no

Font
Theme

'မင်းကြီးကြွချီလာပြီ၊ လင်းဖိုးဖိုး ငိုပြပြီ'

"အရှင်မင်းကြီး ကြွချီလာပြီ... ဘေးဖယ်ကြ"

ရှေ့ပြေးစစ်သည်များမှ ရှေ့သို့ဆယ်မီတာခွာ၍ အရှင်မင်းကြီးက ချင်ဖင်းမြို့စားကြီးအိမ်တော်သို့ ကြွချီ နေမှန်းသိအောင် အချက်ပြမောင်းထု၍ လမ်းရှင်းပေးနေ၏။ မသိလျှင် မိုးကြီးလေကြီးထဲမှာပင် အရှင်မင်းကြီးက မြို့စားကြီးအတွက် အပင်ပန်းခံပြီးကိုယ်တိုင်ကြည့်ရှုပေးသည်ကို ပြည်သူများ မသိမှာ စိုးသည့်နှယ်။ ပြည်သူတွေကလည်း သာမာန်နေ့များထက်ပို၍ စိတ်ဝင်စားမှုအပြည့် ရှိနေကြကာ မိုးရေထဲမှာပင် ဘုရင့်ခြွေရံများနောက် ကနေပင် အတော်ဝေးဝေးထိ လှမ်းမျှော်ကြည့်နေကြသေး၏။

ချင်ဖင်းအိမ်တော်၏ အရှေ့တံခါးဝမှာ ကျယ်ကျယ် ဖွင့်ဟထားလျက် သံမဏိကိုယ်ရံတော်များက တစ်ဖက်တစ်ချက်စီမှ အတန်းလိုက်တာဝန်အတိုင်း အနက်ရောင် သံချပ်ကာဝတ်ဆင်လျက်စောင့်ကြပ်နေကြ၏။ လင်းဖိုးဖိုးနှင့် ထျန်းရှုက ထီးကိုယ်စီ ဆောင်းထားလျက် မိုးရေထဲ ရပ်စောင့်နေကြ၏။

"အရှင်မင်းကြီး ကြွချီတော်မူလာပြီ"

မိန်းမစိုး၏ပြန်ကြားကြောင့် နှစ်တန်းစီတန်းကြိုဆိုနေသော သံမဏိစောင့်တပ်များက ဦးညွှတ်လိုက်ကြသည်။

တော်ဝင်စောင့်တပ်များက အတန်းလိုက် အိမ်ရှေ့ထိ စီတန်းရပ်လိုက်ကြပြီး နောက်တွင် တန်ဖိုးကြီးဇိမ်ခံဝေါယာဉ်များ အဆင့်ဆင့် ရပ်တန့်လိုက်ကြ၏။

"အရှင်မင်းကြီး ကိုယ်တိုင်ကြွရောက် စောင့်ရှောက်ပေးမှုအတွက် လေးစားစွာ ကြိုဆိုနှုတ်ခွန်းဆက်သပါတယ်ခင်ဗျာ... အရှင်မင်းကြီး သက်တော် ရာကျော် ရှည်ပါစေ"

လင်းဖိုးဖိုးနဲ့ ထျန်းရှုက ထီးကို ဘေးချလိုက်ပြီး ဒူးထောက်ကြိုဆိုလိုက်ကြ၏။ ‌ရွှေရောင် ခန်းဆီး လိုက်ကာက မိန်းမစိုး၏အကူအညီဖြင့် မတင်ခံလိုက်ရပြီး ဘုရင့်လှည်းရထားလုံးထဲမှ အရွယ်တင်သည့် အသက်၅၀ လူတစ်ဦး လှည်းအောက်သို့ဆင်းလာသည်။ တစ်ချိန်တည်းမှာပင် အစေခံက ဘုရင့် ထီးတော် ဖွင့်လိုက်လေ၏။ နောက်ပါလှည်းသုံးစီးမှလည်း အကြီးအကဲ ၊အမတ်ချုပ်ကြီးနှင့်ဝန်မင်း အသီးသီး ဆင်းလာကြသည်။ ဝမ်ယွမ်ဝန်မင်းက စုံစမ်းစစ်ဆေးကာလမှာ ရှိနေဆဲ ဖြစ်သဖြင့် ဝန်မင်းခြောက်ဦးမှာ တစ်ဦး ပျောက်နေသည်ကတော့ ပုံမှန်ဖြစ်၏။

"အားလုံးထကြပါ"

ဧကရာဇ်က ဖြည်းညှင်းစွာ လက်ဟန်ပြလိုက်မှ လင်းဖိုးဖိုးတို့ ထရပ်လိုက်ကြသည်။ ထိုဒူးထောက်သည့် အချိန်တစ်ခဏလေးက သူတို့အား ရွှဲရွှဲစိုသွားစေသည်။

"အပြင်မှာ မိုးကြီးပါတယ် အရှင်မင်းကြီး..အထဲကြွချီတော်မူပါ... ၊ လူကြီးမင်းတို့ အထဲ ကြွပါ"

"ကောင်းပြီ"

ဧကရာဇ်က ခေါင်းငြိမ့်အသိမှတ်ပြုလိုက်ပြီး စီတန်းရပ်နေတဲ့ သံမဏိစောင့်စစ်သည်တို့ကို ဝေ့ကြည့်လိုက်သည်။ ထို့နောက် မိန်းမစိုးနှင့်အတူ ချင်ဖင်းအိမ်တော်တွင်း လှမ်းဝင်လိုက်၏။

ချင်ဖင်းမြို့စားကြီး၏ အိမ်တော်က အလွန် ခမ်းနားပြီး တော်ဝင်ဆန်သည်ဟု ကြားဖူးနေရာ ယခုတော့ နဖူးတွေ့ဒူးတွေ့မြင်လိုက်ကြပြီဖြစ်၏။ ချင်ဖင်းမြို့စား သမိုင်းတစ်လျှောက် လုံးက အတော်လေး တိတ်တိတ်ဆိတ်ဆိတ်နေတတ်ကြကာ အလှူပွဲကျင်းပခြင်းနှင့် လူများသည့်ပွဲမျိုးဆိုရှောင်ကြ၏။ ဖေးယွမ်ရွှင်းလက်ထက်ရောက်သော် အစေခံများအားလုံးကို သံမဏိတပ်သားများဖြင့် အစားထိုးကာ အိမ်တော်တစ်ခုလုံးက ယောင်္ကျားသားတွေချည်းပင်၊ အမျိုးသမီးဟူ၍ ဧည့်သည်ပင် မရှိချေ။

လင်းဖိုးဖိုးနှင့် ထျန်းရှုတို့ ဦးဆောင်သည့် လူတန်းကြီးက ချင်ဖင်းအိမ်တော်၏ အတွင်းပိုင်းသို့ ဖြည်းဖြည်းချင်း ဦးတည် ဝင်သွား၏။ ဝန်မင်းများက ပရိဘောပလက်ရာမြောက်မှုများ၊ ပန်းချီ ပန်းပွတ် ၊အိမ်အပြင်အဆင်၊ အနုပညာ ကနုတ်ပန်းဖော် လက်‌ရာများကြောင့် အံ့ဩဘနန်းဖြစ်ကြကုန်၏။ အိမ်ပြင်ဆင်မှုက အတော်လေး ဂန္တဝင်ဆန်ကာ အဆင့်မြင့်ပေ၏။ မျက်နှာအမူရာမပြောင်းသောသူမှာ ဧကရာဇ်သာလျှင် ရှိ၏။ အကြောင်းမှာ သူ့စိတ်ထဲ တစ်ခြားအကြောင်းအရာ တွေးနေခြင်းကြောင့်ဖြစ်၏။

"အရှင်မင်းကြီး တစ်ချို့တွေကို အပြင်မှာ နေခဲ့ခိုင်းမှရပါမယ်"

ဆယ့်ငါးမိနစ်ကြာပြီးနောက် ဖေးယွမ်ရွှင်း ရှိသည့် ပင်မအိမ်တော်သို့ လျှောက်ရှိလာပြီ ဖြစ်၏။ ဝင်ပေါက်ဝတွင် အစောင့်တပ်သားနှစ်တန်းက စောင့်ကြပ်နေကြ၏။

လင်းဖိုးဖိုးနဲ့ ထျန်းရှုက ဘုရင့် အခြွေရံ မိန်းမငယ်များနဲ့ မိန်းမစိုးတို့အား ကြည့်လျက် တောင်းဆိုလာ၏။ ထိုသူများက သခင့်အိမ်တွင်း ခြေတစ်လှမ်း ဝင်ရန် အရည်အချင်းမရှိပါချေ။

"အဲ့လူတွေ အားလုံး အပြင်မှာ စောင့်နေခဲ့ကြ"

ဧကရာဇ်က လက်ဝေ့ယမ်းလိုက်ပြီး အခန်းထဲ ဦးဆောင်ဝင်သွား၏။

"ယွမ်ရွှင်း ရဲ့ အခြေနေ ဘယ်လိုရှိလဲ? ဘာလို့ ခုလောက်ထိ ဆိုးရွားသွားတာလဲ"

"ဘယ်လိုလုပ် မဖြစ်နိုင်ရမှာလဲ ခင်ဗျာ? ကျွန်တော်မျိုးတို့ ကျိန်ဆဲလို့ဖြစ်တာလည်း မဟုတ်ရပါဘူး၊ သခင်က တစ်ညလုံး မေ့မျောနေတာပါ... သူ့ဒဏ်ရာက သွေးယိုတာ လုံးဝ မရပ်ခဲ့ပါဘူး၊ သခင့်ကိုကြည့်ပါဦး သေလူနဲ့မခြားတော့ပါဘူးဗျာ..."

နောက်က လိုက်ဝင်လာတဲ့ ဖိုးဖိုးလင်းက မျက်ရည်တွေသုတ်ရင်း မတုန်မလှုပ်လဲလျောင်းနေတဲ့ ဖေးယွမ်ရွှင်းကို ညွှန်ပြလေတယ်။ သူ့ရဲ့ သရုပ်ဆောင်မှု အော်ပရာ ပြဇာတ်က အမှားအယွင်းမရှိ ကွက်တိပင်။ သံမဏိတပ်သားများသည် အစထဲကသာ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားခြင်းမရှိလျှင် ဖိုးဖိုးလင်းရဲ့ ပေါက်ကရတွေကြောင့် အော်ရယ်မိကြပေလိမ့်မည်။

ဧကရာဇ်နှင့် လူကြီးများသာ ကျန်တော့ရာ ကိုယ့်ဘက်လူအားလုံးက မျက်ရည်တွေ တိတ်တဆိတ်သုတ်ပြလိုက်ကြရင်း ဖိုးဖိုးလင်းရဲ့ စကားတွေကို စဉ်းစား‌ရန်မလိုပဲ အပြည့်ဝ မှန်ကန်ကြောင်း သက်သေပြနေကြ၏။

"မောင်မင်းက သမားတော်လား"

ဧကရာဇ်က သံသယနှင့်အတူ ဖေးယွမ်ရွှင်း၏ ကုတင်ဘေးရပ်နေတဲ့ သမားတော်ကိုတိုက်ရိုက်ခေါ်ထုတ်လိုက်၏။ ဖေးယွမ်ရွှင်းရဲ့ မျက်နှာကလည်း အခြေအနေအတော်ဆိုး‌နေရာ အဖိုးအိုက လိမ်ညာနေဟန် မပေါက်ပါချေ။

"မှန်လှပါ အရှင်မင်းကြီး ကို နှုတ်ခွန်းဆက်သပါတယ်... သက်တော်ရာကျော် ရှည်ပါစေ!"

