'သန်းနှင့်ချီသော ငွေများ ရယူပိုင်ဆိုင်
ခြင်း'
ကော တွေဟာ သဘာဝအရ ပိန်သွယ်ပြီးနူးညံ့တဲ့ ကိုယ်နေဟန်ထားပိုင်ဆိုင်တဲ့ အမျိုးသားပါ၊ သူတို့ရဲ့အပေါ်ယံ အသွင်အများစုဟာ အမျိုးသမီးတွေနဲ့ ဆင်တူပါတယ်။ရှန်လျန်လိုအရှက်အကြောက် ကင်းပြီး ပက်ခနဲ ခွန်းတုံ့ပြန်တတ်တဲ့ ကောက ရှားပါးတယ်လို့ဆိုနိုင်တယ်။ ဒါကြောင့် ချူးလီက သူ့ရဲ့ သံမဏိလိုမာရေကြောရေ နိုင်မှုကို အသိအမှတ်ပြုမိသည်။
"ပုံစံက ကြည့်တော့ နူးနူးညံ့ညံ့လေးနဲ့ သူ ဘာလို့ဒုတိယအစ်ကိုလို ရက်စက်တတ်ရတာလဲ?"
ချူးလီ ခပ်တိုးတိုးရေရွတ်ရင်း အံ့ဩနေသည်။ တစ်ခြား မည်သူမှ မတုံ့ပြန်သေးခင် သူပြုံးလိုက်ကာ
"မင်းနဲ့ လက်ထပ်လိုက်ရင် ရှန်ဗိုလ်ချုပ်က ကျွန်တော့ ကိုဓားနဲ့ပြေးလာခုတ်မလားမသိဘူး၊ ဒီလိုဇနီးလှလှလေး ရှိနေတာ သေလို့ဘယ်ဖြစ်မလဲ ?၊ နော့... ဟုတ်တယ်မလား. လျန်လျန်?"
လျန်လျန်တဲ့... အဲ့ကောင် ခေါ်ရဲတယ်ပေါ့!
ချီယွဲ့နဲ့ချီရွှမ်းတို့ ထိုသူအား ပြိုင်တူစိုက်ကြည့်လိုက်ကြသည်။ရှန်လျန် မျက်ခုံးအသာ ပင့်လိုက်ကာ
"ကျွန်တော့အစ်ကို ခများကိုလာသတ်၊မသတ်တော့ မသိဘူး၊ဒါပေမယ့် ခများက ကျွန်တော်နဲ့ ယူဖို့အစီအစဉ်မရှိတာတော့သေချာတယ်"
"မဟုတ်ဘူး...တစ်ကယ် ကျွန်တော်ယူမှာ"
ချူးလီ သူ့လက်ကိုအမြန်လွှဲယမ်းလိုက်သည်။
စနောက်နေတာကိုရပ်ရန် သတိပေးနေသောရှန်လျန်ကြောင့် သူတည်တည်တံ့တံ့နေလိုက်သည်။
"သွေးနီရောင်ကျောက်က အရမ်းလက်ရာမြောက်ပြီး စင်းလုံးချော သန့်စင်တဲ့ ရှားပါးရတနာပဲ၊ ချမ်းသာတဲ့ မုရုန် မိသားစုကတောင် ဆုငွေတစ်သန်းထုတ်ပြီး သွေးနီရောင်ကျောက်ရှာခိုင်းသေးတယ်၊ဒါပေမယ့် ဒီသုံးနှစ်အတွင်း ဘယ်သူမှ မရှာနိုင်ခဲ့ဘူး၊ ရှန်သခင်လေးက ဘယ်လိုသိသွားတာလဲ? ငွေကြောင့်ဆိုရင် မုရုန်မိသားစုဆီ ဘာလို့တိုက်ရိုက်မသွားတာလဲ?"
ချူးလီ သူ့နဂိုဟန်ပန် ကိုထိန်းသိမ်းကာ ရှန်လျန်အားစိတ်ရှုပ်စွာ မေးသည်။သူ့မျက်ဝန်းတွေက တစ်လက်လက်တောက်ပနေသည်မှာ မကုန်ခမ်းနိုင်တဲ့ ဗသုသုတများတွေ့မြင်နေရသကဲ့သို့ပင်။
"သွေးနီရောင်ကျောက် ရဲ့တည်နေရာကို ကျွန်တော်ဘယ်လိုသိလဲဆိုတာ အရေးမကြီးပါဘူး၊ သူဌေးချူးက ကျွန်တော်နဲ့ အလုပ်လုပ်ဖို့ဆန္ဒရှိလားဆိုတာပဲ အရေးကြီးပါတယ်"
ရှန်လျန် မေးမော့ကာ အကြည့်ချင်းဆုံပြီး တမူထူးခြားစွာ ပြုံးသည်။
သူသာ ငြင်းလိုက်ရင် ချက်ချင်း လှည့်ထွက်သွားတော့မည့်ပုံပင်။
"........."
လှပပြီး စိတ်ဝင်စားဖို့ကောင်းတယ်၊ ဒီလို ပုံစံလေးက သူ့အကြိုက်နဲ့ကွက်တိပဲ၊ဘာလို့ရှန်တာ့ညီလေးဖြစ်နေရတာလဲ?ချူးလီ နောင်တရနေလေသည် ။
"ကောင်းပါပြီ၊ အဲ့အကြောင်းတွေက တစ်ကယ်တော့ မေးဖို့မလိုအပ်ပါဘူး၊ ရှန်သခင်လေး အဲ့သတင်းကို ကျွန်တော်တို့ဆီ တိုက်ရိုက် ရောင်းမလား ၊ဒါမှမဟုတ် ဝယ်သူနဲ့ ချိတ်ပေးရမလား"
ဒဏ္ဍာရီလာပြောစကားအရ သွေးနီရောင်ကျောက်ဟာ စစ်နတ်ဘုရားရဲ့ဇနီး အပိုင်ပစ္စည်းဖြစ်တယ်၊ ဆေးကျမ်းနဲ့အဆိပ်ကျမ်းပိုင်ရှင် ကျန်းဟိုင်က ပြုလုပ်ခဲ့တဲ့ ပစ္စည်းတစ်ခုဖြစ်ပြီး အဆိပ်အားလုံးနဲ့ ရောဂါတိုင်း ကိုကုသပေးနိုင်တယ်တဲ့၊ ကျန်းဟိုင်ဆုံးသွားတဲ့ နောက်ပိုင်း သွေးနီရောင် ကျောက် လည်း ခြေရာခံမရအောင် ပျောက်ဆုံးသွားတော့တယ်၊ အချိန်ကြာလာတာနဲ့အမျှ ဘယ်နေရာမှာ ရှိမှန်း ဘယ်သူမှ မသိကြတော့ဘူး။
တစ်ချို့လူတွေက နန်းတော်ထဲ ဒါမှမဟုတ် ဝေမိသားစုရဲ့ ဘိုးဘွား ပိုင် အမွေပစ္စည်းထားတဲ့အခန်းမှာရှိနိုင်တယ်လို့ ကောက်ချက်ချကြတယ်။ တစ်ချို့လူကျတော့ တစ်နေရာရာမှာ မြှုပ်ထားလိုက်ပြီလို့ ထင်ကြတယ်။ လက်ဆင့်ကမ်းစကား တွေက အမျိုးမျိုးပါပဲ....
ဒါပေမယ့် ရှန်လျန်က အမှန်တရားကိုသိနေမယ်ဆိုတာ ချူးလီယုံကြည်တယ်။
"မုရုန်မိသားစုဆီ သတင်းရောင်းလိုက်ပါ"
ရှန်လျန် တွေဝေနေခြင်းအလျဉ်းမရှိပဲ ထုတ်ပြောလိုက်သည်။ ရှင်းလင်းစွာပင် မူလ ကတည်းက ဤသို့လုပ်ရန်တွေးထားကြောင်းသိနိုင်သည်။
"အာ....."
ချူးလီ စဉ်းစားချင်ယောင်ဆောင်ပြီး
"မုရုန်က ဒီကျောက်ရဲ့တည်နေရာကိုပြောနိုင်ရင် ဆုငွေ တစ်သန်းပေးမယ်လို့ကြော်ငြာထားပြီးသားလေ၊ သခင်လေးရှန်က သူတို့ဆီရောင်းဖို့တွေးထားလျက်နဲ့ ဘာလို့ မုရုန်အိမ်တော်ဆီ တိုက်ရိုက်သွားမရောင်းတာလဲ"
ရှန်လျန်က ရိုးရှင်းတဲ့သူမဟုတ်ပဲ... အပြင်ပန်းက ကြင်နာသဘောကောင်းမယ့်ပုံလေးဆိုပေမယ့် လှည့်စားတတ်တယ်လို့ခံစားမိတယ်။
"ကျွန်တော့မှာလည်း ကိုယ့်အကြောင်းနဲ့ကိုယ်ပါ၊ သူဌေးချူးက ကော်မရှင်ခ မရချင်တော့ဘူးလား"
ထပ်မေးပြန်ပြီ ..အကုန်လုံးကို ဝေ့ဝိုက်မေးပြီး ထုတ်ပြောစေချင်နေတာလား?
ချူးလီက ကြိုးစားပန်းစား အားထုတ်နေတာကြောင့် ဟဲလျန်ရင်း မျက်စိတစ်ဖက်မှိတ်ပြပြီး ကူကယ်ရာမဲ့စွာပြုံးသည်။
"လျန်လျန်က တစ်ကယ်ကိုနှုတ်လုံတာပဲ၊ ကျွန်တော် ဘာမှတောင်မပြောရသေးဘူး၊ ပြန်ပြီးခြိမ်းခြောက်ခံနေရပြီ၊ မင်းနဲ့အလုပ်လုပ်ရတာ တစ်ကယ် ဈေးသက်သာတယ်"
"အိုး? ဘာမှ မလုပ်ပဲ ကော်မရှင်ခ ရတာတောင် ဈေးသက်သာတယ် ပြောသေးတာလား?"
ရှန်လျန် မျက်ခုံးပင့်ကာ ပြုံးလိုက်သည်။ လျန်ရင်းက မုရုန်အိမ်တော်ကို သွားဖိတ်ခေါ်ပေးမယ့်သူမှန်း သူသိသောကြောင့်ပင်။
"ကဲ သိပြီးသားဆိုပေမယ့်လည်း တစ်ခါထပ်ပြောပါရစေ၊ လျိုဖန်ဆိုင်စည်းကမ်းအရ အလုပ်ဖြစ်သွားရင် ပစ္စည်းတန်ဖိုးဘယ်လောက်ရှိရှိ 10 ရာခိုင်နှုန်း ကော်မရှင်ခ ယူပါတယ်"
"ကောင်းပါပြီ ကျွန်တော့ဘက်က နဂါးကိုးကောင် လက်ကောက်လိုချင်တယ် ၊အနည်းဆုံးသုံးခုရရမယ်၊ ပေးနိုင်မလား"
ရှန်လျန် ခေါင်း တစ်ချက်ငြိမ့်ကာ သဘောတူပြီး သူ့တောင်းဆိုချက်လည်းထုတ်ပြောသည်။
နဂါးကိုးကောင်လက်ကောက် ဆိုတာနဲ့ လူတွေငေးမောသွားရစေမယ့် အရာလားပေါ့၊ တစ်ကယ်က အဆိပ်အပ်များစွာ ကွယ်ဝှက်ထားနိုင်တဲ့ လက်ကောက်တစ်မျိုးပါ။ ဒီအကြောင်းကိုသိတဲ့သူ အတော်ရှားတယ်၊ ဒါပေမယ့် လျိုဖန်ကတော့ သေချာပေါက်သိတာပေါ့...
သူရယ် ချီယွဲ့နဲ့ ချီရွှမ်းပါ သိုင်းပညာမတတ်တာမို့၊ ကိုယ့်ကိုကိုယ် ကာကွယ်နိုင်မယ့်အရာ ရှာဖွေထားရမယ်၊ အရင်ဘဝက သူ့အဖေ ....ရှန်ချန်ကို နဂါးကိုးကောင်လက်ကောက် ဝယ်ပေးခဲ့တာ သူမှတ်မိတယ်။
"ပြဿနာ မရှိပါဘူး၊ ကျွန်တော်တို့ ပေးနိုင်ပါတယ်"
ဒီတစ်ကြိမ်တော့ ချူးလီဘာမှ မမေးဖြစ်တော့ဘူး၊ ရှန်လျန်ရဲ့လက်ရှိအခြေအနေကိုသိထားတာကြောင့် မအံ့ဩမိတော့ပေ။
အချိန်တချို့ စောင့်နေရင်း တံခါးတစ်ဖက်တစ်ချက်မှာ ဖေးယွမ်ရွင်းနဲ့ ရှောင်မုချန်တို့ဟာ အဘိုးကြီးတွေလို လေပေါနေကြတယ်။
"သူပေးတဲ့သတင်းက အမှားဆိုရင်၊ လျိုဖန်ရော မုရုန်မိသားစုရော သူ့ကိုအလွတ်ပေးမှာ မဟုတ်ဘူး၊ တတိယအစ်ကို ...သူ လျိုဖန်က တစ်ဆင့် သတင်းရောင်းခိုင်းတာ ဘာကြောင့်ဖြစ်မလဲ?"
ရှောင်မုချန် သည် တုံးအသူမဟုတ်ပါ၊ ရှန်လျန်၏ ရည်ရွယ်ချက်ကို ထုတ်ပြောရန်ဝန်လေးနေမိခြင်းသာ။ မုရုန်အိမ်တော်ကိုရှာပြီး ကိုယ်တိုင်သွားပြောလဲရရဲ့နဲ့ အဆက်အသွယ်ကြီးကိုရှာဖို့လိုအပ်လို့လား?
"ဖြစ်နိုင်တာက... သွေးနီရောင်ကျောက်ကို အလွယ်တကူ ယူဖို့မလွယ်လို့နေမှာပေါ့"
ရှန်လျန့်ဆီက အကြည့်လွှဲပြီး နှုတ်ခမ်းကိုလျှာသပ်လိုက်သည်။ပြီးနောက် သူ့ပေါင်ပေါ်ရှိနေတဲ့မြေခွေးကို ပုတ်ပေးလိုက်သည်။
"သူ့မျိုးရိုးကိုမမေ့နဲ့လေ မုရုန်အိမ်တော်ကိုတိုက်ရိုက်သွားတာက အန္တရာယ်များတယ်၊ သူက တုံးလင်အိမ်တော်က သားတစ်ယောက်လည်းဖြစ်နေသေးတယ် သူ့ကိုအမြဲကာကွယ်ပေးနေကြ တစ်ဦးတည်းသောသူဖြစ်တဲ့ရှန်တာ့က သူ့အနားမရှိနေဘူး၊ မုရုန်အိမ်တော်ဆီက ငွေတစ်သန်းရလာတာ ရှန်မိသားစုသိသွားခဲ့ရင် ငွေတွေသူ့လက်ထဲ ထားနိုင်ပါဦးမလား? ငွေတစ်သန်းဆိုတာ ပမာဏ နည်းနည်းလေးပဲမဟုတ်ဘူးနော်၊ သူလဲမလုံခြုံနိုင်တော့ဘူး"
ရှန်လျန်က အိမ်တော်ကို အကြံနဲ့ ပြန်ရောက်လာတာ၊ရက်ပိုင်းနဲ့တင် တုံးလင်ရဲ့ဂုဏ်သတင်းကျဆင်းသွားခဲ့တယ်ဆိုတော့ သူ့ရည်ရွယ်ချက်က ရှင်းရှင်းလေးပဲ။ရှန်မိသားစုကိုဆန့်ကျင်နေတာ ဆိုတော့ သူဘာလုပ်လုပ်ခြေလှမ်းတိုင်းကို သတိထားဆင်ခြင်ရမယ်၊ ဒီအခြေအနေမှာ လျိုဖန်က အကောင်းဆုံးရွေးချယ်မှုပဲ။
"ဟုတ်တယ်၊ ရှန်မိသားစုဝင်တိုင်းက ချမ်းသာတဲ့ ဝံပုလွေတွေ၊ကျားတွေနဲ့ကျားသစ်တွေချည်းပဲ၊ အားလုံးကလည်းရှန်သခင်ကြီးနေရာ ကို ချောင်းမြောင်းနေကြတာ၊ ဒါနဲ့ နန်းတော်က ဗိုလ်ချုပ်ဝေကို ပြန်ခေါ်ဖို့လုပ်နေတယ်ဆို... ညီအစ်ကိုနှစ်ယောက် ဒီနှစ်တွေ မှာ ဒုက္ခရောက်နေတဲ့အကြောင်းကို ဝေမိသားစုကို အသိပေးလိုက်ကြည့်! တုံးလင်အိမ်တော်လည်း အချောင်နေရာ ပြန်ရမှာ သေချာသလောက်ပဲ"
ရှောင်မုချန် ခေါင်းငြိမ့်ထောက်ခံပြီး ဆက်ပြောသည်။ ဗိုလ်ချုပ်ဝေရဲ့အိမ်တော်ကမိသားစုဝင်တွေအရည်အချင်းဟာ ဟင်းရွက်ကန်စွန်းရွက် တစ်ယောက်မှမပါပေ၊ ရှန်မိသားစုအနေနဲ့ အနိုင်ကျင့်ဖို့ လွယ်ကူတဲ့ပစ်မှတ်ဖြစ်လာနိုင်တယ်။
"ဟဟဟ..."
ဖေးယွမ်ရွင်း ပြုံးလိုက်သော်လည်း အဖြေပြန်မပေးပေ။ ဝေမိသားစုရဲ့တုံ့ပြန်မှုက
ရှန်လျန်နဲ့ရှန်တာ့ ရဲ့အပေါ်ပဲမူတည်တယ်။ မွေးဖခင် ဝေကျစ်ချန် ကိုဘာမှမလုပ်ပေးလိုက်ရလို့ သူတို့အရမ်းစိတ်မကောင်းဖြစ်ခဲ့ရတယ်၊ ရှန်လျန်တို့ညီအစ်ကို သာ အကူအညီတောင်းရင် ဝေအိမ်တော်က ဘာပဲဖြစ်ဖြစ် ဖြည့်ဆည်းပေးဖို့အဆင်သင့် ပင်။
နာရီဝက်လောက်အကြာ လ္ဘက်ရည်လဲ သုံးခွက်မြောက်ခဲ့ပြီး နောက်ဆုံးတော့ မုရုန်မိသားစုဝင်များ ရောက်ရှိလာလေပြီ၊ ချူးလီ က တစ်ခြားတံခါးတစ်ချပ်ဆီသွားပြီး အခြေအနေကို ရှင်းပြတယ် ပြီးတော့ ရှန်လျန်ရှေ့ကို ဧည့်သည်ခေါ်လာပေးတယ်။
"သွေးနီရောင် ကျောက် ရှိတဲ့နေရာကို တကယ် သိတာလား"
မုရုန်အိမ်တော်မှ လူသုံးဦးလိုက်ပါလာသည် ။ဦးဆောင်လာသူမှာ အသက်လေးဆယ်အရွယ်ရှိ အရပ်မြင့်မြင့်လူတစ်ဦးဖြစ်ပြီး ထိုလူနာမည်က မုရုန်ဟိုင်ဖြစ်သည်။ လက်ရှိ မုရုန်အိမ်တော်၏ခေါင်းဆောင်ပင်။ သူ့နောက်တွင်တော့ အသက်နှစ်ဆယ်အရွယ်ရှိ လူရွယ်နှစ်ဦးရှိနေပြီး ကြည့်ကောင်းကာ တည်ငြိမ်ဟန်ရှိသည်။
ချူးလီက ပြောပြပြီးနှင့်ပြီဆိုသော်လည်း သူတို့ရှန်လျန်အား မယုံရဲစွာကြည့်သည် ။
ရှန်လျန်က အသက်ငယ်ရွယ်ကာ တုံးလင်အိမ်တော်မှသခင်လေး ဖြစ်နေသည်။အိမ်တွင်းရေးကလည်း သိပ်မကောင်းသဖြင့် ယုံချင်စရာ မရှိချေ။
"မုရုန်သခင်ကြီး မယုံလဲရပါတယ်၊ ကျွန်တော်ပြောမပြရုံပဲပေါ့၊ ဒါပေမယ့် တစ်ခုတော့ သတိပေးလိုက်ပါရစေ သွေးနီရောင်ကျောက်က အချိန်မရွေး သူများလက်ထဲ ရောက်သွားနိုင်တယ်ဆိုတာပဲ"
လ္ဘက်ရည်ခွက်အား အသာအယာချကာ ရှန်လျန်ပြုံးသည်။ သူလိမ်နေခြင်းမဟုတ်ရပါ။တစ်လအတွင်းမှာပဲ သွေးနီရောင်ကျောက်ဟာ တစ်ခြားတစ်နေရာရောက်သွားမှာ ဖြစ်တယ်။
အဲ့နေရာက မုရုန်အိမ်တော်ပါပဲ!
အရင်ဘဝတုန်းက ချင်ယွင်ရှန်းဟာ သွေးနီရောင်ကျောက်ကို မုရုန်မိသားစုဆီပေးပြီး ငွေကြေးထောက်ပံ့မှုနဲ့လဲလှယ်ခဲ့တယ်။ အခုဘဝမှာ သူ ..ချင်ယွင်ရှန်းနဲ့မျက်နှာချင်း မဆိုင်ရသေးပါဘူး၊ အရင်ဘဝမှတ်ဉာဏ်ကိုအသုံးချပြီး ချင်ယွင်ရှန်းအတွက် အင်အားကြီးလာမယ့် ထောက်တိုင်တွေကို ဖြုတ်ထားရမယ်။
သေချာပေါက် ဒီနည်းလမ်းက သူ့အတွက် ငွေကြေးအခက်အခဲကိုလည်းဖြေရှင်းပြီးသားဖြစ်တာမို့ တစ်ချက်ခုတ်နှစ်ချက်ပြတ်ပဲ။
"မင်းရဲ့သတင်းသာ အမှန်ဖြစ်ရင် ကျုပ်တို့မုရုန်က ငွေတစ်သန်းပေးမှာပါ၊ အနာဂါတ်မှာ အခက်အခဲကြုံရင်လဲ မုရုန်က အကောင်းဆုံးကူညီပေးမှာပါ"
မုရုန်ဟိုင် လေးလေးနက်နက် ကတိပေးလိုက်သည်။ သူနောက်ထပ် ကြာကြာ မစောင့်ချင်တော့ပါ ၊ရှန့်လျန်သတင်းက မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ သူကြိုးစားကြည့်ချင်သည်။
"ခများတို့ သွေးနီရောင်ကျောက်ကို ရယူပြီးရင် ဒီအကြောင်းဆက်ပြောကြတာပေါ့"
ရှန်လျန့် အဓိပ္ပာယ်ရှိရှိပြုံးကာ ဆက်ပြောသည်။
"သွေးနီရောင်ကျောက်က နန်းတွင်းပါမောက္ခဆရာအိမ်တော်မှာပါ"
"ဘာ!"
နန်းတွင်းပါမောက္ခဆရာရဲ့ အိမ်တော်မှာလား?
ဒီစကားကြားတဲ့သူတိုင်း မျက်မှောင်ကျုံ့ကုန်သည်။နန်းတွင်းပါမောက္ခက အင်အားကြီးသူမဟုတ်သော်ငြား ပညာရှိတစ်ဦးဖြစ်ပြီး ဧကရာဇ်ပင် လေးစားရသူဖြစ်သည်။ သူ့ဆီမှ သွေးနီရောင်ကျောက်ကို ရယူရန်မှာ လွယ်ကူသည်တော့မဟုတ်။
"မုရုန်သခင်ကြီး စိုးရိမ်နေတာကိုသိပါတယ်၊ ဒါကြောင့်နောက်ထပ်သဲလွန်စတစ်ခုတော့ပေးလိုက်ပါရစေ၊ သွေးနီရောင်ကျောက်က ပါမောက္ခအိမ်တော်ရဲ့ ကွမ်ရင်မယ်တော်ပူဇော်ခန်းမှာ ထားထားပါတယ်၊ သူ့မျက်နှာပြင်က အရမ်းအသက်ဝင်တယ်"
ဒီအကြောင်းကို သိသူနည်းပါးသည်။အရင်ဘဝက ချင်ယွင်ရှန်းအရက်မူးပြီးအမှတ်မထင်ထုတ်ပြောခဲ့၍ သူသိခဲ့ရခြင်းဖြစ်သည်။
"ရှန်သခင်လေး ကျေးဇူးပါ၊ စရန်ငွေတစ်ဝက်အရင်ပေးထားပါ့မယ်"
ဒီလိုပြောလာတယ်ဆိုတော့ သတင်းမှားမဖြစ်သင့်ပေ၊မုရုန်ဟိုင် သူ့ဝတ်ရုံ လက်အတွင်းမှငွေစာရင်းစာရွက် ထုတ်ကာ ရေးလိုက်သည်။
"ကျန်တဲ့တစ်ဝက်ကို မပေးပါနဲ့၊ တစ်ခြားဟာ တောင်းဆိုပါရစေလားဗျာ"
ငွေစာရင်းစာရွက်အထပ်လိုက်အား တစ်ချက်သာ ကြည့်ပြီး သွေးနီရောင် ကျောက် ကို ရယူပြီးသည့်ဟန်ဖြင့် ယုံကြည်မှုရှိရှိပြောလိုက်သည်။
"ရှန်သခင်လေး တောင်းဆိုချင်တာ ပြောပါ"
မုရုန်ဟိုင်သည်သူ့ရဲ့ လွန်ကဲသည့် ယုံကြည်ချက်ရှိနေမှု ကို မြင်ပြီး မိတ်ဆွေဖြစ်ရန် စိတ်ဝင်စားသွားသည်။
"လဝက်အတွင်း တစ်မြို့လုံးရဲ့ လီနင်သားပိတ်စတွေအကုန်ဝယ်ပေးရ ပါမယ်"
"ဟမ်!"
လီနင်သားပိတ်စ? သူတို့ကြားတာ မှန်တယ်မလား?
"လျန်လျန်... ပိတ်စတွေ အများကြီးကို ဘာ လုပ်မလို့လဲ? ဝတ်ရုံ ချုပ်ဖို့လား?"
ချူးလီ မူးလာတယ်၊ လီနင်သားပိတ်စကြမ်း ဆိုတာ မရှိဆင်းရဲတဲ့ လူတွေသာ အသုံးပြုကြတာ၊ ရှန်မိသားစုက လျန်လျန်အပေါ် မကောင်းတာ သူကြားမိပေမယ့် လီနင်သား ချုပ်ဝတ်ရတဲ့အထိ ဖြစ်သွားမယ်လို့ မထင်ထားဘူး! တော်တော် တရားလွန်တာပဲ!
.......ဒီနေရာမှာ ချူးလီ တွေးတာ နည်းနည်း များသွားပြီလို့ကျွန်တော် ပြောချင်ပါတယ်!.....
"လုပ်စရာလေးရှိလို့ပါ"
ရှန်လျန်...မုရုန်ဟိုင်ဘက်လှည့်ကာ
"မုရုန်သခင်ကြီး လုပ်ပေးနိုင်မလားဗျ?"
"ဝယ်ပေးပါ့မယ်၊ ဒါနဲ့ သခင်လေးကို ဘယ်လိုဆက်သွယ်ရမလဲ"
မုရုန်ဟိုင် အံ့ဩမိသွားပေမယ့် သိပ်များများစားစား မတွေးလိုက်ပါဘူး၊ သူ့မိသားစု အခြေအနေနဲ့ဆို ဒီကိစ္စလေးက မပြောပလောက်ပေ။
"ကျွန်တော့်ဘက်က ဆက်သွယ်ပါ့မယ်"
အလဲအလှယ် ပြီးဆုံး၍ လျိုဖန်မှဧည့်သည်များထွက်ခွာသွားသောအခါ ရှန်လျန်သည် ချူးလီနှင့် ကော်မရှင်ခ ရှင်းသည်။ နောက်ဆုံး သူ့လက်ထဲတွင် နဂါးကိုးကောင်လည်ဆွဲများနှင့် ငွေသုံးသိန်းစာရင်းစာရွက်သာကျန်ခဲ့တော့သည် ။ မည်သို့ပင်ဖြစ်စေ အကျိုးအမြတ် တစ်ပွေ့တစ်ပိုက်ဖြင့် လျိုဖန်မှ ပြန်လာနိုင်ခဲ့သည်။
Words2693
Grape 🍇