'နောက်ဆက်တွဲ မြင်ကွင်း'
ရှန်လျန့်ကို ချင်ဖင်းအိမ်တော်က လူအားလုံး ထွက်ကြိုဆိုကြတဲ့မြင်ကွင်းက လူအတော်များများကို မကျေမနပ်ဖြစ်သွားစေသော်လည်း ရက်အနည်းငယ်အတွင်း မြို့စားမင်းသေဆုံးရတော့မှာကို ပြန်တွေးမိလိုက်မှ စိတ်ချမ်းသာသွားကြတော့၏။ မည်သူမှ မတွေးမိသည်က ဖေးယွမ်ရွှင်းမှာ မသေသေးသည့်အပြင် သူ့ရဲ့လှပတဲ့ ဝမ်ဖေးကိုပါ ပျော်ပျော်ရွှင်ရွှင် ဖက်ပွေ့နေနိုင်သေး၏။
"ဧကရာဇ်ကတော့ သေအောင် အမျက်ထွက်နေတော့မယ်၊ နောက်ကျရင် ဘယ်သွားသွား စောင့်ရှောက်ဖို့ လူပိုခေါ်သွားနော်၊ အနီးကပ်လူနဲ့ အဝေးက စောင့်ရှောက်မယ့်လူ နှစ်သုတ်ခွဲခေါ်သွားပေါ့"
လူနှစ်ဦးမှာ ထွေရာလေးပါး ပြောဆိုနေကြပြီး ရုတ်တရက် ဖေးယွမ်ရွှင်းက အလေးအနက် မှာကြားလာ၏။ တော်ဝင်အမိန့်စာ ထုတ်ပြန်ခြင်းနှင့်အတူ သူတို့နှစ်ယောက်ကို ဘုရင့်အမိန့်ဖြင့် လက်ထပ်ခွင့်ပြုလိုက်ခြင်းဖြစ်ရာ ဧကရာဇ်က မည်သည့်အကြောင်းနှင့်မှ အမိန့်ပြန်သိမ်း၍ မရတော့ပေ။ အပြင်ပန်းမှာ မြို့စားမင်းရဲ့ ကံကောင်းခြင်း၊ပျော်ရွှင်ခြင်းကိုဖြည့်ဆည်းပေးသည့်ပုံသက်ရောက်သော်လည်း ၊တစ်ကယ့်တစ်ကယ်တမ်းနောက်ကွယ်မှာ ဘာတွေကြိတ်ကြံနေမလဲ ခန့်မှန်းရခက်လေ၏။ ရှေးလူကြီးတွေ ဆိုခဲ့သည့်စကားတောင် ရှိသေးသည်။ သေနတ်ကိုရှောင်ရန် လွယ်ကောင်းလွယ်နိုင်ပေမယ့် ပုန်းကွယ်ချိန်ရွယ်ထားသည့် မြားတံကိုမူ ရှောင်ရခက်ချေသည် ဟူ၏။
(Tn. ခေါင်းမရှုပ်သွားပါနဲ့၊ ရှေးခေတ်က sniperမရှိဘူးလေ .. ယမ်းသေနတ်က ပစ်တာနီးတော့ ရှောင်ကောင်း ရှောင်နိုင်မှာပေါ့"
သွေးထွက်လွန်ရောဂါကိုဖော်ထုတ်လိုက်ပြီ ဆိုမှတော့ အားလုံးက အခွင့်အရေးကို ချောင်းနေလောက်သည်။
"ဟုတ်ပါပြီ... ခင်ဗျားလည်း ကိုယ့်ကိုကိုယ် ဂရုစိုက်ဦး ၊ ဘုရင်အိုကြီးက ကျွန်တော့်ကို ပစ်မှတ်ထားမှာ မဟုတ်ဘူး၊ ခင်ဗျားရဲ့ အဆိပ်ခန္ဓာကိုယ်က ကျွန်တော့်ထက်တောင် ပိုသတ်ရလွယ်သွားပြီ"
တစ်နေ့လုံး ဆေးကျမ်းတွေ လေ့လာ ဖတ်ရှုပြီးနောက် ဒီအဆိပ်က အတော်လေး ပြဿနာရှာမှန်း သတိပြုမိလိုက်၏။ ဖြေဆေးကို ဘယ်လိုဖော်စပ်ရပါ့မလဲ ဆိုတာ အတော်လေး ခေါင်းစားရပြီး ယာယီသာ ထိန်းချုပ်ထားနိုင်တဲ့ ဆေးကိုပဲ ဖော်စပ်ပေးနိုင်မှာ ဖြစ်သည်။ ဧကရာဇ်က ဒီအခွင့်အရေးကို ကောင်းကောင်း အသုံးချပြီး လူသတ်သမား အများကြီး စေလွှတ်လိုက်မယ်ဆိုရင် သူတို့မှာ အသက်ဆယ်ချောင်းပါရင်တောင် လောက်မှာ မဟုတ်ဘူး၊ သေသွားမှာပဲ ဖြစ်၏။
"ဟား!"
ဖေးယွမ်ရွှင်းက အေးစက်စက် ရယ်လိုက်ကာ
"ကိုယ့်ဆီ လူတွေ ပို့ရဲ ပို့ကြည့်လိုက်လေ သူလွှတ်တဲ့ လူထက် အများကြီး ကိုယ်က ပြန်လွှတ်ပေးလိုက်မယ်၊ သူ့မှာ ဖွက်ထားတဲ့ ကိုယ်ရံတော် ဘယ်လောက်ရှိနေလဲ သိချင်စမ်းပါဘိ"
တော်ဝင်မိသားစုခွဲ တစ်စုချင်းစီတိုင်းမှာ အထူးကိုယ်ရံတော်တွေကို လေ့ကျင့်ပေးထားပြီး တော်ရုံ အသေးအဖွဲ ကိစ္စလောက်နဲ့ ခေါ်မထုတ်လာကြချေ။ ချင်ဖင်းမြို့စားအိမ်တော်လည်း တူတူပင် ဖြစ်၏။ သံမဏိကိုယ်ရံတော် တပ်သားများသည် နောက်ကွယ်တွင်သာ အလုပ်ကြိုးစားကြပြီး လူရှေ့သူရှေ့ ရုပ်လုံးထွက်မပြကြပေ။ ကြီးကြပ်ခေါင်းဆောင်သူများသာ လူတိုင်းနှင့် ရင်းနှီးနိုင်ရန် ပေါ်ပေါ်ထင်ထင်နေ၏။ ဆိုရလျှင် ကျွမ်းကျင် စစ်သည်များ၏ရှေ့ဆောင်၌ ဖေးယွမ်ရွှင်း၊ ထျန်းရှုနှင့် အချို့သူများကိုသာ အများက သိကြပြီး နောင်ကွယ်က လုပ်ဆောင်မှုတွေနှင့် သိန်းချီသော စစ်သည်တို့၏ တည်ရှိမှုကိုမူ မည်သူမှ မသိကြ ။
"ယုံကြည်ချက်ရှိတာ ကောင်းပါတယ်၊ ဒါပေမယ့် ယုံကြည်မှု လွန်ကဲသွားတာက စိတ်ကြီးဝင်တယ်လို့ခေါ်တယ်၊ တစ်ဖက်ရန်သူက ဧကရာဇ်လေ.. သူ့မှာ ကိုယ်တွေခန့်မှန်းရခက်တဲ့ အဖွဲ့အစည်း၊ အဆက်အသွယ်တွေ ရှိနေနိုင်တယ်၊ အားလုံး ကြိုတင်တွက်ဆထားရမယ်.. အမှားခံလို့မဖြစ်ဘူး"
ရှန်လျန် ခေါင်းတခါခါနှင့် စကားလမ်းကြောင်းပြောင်းလိုက်သည်။
"နောက်ရက်တွေ ကျွန်တော် လာမလည်တော့ဘူးနော်... အရာရှိအမှုထမ်း လာဘ်စားမှုစစ်ဆေးတာက အရေးကြီးတဲ့ အပိုင်း ရောက်နေပြီ၊ ဆက်ပြီး ဖော်ထုတ်စစ်ဆေးဦးမှာ ဆိုတော့ ကျွန်တော်ထင်တာ ဒုတိယနဲ့ တတိယ မိသားစုခွဲက ဒီတိုင်း ငြိမ်ငြိမ်ထိုင်နေနိုင်တော့မှာ မဟုတ်ဘူး၊ ခင်ဗျားပျင်းရင် မြန်မြန် နေကောင်းအောင်လုပ်ထား၊ ဒါဆ်ို ပွဲကောင်းကောင်းကြည့်ဖို့ မှီနိုင်သေးတယ်"
အမှုထမ်းစာမေးပွဲကြီးကြပ်သူက ဝမ်ယွမ် တစ်ဦးတည်း မဟုတ်ပါ။ ဒီအခွင့်အရေးကို စောင့်နေရတာ ကြာလှပြီဖြစ်၏။
မနေ့ညက ရှန်ချောင်ရဲ့ တုံ့ပြန်မှုကိုကြည့်ရလျှင် သူမ ထပ်ပြီး သည်းခံနေတော့မှာ မဟုတ်သလို ၊ ဒုတိယ၊တတိယ မိသားစုခွဲများနှင့် ရှန်လျန်၏ တိုက်ပွဲကို လျိုရှုဟန်ကတော့ အေးအေးဆေးဆေး ပွဲကြည့်ရင်း အကျိုးအမြတ်ယူနိုင်ရန် ချောင်းနေလိမ့်မည်။
သို့သော် ရှန်လျန် ပြောနိုင်သည်က သူတို့တွေ ဘာအမြတ်မှ ယူနိုင်လိမ့်မည်မဟုတ်ပေ။
"ဟင်!သူတို့ကို ခံစားခိုင်းဖို့ စတိုက်နေပြီပေါ့"
ဖေးယွမ်ရွှင်းက မျက်ခုံးပင့်လိုက်၏။ သူသိသလောက် ရှန်လျန်က ရှန်မိသားစုနဲ့ပတ်သက်ရင် လက်လွတ်စပယ် ထုတ်မပြောတတ်ပေမယ့် ၊ယခုလို ထုတ်ပြောလာပုံအရ အစီအစဉ်ကြီး တစ်ခုခုရှိထား၍ ဖြစ်မည်။
"အင်း.. ကျွန်တော်စီစဉ်နေတာကြာပြီ.. ရက်အနည်းငယ်အတွင်း ပိုက်ကွန်ထဲ မိဖို့ စောင့်ရုံပဲကျန်တယ်"
"ဒါဆို ကိုယ် မြန်မြန် နေကောင်းအောင် လုပ်ထားမှပဲ"
"ဟုတ်ပါပြီ၊ ကျွန်တော်က လှည့်ကွက်လေး နည်းနည်းပါးပါးသုံးထားရုံမို့ အပျင်းပြေရုံပဲ၊ လူသိရှင်ကြား အကြီး အကျယ် လုပ်ဖို့ကျတော့ မသင့်တော်ဘူး"
ဖေးယွမ်ရွှင်းက ပျင်းရိလွန်းပြီး ကိုယ့်ကိုကိုယ် သေအောင် လျှောက်လုပ်နေမည်စိုး၍သာ ပြောလိုက်ရ၏။ ရှန်လျန်က ရယ်ရခက် ငိုရခက်နှင့် စကလမ်းကြောင်းထပ်ပြောင်းလိုက်ရ၏။
"ရှောင်မုချန်နဲ့ချူးလီက ခင်ဗျားရဲ့ ဆရာတူ ညီတွေလား"
"အင်း.. သူတို့က နံပါတ် လေးနဲ့ ငါး၊ ချူးလီက လော်ဖုန်းကျွီ စီးပွားရေးကို တာဝန်ယူတယ်၊ ရှောင်မုချန်က အရာရှိထဲနဲ့ ချင်တစ်ပြည်လုံးမှာ ကိုယ်တို့ဖြန့်ထားတဲ့ လူတွေကို တာဝန်ယူတယ် ၊ပြီးတော့ သူဒီနှစ် အရာရှိ စာမေးပွဲဝင်ဖြေပြီး ရာထူးတစ်ခုဝင်ယူဖို့လည်း လုပ်ထားတယ်"
ဖေးယွမ်ရွှင်းက ရှန်လျန်ရဲ့ စကားလမ်းကြောင်းနောက် လိုက်ပါသွားရင်း အာရုံပြောင်းသွားလေသည်။ ဖေးယွမ်ရွှင်းတွင် ဆရာတူညီအစ်ကို ခုနှစ်ယောက်ရှိပြီး နံပါတ်၆နဲ့ ၇ ညီတွေက တသီးတသန့်နေကြတာကလွဲရင် ကျန်တဲ့ညီအစ်ကိုတွေက ကိုယ်စီ တာဝန်တွေခွဲယူထားကြလေသည်။
"ထူးချွန်အရာရှိ စစ်ဆေးပွဲလား"
ပုံမှန် ကျင်းပတဲ့ အမှုထမ်း အငယ်တန်းစစ်ဆေးပွဲနဲ့ မတူပဲ ဒီစစ်ဆေးပွဲ ဟာ သုံးနှစ်တစ်ကြိမ် ဂျူလိုင်လမှာ စစ်ဆေးပြီး ရုံးတော်အတွက် အရာရှိ အသစ်ချက်ချင်း ခန့်အပ်လေသည်။ နန်းတွင်းအမှုထမ်းစစ်ဆေးပွဲမှာ လာဘ်စားမှုပေါ်ထွက်ခဲ့တာကြောင့် ဒီနှစ် ရဲ့ ထူးချွန်အရာရှိ စာမေးပွဲမေးခွန်းက သေချာပေါက် ခက်လိမ့်မည်။
ထိုလာဘ်စားမှုက ဧကရာဇ်ကို အမျက်ထွက်ေစခဲ့ပြီး စာမေးပွဲတွင် ရသော အမှတ်များကို လစ်လျူရှုပစ်ကာ ပါဝင်ပတ်သက်သူအားလုံးကို ချက်ချင်း ပြစ်ဒဏ်ချမှတ်ခဲ့သည်။ ထို့အပြင် လာမည့် ထူးချွန်အရာရှိ စစ်ဆေးပွဲတွင်လည်း အလားတူ ဖြစ်ရပ်မျိုး ပေါ်ပေါက်ခွင့်မပြုကြောင်း ပြင်းပြင်းထန်ထန် အမိန့်ချမှတ်ထားသေးသည်။
"ဘာလို့လဲ? တစ်ခြား စဉ်းစားထားတာရှိ လား"
ပုံမှန်မဟုတ်တဲ့ ရှန်လျန့် အမူအရာကြောင့် ဖေးယွမ်ရွှင်း မျက်ခုံးပင့်ကာ မေးလိုက်သည်။
ရှန်လျန်က ခေါင်းခါလိုက်ပြီး..
"ဖုယွင်ရှီးရဲ့ ရိုးသားမှုက အဖြစ်မှန်ပေါ်လာတော့မှာ၊ သူ့အရည်အချင်းနဲ့ဆို ပထမနေရာ ရဖို့ မခက်ဘူး၊ သူသာ ဌာနခြောက်ခု ထဲက တစ်ခုမှာ နေရာယူနိင်သွားရင် သူ့အနာဂါတ်လည်း ပြောင်းလဲ သွားမှာပဲ၊ ဒါပေမယ့် ကျွန်တော်က သူ့ကို တစ်လတိတိ အပြင်မထွက်ရဘူးလို့ တောင်းဆိုထားတော့.. ခင်ဗျားပြောကြည့်! သူ ထူးချွန် အရာရှိ စာမေးပွဲဝင်ဖြေလို့မရတော့ဘူးဆိုရင် ကျွန်တော် သူ့အနာဂါတ်ကို ဖျက်ဆီးသလို ဖြစ်သွားလား"
ဖုယွင်ရှီးအပေါ် အကြွေးတင်သလိုခံစားမိ၏။ သူ့အရည်အချင်းနဲ့ဆို အမတ်မင်း မဟုတ်လည်း ဝန်မင်းချုပ် ဖြစ်ရန် မခက်ခဲရာ တစ်ဖက်လူ၏ တက်လမ်းကို ပိတ်သလို ဖြစ်သွားမှာပင်။
"ဘာတွေ လျှောက်တွေးနေတာလဲ?"
ဖေးယွမ်ရွှင်းက ရှန်လျန့် နဖူးကို တောက်လိုက်ပြီး အပြုံးလေးနှင့်ပြောသည်။
"မင်းဘာမှ မမှားဘူး၊ သူ့တက်လမ်းက အစကတည်းက ပိတ်ခံခဲ့ရပြီးပြီ၊ အနာဂါတ်ကို ကျော်မတွေးနဲ့လေ.. သူ အစကတည်းက အမှုထမ်းစာမေးပွဲ ပြန်ဖြေချင်ရင် မင်းတောင်းဆိုတာကို သဘောတူခဲ့ပါ့မလား၊ ပြီးတော့ သူ့အဖေအတွက် စဉ်းစားပြီး သူ့ရဲ့ အနာဂါတ်နဲ့ လဲလိုက်တာလေ.. အားလုံးက သူရွေးချယ်ခဲ့တဲ့လမ်းပဲ၊ တစ်ခြားသူကို အပြစ်တင်ခွင့်မရှိဘူး"
တစ်ကယ်တော့ ရှောင်မုချန်လည်း ဖုယွင်ရှီးကို အစတည်းက မြင်နေခဲ့ပြီးသားပင်။ ရှန်လျန့်ဘက်က လက်ဦးသွားလို့ မဟုတ်ရင် ဖုယွင်ရှီးက သူတို့လူဖြစ်နှင့်ပြီးလေပြီ။ မည်သို့ဆိုစေ ကိုယ့်ဘက်လူ ဖြစ်လာတာကတော့ တူတူပင်။
"ကျွန်တော် နောင်တမရဘူး၊ ဆုံးဖြတ်ပြီးပြီ ဆိုမှတော့ နောင်တမရတော့ဘူး၊ ဒီတိုင်း သူ့အပေါ် စိတ်မကောင်းမိတာ တစ်ခုပဲ၊ အခုတော့ အဆင်ပြေသွားပါပြီ ၊ တောင်တွေကျော်၊ မြစ်တွေဖြတ် တုန်းတော့ လမ်းဘယ်မြင်ရမလဲ... တစ်ဖက်ကမ်းမှာ ပန်းခင်းတွေရှိနေမှာပဲလေ၊ အနာဂါတ်ကို ဘယ်သူမှ ကြိုမမြင်နိုင်ဘူးဆိုမှ တော့ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးပြီး ကောင်းကင်ကို ပြောင်းပြန်လှန်ရုံပေါ့"
ရှန်လျန်က ရယ်လိုက်သည်။ အချိန်လည်း မစောတော့တာကြောင့် အဝတ်စားတွေ ပြန်ပြင်ပြီး အိမ်ပြန်ရန်ပြင်သည်။ ဖေးယွမ်ရွှင်းက သူ့လက်ကို မလွှတ်ပေးပဲ
"ပြန်တော့မလို့လား"
သူတို့ဖြင့် စကားအကြာကြီးလည်းမ ပြောရသေးပဲနဲ့! ဖေးယွမ်ရွှင်းသည် ကြင်သူသက်ထားကို စောင့်မျှော်နေရသည့် မုဆိုးဖိုလို အထီးကျန်နေရတော့မည်ဟု ခံစားလိုက်ရ၏။
"ပြန်ချိန်တန်ပြီလေ.. ကျွန်တော်တို့ သရုပ်ဆောင်ပြတာ မပြီးသေးဘူးနော်"
ရှန်လျန်က ခါးကိုင်းလိုက်ပြီး ဖေးယွမ်ရွှင်းရဲ့ မျက်နှာ ကို ထိန်းကိုင်ကာ နဖူးစီ အနမ်းခြွေလိုက်သည်။ ထို့နောက် နှုတ်ခမ်းပေါ် အနမ်းဖွဖွပေးကာ...
"စေ့စပ်ကြောင်းလမ်းခြင်း အောင်မြင်လို့ ဝမ်းသာပါတယ် မြို့စားမင်း၊ အနာဂါတ်မှာ ကျွန်တော့်ကို သေချာ ဂရုစိုက်ပေးရမယ်နော်"
"ထပ်တူဝမ်းသာပါတယ်၊ ဝမ်ဖေးလည်း ကိုယ့်ကို ဂရုစိုက်ပေးပါဦး"
မူလက မပျော်မရွှင် ဖြစ်နေတဲ့ အရိပ်အယောင်က ပျောက်ကွယ်သွားပြီး တောက်တောက်ပပ အပြုံးက ဖေးယွမ်ရွှင်းရဲ့မျက်နှာမှာ ပေါ်ထွက်လာသည်။
"ထျန်းရှု!"
"သခင်!"
ခေါ်သံကြောင့် ထျန်းရှုက အိပ်ရာဘေး သို့ရောက်လာတယ်။ သူနဲ့အတူ စန္ဒကူးသေတ္တာလေးတစ်ခုလည်း ယူဆောင်လာ၏။ ဖေးယွမ်ရွှင်းက ယူပြီး ဖွင့်လိုက်ရာ သေတ္တာငယ်ထဲတွင် ရှန်လျန့်ဆံသားပေါ်ထိုးထားသော ဆံထိုးနဲ့ ပုံစံတူသည့် သွေးနီရောင် ကျောက်ဖြင့် ထွင်းထုထားသော လက်ကောက် ကိုမြင်လိုက်ရ၏။
ရှန်လျန်၏ပဟေဠိဖြစ်နေသော အမူအရာကြောင့် ဖေးယွမ်ရွှင်းက သူကိုယ်တိုင် တစ်ဖက်လူ၏ လက်ကို ဆွဲယူကာ နဂါးကိုးကောင် လက်ကောက်အစား သွေးနီရောင်ကျောက် လက်ကောက်အသစ်ကို အစားထိုးလဲလှယ် ဝတ်ဆင်ပေးလိုက်၏။
"ဒါ ကိုယ် လုပ်ထားတာ ၊ နဂါးကိုးကောင် လက်ကောင်ထက် ပိုပြီး သာမာန်ဆန်တယ်၊တော်ရုံ အမှားရှာမတွေ့နိုင်ဘူး၊ ပြီးတော့ခလုတ်နှိပ်လိုက်တာနဲ့ အဆိပ်မြား သုံးချောင်းချက်ချင်း ထွက်လာလိမ့်မယ်.. အရေးကြုံရင် သုံးလို့ရတာပေါ့"
သွေးနီရောင်ကျောက် လက်ကောက်က ရှန်လျန်ရဲ့ လက်ကောက်ဝတ်ဖြူဖြူ သွယ်သွယ်လေးမှာ နေရာယူထားပြီး အလွန်လိုက်ဖက်နေလေတယ်။ ရှန်လျန်က အနီရောင် ဝတ်စုံရှည်ကိုပင် ဝတ်ထားရာ ဆိုဖွယ်ရာမရှိတော့။
"ဒီဆံထိုးကရော? ခလုတ်ဖွက်ထားတာပဲလား?"
ရှန်လျန်က ခေါင်းငုံ့ကာ လက်ကောက်ဝတ်ကို ကြည့်ရင်း အရင်တစ်ခေါက်က ဖေးယွမ်ရွှင်း သူ့ခေါင်းပေါ် အတင်းထိုးပေးသွားသည့် ဆံထိုးကို သတိရသွားသည်။ သာမာန်လူတွေအနေနဲ့ ဒီဆံထိုးနဲ့ လက်ကောက် တစ်စုံကို တန်ဖိုးမဖြတ်နိုင်တဲ့ ကျောက်နဲ့ ထွင်းထုထားမှန်း မသိနိုင်ပါချေ။
"မထည့်ထားပါဘူး၊ ဒါပေမယ့် သေချာကြည့်ရင်တော့ ဆံထိုးရဲ့ကျောက်ထဲ မှာ နေရာလွတ် လုပ်ပေးထားတယ်၊ လိုအပ်တဲ့ချိန် သုံးဖို့ အဆိပ်အပ် ထည့်ထားချင်လည်းရတယ်လေ"
ဖေးယွမ်ရွှင်းက သူ့ဆံထိုးကို ရှန်လျန် ငြင်းလိုက်မှာ စိုးရိမ်ပြီး အမြန်ထွက်ပြေးခဲ့ရာ ထိုအကြောင်း ပြောပြဖို့ အခွင်းအရေး မရှိခဲ့။
"အိုး... ဒါဆို မြို့စားမင်းကို ကျေးဇူးတင်ရမှာပေါ့"
ရှန်လျန်က သူ့အပြုံးကို မဖုံးကွယ်နိုင်ခဲ့ပါ၊ ဒီအဆိပ်ရတနာတစ်စုံဟာ ကိုယ်ခံပညာကျွမ်းကျင်တဲ့ ဖေးယွမ်ရွှင်းအတွက် မလိုအပ်ပေမယ့် ၊ ရှန်လျန့်အတွက်မူ လွန်စွာ အသုံးဝင်လေတယ်။
"ကျေးဇူးတင်ခံချင်လို့ မဟုတ်ပေမယ့် ကျေးဇူးဆပ်ချင်ရင်တော့ လက်ခံတယ်နော်"
အိပ်ရာပေါ် မှီလှဲလျက် ထိုင်နေတဲ့ ဖေးယွမ်ရွှင်းက မျက်လုံးတွေ မှေးကျဉ်းရင်း အဓိပ္ပာယ်ပါပါပြော၏။ ဘေးနားက ထျန်းရှုမှာ ထိုစကားကြားပြီး လှစ်ခနဲ ထွက်ပြေးသွား၏။ နောက်ဆက်တွဲ မြင်ကွင်းက သူ့မျက်လုံးတွေကို ကန်းသွားစေနိုင်သည်လေ။
"အိုး?မြို့စားမင်းက ဘယ်လိုကျေးဇူးဆပ်ခြင်းမျိုးကို လိုချင်တာပါလဲ?"
တစ်ခဏကြာပြီးနောက် ရှန်လျန်က နတ်ဆိုးဆန်ဆန်ပြုံးပြီး နူးညံ့အိစက်တဲ့လက်က ဖေးယွမ်ရွှင်းရဲ့ ကိုယ်ပေါ်မှာ ရွေ့လျားနေလေတယ်။။
"ဒီလိုမျိုးလား? ဒါမှမဟုတ် ဒီလိုလေးလား"
တည်ငြိမ်စွာ ရွေ့လျားရင်း လက်ချောင်းက ဖေးယွမ်ရွှင်းရဲ့ မေးရိုးတစ်လျှောက်ပွတ်သပ်ကာ လည်တိုင်ဆီ ဆက်ဆင်းသွား၏။
ထိုအခါဖေးယွမ်ရွှင်းမှာ တစ်ကိုယ်လုံး အပူလှိုင်းတွေထလာလျက် ခက်ခက်ခဲခဲ တံတွေးမျိုချမိလိုက်၏။ ကူကယ်ရာမဲ့စွာနဲ့ ရှန်လျန့်လက်လေးကို ဖမ်းဆွဲထားလိုက်၏။ သို့သော်လည်း ရှန်လျန်က သူနဲ့ မပူးပေါင်းပေးပဲ လက်ချောင်းထိပ်မှာ အင်္ကျီကော်လံနှစ်ဖက်ကြားက လည်စလုပ်ကို သွားထိလေသည်။
တစ်ချိန်တည်းမှာပဲရှန်လျန်က ဦးမော့လိုက်ပြီး ဖေးယွမ်ရွှင်းရဲ့ အထိမခံနိုင်တဲ့ နားနား ကပ်ပြီး လေပူမှုတ်ထုတ်၏။ ထို့နောက် နားဖျားကို အနမ်းပေးကာ...
"မြို့စားအရှင်..... ဆက်လုပ်ချင်လား"
ရှန်လျန့်လက်က ဖေးယွမ်ရွှင်းရဲ့ အင်္ကျီထဲ ဝင်ကာ ရင်အုံကိုပင် သွားဆွနေလေပြီ။
"လျန်...လျန်..."
ဆယ့်ရှစ်နှစ်လုံးလုံး ဒီကိစ္စတွေနဲ့ ကင်းကွာစွာ နေထိုင်ခဲ့တဲ့ ဖေးယွမ်ရွှင်းဟာ ပြင်းပြင်းထန်ထန် တုံ့ပြန်ကာ မျက်နှာက မည်းမှောင်လာတယ်။ ရှန်လျန်က ခုလို လာဆွရဲမယ်လို့ ထင်မထားတာလည်းပါသည်။ ခုလို ဆက်လုပ်နေရင် သူ့ရဲ့ထိန်းချုပ်မှုတွေ လွတ်ထွက်ကုန်တော့မည်။
"ဟားဟား ဟားဟား"
ဆက်တောင့်မခံနိုင်တော့တဲ့ မျက်နှာကိုကြည့်ရင်း ရှန်လျန် နောက်ဆုတ်လိုက်ကာ အားရပါးရ ရယ်သည်။ ဖေးယွမ်ရွှင်းရဲ့ ရုပ်က မှင်အိုးမှောက်ထားသလို မည်းမှောင်လာသည်ကို ကြည့်ရင်း ရှန်လျန်ကူကယ်ရာမဲ့စွာ ဆက်ရယ်သည်။
ဖေးယွမ်ရွှင်းမှာ ရယ်ရခက် ငိုရခက်နှင့်။ ဝမ်ဖေးကြောင့် နှစ်ယောက်သား ဆက်ဆံရေးက ပိုနီးကပ်လာသည်ကိုတော့ ငြင်းမရတာကြောင့်အသိအမှတ်ပြုလိုက်ရ၏။
"စိတ်ဆိုးသွားလား"
မည်မျှ ကြာကြာ ရယ်နေမိသည် မသိ နောက်ဆုံးတော့ ရှန်လျန် စိတ်ကျေနပ်သွားသည်။ ကုတင်ပေါ် ဒူးတစ်ထောက် ထောက်တင်လိုက်ပြီး လက်နှစ်ဖက်က ဖေးယွမ်ရွှင်းရဲ့ ပါးပြင်ကို ထိန်းကိုင်ကာ ပြောလိုက်သည်။
" တစ်ချိန်လုံး စကားတွေနဲ့ အရှက်ရအောင် ခင်ဗျားကို ဘယ်သူက လုပ်ခွင့်ပြုထားလို့လဲ"
"သေချာ မှတ်ထားနော်၊ မင်္ဂလာဦးညကျမှ မငိုနဲ့"
ဖေးယွမ်ရွှင်းက ညစ်တီးညစ်ပတ်စကားနှင့်သာ အနိုင်ယူနိုင်သည်။ တစ်ချိန်တည်းမှာပဲ စိတ်ဆုံးဖြတ်လိုက်တာက ထျန်းရှုအား ဂိုးသွင်းနည်းစာအုပ် ပေါင်းချုပ်ကို ရှာခိုင်းပြီး နေ့တိုင်း သင်ယူကာ ကိုယ့်ကိုကိုယ် တိုးတက်အောင် လုပ်မည်ဟု။
"ကောင်းပြီလေ.. စောင့်နေမယ်"
ရှန်လျန်က သူ့စကားကို စိတ်ထဲပင် မထည့်သည်မှာ ရှင်းနေ၏။ ထရပ်ကာ သူ့အဝတ်သူ သပ်သပ်ရပ်ရပ်ပြန်ပြင်ပြီး...
"ကောင်းကောင်း အနားယူလိုက်၊ တစ်ခုခုလုပ်စရာရှိရင် ထျန်းရှုတို့ကို ခိုင်းပေါ့၊ သတင်းအသစ်ရှိရင် ပို့လိုက်ဦးနော်"
"အင်း... လျှောက်သွားမနေနဲ့ဦးနော်.. ကျုံးလင်ခြံဝန်းထဲမှာပဲ နေပြီး ကိုယ် လာရှာမှာကို စောင့်နေ"
နှစ်ဦးသား အချင်းချင်း မှာတမ်းခြွေနေကြ၏။
ဒီတစ်ကြိမ် ရှန်လျန် ပြန်သွားရာတွင် သိန်းချီသော စစ်သည် ကိုယ်ရံတော်တပ်သားများက အထောက်အပံ့အနေဖြင့် ကပ်ပါသွားလေပြီ။ သူ့အင်အားက ဧကရာဇ်ကိုပင် ယှဉ်နိုင်နေပြီဖြစ်သည်။
ချင်ဖင်းအိမ်တော်မှ ရှန်လျန်ထွက်ခွာသွားသည်နှင့် ပြည်သူတွေ၏ တစ်ဆင့်စကားတစ်ဆင့်နားဖြင့် သတင်းက ပျံ့သွားရာ မြို့တော် တစ်ခုလုံး အံ့ဩမှင်သက်ကုန်၏။
"အရှင်မင်းကြီး"
တော်ဝင်စာကြည့်ဆောင်တွင် ဘုရင့်ကိုယ်ရံတော်ခေါင်းဆောင်က ဧကရာဇ်၏ဆင့်ခေါ်မှု မရှိပဲ ရောက်လာသည်။
မှတ်တမ်းစာလွှာတွေ ဖတ်ရှုနေတဲ့ ဧကရာဇ်က အလိုမကျဖြစ်သွားပြီး..
"ဘာဖြစ်တာလဲ"
"အထောက်တော်တွေဆီက သတင်းရောက်လာပါတယ်၊ ရှန်လျန်က မြို့စားမင်းရဲ့ သွေးထွက်လွန်တာကို ရပ်အောင်ကုသပေးပြီး၊ မေ့မျောနေရာက သတိရလာအောင် ကုပေးလိုက်ပါတယ်၊လက်ရှိ မှာ ချင်ဖင်းအိမ်သားတွေနဲ့ ပြည်သူတစ်ရပ် လုံး မြို့စားမင်းရဲ့ ကျန်းမာလာခြင်းအတွက် ဝမ်းသာ ဂုဏ်ပြုပေးနေကြပါတယ်"
"ဘာပြောတယ်!"
ဧကရာဇ်ရဲ့ မျက်လုံးတွေက ရှေ့သို့ပြူးကျယ်လာပြီး ရုတ်ချည်း ထရပ်လိုက်ရာ လက်ထဲက စုတ်တံက ကြမ်းပြင်ပေါ် ပြုတ်ကျသွားသည်။
ဘေးမှာ ခစားနေတဲ့ ရန်အန်းကုန်းကုန်းက တိတ်တဆိတ် အပြင်ထွက်သွားသည်။
ဒီအချိန် ဧကရာဇ်ကို တွန်းအားသွားပေးပါက
ခေါင်းပြတ်ဖို့ သွားတောင်းဆိုတာနှင့် တူတူပဲဖြစ်၏။
3074 words
Grape 🍇