no

Font
Theme

'သားအဖ ချင်း ကတောက်ကဆ ဖြစ်ကြပြန်ပြီ'

နောက်ဆုံးတော့ ယောင်းကွမ်ကို ခေါ်လာလိုက်ရကာ 'ရင်' လမ်းကြားသို့သွား၍ ဖုရင်ကို‌ဝင်ခေါ်ပြီး အိမ်သို့တိုက်ရိုက်ပြန်လိုက်သည်။ လူနှစ်ယောက်ကို ရုတ်တရက်ဆန်စွာ ခေါ်ဝင်လာတယ်ဆိုတဲ့ သတင်းက အိမ်တော်ကိုယာယီအုပ်ချုပ်နေတဲ့ ကျောက်လန်ရဲ့နားထဲရောက်သွားခဲ့ရုံသာမက ၊ လျိုဝမ်ကျင်းကိုလည်း ဒေါသထွက်အောင် လုပ်ခဲ့ကြောင်းပါသိသွားသည်။

ရှန်လျန်ကတော့ သူမကို ကိုယ်တိုင်သွားမတွေ့ပဲ ချီယွဲ့အား စေလွှတ်လိုက်သည်။ သူမအနေဖြင့် ကျေနပ်သည်ဖြစ်စေ၊ မကျေနပ်သည်ဖြစ်စေ သူစိုးရိမ်မနေချေ။

သေချာပေါက် ကျောက်လန်က မည်သို့ ကျေနပ်လိမ့်မည်တဲ့လဲ? နှစ်ပေါင်းများစွာ စောင့်ဆိုင်းလာပြီးမှ ဤသို့ အိမ်တော်တစ်ခုလုံးက သူမလက်ထဲရောက်လာသော်ငြား ရှန်လျန်ကတော့ သူမကို အရေးမစိုက်၊သူမ၏ထိန်းချုပ်မှုအောက်တွင်မရှိနေ။ ကျောက်လန်က ပါးနပ်သည်၊ရှန်လျန် ဆိုတာ ရှန်သခင်ကြီးနှင့် ဇနီးကြီး၏ သားဖြစ်နေလျှင်တောင် လျိုရှုဟန်က နေရာတစ်ခုကိုရအောင်ယူနိုင်ခဲ့‌သေးသည်။ သူမလဲပဲ ရှန်လျန့်အား မျက်ရည် တောက်တောက်ကျအောင် လုပ်ပစ်ရန် မစောင့်ဆိုင်းနိုင်တော့ချေ။ အတွင်းစိတ်နှင့်ဆန့်ကျင်စွာ သူမမျက်နှာပေါ်ဝယ် အပြုံးပန်းဝေဆာနေကာ ရှန်လျန့်အား မျက်နှာသာ ပေးနေလိုက်သည်။

ထင်မှတ်မထားသည့် အရာတစ်ခုက နောက်တစ်ရက်တွင်ဖြစ်ပွားခဲ့သည်။ နောက်ဆုံးထွက် ကောလဟာလက မြို့တော်တစ်ခွင်ပျံ့နှံ့သွားသည်။ လျိုဝမ်ကျင်းက စစ်သည်များနှင့် လမ်းပိတ်ရပ်ခဲ့တာ အမှန်တစ်ကယ် ဆိုပါက ရှန်လျန်ဟာ မိထွေးဆီမှ အနိုင်ကျင့်ခံရခြင်းက လည်း အမှန်ဖြစ်နိုင်သည်။ ကြိုတင်အကွက်ချပြီး လင်ပါသားကို အဝေးနှင်ထုတ်၍ တရားဝင်ဇနီးနာမည်အားဖျောက်ဖျက်ကာ သူမက နေရာယူလိုက်သည် ဟူသော ကောလဟာလတွေကြောင့် ရှန်လျန်က သူ့မိထွေးအပေါ် ရိုသေခြင်းမရှိဆိုသည့် အရာက အလိုလို ‌မှေး‌မှိန်သွားတော့သည်။

"မကောင်းဆိုးဝါးသား!"

အတွင်းဝန်အမတ်ကြီးအဖြစ် နိုင်ငံ့တာဝန် ထမ်းဆောင်ကာ အိမ်ထောင်စုစာရင်းချုပ်၊ အခွန်ဆိုင်ရာနှင့် ဝန်ထမ်းလစာ၊ အခြားအခြားသော လုပ်ငန်းခွဲများနှင့် လက်ရှိ ဖြစ်နေသော သဘာဝကပ်ဘေးဆိုင်ရာ လုပ်ငန်းများကြောင့် ရှန်သခင်ကြီးမှာ လွန်စွာအလုပ်ရှုပ်နေပြီး အိမ်တွင်းကိစ္စကို မေးမြန်းနေရန်အချိန်မရှိချေ။ ဒီကိစ္စမတိုင်ခင် ကပင် လူတိုင်းကသူ့အား တမျိုးတမည် အကြည့်ဖြင့်ကြည့်နေကြသည်ကို သူသတိထားမိသည်။ အစည်းအဝေးခန်းမထဲဝင်လျှင်လည်း လူများစွာက သူ့အားကွက်ကြည့် ကွက်ကြည့်နှင့် မို့ ရှန်သခင်ကြီးမှာ တခြားအရာတွေ ကိုအာရုံမစိုက်နိုင်တော့ပဲ အိမ်တော်ကိုသာ မျက်နှာမည်းနှင့် အပြေးပြန်ရတော့သည်။

"အမတ်ကြီး? ခ...ခဏလေးပါ!"

ရှန်လျန်၏ခြံဝန်းထဲမှ လူများသည် ညစ်ပေနေသော စောင်များ၊အဝတ်များကို ထုတ်လျှော်ပြီး အိမ်သန့်ရှင်းရေးလုပ်နေကြသည်။ အရှိန်ပြင်းပြင်းနှင့်ရောက်ရှိလာသော သခင်ကြီးကြောင့် ချီယွဲ့က လုပ်လက်စများကိုပစ်ချကာ လျန်လျန့်အား အမြန် အော်ခေါ်လိုက်သည်။ ရှန်သခင်ကြီးက အကြည့်တစ်ချက်မှ မစွန့်ကြဲပဲ ရှန်လျန်ဆီသို့သာ တိုက်ရိုက်သွားလိုက်သည်။

"သိပ်သိတတ်လိမ္မာတဲ့ သားတစ်ယောက်ပါလား?ဟမ်! မင်းအခု ဘာလုပ်လိုက်လဲမင်းကိုယ်မင်းသိလား"

လှမ်းထား၍ ခြောက်သွေ့နေသော စောင်များကိုဖြတ်ကျော်ကာ သူ့ကိုဒေါသတကြီးဖြင့် ရှန်သခင်ကြီး‌က စိုက်ကြည့်သည်။ ဒေါသကြောင့်မျက်နှာတစ်ပြင်လုံးရဲတောက်ကာ အခိုးငွေ့များပင်ထွက်လာတော့မယောင် ...။

သိပ်ကို ကျေးဇူးတင်စရာကောင်းတဲ့သားပဲ၊ ခုတော့ သူ့ဂုဏ်သိက္ခာအားလုံးမြောင်းထဲရောက်ရပြီ!

"ကျွန်တော် ဘာလုပ်မိလို့လဲ?"

စောင်ကို စိတ်အေးလက်အေးနှင့် ဘေးသို့ဆွဲလိုက်ပြီး ခေါင်းမော့ကာ သူ့အဖေမျက်ဝန်းတည့်တည့်ကြည့်သည်။ သားအဖနှစ်ယောက်က ရန်စောင်နေကြသဖြင့် အားလုံးငြိမ်နေကြကာ ဘေးတစ်ဖက်မှ ဖုရင်က ရှေ့တစ်လှမ်းတိုးလာ၍

"တုံးလင် အမတ်ကြီးဗျ"

"ခဗျားက ဘယ်သူလဲ"

ဒေါသထွက်နေသဖြင့်မျက်လုံးထဲ သူ့သားကိုသာ မြင်မိသည်။ ယခုပတ်ဝန်းကျင်ကိုဝေ့ကြည့်လိုက်သည့်အခါမှသာ မရင်းနှီးသည့်မျက်နှာ အချို့ကိုသတိထားမိသည်။

"ဖုမင်နဲ့ ကျွန်တော်က ရှန်လျန့်ရဲ့ခြံဝန်းမှာ အလုပ်လုပ်ပေးတဲ့သူတွေပါ"

ဖုမင်ဆိုသည်မှာ ဖုရင်၏ နာမည်တုဖြစ်သည်။ ထိုသို့ပြောင်းထားမှသာ ဖုယွင်ရှီးနဲ့ ဆက်စပ်မှုရှိမှန်း အလွယ်တကူရှာမတွေ့နိုင်တော့မှာ ဖြစ်သည်။ ထို့အပြင် မျက်နှာအား ပြောင်းလဲသွားအောင် အပ်ပညာဖြင့် အနည်းငယ် ပြုပြင်ပေးထားလိုက်သည်။

"သူက ကျွန်တော့လူ၊ တုံးလင်အမတ်ကြီးနဲ့ မဆိုင်ဘူး၊ ဒီကိုဘာကြောင့်လာတာလဲမသိပေမယ့် ကိစ္စမရှိရင် ကျေးဇူးပြုပြီး ပြန်လိုက်ပါ၊ ကျွန်တော်က သိမ်နုပ်တဲ့သူမို့ အမတ်ကြီးပေးတဲ့ ဂုဏ်ပုဒ်ကြီးကြီးနဲ့ လိုက်လျောညီထွေ မဖြစ်လို့ပါ"

ဖုရင်ရှေ့သို့ ကာရပ်ပေးလိုက်ပြီး ရှန်လျန်က ပုံမှန်ကဲ့သို့ပင် ပြောသည်။ ဘူးပေါက်တစ်ရာသာ ပိတ်လို့လွယ်သည် ၊လူ့ပါးစပ်က သတင်းမှာ ပျံ့ပွား မြန်သည်မို့ အဖေ ကသူ့ခြံဝန်းဆီ ရောက်လာခြင်းကိုသူမအံ့ဩမိ။

သူ့အရိပ်တပ်ဖွဲ့ရော ဖေးယွမ်ရွှင်းတို့ ပါ လှုပ်ရှားကြသဖြင့် ရှန်သခင်ကြီးရဲ့ နာမည်ဂုဏ်သတင်းက အလွန်အဖိုးတန်နေလေတော့သည်။ ပြဿနာ တစ်ခုတက်သည်နှင့် သူ့ဆီအပြေးလာမေး‌လိမ့်မည်။

"မင်း....."

ရှန်လျန် ၏ လျှာစောင်းထက်မှုကြောင့် အံ့အားသင့်မိပြီး သူ့ကိုရိုက်ရန် ရှန်သခင်ကြီးမှ လက်ရွယ် လိုက်သည့် ထိုအခိုက်အတန့် တွင်ယောင်းကွမ်က လျှပ်တပြက်ပေါ်ထွက်လာပြီး ရိုက်မည့်လက်အားဆွဲဖမ်းလိုက်သည်။

"အစ်ကိုလေးက ရှန်လျန်ကိုကာကွယ်ဖို့ ကျွန်တော့ကိုမှာ ထားလို့ပါ"

ပြဿနာရှောင်ရှားရန် ဖုရင်နှင့်ယောင်းကွမ်က ရှန်တာ့မှ စေလွှတ်သောသူများဟု ပြောရန်တိုင်ပင်ထားသည်။

"တာ့အာ လား?မင်းတို့က တာ့အာလွှတ်လိုက်တာလား?"

ဒေါသထွက်နေသော သခင်ကြီးက ရှန်တာ့ဟုကြားလိုက်သောအခါ အနည်းငယ် စိတ်ငြိမ်သွားသည်။

"အခု တာ့အာ ဘယ်လိုနေသေးလဲ?ဓားမှာ က မျက်စိမရှိဘူး၊ အနောက်မြောက်အရပ်က အ‌ရမ်းအေးပြီး‌ အရာရာခက်ခဲတယ်၊ သူအရမ်းပင်ပန်းနေရှာလား? ဒါမှမဟုတ် ဒဏ်ရာတွေရသေးလား?"

ထိုအပြောကိုနားထောင်ကြည့်ရုံနှင့်သခင်ကြီးက ရှန်တာ့ကိုလွန်စွာ ချစ်မှန်းသိနိုင်သည်။ တုံးလင်အိမ်တော်တစ်ခုလုံးမှာ ရှန်တာ့ထက် ပို မြင့်သူမရှိတော့ ..ဟု သူ့စိတ်ထဲထည့်ထားသည်။ ဝေကျစ်ချန်သာ သွေးအလွန်အကျွံဆုံးရှုံးပြီး ရှန်လျန့်ကြောင့် သေဆုံးခဲ့ခြင်းမရှိပါက သူ့ဒုတိယသားလေးကိုလဲ အင်မတန်ချစ်မိလိမ့်မည်။ သူ့ဒေါသကြောင့် ရှုပ်ထွေးမှုများဖြစ်ခဲ့ရသည်ကတော့ နှမြောစရာပင်။

"အမတ်ကြီးက လှောင်ရယ်ချင်တာလား? အစ်ကိုလေးပင်ပန်းတာ ၊ဒဏ်ရာရတာတွေ ဖြစ်စေချင်တာလား?အစ်ကိုလေးကို အဲ့လောက် ဂရုစိုက်နေရင်လဲ ဘာကြောင့် စစ်ပွဲထဲ သွားခိုင်းသေးလဲ?"

ယောင်းကွမ်မှာ မယဉ်ကျေးနိုင်တော့ချေ။ ဖေးယွမ်ရွှင်းကိုတောင် အာခံ ပြန်ပြောရဲရာ တုံးလင်အမတ်ကြီးဆိုလျှင် ဆိုဖွယ်ရာမရှိ။ သူတို့၏အနာဂါတ်သခင်မလောင်းကိုများ ဤသို့ ဆက်ဆံရဲသည်!

ရှန်သခင်ကြီး၏ မျက်နှာ တစ်ပြင်လုံး ဒေါသကြောင့် ရဲတောက်လာသည်။ ဒီနှစ်တွေအတွင်း သူနောင်တရနေခဲ့ပေမယ့် သူလုပ်ခဲ့တဲ့ အကျိုးဆက်က အရာအားလုံးကို ပြည့်စုံအောင် မထိန်းချုပ်နိုင်တော့ခြင်းပင်ဖြစ်သည်။ ရှန်တာ့ကို အဝေးသို့ ထွက်သွားအောင် ဖိအားပေးကာ ၊ အသက်ဆယ်နှစ်သာ ရှိသေးသော ရှန်လျန့်အား တိုင်းပြည် အစွန်အဖျားတွင် မိမိကိုယ်ကို အားကိုးကာနေစေသည်။

" ဒီသခင်ကို တာ့အာ အဆင်ပြေနေလား ဆိုတဲ့မေးခွန်းတစ်ခုပဲဖြေပေး"

"တစ်ခုခု ဆိုးရွားနေတယ်လို့ကျွန်တော် ပြောရင်ရော?အမတ်ကြီး ဘာလုပ်မှာလဲ တစ်ကယ်သာ သခင်လေးကို ဂရုစိုက်ရင် ဘာလို့သူ့အသက်ဆယ့်ငါးနှစ်နဲ့ အိမ်ကထွက်သွားရအောင်လုပ်ခဲ့သေးလဲ? ခုချိန်ထိ သခင်လေးကိုအမတ်ရာထူးတိုးပေးဖို့ ဧကရာဇ်ကိုလည်းတောင်းဆိုထားတာမျိုးမရှိဘူးမလား? တိုင်းပြည်ရဲ့ မြို့တော် အနှံ့ရှာကြည့်ပါဦး ! အမတ်ချုပ်ရဲ့အကြီးဆုံးသားဖြစ်သူက အသက်နှစ်ဆယ်တောင်ရှိပြီ ရာထူးမတိုးဘူးတဲ့၊ အဖေဖြစ်သူမျက်နှာကြောင့် ရသွားရင် သခင်လေးက ရွံမုန်းသွားမှာစိုးလို့လား?"

ပြောရင်းဆိုရင်း ဖမ်းဆုပ်ထားတဲ့ သခင်ကြီး၏လက်ကို ယောင်းကွမ် ပစ်ချလိုက်သည်။

"........."

ရှန်သခင်ကြီးမှ စိုက်ကြည့်မိလွန်းသဖြင့် မျက်လုံးနှစ်စုံမှာ အပြင်သို့ ထွက်ကျလာတော့ မတတ်ပင်။ တစ်ခဏအကြာတွင်

"မင်း! မိမစစ်ဖမစစ်ကောင်၊ ငါဘာလို့ ဒီကိုလာတာလဲ ဟုတ်လား? အပြင်မှာ ဘာပြဿနာ ရှာလာလဲ ကိုယ့်ကိုကိုယ် မသိဘူးလား"

ကောလဟာလတွေကြောင့် သူ့အမြှောင်မယားကိုရာထူးက ချပြီး နေရာဖယ်လိုက်ရတာကို ပြန်တွေးမိကာ ရှန်သခင်ကြီး၏ဒေါသများ‌ တိုးလာပြန်သည်။

Words 1554

Grape 🍇l

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment