Chapter.34 Rebirth of poisonous of male empress
'အိမ်ပြင်သို့ နောက်တစ်ကြိမ် ထွက်ပြန်ပြီ'
နွေဦးရာသီ၏ နေ့တစ်နေ့မှာ မိုးတွေ ထစ်ချုန်းနေလေသည်။ ကြည့်ရတာ ဒီနှစ်မိုးများမည် ထင်၏ ။
နိုင်ငံ၏အချို့သော အလယ်ပိုင်းမြေပြန့်ဒေသနှင့် မြေနိမ့်ဒေသတွင် ရေနှစ်မြှုပ်မှု ဖြစ်သဖြင့် အင်ပါယာ နန်းတော်မှ ကူညီကယ်ဆယ်နိုင်ရေးအတွက် အလုပ်ရှုပ်ကုန်ကြသည်။
ရှန်လျန်သည် နောက်တစ်နေ့ မိုးရွာသည့်အချိန်တွင် ခေါင်းပြင်းပြင်းထန်ထန် ကိုက်လေသည်။ သူသတိမထားမိသည်က အရင်ဘဝမှာ သူဟာ ခေါင်းကွဲပြီး သေဆုံးခဲ့ရသည်ကိုပင်။ မူလက စီစဉ်ထားသည့်အတိုင်း ချီယွဲ့အား အဆိပ်ပညာ သင်ကြားပေးမည့်အစီအစဉ်အား ပြောင်းလဲကာ ဆေးပင်များအကြောင်းနှင့် အသုံးပြုနည်း ကိုသင်ကြားပေးဖြစ်သည်။
ချီရွှမ်း၏ သိုင်းပညာသင်ကြားမှုသည်လည်း နှောင့်နှေးခြင်းမရှိပေ။ရှန်လျန်ရေးပေးလိုက်သည့်စာတိုကြောင့် လေ့ကျန်းက
ဝမ်ချင်းဖုန် အား ရှာတွေ့ကာ ခေါ်လာနိုင်ခဲ့သဖြင့် သိုင်း ဆရာ ကောင်းတစ်ယောက်စီစဉ်ပေးလိုက်နိုင်၏။ နောက်တစ်နေ့ မှ စ၍ ချီရွှမ်းက မနက်တိုင်း လေ့ကျင့်ရေးလုပ်သည်။ သူ့ဆရာသည် မနက်7နာရီ တွင်လာပြီး နေ့လည်ထိ မပြန်သေးပေ။
ရက်အနည်းငယ်ကြာသောအခါ တုံးလင်အိမ်တော်တွင် အပြောင်းအလဲ အနည်းငယ် ဖြစ်သွားသည်။ ပထမမိသားစုနှင့် ဒုတိယ ၊တတိယ မိသားစုကြား အခြေအနေ ပိုမိုတင်းမာ လာပြီး မြို့တော်တစ်ခုလုံးတွင်ဓားပြ သတင်းက ပျံ့နှံ့သွားသည်။
ထိုအခါ တရားရုံးမှ ရုံးတော်သားများသည် သူတို့တံခါးရှေ့သို့ အကြိမ်များစွာ လာရောက်စုံစမ်းကြရာ လျိုရှုဟန်မှာ ခေါင်းမီးတောက် ကာ ဒေါသူပုန်ထနေရသည်။ ထိုမျှ မက မင်းသမီးယွဲ့ဟွားအဆောင်မှ သူမဆီ ဆင့်ခေါ်သည့်စာ စောင် ပါ ရောက်လာသေး၏။ စာထဲတွင်ပြောထားသည်က လျိုရှုဟန် အပါအဝင် သားနှင့်သမီးအားလုံး အပါခေါ်ခဲ့ရမည်ဟူ၏။ လူစုံမှသာ ဓားပြနှင့်ပတ်သက်သည့် အမှန်တရားကို ဖော်ထုတ်နိုင်မည်လေ......။
ခြံဝန်းထဲတွင် လျိုရှုဟန်က ကွဲကြေလွယ်သမျှ ပစ္စည်းများကို ဒေါသထွက်ထွက်နှင့်ပေါက်ခွဲ ဖျက်စီး ပစ်နေသည်။ ဤသည်ကား အဆုံးသတ်မဟုတ်သေး ။ နန်းတော်မှ ဆင့်ခေါ်စာ ရောက်လာပြီးနောက် ဒုတိယ မိသားစု ဇနီးဖြစ်သူ ကျောက်လန်က တစ်စုံတစ်ခုကိုဖော်ထုတ်လိုက်နိုင်သည်။
ရှန်ချန် က အဓိက တရားခံ ဖြစ်ပြီး ပိုက်ဆံသုံးကာ ရှန်လျန့်ကိုအစေခံအချို့နှင့် အဝေးပို့သည်မှာလည်း သူမပင်ဖြစ်ကြေ့ာင်း။
နတ်ဆိုးမ က ဒီအိမ်မှာပင်ရှိနေသဖြင့် သခင်မကြီးက စိတ်ပျော်ရွှင်နေသည်။
ရှန်သခင်ကြီးကတော့ တရားခွင်သို့ အခေါက်ခေါက်အခါခါသွားရခြင်းဖြင့်အလုပ်များနေသည်။
ထိုကိစ္စများပြီးသည်နှင့် လျိုရှုဟန် ၏ အာဏာများရုတ်သိမ်းခံရကာ ဒုတိယ ဇနီး ကျောက်လန်ဆီသို့ ယာယီ လွှဲပြောင်းခံရသည်။
"လျန်လျန် ...ကြားပြီးပြီလား၊ ရေကြီးတဲ့ကပ်ဘေးအတွက် မင်းသမီးယွဲ့ဟွားက တိုင်းသူပြည်သားတွေကို ငွေအင်အားလှူဒါန်းပေးဖို့ဆော်ဩထားတယ် "
ချီရွှမ်းမှလွှဲ၍ ပြင်ပ၌ ဖြစ်ပျက်နေသော ပြဿနာ အပေါင်းအား အိမ်ပြင်မထွက်သော ရှန်လျန်နှင့် ချီယွဲ့က မသိပေ။ ခေါင်းကိုက်ဝေဒနာကြောင့် အိပ်ယာပေါ်တွင်သာ လဲလျက် တစ်ချိန်လုံးစာဖတ်နေခဲ့သည်။ သူနှင့်အတူ ချီယွဲ့လည်း ဆေးပညာနှင့်ပတ်သက်သည်များကို အတူတူ လေ့လာနေသည်။ ယခုလိုငြိမ်းချမ်မှုမျိုး သူ့ဘဝတွင် မခံစားခဲ့စဖူး။
"အင်း.. ကြားမိတယ် "
ကုတင်ပေါ်တွင် မှီထိုင်နေသော ရှန်လျန်က လက်ထဲမှ စာအုပ်အား ချလိုက်ကာ သူ့ကိုကြည့်လိုက်သည် ။ သူဒီရက်ပိုင်း အိမ်ပြင်မထွက်သော်လည်း လေ့ကျန်းနှင့် သိုင်းသင်နေသော ချီရွှမ်း၏ ဆရာမှ သတင်းပေါင်းစုံကြားရတတ်၏။
မင်းသမီးယွဲ့ဟွား၏ နန်းတော်တွင် သုံးရက်တိုင်တိုင် ပွဲကျင်းပမည့်အကြောင်း၊ ပါမောက္ခ အိမ်တော်မှ သွေးနီရောင် ကျောက် အခိုးခံရသည့်အကြောင်း စသဖြင့်သတင်းစုံ၏။
"အဲ့တာဆို? လျန်လျန် သွားမှာလား၊ ဘာပဲဖြစ်ဖြစ် ဒီ တုံးလင် အိမ်ထက် မင်းသမီးယွဲ့ဟွားရဲ့ နန်းတော်က ပို ဇိမ်ကျတယ်လေ"
မကြာခင်ကမှ ပြန်လာသည့် ချီရွှမ်းက သူ့ဆီအမြန်ရောက်လာကာ ပြောသည်။ အဆုံးမှာ သူ့အသက်က ဆယ့်ခြောက်နှစ်သာ ရှိသေးပြီး စူးစမ်း စပ်စုတတ်သည့်အရွယ်သာ ရှိသေးသည်။
"မင်း... နည်းနည်းပါးပါး မထိန်းသိမ်းတတ်ဘူးလား"
ချီယွဲ့က သူ့ခေါင်းကို ဂေါက်ခနဲ ခေါက်လိုက်သည်။ သူ့စကား ကြောင့် တစ်ကယ်တမ်း ရှန်
လျန်မည်သို့မျှ မခံစားရပါ။
"ဇိမ်ကျတဲ့အကြောင်း ပြောချင်ရင် နန်းတော်အပြင် ချင်ဖင်းအိမ်က ဇိမ်အကျဆုံးပဲ၊ ဝေအိမ်တော်လည်း မဆိုးဘူးဆိုပေမယ့် ချင်ဖင်းလောက် မခမ်းနားဘူး၊ ကိုယ့်ဘက်ကိုယ် ယက်ရရင်တော့ ဝေအိမ်တော်ကိုပဲ ကောင်းတယ် ပြောရမယ်"
ချင်ဖင်းမြို့စားသည် အကောင်းတကာ့ အကောင်းဆုံး ဇိမ်အခံတတ်ဆုံး မင်းသားတစ်ဆူဖြစ်သည်ဟုပြောကြသည်။ ဧကရာဇ် ထက်ပင် ပို၍ အကောင်းကြိုက်တတ်သည် ဟူသတတ်။
တော်ဝင်မျိုးနွယ်က ဝေအိမ်တော်လောက် ဂုဏ်သတင်းမကျော်စောသော်လည်း ရှန်လျန့် စိတ်ထဲ ခံစားမိနေသည်က အမည်ဝှက်ဖြင့် စစ်တပ်အာဏာကို ချုပ်ကိုင်ထားနိုင်သည့် ချင်ဖင်းမြို့စားမှာ အလွန်ထက်မြက်သော လူ ဖြစ်မည်ဟု။ ဘယ် ဘုရင်ကို မဆို ရတက်မအေးအောင် လုပ်မည့်လူစားဖြစ်သည် မဟုတ်ပေလော?
အရင်ဘဝမှာ ဖေးယွမ်ရွှင်းက စစ်ပွဲထဲ အသတ်ခံလိုက်ရပြီးကျဆုံးသွားသည်။ အတွေးထဲ နစ်မျှောရင်း သူ့မျက်ဝန်းထဲတွင် ခရမ်းရောင် ပုံရိပ်အား မြင်ယောင်လာမိသည်။ ရှန်လျန် မျက်မှောင်ကြုံ့လိုက်၏။ သံသယ ရှိတဲ့ အသေးစိတ်အချက်အလက်က အစ မရှောင်ဖယ်တဲ့ ဖေးယွမ်ရွှင်းဆိုတဲ့လူက အတော် ခန့်မှန်းရခက်တဲ့ သူပဲ။
"လျန်လျန်...လျန်လျန်ရေ?"
"အာ...?"
"နာမည်ခေါ်နေတာ အကြာကြီးပဲ၊ ဘာတွေတွေးနေတာလဲ"
ချီယွဲ့မှာ စိုးရိမ်တကြီးနှင့်။ ရှန်လျန် စိတ်စုစည်းကာ ပြုံးပြလိုက်သည်။
"ဘာမှ မဟုတ်ပါဘူး၊ ကျွန်တော်တို့ပြောနေတာ ဘယ်နားရောက်သွားပြီလဲ"
"......"
ချီညီအစ်ကိုမှာ ထိုစကားကြားပြီး ဆွံ့အ သွားကြသည်။
"တစ်ကယ်ပါ ဘာမှ မဟုတ်ဘူး ဒီတိုင်း ဖြစ်ပြီးခဲ့တဲ့ ကိစ္စတွေအကြောင်းတွေးနေမိလို့"
တစ်ချက်ကြည့်လိုက်သည်နှင့် ထိုညီအစ်ကို၏ သံသယ မျက်ဝန်းတွေကြောင့် ရှန်လျန်မှာ ကူကယ်ရာ မဲ့သွားသည် ။ သူလည်းမည်သို့ရှင်းပြရမည်မှန်းမသိတော့ချေ။
"မိုးက ရက်အတော်ကြာ ရွာပြီးနေပြီ ၊သခင်လေးခေါင်းကိုက်ပျောက်အောင် ဘယ်လိုလုပ်ပေးရမလဲ ဆိုတာ ရှာမတွေ့သေးဘူး၊ မနက်ဖြန်ဆို ဖုယွင်ရှီးနဲ့ချိန်းထားတဲ့ရက်ကလည်း ရောက်ပြီ၊ သူနဲ့တွေ့ဖို့ နောက်နှစ်ရက်လောက် နောက်ဆုတ်လိုက်သင့်လား?"
ချီယွဲ့က မေးခွန်းတွေ ဆက်မမေးတော့ပဲ ခေါင်းစဉ်ပြောင်းလိုက်တယ်။
"ဦးလေး ရဲ့ ရောဂါက နောက်ကျမှကုလို့မရဘူး၊ ကျွန်တော်လည်း အဲ့လောက်ကြီး ခေါင်းမကိုက်တော့ပါဘူး သက်သာ လာပြီ ၊ အချိန်သိပ်မယူပဲ သွားပြီးပြန်လာရုံပါပဲ။ ပြီးတော့ နှစ်ရက်လောက် နန်းတော်ကို သွားရမယ်။ အလှူအတွက်လို့ ခေါင်းစဉ်တပ်ထားတော့ တစ်ခုခု လှူဖို့ သေချာပေါက် လိုအပ်တယ်။ တန်ဖိုးရှိပစ္စည်းအားလုံးကကျောက်လန်ရဲ့လက်ထဲမှာလေ..... ကျွန်တော်တို့အတွက် သူမ လှူပေးမှာ မဟုတ်ဘူး၊ လျိုရှုဟန်ကိုလည်း စောင့်ကြည့်နေစရာမလိုတော့ဘူးဆိုတော့ ကိုယ့်အတွက်ကိုယ် ပြန်ကြည့်ရမယ့်အချိန်ရောက်ပြီ၊ ကျွန်တော် ဒီမြို့တော်ဆီ ပြန်ရောက်လာတယ်ဆိုတာ အားလုံးရှေ့ မှာ လှောင်ပြောင်ခံရဖို့မဟုတ်ဘူးလေ..."
မြို့တော်က ဆွေကြီးမျိုးကြီး အသိုင်းဝိုင်းတွေအားလုံးဟာ အလှူပွဲတော်ဆီသွားကြပြီး ပစ္စည်း၊အသုံးအဆောင်တွေ ၊ ကယ်ဆယ်ရေးပစ္စည်းတွေ လှူဒါန်းကြတယ်၊ ဒါကြောင့် သူလှူတဲ့ပစ္စည်းက အသုံးမဝင်ရင် ဒီရက်အတွင်းကြိုးစားထားသမျှ သဲထဲရေသွန်ဖြစ်ကုန်မည်။
"တစ်ကယ် မလွယ်ပါလား"
ချီရွှမ်းက စိတ်ညစ်ညူးကာ ငြီးသည်။ ချီယွဲ့က အကြီးပီပီ ထိန်းချုပ်တတ်ကာ...
"အဲ့အတွက် ပြင်ဆင်ရမယ်၊ ငွေ သွားလှူတာက ကောင်းပေမယ့် မင်းသမီးယွဲ့ဟွားရဲ့ အလှူပွဲက ကြီးကြီးကျယ်ကျယ် လုပ်တာဆိုတော့ အားလုံးက အချင်းချင်း စောင့်ကြည့်နေကြတာ ၊ ငွေပဲသွားထည့်ရင်ကျတော့ တော်တော် ပေါ့ပေါ့လျော့လျော့ နိုင်လွန်းတယ်လို့ ဝေဖန်ကြမှာ ၊ အကြီးဆုံးသခင်လေးကလဲ အခုဆို ဂုဏ်သတင်းကျော်စောနေတာ ၊လျန်လျန်က သူ့ညီဆိုတော့ ဘာလုပ်လုပ် လူတိုင်းသတိထားမိမှာပဲ၊ သေသေချာချာ ပြင်ဆင်မသွားရင် အကြီးဆုံးသခင်လေး အပေါ် ထိခိုက်မိလိမ့်မယ်၊ အလှူပစ္စည်းကို ဂရုတစိုက် ရွေးချယ်ရမယ်"
ရှန်လျန့်အနား ပညာသင်ယူနေချိန် အတောအတွင်း ဆေးပညာသာမက လှည့်ကွက် များ၊ အသိုင်းဝိုင်းကြီးများ၏ စည်းမျဉ်းစည်းကမ်းများကိုပါ သင်ယူရသည်။ရက်အနည်းငယ်အကြာ မှာတော့ ဗဟုသုတ တိုးပွားကာ အသိပညာ ကြွယ်လာသဖြင့် ကိုယ့်ကိုကိုယ် ပိုမိုထိန်းချုပ်တတ်ကာ ဆင်ခြင်တွေးတောနိုင်လာသည်။
"ဟင်?"
ချီရွှမ်းမှာ နားထောင်လေ ပိုနားမလည်လေ ဖြစ်ကာ အဆုံးမှာ တော့ တစ်လုံးမှ သဘောမပေါက်လိုက်ပေ။
"ဟဟဟဟ... ယွဲ့ကော ပြောတာ သွားနားထောင်မနေနဲ့ ၊ သူပြောသလောက်လည်း ကိစ္စက မကြီးပါဘူး"
ချီရွှမ်း၏ အမူအရာကြောင့် ရှန်လျန် နှုတ်ခမ်းအုပ်ကာ အသာ ရယ်မိသည်။
"ယွဲ့ကော မစိုးရိမ်ပါနဲ့၊ ကျွန်တော်တွေးထားတာ ရှိတယ် ၊ မနက်ဖြန် ဈေးဝယ်ထွက်ကြစို့"
"အွန်း အဲ့တာဆို ပိုက်ဆံများများ ထည့်ခဲ့မယ်လေ၊ မြို့တော်က ပစ္စည်းတိုင်း က အရည်အသွေးကောင်းသလို ဈေးလဲ အရမ်းကြီးတယ်"
ရှန်လျန်က အသုံးလိုတယ်ဆိုရင်တောင် ချီယွဲ့က ပုံးပေါလအော ထုတ်မသုံးဝံ့ချေ။ ဤသည်က ကပ်စေးနှဲတာ မဟုတ်ပဲ ချွေတာ သင့်သည်ဟု ထင်မိသောကြောင့်ဖြစ်သည်။
"ဟဟဟ...."
ရှန်လျန် ထပ်ရယ်မိသည်။ ချီယွဲ့က တစ်ကယ်ပဲ အနောက်ဆောင်ကို ထိန်းသိမ်းဖို့သင့်တော်တယ်။အနာဂါတ်မှာ ဘဏ္ဍာထိန်းဖို့ သူ့ကိုတာဝန်ပေးလိုက်ရင် ဘာမှ စိုးရိမ်နေစရာမလိုတော့ပေ။
သို့သော် လစ်လပ်နေသည်က အိမ်တော်ထိန်းပင်။ အတွေ့အကြုံရှိသော အိမ်တော်ထိန်း ရှိမှ ခြံဝန်းတစ်ခုလုံးကို စောင့်ကြည့်နေနိုင်ပြီး သူတို့ အပြင်သွားပါကလည်း အခြားသူများမသိစေရန်ဖုံးဖိထားနိုင်ပေမည်။ လူရှာပေးရန် အရိပ်တပ်ဖွဲ့အားပြောထားပြီးဖြစ်သဖြင့်မကြာခင် တစ်ယောက်လောက်ရှာတွေ့ဖို့မျှော်လင့်မိသည်။
နောက်တစ်ရက် ရောက်သွားသော်လည်း မိုးကတော့ ဆက်လက်ရွာသွန်းနေဆဲ။ အစေခံနှစ်ယောက်နှင့်သခင်ငယ် တို့သည် သာမာန်အဝတ်အစားသာ ဝတ်ဆင်လျက် အိမ်ပြင်ထွက်လာကြသည်။
တုံးလင်အိမ်တော်အား ချန်ထားရစ်ကာ ဆေးဆိုင်တစ်ခုရှေ့သို့ဖြတ်အလျှောက် ရှန်လျန်ရပ်တန့်လိုက်ပြီး ငွေရောင်အပ် တစ်ဘူး ဝယ်ခဲ့ရန် ချီရွှမ်းအား စေခိုင်းလိုက်သည်။ ထို့နောက်ပတ်ဝန်းကျင်အား စနည်းနာလျက်ဖြင့် ဖုယွင်ရှီး ၏ အိမ်သို့ ဂရုတစိုက် ဆက်လျှောက်လာကြသည်။
"အပြင်မှာ မိုးရွာနေတာကို ကောင်လေးတို့ လာနေ သေး....အမ်း နောက်မှ လာရင်လည်း သိပ်တော့ မထူးခြားပါဘူးလေ၊ လာလာ မြန်မြန်အိမ်ထဲဝင်ပြီး ရေနွေးကြမ်းပူပူလေးသောက်လိုက်"
လွန်ခဲ့တဲ့ တစ်ပတ်နဲ့ယှဉ်ရင် ဖုရင်ရဲ့ အခြေအနေက အတော်တိုးတက်လာသည်။ ချောင်းပင်မဆိုးတော့ပဲ သူတို့အား အိမ်ထဲသို့ ဖိတ်ခေါ်နိုင်သည်။ ဖုယွင်ရှီးက လူတိုင်းအတွက် ရေနွေး တစ်ခွက်စီ ငှဲ့ပေးသည်။
"ဦးလေး ကိုကြည့်ရတာ သက်သာ လာတယ်ထင်တယ်.. ဟုတ်လား"
ရေနွေးခွက်အား ချကာ အပြုံးကလေးဖြင့် ရှန်လျန်မေးသည်။
"ဟုတ်တာပေါ့ သခင်လေးရဲ့ဆေးက အတော်စွမ်းတယ် ၊ နှစ်ရက်နဲ့ ကို ချောင်းဆိုးပျောက်သွားတာ ၊ သခင်လေးကို ဘယ်လိုကျေးဇူးတင်ရမလဲ မသိတော့ဘူးဗျိုး"
သူနှင့်မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်ကာ စိတ်လှုပ်ရှားဝမ်းသာ မှုများ ပေါ်လွင်နေလျက် ဖုရင်ပြောသည်။ မူလက ရှန်လျန်ကုသပေးနိုင်မယ်ဆိုတာ သူ မယုံကြည်ခဲ့ပေ။ သို့သော် နှစ်ရက်နှင့် ရောဂါ အရှင်းပျောက်လုနီးပါးပင် ဖြစ်ခဲ့သည်။ အသက်ဆက်ရှင်ရမည်ဆိုလျှင် မည်သူက သေချင်ဦးမည်နည်း?
"ရပါတယ် ဦးလေး ၊ ဦးလေးရဲ့ သားက သူ့ကိုယ်သူ ကျွန်တော့ဆီ ပေးထားပြီ မဟုတ်လားလေ"
"အာ..."
ရှန်လျန်၏ စကားက တည့်တိုးဆန်သည်။ ဖုရင်မှာ အနည်းငယ် ကြောင်အ သွားလျက် ရယ်မောလာသည်။ သူနှင့်သူ့သားက မိမိအနေအထားမိမိ သိပါသည်။ သူတို့မှာ ကောင်းကောင်းကန်းကန်းအရာဆိုလို့ အသက်တစ်ချောင်း သာ ရှိသည်။ ရှန်လျန့်ပုံစံကလည်း လူရမ်းကားဟန် မပေါက်သဖြင့် သူ့သားသာ ဒီသခင်လေးနောက်လိုက်ရင် အနည်းဆုံးတော့ လုံလုံခြုံခြုံ နေနိုင်မည်။
တော်ဝင် စာမေးပွဲမှာ ခိုးချသူဟု စွပ်စွဲခံရကတည်းက ဖုရင်မှာ သူ့သား၏ ဘဝအောင်မြင်မှုအတွက်များစွာ မျှော်မှန်းမထားတော့ချေ။ ဘဝတစ်လျှောက် အေးအေးချမ်းချမ်းသာ ဖြတ်သန်းသွားစေချင်တော့သည်။
"ဦးလေး... ကျွန်တော် သွေးခုန်နှုန်းစမ်းကြည့်ပါရစေ"
ရှန်လျန်ပြောသဖြင့် ဖုရင် လက်ဆန့်ထုတ်ပေးလိုက်သည်။
"ရှန်သခင်လေး ကျုပ်ကို ဦးလေး လို့ ခေါ်မယ့်အစား ဦးလေး ဖုလို့ နာမည်တပ် ခေါ်လို့ရပါတယ်"
ကပ်သပ်ပြောရရင် ရှန်လျန်က သူတို့သားအဖရဲ့ သခင်ပဲလေ၊ သူစိမ်းဆန်ဆန် ခေါ်ပြောနေလို့ ဘယ်ဖြစ်ပါ့မလဲ?
"အမ်း...."
လက်ကောက်ဝတ်ပေါ် လက်ချောင်းတင်လျက်ဖြင့် ရှန်လျန် ခေါင်းငြိမ့်၏။ တစ်ခဏ အကြာတွင် သူ့မျက်လုံးထဲ အလင်းတစ်ချက်လက် ခနဲ ဖြစ်သွားပြီး လက်ကောက်ဝတ်ပေါ်မှ လက်ပြန်ရုတ်လိုက်သည်။ ဖုယွင်ရှီးက စိတ်လှုပ်ရှားလျက် မေးသည်။
"ဘယ်လိုလဲ၊ အခြေအနေ? ကျွန်တော့ အဖေ နေပြန်ကောင်းလာနိုင်လား"
ယခုအချိန်တွင် အဖြစ်ချင်ဆုံးအရာက သူ့အဖေ နေပြန်ကောင်းနိုင်ဖို့ပင်။ အခြားအရာတွေအတွက် က အချိန်တွေအများကြီးရှိသေးသဖြင့် နောက်မှ လုပ်လည်းရသည်။
"ဦးလေးဖုရဲ့ ခန္ဓာကိုယ်က ကိုယ်ခံအားကောင်းလာပြီဆိုတော့ အရင် တစ်ခါပေးခဲ့တဲ့ ဆေးစာအတိုင်း ဆက်မတိုက်တော့နဲ့၊ ရောဂါအရှင်းပျောက်ပြီလို့ပြောတာမဟုတ်ဘူးနော် ဆေးတစ်ကြိမ်မသောက်တာနဲ့ အရင်ထက်ပိုဆိုးသွားလိမ့်မယ်၊ အခု ကိုယ်ခံအားအလိုက် ဆေးစာ အသစ်ရေးပေးခဲ့မယ်၊ နှစ်လ ကနေ သုံးလ အထိ ဆက်ကုမှရမယ် တစ်ခုရှိတာက....."
ရှန်လျန် တစ်စုံတစ်ခုအားတွေးနေသဖြင့် ဖုယွင်ရှီးမှ စိတ်စောစွာ မေးသည်။
"တစ်ခုရှိတာက.... ဘာတဲ့လဲ?"
ခုချိန်ဘာပဲ လုပ်ခိုင်းပါစေ သူ့အဖေကို ကုသပေးနိုင်မည်ဆိုပါက သူသေချာပေါက် သဘောတူမည်ဖြစ်သည်။
Words 2432
Grape🍇