'ဖုရင်၏ အတိတ်'
"အဲ့တာဆို ဦးလေးဖုက ဝေပြည်ထောင်ရဲ့ မင်းသားတစ်ပါးလား"
တော်သေး၍ ရှန်လျန်၏ လက်ခံနိုင်စွမ်းက လျင်မြန်သည်။ စိတ်တည်ငြိမ်သွားတာနဲ့ မယုံနိုင်ဖြစ်ရသည့် အကြောင်းရင်းကို မေးမြန်းသည်။ ဝေပြည်ထောင်ရဲ့ အင်အားကို အထင်သေး၍မရချေ။ လက်ရှိတိုးတက်မှုအခြေအနေက ချင်ပြည်ထောင်နဲ့ ယှဉ်နိုင်သည့်အနေအထားပင်။ဦးလေးဖုက ကလေးတစ်ယောက်ပိုက်ပြီး အနောက်တောင်ကုန်းပြင်ကို ခက်ခက်ခဲခဲဖြတ်လာခဲ့ရသည့် အကြောင်းရင်းတွေ ရှိလိမ့်မည်။ မဟုတ်ရင် ဒီလောက် အဝေးကြီး နယ်ကူးလာစရာမရှိဘူးမလား။
"အဲ့လိုမဟုတ်ဘူး..."
ဖုရင်က လက်တခါခါခေါင်းတခါခါ ငြင်းသည်။ ရှန်လျန်နဲ့ ဝေကျစ်ချန်၏ တိုးမြင့်လာတဲ့ သံသယအကြည့်တွေကြားမှာ သေချာရှင်းပြလာသည်။
"ဒီကိစ္စက ပြောရမှာ နည်းနည်းတော့ရှုပ်တယ်၊ ဦးလေးက မင်းသားမဟုတ်ပါဘူး၊ ဝေပြည်ထောင်ရဲ့ လက်ရှိဧကရာဇ်ငယ်စဉ်က မင်းသားငယ်ဘဝမှာ ကြည့်ရှုပေးခဲ့တဲ့ နို့ထိန်းအမျိုးသမီးရဲ့ သားပါ၊ အရင်မင်းကြီးလက်ထက်မှာ ပြည်ထဲရေးရှုပ်ထွေးတဲ့အချိန်မှာတောင်မှ လက်ရှိဧကရာဇ်က ဝန်မင်းတွေနဲ့ အဆက်အဆံကောင်းပြီး ခုံရုံးကို သူ့ဘက်အောင်အောင်မြင်မြင် သိမ်းသွင်းထားနိုင်ခဲ့တယ်၊ အဲ့လိုနဲ့ ဧကရာဇ်ဟောင်းက တနေ့မှာ နာမကျန်းဖြစ်ပြီးနတ်ရွာစံတော့ ရည်ရွယ်ထားတဲ့ ထီးနန်းကို လက်ရှိမင်းကြီးက စီစဉ်ထားတဲ့အတိုင်း နန်းတက်နိုင်ခဲ့တယ်၊
ဦးလေးက သူနဲ့ ငယ်ပေါင်းလို အနီးကပ်တူတူကြီးပြင်းလာတာဆိုတော့ ရည်ငံမိတယ်ပေါ့၊ အရွယ်ရောက်တဲ့ထိ ချစ်သူတွေ ဖြစ်ခဲ့ပေမယ့် အဆုံးမှာတော့ ဦးလေးက နို့ထိန်းရဲ့သား သာသာပဲလေ၊ ကြင်ယာတော်ဖြစ်ဖို့ အရည်အချင်းမပြည့်ဘူးမဟုတ်လား၊ အဲ့ဒီတော့ သဘာဝကျကျ တော်ကောက်ပွဲ ကျင်းပပြီး ရွေးချယ်ခံရတဲ့ မိဖုရားတစ်ပါးက တရားဝင်ကြင်ယာတော်ဖြစ်သွားတယ်၊ အဲ့ဒီအချိန်တုန်းက ဦးလေးတို့နှစ်ယောက်လုံးရဲ့ အသက်က ဆယ့်လေးနှစ်ပဲ ရှိသေးတာ၊ အာဏာလွှမ်းနိုးနိုင်တဲ့ အမတ်မင်းတွေကို သိမ်းသွင်းထားနိုင်ဖို့ရာ အရှင်မင်းကြီးက တိုင်းပြည်အတွက် သားတော်ဖွားမြင်ပေးမှ အကျိုးရှိမှာဆိုတော့ ဦးလေးလည်း အိမ်တော်ကနေ ရှောင်ပေးခဲ့တယ်...
သုံးနှစ်လောက်ကြာသွားပြီးတော့ မိဖုရားခေါင်က အိမ်ရှေ့စံမင်းသားကြီးကို ဖွားမြင်ပေးနိင်ခဲ့တယ်၊ မကြာပါဘူး... ဦးလေးကို နန်းတွင်းထဲ ဆင့်ခေါ်တဲ့အမိန့်စာကျလာတယ်...ဒါပေမယ့် အရှင်မင်းကြီးက ဦးလေးအပေါ် အပြစ်ရှိစိတ်ကြောင့်ထင်တယ်၊ ကိုယ်လုပ်တော်အဖြစ် ေနမလားဆိုပြီး... ဦးလေးရဲ့ သဘော စိတ်ကြိုက်ရွေးချယ်စေခဲ့တယ်၊ ဒါပေမယ့် သူက သားနဲ့မယားနဲ့ ဖြစ်သွားတဲ့အပြင် ဦးလေးက ကိုယ်လုပ်တော်တွေ အများကြီးကြားမှာ နေရမှာဆိုတော့ စိတ်က အဆင်မပြေဘူးလေ... အဲ့တာကြောင့်ငြင်းလိုက်တယ် ..သဘောမတူတော့ သူလည်းအဆောင်တော်မှာ ဒီတိုင်းထားပစ်ခဲ့တာ အဲ့ကတည်းက လာကိုမကြည့်တော့ဘူး ၊
အဲ့ဒီတော့မှ ဦးလေး သဘောပေါက်သွားခဲ့တာ.. သူက ဦးလေးထင်သလို ရိုးရှင်းတဲ့ မင်းသားတစ်ပါးမဟုတ်ခဲ့ဘူးဆိုတာ... အဲ့လိုနဲ့ ဆယ်လအကြာမှာ ယွမ်ရှီးကို ကိုယ့်ဘာသာ မွေးခဲ့တယ်၊ မထင်ထားမိတာက အိပ်ဆောင်မှာ နေရင်းထိုင်ရင်း နန်းလုဖို့ ဆန္ဒမရှိပါပဲနဲ့ မိဖုရားခေါင်က မနာလိုစိတ်နဲ့ ဦးလေးသောက်နေကြဆေးထဲ အဆိပ်ခတ်ခိုင်းတယ်၊ နောက်ထပ် ကိုယ်ဝန်မဆောင်နိုင်တဲ့ဆေးတဲ့၊
အရှင်မင်းကြီး ဒီကိစ္စကို သိသွားပါတယ်၊ ဦးလေးထင်တာ သူ တရားမျှတမှု ရှာပေးလိမ့်မယ်ပေါ့၊ ဘယ်ကသာ.. စကားနည်းနည်းနဲ့ သတိပေးလိုက်ရုံပဲလုပ်ခဲ့တာ အပြစ်တောင် မပေးခဲ့ဘူး၊ ဦးလေးကို အကြောင်းပြချက်တော့ပေးပါရဲ့... မိဖုရားတစ်ပါးနဲ့ တိုင်းပြည်ဘုရင်ဆိုတဲ့ ဂုဏ်ကိုထိန်းဖို့ လိုအပ်လို့ပါတဲ့လေ...အဲ့ဒီအခိုက်အတန့်မှာပဲ ဦးလေးရဲ့ခံစားချက်တွေ သေဆုံးသွားတယ်၊ ယွင်ရှီးဆ်ိိုရင် ခဏခဏ ကိုယ်လုပ်တော်တွေ လုပ်ကြံတာခံရတယ်၊ ဒါတွေကို သိသိရက်နဲ့ တစ်ကြိမ်တစ်မျိုး ဆင်ခြေပေးပြီး ဦးလေးတို့ဘက် မရပ်တည်ပေးခဲ့ဘူး၊ အဲ့တာကြောင့် ယွင်ရှီးကို ချီပြီး နန်းတွင်းထဲက ထွက်သွားဖို့ ဆုံးဖြတ်လိုက်တာ..
အရင်ဆုံး အမေ့ရဲ့ အုတ်ဂူဆီ သွားကန်တော့နှုတ်ဆက်ပြီး တာ့ချင်ရဲ့ နယ်စပ်ဆီ အစောင့်တချို့ရဲ့ အကူအညီနဲ့ ပြေးခဲ့တယ်၊ သုံးနှစ် ကလေးကိုတောင် အဆိပ်ခတ်သေးတာပဲ ...ကူညီပေးခဲ့တဲ့ အစောင့်တွေကို သေချာပေါက် အသက်ချမ်းသာမပေးပဲ သူတို့ သတ်ပစ်လိုက်ကြတယ်၊ ဆယ့်ရှစ်နှစ်ကြာပြီး ခုတော့ မြို့တော်မှာ ဦးလေးတို့လည်း အခြေတကျဖြစ်နေပြီ ၊ ဝေပြည်ထောင်က လူတွေနဲ့ ထပ်တွေ့စရာအကြောင်းမရှိတော့ဘူးလို့ ထင်ခဲ့တာ...ယွင်ရှီး အဲ့ဒီတိုင်းပြည်ကို ပြန်သွားမှာမျိုး မလိုချင်ဘူး၊ ဟိုလူတွေက အရမ်းရက်စက်တဲ့လူတွေ... ဦးလေးက..ဦးလေးက"
ဖုရင်က စကားဆက်မပြောနိုင်တော့ပဲ ရင်ထဲစို့နင့်လာသည်။ ဝေဟုန်ရွှမ်းက သံတမန်အဖြစ် ချင်ပြည်ထောင်လာတော့ ပညာရှိအမတ်ယွင်ရှီးနဲ့ တွေ့၏။ တွေ့ပြီးကတည်းက သားကိုလည်း အကြောင်းစုံပြောပြပြီး ငိုခဲ့သည်။ အခုလျန်လျန့်ဆီအတိတ်ကို နောက်ကြောင်းပြန်ေပြာလည်း ရင်ကွဲပြီး ထပ်ငိုမိသည်။ သူက လက်တုံ့ပြန်ချင်တာလည်းမဟုတ်၊ ပြန်သွားချင်တာလည်း မဟုတ်၊ ထီးနန်းလုပွဲကြားရုန်းကန်ရတာလည်း မကြိုက်ပဲ သားဖြစ်သူနဲ့ အေးချမ်းတဲ့ဘဝမှာပဲ ရိုးရှင်းစွာ နေချင်ရုံ။
"ခင်ဗျားသူ့အတွက် ကလေးမွေးပေးတာတောင် သူက ဂုဏ်ပုဒ်လေးတစ်ခုတောင် မပေးခဲ့ဘူးလား"
ဝေကျစ်ချန်က ကဲ့ရဲ့ရှုံ့ချသည်။ ဝေဧကရာဇ်က အသိတရားခေါင်းပါးလှသည်။ ဖုရင်ကို အလေးမထားရင်တောင် ကလေးကို မျက်နှာသာပေးသင့်လေသည်။
"အဲ့လိုတော့ မဟုတ်ပြန်ဘူး၊ ယွင်ရှီးအသက်ပြည့်တဲ့အခါ ကြင်ယာတော် ခန့်အပ်ချီးမြှင့်ပေးမယ်လို့ပြောဖူးတယ်၊ ဦးလေးက မစောင့်နိုင်ပဲ ထွက်လာတာဆိုတော့"
ဖုရင် အတိတ်ကို ပြန်တွေးမိပြီး ငယ်ရွယ်စဉ် ရွေးချယ်မှုမှားခဲ့တာကို နောင်တရမိသည်။ ထွက်ပြေးဖို့ကို ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်မချခဲ့ရင် ယွင်ရှီး သတ်ခံရတာ ကြာနေလောက်ပြီ၊ မောင်းမဆောင်ဆိုတာ အစကတည်းက အပေါ်ယံကြည့်လှပြီး အတွင်းမှာ လှိုက်စားနေတဲ့ အခေါင်းပုပ်ကြီးပဲဖြစ်သည်။
"...."
ဝေကျစ်ချန် ဆွံ့အနေမိသည်။ သူသည်လည်း ငယ်စဉ်က ခင်ပွန်းကို နောက်မယား မယူရန် တားမြစ်ခဲ့သည်။ မျှဝေသုံးစွဲရတာကို မနှစ်သက်သည့်သူဖြစ်တဲ့အတွက် ဖုရင်ကို နှစ်သိမ့်ပေးရမယ့်စကားရှာ မတွေ့ခဲ့ချေ။
"ဦးလေးဖု.. ယွင်ရှီးက ဘယ်လိုတွေးလဲ"
ဒီကိစ္စဖြေရှင်းဖို့လွယ်မလွယ်ဆိုတာ ကာယကံရှင်တို့အပေါ်သာ မူတည်သည်။
"သူ သူဘာမှတော့ မပြောဘူး၊ အရင်နှစ် အမှုထမ်းစစ်ဆေးပွဲဖြေပြီး စွပ်စွဲခံရပြီးနောက်ပိုင်း စကားများများ မပြောတော့ဘူး အဲ့ဒီကလေးက၊ ဦးလေးလည်း မေးရမှာ တမျိုးဖြစ်တာနဲ့"
"နောက်မှ သူ့အတွေးကို ကျွန်ေတာ်မေးလိုက်ပါမယ်၊ ဦးလေးဖုရဲ့ အတွေးကရော .. ပြန်ချင်လား အဲ့ဒီကို"
ရှန်လျန်က ဖုရင်ရဲ့ အတွေးကို သေချာမေးသည်။ အပြင်လူအနေနဲ့တောင် သည်းမခံနိုင်တာ ဦးလေးဖုတို့ဆိုပိုဆိုးလိမ့်မည်။ ဘာလဲ ဒါ... ဝေလူမျိုးတွေ ချင်တိုင်းပြည်ထဲ လာရမ်းကားရဲသလား...ဦးလေးဖုရဲ့ မိသားစုဝင်အနေနဲ့ ရှန်လျန် လက်မခံနိုင်ချေ။ သို့ပေမယ့် တစ်ဖက်သူရဲ့ သဘောထားကို လေးလေးစားစားမေး၏။
"လုံးဝ ပြန်သွားမှာ မဟုတ်ဘူး၊ အတိတ်လို ပြန်နေဖို့ဆိုတာက ဦးလေးတို့နဲ့လည်း မသင့်တော်တော့ဘူး၊ ချင်ပြည်ထောင်မှာ သာမာန်ပြည်သူလိုနေလာတာပဲ ယွင်ရှီးတသက်ဆိုတော့"
ဖုရင်က နှစ်ခါပြန်တွေးမနေပဲ အပြတ်ငြင်းသည်။ လျန်လျန်နဲ့ နေလာတဲ့တလျှောက် ရှန်မိသားစု အရှုပ်အထွေးကိုမြင်တော့ ပိုလို့တောင် သင်ခန်းစာရသည်။ ဧကရာဇ်ကိုလည်း အဆုံးစွန်ထိ စိတ်ပျက်ခြင်းအတိ ဖြစ်ခဲ့ပြီးပြီ၊ ချစ်တာက ချစ်တာတပိုင်း ထိုလူအတွက် အချစ်ထက် အခြားအရာတွေက ပိုအရေးကြီးနေခဲ့သည်။ သူလိုချင်တဲ့ မေတ္တာမှ မပေးနိုင်တာလေ....
" ဒါဆို ဘာပြဿနာမှ မဖြစ်နိုင်ဘူး၊ ဝေတိုင်းပြည်ရဲ့ တော်ဝင်မင်းသားကို ဦးလေးတို့က ဘယ်သူဖြစ်ကြောင်း အရင်ထုတ်မပြောသရွေ့ အတိတ်ကိစ္စတွေ ပေါ်မှာမဟုတ်ဘူး၊ အဆိုးဆုံး ယွင်ရှီးက အဲ့ဒီမင်းသားနဲ့ ရုပ်ချင်းဆင်ရင်တောင် ဘာဖြစ်လဲ ..ဒီကမ္ဘာကြီးမှာ နာမည်တူမရှား လူတူမရှားလေ"
ဝေမင်းသားကလည်း တကူးတကကြီး ယွင်ရှီးကိုသံသယဝင်ရလောက်အောင် အားလပ်နေမည်မထင်၊သူ့ခမည်းတော်က ချင်တိုင်းပြည်ထိ မေတ္တာပေါများနေမယ်လို့လည်း မတွေးလောက်။ ပြီးတော့ သူဒီကိုရောက်ကတည်းက ယောင်းကွမ်အား နောက်ယောင်ခံလိုက်ခိုင်းထားတာဆိုတော့ ဘာပြဿနာမှ မရှိတာသေချာသည်။
နှစ်အကြာကြီး ပုန်းရှောင်ထွက်ပြေးလာတဲ့ ဖုရင်က ရုတ်တရက် ဝေမင်းသားကိုတွေ့တော့ ထိတ်လန့်သွားရုံတင်ဖြစ်သည်။ ယွင်ရှီးက အရွယ်ရောက်ပြီး လူငယ်ဖြစ်တဲ့အပြင် ဆင်ခြင်တွေးတောနိုင်စွမ်းက အများထက်ပိုထူးချွန်သူ မလို့ စိုးရိမ်စရာရှိမည်မထင်။
"အင်း လျန်လျန်ပြောသလိုပဲ ဖြစ်မှာပါ"
ထိုအခါမှ ဖုရင် စိတ်သက်သာရာရသွားသည် ။မည်သို့ပင်ဆိုစေ ယွင်ရှီးဘာတွေးနေမှန်း မသိတာကြောင့် အနည်းနဲ့အများ စိုးရိမ်နေမိသေး၏။
"ဦးလေးဖု စိတ်အေးအေးထားပါ"
လျန်လျန် က တစ်ဖက်သူ စိတ်မချနိုင်ဖြစ်နေတာတွေ့တော့ နှစ်သိမ့်ပေးလာသည်။
"ဦးလေးဖုရယ် ယွင်ရှီးက ကလေးလည်းမဟုတ်တော့ဘူး၊ ပြီးတော့ ပညာအရာမှာ ထူးချွန်လွန်းလို့ ချီးမြှောက်ခံထားရတဲ့သူနော်၊ သူ့အဖေ မဖြစ်စေချင်တာကို သူလုံးဝ လုပ်မှာ မဟုတ်ဘူး၊ အဲ့တာတော့ ကျွန်တော် သေချာပေါက် ပြောနိုင်တယ်"
"အင်း..."
ထိုအခါမှ သူ့ကို စိုးရိမ်တကြီး ကြည့်နေကြတဲ့ သားအဖကို သတိပြုမိတော့၏။ ရင်ထဲနွေးသွားရပြီး မပြုံးပဲ မနေနိုင်တော့ပါ။
"ဒီနေ့ ယွင်ရှီးသာ ဦးလေးကို မခေါ်ခဲ့ရင် အတိတ်က စိတ်ပျက်စရာတွေကို မေ့လုနီးပါးဖြစ်နေမှန်းသိလိုက်ရတယ်"
ဝေတိုင်းပြည်ကထွက်လာတာ ဆယ့်လေးနှစ်သားထဲက ခု နောက်ထပ် ဆယ့်ရှစ်နှစ်ကုန်လွန်သွားပြီ၊ အချိန်တွေက တစ်ကယ် ကုန်မြန်တာပဲ။
"အတိတ်ကို အတိတ်မှာပဲ ထားခဲ့လိုက်ပါတော့၊ ပစ္စုပ္ပန်နဲ့ အနာဂါတ်ကသာ ပိုပြီး အရေးကြီးတာ မဟုတ်လား၊ နောက်ဆို ယွင်ရှီးလည်း အိမ်ထောင်ကျ သားသမီးတွေရရင် ဦးလေးဖု ပိုပြီး ပျော်ရွှင်ရမှာ"
ဝေကျစ်ချန်က သူ့အတွေ့အကြုံအရ နှစ်သိမ့်ပေးသည် ။သူသည်လည်း သားနဲ့ မြေးနဲ့ ရှိတဲ့အရွယ် တစ်ခုရောက်လာခဲ့ပြီ။
"အား..အဲ့လိုပြောမှ ယွင်ရှီးလက်ထပ်မယ့်ကိစ္စနဲ့ပတ်သက်ပြီး ခေါင်းကိုက်ရဦးမယ်"
ဖုရင် ကူကယ်ရာမဲ့နေသည်။ ရှဲ့ယန်ကို သဘောမကျလို့ မဟုတ်ပဲ ရှဲ့အကြီးအကဲရဲ့ မြေးဖြစ်နေတော့ တစ်ဖက်မျိုးရိုးက အတော်လေး သူတို့နဲ့ကွာခြားနေသည်။ အမြင့်ကို တုံးခုလို့ဖြစ်ပါ့မလားလေ၊ တစ်ကယ်ဆို ဒီအိမ်ထဲက ချီယွဲ့၊ချီရွှမ်းတို့လည်း မဆိုးလှ၊ သူ့သားက အဲ့ဒီနှစ်ယောက်ထဲက ရွေးချယ်ရင် ဘယ်လောက်ကောင်းလိုက်မလဲ။
"ဦးလေးဖု ရှဲ့ယန်က တစ်ကယ်ကောင်းတဲ့သူပါ၊ သူတို့မိသားစုက ကြွယ်ဝချမ်းသာပြီး မင်းမှုထမ်းမျိုးရိုးဆိုပေမယ့် တစ်ခြားသူတွေလို ကြီးကျယ် မောက်မာတာမျိုးမရှိဘူး၊ အရမ်းလည်း ရက်ရောတယ်... ကျွန်တော်တို့ လှူဒါန်းတဲ့ ကိစ္စမှာကြည့်ရင်ပဲ သူက အရာရာ ဂရုတစိုက်အလေးထားလုပ်ဆောင်တတ်ပြီး စိတ်ထားကောင်းတာ မြင်ရတယ်၊
မနက်က ယွင်ရှောင်း သတင်းလာပေးတယ်၊ ရှောင်ကျိုးနဲ့ရှဲ့ယန် မနေ့က ရွာမြေဘက် အပင်သွားစိုက်တာ လက်တွေ ပေါက်ပြဲကုန်တယ်တဲ့၊ သူက အလုပ်နဲ့ သက်သေပြတတ်တဲ့ ချွေးမကောင်းပဲ၊ ယွင်ရှီး သဘောကျတာ မဆန်းဘူး၊ ဦးလေးဖု သဘောတူလိုက်ပါနော်"
"ယွင်ရှီးသဘောကျတယ်ဆိုရင် ဦးလေး တားချင်ရင်တောင် တားလို့ရမတဲ့လားကွယ်"
ဖုရင်က ခေါင်းတခါခါ ရယ်သည်။ ကိုယ့်သားကိုယ် ရက်စက်ရအောင် သူမလုပ်ရက်ပါချေ။ ယွင်ရှီးကိစ္စ သူ့ဘာသာဆုံးဖြတ်ပါစေလေ။
"ဦးလေးဖု သိတဲ့အတိုင်း ဦးလေးသာ တားဆီးခဲ့ရင် ယွင်ရှီးက ရှဲ့ယန်ကို ကြိုက်နေရင်တောင် လက်ထပ်မှာ မဟုတ်ဘူး"
ဖုရင်က သဘောတကျ ရယ်သည်။
"ဝေသခင် လျန်လျန့်ကိုကြည့်ပါဦး ပြောလိုက်တဲ့စကားတိုင်း နားဝင်ကို ချိုနေတာပဲ၊ မြို့စားမင်း က လျန်လျန့်ကို လိုက်နိုင်တာ တစ်ကယ် ကံကောင်းတာပဲ"
"ဟုတ်တယ်ဟေ့... သူ့အစ်ကိုတောင် သူ့ကိုမယှဉ်နိုင်ဘူး၊ လျန်လျန်က တစ်ကယ် နှုတ်ချိုတယ်"
ဝေကျစ်ချန်လည်း သားကိုတစ်ချင်ကြည့်ကာ ချီးမွှမ်းလေသည်။
"ပါပါးရှေ့မှာဆို လိမ်လိမ်မာမာ နေသင့်တာ သဘာဝပဲမဟုတ်လား"
"ဒီကောင်လေး!!"
အားလူံး စိတ်ပျော်ရွှင်စွာ ရယ်မောနေမိသည်။ လျန်လျန်ပြောတာမှန်သည်။ အိမ်သားတွေရှေ့မှာသာ ချိုသာတာ အထူးသဖြင့် ရန်သူတွေဆိုရင် လျန်လျန် စကားပြောမှာကို အရမ်းကြောက်ကြသည်။ သူပြောလိုက်တဲ့ စကားတစ်ခွန်းက လူသတ်နိုင်တဲ့ထိ ပြင်းထန်သည်လေ။
2255 words
Grape 🍇
"...."
2255 words
Grape 🍇