"လမ်းစဉ်အတိုင်း မလုပ်လည်းရတယ်၊ ယွမ်ရွှင်းရဲ့ အခြေအနေကို ကိုယ်တော့်ကိုရှင်းပြပါ"

သမားတော် ဒူးထောက်နေခြင်းအား ရပ်တန့်ရန် လက်ဟန်ပြလိုက်သည်။ ဧကရာဇ်ထိုင်ရန် ခုံယူပေးလိုက်ပြီးနောက် ဝန်မင်းများက သွေးမရှိသည့် နှုတ်ခမ်းများဖြင့် အိပ်ရာထဲ လဲနေသောဖေးယွမ်ရွှင်းအား ဘုရင့်နောက်မှာ စီတန်းရပ်လျက် ချောင်းနေကြ၏။ ဗိုလ်ကြီး လင်းနဲ့ ဟွိုင်ရန် အမတ်ကြီးတို့ တင်ပြချက်အရ ဒဏ်ရာက ပေါ့ပေါ့ပါးပါးဖြစ်သည်ဟူ၏။ အဘယ်ကြောင့် သေလူနှင့် တူနေရပါသနည်း?

"မှန်လှပါ"

ကျိုးသမားတော်က မနှောင့်နှေးဝံ့ပဲ လျှောက်တင်၏။

"မြို့စားမင်းက သွေးအများအပြားဆုံးရှုံးမှုကြောင့် သွေးလည်ပတ်မှု လမ်းကြောင်းကိုဆိုးရွားစေပါတယ်၊ သွေးသာ မတိတ်ပဲဆက်ထွက်နေမယ်ဆိုရင် ရက်ကြာကြာ ထပ်မနေနိုင်တော့မှာကိုပဲ စိုးရိမ်မိကြောင်းပါ ဘုရာ့"

"အော်? ကိုယ်တော်ကြားတော့ ဒဏ်ရာက အဲ့လောက် မပြင်းထန်ပါဘူးဆို? သွေးက ဘာလို့ အများကြီးထွက်ရတာလဲ"

ဧကရာဇ်က သမားတော်အား စူးစိုက်ကြည့်ကာ သူ့စကားအား ယုံကြည်ဟန် မတူ။ ထို့အတူ ဝန်မင်းများလည်း ပဟေဠိ ဖြစ်နေကြ၏။

သမားတော်ကျိုးက တုန်ရီလျက် ခေါင်းမော့လာပြီး

"အရှင်မင်းကြီး မြို့စားမင်းက ငယ်စဉ်ကတည်းက သွေးထွက်လွန်အဆိပ်မိခဲ့တာပါ၊ သေးငယ်တဲ့ ပြတ်တောက်မှုလည်း သွေးတိတ်ဖို့ အရမ်းခက်ပါတယ်၊ ဒီတစ်ကြိမ် ဝမ်းဗိုက်ဒဏ်ရာက ရှည်လျားတာကြောင့် ဒုက္ခရောက်ခဲ့ရတာပါ"

"ဘယ်လို?"

ဧကရာဇ်မှာ သွေထွက်လွန်အဆိပ်ကြောင့် ဖြစ်မယ်လို့ ထင်မှတ်မထားသည့်နှယ် တစ်ခဏကြာမှ တုံ့ပြန်နိုင်လာပြီး

"ယုတ္တိမရှိလိုက်တာ! ဘယ်သူက ဧကရာဇ် ရဲ့တူတော်ကို အဆိပ်ခတ်ရဲရတာလဲ? သွေးထွက်လွန်အဆိပ်က အဲ့လောက် ကြောက်စရာ ကောင်းတာလား?အဆိပ်ကုမယ့် နည်းလမ်းက မရှိလို့လား?"

ဖေးယွမ်ရွှင်းရဲ့ဘဝက တစ်ကယ် အဆုံးသတ်တော့မလား?

ဧကရာဇ်က သံသယဖြင့် ကုတင်ဆီ လှမ်းကြည့်၏။ သွေးထွက်အဆိပ်က ဘယ်လိုရောက်လာတာလဲ? ဘာတွေကြံစည် နေတာလဲ?

ဧကရာဇ်က ငတုံးမဟုတ်ပေ။ ဒီလောက်နှစ်တွေ အကြာကြီး ဖေးယွမ်ရွှင်းအားရှင်းပစ်ရန် နည်းလမ်းပေါင်းများစွာ မစဉ်းစားခဲ့ခြင်း မဟုတ်သော်လည်း ရလဒ်က အချည်းနှီးသာဖြစ်ခဲ့ပြီး ဖေးယွမ်ရွှင်းက ကောင်းမွန်စွာ ဆက်လက် နေထိုင်နေဆဲပင်။ ကောလဟာလအရ သူသာ ‌အပျော်အပါးမက်သူဖြစ်နေပါက သံမဏိတပ်သား‌များကို ယခုလို ခိုင်မာတင်းကြပ်စွာ အုပ်ချုပ်နေနိုင်ပါမည်နည်း?

"သွေးထွက်လွန်အဆိပ်က အနောက်တောင် အရပ်က ဖြစ်တည်လာတာပါ၊ အတော်လေး သန်မာတဲ့ အဆိပ်အမျိုးအစားပါ၊ ဒီတိုင်းဆိုရင်ခန္ဓာကိုယ်ကို ဘာမှ အကျိုး မသက်ရောက်စေပေမယ့် ထိခိုက်ရှနာ မှု သေးသေးလေးက ထွက်ထွက်လွန်ပြီး သေဆုံးတဲ့အထိ ပြင်းထန်ပါတယ်၊ နောက်ဆုံးတစ်ခေါက် ဒီအဆိပ်ပေါ်ခဲ့တုန်းက စစ်နတ်ဘုရား‌ဗ်ုလ်ချုပ်ဆီမှာပါ၊

သမားတော် ကျန်းဟိုင်က ပျောက်ကင်းအောင်ကုသပေးခဲ့ပြီး နောက်မှာ အနောက်တောင်အရပ် တစ်ခုလုံးကို အဆိပ်ပွားခြင်းမရှိတော့အောင် ဖျက်စီးပစ်ခဲ့ပါတယ်၊ အဲဒီအချိန်ထဲက ဒီအဆိပ်ကပျောက်ကွယ်သွားခဲ့တာပါ၊ မြို့စားမင်း အဆိပ်မိစက ကျွန်တော်မျိုးလည်း မယုံကြည်နိုင်ခဲ့ပါဘူး၊ ဆေးစာတွေ အကုန်ဖတ်ရှုလေ့လာ ပြီးနောက်မှာ မြို့စားမင်းခံစားနေရတဲ့ ဝေဒနာက သွေးထွက်လွန်အဆိပ်ဆိုတာ အတည်ပြုနိုင်ခဲ့ပါတယ်၊ ဒီကမ္ဘာမှာ အဆိပ်ကုပေးနိုင်တဲ့လူ ထပ်မရှိတော့မှာကို ကျွန်တော်မျိုး စိုးရွံ့မိကြောင်းပါ"

ကျိုးသမားတော်က စိုးရိမ်ကြောင့်ကြမှုကြောင့် လျှောက်လဲသံမှာ တုန်ရင်နေပြီး နောက်ဆုံးမေးခွန်းနှစ်ခုကိုပဲ ဖြေချသွားခဲ့၏။

"ဟမ်? သမားတော်ဝူ သူပြောတာ အမှန်ပဲလား"

သရုပ်ဆောင်နေကြရင်တောင် အတော်လေး ပြီးပြည့်စုံနေသည်။ ဧကရာဇ်က ထပ်မံစစ်ဆေးရန် သူနှင့်အတူ ပါလာသော သမားတော်ဝူအား ခေါ်ထုတ်လိုက်၏။

သမားတော်ဝူက ခေါင်းငုံ့ကာ တုံ့ပြန်၏။

"ဒီအကြောင်းက အမှန်ပါပဲ အရှင်မင်းကြီး၊ တစ်ကယ်လို့ မြို့စားမင်းကို အဆိပ်ခတ်တဲ့သူနဲ့ အဆိပ်ဖြေဆေးကို ရှာမတွေ့ဘူးဆိုရင်တော့ ကုသဖို့နည်းလမ်းမရှိမှာကို အမှန်တစ်ကယ်စိုးရွံ့မိပါတယ်"

သွေးထွက်လွန်အဆိပ်က ရာစုနှစ်များစွာ ကတည်းက ပျောက်ကွယ်သွားပြီဖြစ်၏။ သူတို့၏ ကျယ်ပြန့်သော ဆေးပညာဗဟုသုတနှင့် ဆေးသမိုင်းကြောင်းကိုသာ မလေ့လာထားပါက အဆိပ်ဖြေနည်းမပြောနှင့် အဆိပ်အမျိုးအမည်ကိုပင် ဖော်ထုတ်ရခက်နေပေလိမ့်မည်။

ဝန်မင်းတို့အားလုံး၏ အကြည့်တွေက အောက်စိုက်လျက်. .. လူတ်ုင်းက ဧကရာဇ်၏ အကျင့်နှင့် စရိုက်ကို သိသူချည်းသာ ဖြစ်၏။ ထို့အပြင် ညီလာခံအတွေ့အကြံများအရ အခြေအနေကိုကောင်းစွာ သုံးသပ်နိုင်သူများဖြစ်ကြရာ ဖေးယွမ်ရွှင်းလိုလူကို အဆိပ်ခတ်ရဲမည့်သူက လက်ချိုးရေလို့ရ၏။

အဆိပ်ပျောက်ကွယ်သွားသည်မှာလဲ နှစ်အတော်ကြာပြီဖြစ်ရာ ဖြစ်နိုင်ချေကိုတွေးဆရပါလျှင် ဧကရာဇ်က သူတို့အား ဘာကြောင့် ဖေးယွမ်ရွှင်းဆီ သတင်းမေးရန် ခေါ်လာသည်ကို လူတိုင်း နားလည်လိုက်ကြ၏။ ဧကရာဇ်၏ အပေါ်ယံ မျက်နှာလုပ်နိုင်ဖို့ လှည့်ကွက်မှလွဲ အခြားမရှိပါချေ။ တစ်ကယ်တမ်း လူနာ သတင်းမေးရန်မဟုတ်ပဲ တစ်ကယ် သေဆုံးတော့မလားဆိုတာ ကိုယ်တိုင်ကိုယ်ကျ လာစစ်ဆေးခြင်းပင် ဖြစ်တော့၏။

ဧကရာဇ်အတွက် အမှန်တစ်ကယ်အလုပ် မကြိုးစားပေးကြသော အရာရှိများ၊ ဝန်မင်းများက ကျောချမ်းသွားသည့် ခံစားချက်ကို မဖော်ပြမိရန် ကြိုးစားလိုက်ကြရ၏။ နောက်ဆုံးတော့ မည်သည့်အရာကိုမှ ကျယ်ကျယ် ထုတ်ပြောလို့မှ မရပဲလေ။

"တစ်ကယ်ပဲ အဲ့လောက်တောင် ဆ်ုးရွားရလား"

ဧကရာဇ်က စိတ်ဖိစီးစွာ ရေရွတ်၏။ နဖူးပေါ် လက်တင်ကာ

"ဝူသမားတော် ဒီကိုရောက်နေမှတော့ ယွမ်ရွှင်းကို တစ်ခါတည်း စစ်ပေးသွားလိုက်လေ .. သွေးတိတ်မယ့်နည်းလမ်းတွေ ရှိရင်ရှိလာနိုင်တာပေါ့"

သံမဏိ တပ်သားများက ဧကရာဇ်၏ သည်းမခံချင်စရာကောင်းသော စကားများကို နားမထောင်လိုကြသော်လည်း သခင့်အခြေအနေက သမားတော်ပြောသလို တစ်ကယ်မဖြစ်နေခဲ့ရင် ခုလို မျိုး ဟန်ဆောင်နေစရာ လိုပါဦးမတဲ့လား?

ဝန်မင်းများကဲ့သို့ သူတို့လည်း စိတ်ထဲ တွေးသမျှ အပြင်သို့ ကျယ်ကျယ် မထုတ်ပြောရဲပါချေ။ အမူအရာလည်း မဖော်ပြရဲပါပေ။ မတော်လို့ သခင့်အစီအစဉ်ကို ဖျက်စီးမိပါက ပြဿနာအကြီးကြီးတက်လိမ့်မည့်အပြင် သူတို့၏ ကျန်ရှိသည့်ဘဝတစ်လျှောက်လုံးလည်း ဟွမ်းရှီမျှော်စင်မှာပဲ အချိန်ကုန်ဆုံးရပေလိမ့်မည်။

"ဟုတ်တယ် သမားတော်ဝူ မြန်မြန်လေး စစ်ဆေးပေးပါဗျာ ၊ မြို့စားမင်းကို သနားလွန်းလို့ပါ .. အသက်ကဆယ့်ရှစ်နှစ်ပဲရှိသေးတာ ၊လက်တောင်မထပ်ရသေးဘူး ဟာကို၊ သူသာ တစ်ကယ် သေသွားရင် ဒီအဖိုးကြီးက မြို့စားဟောင်းနဲ့ သူ့ဇနီးကို ဘယ်လိုမျက်နှာပြရပါ့မလဲ?"

သမားတော်ဝူ မတုံ့ပြန်ခင် တစ်ချိန်လုံးတိတ်ဆိတ်နေတဲ့ ဖိုးဖိုးလင်းက ထရပ်ကာ ငိုပွဲဆင်၏။

ဧကရာဇ်က မဲ့ရွဲ့ချင်သော နှုတ်ခမ်းကို သည်းခံ ထိန်းချုပ်လိုက်ပြီး အဖိုးအိုအား လစ်လျူရှုထားရန် ကိုယ့်ကိုကိုယ် အတတ်နိုင်ဆုံး သတိပေးနေလိုက်၏။ အရင်က အကြိမ်အနည်းငယ် လာခဲ့ဖူးသော အချိန်တွင်လည်း ဤအဖိုးကြီး၏ နှောင့်ယှက်ခြင်းကို ခံခဲ့ရဖူးသေး၏။

"ကောင်းပါပြီ"

သမားတော်ဝူမှာ ပြောစရာစကားမဲ့လျက် အိပ်ရာဆီ ဦးတည်တိုးကပ်သွားလိုက်၏။ လူတိုင်းကလည်း အသက်မရှူစတမ်း စောင့်ကြည့်အကဲခတ်နေကြ၏။ လုပ်ရိုးလုပ်စဉ်အတိုင်း ဖေးယွမ်ရွင်း၏ လက်ကောက်ဝတ် သွေးကြောပေါ် လက်တင်လိုက်ပြီး အတော်ကြာသည်အထိ အကြိမ်များစွာ စစ်ဆေးလိုက်၏။

"ဘယ်လိုနေလဲ?"

ဧကရာဇ်က စိတ်မရှည်တော့ပါ။

"အရှင့်ကိုလျှောက်တင်ပါတယ် သမားတော်ကျိုး ပြောသလိုပဲ မြို့စားကြီးရဲ့ အခြေအနေက အတော်ကို အကျဉ်းအကြပ်ထဲမှာပါ၊ သွေးတွေ အတော် ဆုံးရှုံးထားပြီး ခန္ဓာကိုယ်အတွက် သွေးမလုံလောက်ပါဘူး၊။ လက်ရှိ အခြေအနေမှာ သွေးကြော ပိတ်ဆို့မှုဖြစ်တော့မှာပါ... အရှင် ခွင့်လွှတ်တော်မူပါ.. ကျွန်တော်မျိုး အရင်က ဒီအဆိပ်ကို တွေ့ကြုံခဲ့ဖူးခြင်းမရှိလို့ အဆိပ်အကြောင်းအတိကျ မပြောနိုင်ပေမယ့် သေချာတာကတော့...ခုလို သွေးထပ်ထွက်နေဦးမယ်ဆိုရင် သိပ်ကြာကြာ မခံတော့ဘူးဆိုတာ အမှန်ဖြစ်ကြောင်းပါ"

တော်ဝင်သမားတော်က ထရပ်ကာ လေးလေးစားစား ဖြေကြား၏။

လင်းဖိုးဖိုးက စတင် အော်‌ငိုပြီး ထျန်းရှုလည်း အတူ ပူးပေါင်း၏။

"ကျိုးသမားတော် ပြောတာ သွေးထွက်တာ ရပ်သွားရင် အသက်ရှင်နိုင်ဖို့အခွင့်အရေးရှိတယ်တဲ့၊ ဝူသမားတော်ကြီးမှာ နည်းလမ်းလေးများ ရှိနိုင်မလားဗျာ"

"ဒါကတော့... ကျိုးသမားတော် မြို့စားမင်းရဲ့ဒဏ်ရာ သွေးတိတ်အောင် ကြိုးစားပေးခဲ့တုန်းက သုံးခဲ့တဲ့ဆေးနည်းလေးကျုပ်ကို ပြပါလား"

ဧကရာဇ် မတားသည်ကို မြင်ရာ သမားတော်လည်း အခွင့်အရေးကို ဖမ်းဆုပ်လိုက်နိုင်၏။

စာရွက် တစ်ရွက်က လက်ဆင့်ကမ်းပြီး သူ့ဆီရောက်လာ၏။ ဝူသမားတော်က စိတ်ရှည်ရှည်ထားပြီး တစ်ဆင့်ချင်း ‌ဆေးတစ်ခုချင်း အသေးစိတ် ဖတ်ကြည့်၏။ ထို့နောက် အံ့အားသင့်စွာဖြင့်

"သမားတော်ကျိုးရဲ့ ဆေပညာက ထူးချွန်လှပါတယ်.. ကျုပ် ခင်ဗျားလောက်တောင် မစွမ်းမှာ စိုးမိပါရဲ့ဗျာ၊ သမားတော်ရဲ့ ဆေးနည်းနဲ့ ပါဝင်ဆေးပစ္စည်းတွေက အလွန် ရှားပါးအဖိုးတန်ပြီး အာလုံးက အကောင်းဆုံးတွေသုံးထားတာပါ၊ တပ်မှူးလေး ကျုပ်ရဲ့ ဆေးပညာနိမ့်ကျမှုကို ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ"

‌ဆေးနည်းက ပညာရှိရွှယ်ဖုန်း ကိုယ်တိုင် ပေးထားခြင်း ဖြစ်ရာ သဘာဝကျစွာပင် တော်ဝင် နန်းတွင်းသမားတော်ဝူက မည်သည့်အမှားမှ ရှာမတွေ့ခဲ့။ ထို့အပြင် ပါဝင်ကူညီ လမ်းညွှန်ပေးနိုင်ခြင်းလည်းမရှိခဲ့၊ သူသာ ဒီအခြေအနေကိုကိုင်တွယ်ရပါက ထိုဆေးစာလောက် ပြည့်စုံအောင် ညွှန်ကြားနိုင်ဖို့ မသေချာပါပေ။

"........"

ထျန်းရှူက စိတ်ဓာတ်ကျသွားခဲ့ကာ နောက်ဆုတ်သွားခဲ့ပြီး မည်သည့် တလေးတစားတုံ့ပြန်မှုများ မ‌လုပ်နိုင်ခဲ့ပါချေ။

သို့သော် ဧကရာဇ်အပါအဝင် လူကြီးတိုင်းက သူ့တုံ့ပြန်မှုကို အေးအေး‌ဆေးဆေး လက်ခံနိုင်ခဲ့၏။

2682 words

Grape 🍇

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment