျန်းမာရေးမကောင်းတော့ပဲ တစ်စုံတစ်ခုဖြစ်သွားခဲ့ရင် အိမ်တော်ဦးစီးပြောင်းပြီး အကုန်ရှုပ်ထွေးကုန်လိမ့်မည်။ 


"မ..မသွားဘူး"


"ကုသရေးအဆောင် မသွားဘူး"


 

ရှန်ရွေ့ထင်က ခေါင်းမာတာတော့ မဟုတ်၊ ရှန်လျန် ခရီးမသွားခင် ‌ညွန်းခဲ့တဲ့ဆေးက တစ်ကယ်အစွမ်းထက်လို့ ကုသရေးအဆောင်ကို သွားစရာမလိုတော့အောင် ထူထောင်လာခဲ့၍ဖြစ်သည်။ မသွားချင်တာလည်း နည်းနည်းတော့ ပါတာပေါ့၊ မြေးလေးရဲ့မျက်နှာကို သေချာကြည့်ချင်လို့လည်းပါသည်။ ကံဆိုးစွာနဲ့ သူ ဘယ်လောက်ချော့ချော့ ရှောင်ရှန်ယိုက အငိုမတိတ်ပါ၊ အဖိုးကို မျက်နှာသာမပေးတာကြောင့် ရှန်ရွေ့ထင်ခမျာ နှုတ်ကမပြောပေမယ့် စိတ်ထဲမကောင်းပြန်။


"သခင်ကြီး ..ဒီရက်ပိုင်းပဉ္စမသခင်လေးမရှိတော့ သခင်ငယ်လေးက မပျော်မရွှင်ဖြစ်နေတာပါ၊ သခင်ကြီး နောက်ရက်မှ ပြန်လာရင်ရော"


မှောင်ရီပျိုးချိန်အထိ ပြန်ရန်အစီအစဉ်မရှိသေးသည့် ရှန်ရွေ့ထင်ကြောင့် ဖုရင် စိတ်ညစ်နေသည်။ ရှန်လျန်မရှိ‌တဲ့နေ့ကစပြီး ဘယ်သူသိမှာလဲ? ကုသဆောင်သွားပြီး ဆေးမကုပဲ နေ့တိုင်းနေ့တိုင်း လာသည်။ အတင်းမပြန်ခိုင်းမချင်း ကလေးကို တနေကုန် ထိုင်ကြည့်သည်။ 



 "ရှုရှု..."


သူ့ဦးလေး နာမည်ကိုမှတ်မိသည်လား မပြောတတ်၊ ရုတ်တရက်ကြီး ဖုရင်လက်ကို ဆွဲကာ ရှုရှုကိုခေါ်ပေးစေသည်။ မျက်လုံးဝိုင်းဝိုင်းက မျက်ရည်တွေပြည့်ပြီး စိတ်မပျော်ရွှင်နေဟန်။


"သခင်ငယ်လေးက လိမ်မာပါတယ်၊ ရှုရှုက အပြင်သွားတယ်နော်၊ နောက်ရက်ဆို ပြန်လာတော့မှာ၊ရှုရှုပြန်ရောက်တာနဲ့ ဖိုးဖိုးဖု သွားခေါ်ပေးမယ်နော် ဟုတ်ပြီလား"


 "မငိုရဘူးနော်"


ဖုရင်က ချော့ချော့မော့မော့ ရှင်းပြသည်။ ဒီရက်အတွင်း ‌ဆော့နေရင်း သတိမရရင် အေးချမ်းပေမယ့် ခဏတာပဲဖြစ်သည်။ ရုတ်တရက်သတိရသွားတာနဲ့ ‌ကြမ်းပြင်မှာ လူးလိမ့်ကာ ငိုသည်။ မည်သို့ချော့ချော့ မရပါချေ။ မနေ့ကတော့ အေးချမ်းနေပေမယ့် ဒီနေ့မှာ ဝမ်းပန်းတနည်းငိုနေပြန်သည်။ 


"ဝူး.... ရှု... ဝူး..."



1798 words

Grape 🍇

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment