no

Font
Theme

မြို့စားမင်းက အိပ်ရာပေါ်တက်ဖို့ ကြိုးစား

ယနေ့ညသည် တုံးလင်အိမ်သားများ အိပ်မပျော်သည့်ည ဖြစ်သည်။ ရှန်လျန် အိပ်ပြန်ရောက်တော့  စိတ်ရောကိုယ်ပါ ပင်ပန်းလာမှန်း သိသဖြင့် ဖုရင်တို့ကအလိုက်သိစွာ လာမနှောင့်ယှက်ချေ။ ရှန်လျန့်ကိုချောက်ချဒုက္ခ‌ေပးဖို့ ကြိုးစားတဲ့လူတွေက အမျိုးတွေဖြစ်‌နေရာ  ကိုင်တွယ်ရခက်သလို၊ ခံစားရခက်လေသည်။

ဖုရင်တို့လည်း ရင်ထဲခါးသက်သက်ဖြစ်နေကြပြီး ကိုယ်ချင်းစာမိ၏။ ခုချိန်မှာ တစ်ယောက်ထဲ အေးအေးဆေးဆေးနားရအောင် လွှတ်ပေးထားတာ အကောင်းဆုံးအချိန်ပင်။

သူတို့မသိလိုက်တဲ့အချက်က ရှန်လျန်က ထိုလူတွေကို နဂိုထဲက ဆွေမျိုးလို့ တစ်ခါမှ စိတ်ထဲမထည့်ခဲ့တဲ့အပြင်၊ သင်ခန်းစာပေးဖို့ တွေးထားတဲ့အတိုင်း အစဉ်လိုက်ဖြစ်လာတာမို့ အတော်လေး စိတ်ကျေနပ် ကာ ပူပင်သောကဟူ၍ မရှိခဲ့။ ပြန်ရောက်ရောက်ချင်း အခန်းထဲ တန်းဝင်ပြီး အားပြည့်အောင် အိပ်လိုက်သည်။

"အင်း...."

နှစ်နှစ်ခြိုက်ခြိုက် အိပ်လိုက်ပြီး‌နောက် ရီဝေဝေနှင့် မျက်လုံးဖွင့်လိုက်သည်။ နိုးနိုးခြင်းမို့ အမြင်မကြည်လင်ပဲ မှုန်ဝါးနေသည်။ အိပ်မက်‌လား တစ်ကယ်လား ပြတ်ပြတ်သားသားမခွဲခြားနိုင်ခင်တွင် တစ်ဖက်လူ၏ ရင်းနှီး‌နေ သည့် အသက်ရှုသံကို အတည်ပြုလိုက်၏။ ထို့နောက် အပြုံးတစ်ပွင့်က ပါးထက်‌ ပေါ်လာသည်။

"ဝမ်ရယ်က အိပ်ရာပေါ်တက်ရတာ အကျင့်လိုဖြစ်နေပါလား"

စနောက်ရင်း လက်မြောက်ကာ အကြောဆန့်လိုက်သေး၏။

ဖေးယွမ်ရွှင်းက သူ့လက်ကိုဆွဲယူကာ လက်ဖမိုး၌ အနမ်းတစ်ပွင့်ခြွေ၏။

"နိုးပြီလား"

နိုးနိုးခြင်း အသံခပ်အက်အက်ဖြစ်နေပုံက နားထောင်ရုံနဲ့ အတော်လေး ဆွဲဆောင်မှုရှိစေသည်။

"အိပ်ချင်မူးတူးဖြစ်နေတုန်းပဲ၊ ဘယ်အချိန်ရှိပြီလဲ"

ရှန်လျန်က တစ်ဖက်လူရဲ့ လက်ဖဝါးထဲက သူ့လက်ကို ဒီတိုင်းထည့်ထားလိုက်ပြီး ဆက်အိပ်ရန် ပြင်သည်။

"စောသေးတယ်၊ ကိစ္စမရှိဘူး ကြာကြာအိပ်လို့ရတယ်၊ ကိုယ် ဘေးမှာ ရှိတယ်"

"အွန်း..."

သူ့အသံက ချော့သိပ်သလို ငြင်သာ‌နေခြင်းကြောင့်ပဲလား၊ အိပ်ရေးကောင်းကောင်း မဝသေးလို့ပဲလားမပြောတတ် ရှန်လျန်က တစ်ဖက်လူရဲ့ ရင်ခွင်ထဲ တိုးဝင်လိုက်သည် ။ ထို့နောက် လူးလွန့်ကာ သက်တောင့်သက်သာဖြစ်မည့်နေရာရှာတွေ့သည်နှင့် နာနာခံခံငြိမ်ကျသွားတော့၏။

ရှန်လျန်ရဲ့ အလှကြောင့် စိတ်လှုပ်ရှားသွားတဲ့ ဖေးယွမ်ရွှင်းဟာ တစ်ဖက်လူ မျက်ဝန်းပြန်မှိတ်သွားတာလည်း တွေ့ရော ဘာဆက်လုပ်ရမှန်း မသိတော့ချေ။

"အိပ်..အိပ်"

တစ်ခဏ ငေးနေမိပြီးမှ စောင်ဆွဲ‌ခြုံပေးလိုက်သည်။ တစ်ယောက်ကို တစ်ယောက် စည်းခြားထားခြင်းမရှိပဲ ရင်းရင်းနှီးနှီး အိပ်လိုက်ကြသည်မှာ နှစ်နာရီလောက်ထပ် ကြာသွားခဲ့သည်။

ချီယွဲ့၏ တံခါးခေါက်သံကြောင့် နှစ်ဦးလုံး နိုးသွားသည်။ မျက်လုံးဖွင့်ဖွင့်ချင်း တစ်‌ယောက်ကိုတစ်ယောက်တွေ့လိုက်ရတာမို့ ပြိုင်တူ ရယ်မောလိုက်ကြသည်။ သူတို့ပုံစံက ရှက်ရွံ့နေခြင်း အလျဉ်းမရှိပဲ သဘာဝကျသည့် ဇနီးမောင်နှံလိုဖြစ်နေသည်။

"ဒေါက် ဒေါက်!"

"လျန်လျန် နိုးပြီလား"

ချီယွဲ့က စိုးရိမ်စွာ မေးမြန်းလာမှ ရှန်လျန် အိပ်ရာထ လိုက်သည်။

"နိုးပြီ၊ တစ်ခုခု ဖြစ်လို့လား"

"မနေ့က သခင်လေးရှန်ကျိုးပို့လာတဲ့စာထဲ တိုင်ဆန်စား‌တော်ဆက် မှာ တွေ့ဖို့ချိန်းထားပါတယ်၊အရေး ကြီးတဲ့ ကိစ္စဆွေးနွေးဖို့ရှိတယ်တဲ့၊ အချိန်နီးကပ်နေပြီမို့ပါ"

"ကောင်းပြီ၊ ရွှမ်းကောကို အရင်လွှတ်ပြီး သတင်းသွားပို့ခိုင်းလိုက်ဦး၊ ကျွန်တော် မကြာခင် ရောက်မယ်လို့"

စကားဝိုင်းပြီးသွားတာနဲ့ ရှန်လျန်က ရှုပ်ပွနေတဲ့ ဆံပင်ရှည်ကို သိမ်းလိုက်ပြီး ကုတင်အပြင်ဘက်ခြမ်းမှာ ပိတ်ပြီးအိပ်နေတဲ့ ဖေးယွမ်ရွှင်းကို တို့ထိလိုက်သည်။

"ကျွန်တော် အပြင်သွားရမယ်လေ၊ ခင်ဗျားကြားတယ်မို့လား၊ မြန်မြန်ဖယ်ပေးဦး၊ ယွဲ့ကောကိုခေါ်ပြီး ဆံပင်ဖြီးခိုင်းရဦးမှာ"

"ကိုယ့်ထက် အရေးကြီးလို့လား"

စောင့်ပါစေပေါ့! ဖေးယွမ်ရွှင်းက မျက်ခုံးပင့်ရင်း သူ့ကိုတွယ်ကပ်ချင်နေသည်။ ပြီးတာနဲ့ ဆံပင်ရှည်ကို အသာ ဆွဲယူပြီးပြောလိုက်သည်။

"ကိုယ်ဖြီးပေးရမလား"

"ဖြီးတတ်လို့လား"

ဆံပင်ရှည် ရှင်းရတာက ထင်သလောက် မလွယ်တာကြောင့် ရှန်လျန်က သံသယဝင်သည်။

"စမ်းကြည့်ရင်သိပြီလေ... ထပြီး ကိုယ်လက်အရင်သန့်စင်လိုက်"

ပြောပြီးတာနဲ့ ကုတင်ပေါ်ကနေ ဖယ်ပေးလိုက်သည်။ ရှန်လျန်လည်း ထိုအခါမှ အိပ်ရာထကာ အဝတ်စားလဲလှယ်သည်။ သူတို့လှုပ်ရှားသံကြားမှ ထျန်းရှုရောက်လာကာ ကျောက်စိမ်းခါးပတ်လာပတ်ပေးသည်။ ယောင်းကွမ်က ပြတင်းပေါက်ကနေ ခုန် ဝင်လာပြီး ဆေးကြောသန့်စင်ဖို့ရေဇလုံ ယူလာသည်။

"တံခါးကနေ ဝင်ပါဆို လူတိုင်း ဒီပြတင်းပေါက်ကနေပဲ ခုန်ခုန်ဝင်လာနေတယ်"

ရှန်လျန် ခေါင်းတခါခါလုပ်ရင်း ပြတင်းပေါက်ကို လူဝင်မရအောင် သေးသေးလေးလုပ်ပစ်မည်ဟု တေးထားလိုက်သည်။ မဟုတ်ရင် အချိန်မရွေး ဒီဆရာတပည့်တွေ လက်ချက်နဲ့ ပြတင်းဘောင်တွေ ကျိုးပဲ့ကုန်တော့မှာ ။

"ဝမ်ဖေး ကျွန်တော် တစ်ကယ်ပြောတာ၊ ဝမ်ဖေးရဲ့ အိမ်မှာ တံခါးထက်ပြတင်းပေါက်က ပိုကောင်းတယ်"

ထျန်းရှုက မပြောကူတာကြောင့် ယောင်းကွမ်က အကျင့်အရ စွေကြည့်လိုက်သည် ။ ရှေ့နောက် မစဉ်းစားပဲပြောလိုက်တဲ့စကားက အမြီးအမောက် မတည့်ချေ။ ရှန်လျန့်ကိုတော့ ဝမ်ဖေးအဖြစ် နှုတ်ကျိုးနေခြင်းကပင် အဆိုးထဲက အကောင်း။

"ကြိုက်သလိုသာလုပ်တော့"

သန့်စင်ပြီးတာနဲ့ ရှန်လျန် ကြေးမုံရှေ့ထိုင်သည်။ ငယ်သားနှစ်ယောက်က အခန်းထဲမှ ပြန်ထွက်မသွားခင် ရှန်လျန့်နောက် ကပ်လိုက်သွားသော ဖေးယွမ်ရွှင်းအား ကြည့်ကာ ဝေခွဲမရဖြစ်နေကြသည်။

ထိုနှစ်ယောက်လုံးထွက်သွားမှ ဖေးယွမ်ရွှင်းက ရှန်လျန့်ဆံပင်ကိုဖြီးသင်ခြင်းစတင်သည် ။ ခေါင်းဘီးယူပြီး ကျွမ်းကျွမ်းကျင်ကျင် ဆံပင်ပြဿနာသုံးသောင်း ရှင်းလင်းနေပုံက ကြိမ်ဖန်များစွာအတွေ့အကြုံရှိဖူးသလို။

"ကိုယ့်ကိုအဲ့လိုမကြည့်ပါနဲ့၊ ရွယ်ဖုန်းမှာ ပညာသင်တုန်းက ကိုယ်တို့ ကိုယ်တိုင် အကုန်လုပ်ရတာ၊ ကိုယ်ကထင်သလောက် မနူးညံ့နေပါဘူး"

မသင်္ကာသည့်မျက်ဝန်းကို သတိထားမိသည့်အခါ မြို့စားမင်းက ဆံပင်ဖြီးပေးနေရင်း ရှင်းပြ၏။

"ရွှယ်ဖုန်းကို အစေခံ ခေါ်သွားလို့မရဘူးလား"

ရှန်လျန် အလွန်သိချင်စိတ်ဖြစ်မိသည်။ ရွှယ်ဖုန်းဂုဏ်းက ဘာမဆို ကိုယ်တိုင် လုပ်ပြီး အလုပ်သမား မထားဘူးလား?

ဖေးယွမ်ရွှင်းက ခေါင်းခါသည်။

"ရွယ်ဖုန်းဂိုဏ်းက အရမ်းစည်းကမ်းတင်းကြပ်တယ်၊ ဂုဏ်းဝင်တိုင်း စည်းကမ်းလိုက်နာရတယ်၊ အပြင်လူ ခေါ်ဝင်လို့မရဘူး၊ သုံးနှစ် သုံးမိုးသိုင်းပညာသင်ရပြီး ပညာရေးဆုံးခန်းမတိုင်သေးပဲ နှုတ်ထွက်လို့မရဘူး၊ ထွက်ချင်ရင် ရွှယ်ဖုန်းဂိုဏ်းချုပ် ရုတ်တရက်သေမှပဲရလိမ့်မယ်"

ရွှယ်ဖုန်းရဲ့ စည်းကမ်းတွေက အလွန်တင်းကြပ်သည်။ အထူးအခြေအနေမရှိလျှင် သုံးနှစ်ပြည့်မှသာ အိမ်ပြန်ခွင့်ပြုသည်။

"အဲ့တာဆို ဂိုဏ်းတူညီအစ်ကို တစ်ယောက်ယောက်က အိမ်ထောင်ကျသွားရင်ရော၊ သူ့ဇနီးကိုခေါ်လာခွင့်ပြုလား"

ရှန်လျန်က ကပ်သီးကပ်ဖဲ့တွေမေးပြီး ကန့်လန့်တိုက်နေသည်။ ဖေးယွမ်ရွှင်းက သဘောတကျပြုံးလျက်....

"မှန်းကြည့်လေ... "

"တစ်ကယ်လို့ တစ်ယောက်ယောက်က ချစ်ရသူတွေ့ပြီဆိုရင် ဂိုဏ်းချုပ် စစ်ဆေးတာခံရတယ်၊စစ်ဆေးချက်အောင်သွားရင်တောင် လင်မယားနှစ်ယောက်လုံး နှင်းတောင်ပေါ်မှာပဲ နေခွင့်ရှိတယ်၊ နှစ်ချီ အအေးဒဏ်ခံနိုင်ရင်သရွေ့ ပေါင်းဖက်လို့ရတယ်"

ဒါကြောင့်ပဲထင်၏။ ရွှယ်ဖုန်းကျောင်းသားသမိုင်းမှာ ဘယ်သူမှ အိမ်ထောင်မမြဲခဲ့ကြဘူး၊ ဂိုဏ်းသားတွေကပဲ ဆန္ဒမရှိတော့တာလား၊ ဇနီးတွေကပဲ ခက်ခက်ခဲခဲ မရှင်သန်ချင်ကြတာလားမသိ အိမ်ထောင်ကွဲကုန်သည်။ နောက်ဆုံးရလဒ်ကတော့ ရွှယ်ဖုန်းဂိုဏ်းသားတွေဟာ တစ်ယောက်ထဲ‌နေထိုင်ပြီး အထီးကျန်စွာအိုမင်းသွားကြရ၏။

"အဲ့လောက်တောင်ပဲလား၊ ရွှယ်ဖုန်းရဲ့စစ်ဆေးချက်က အနိုင်ကျင့်တာမဟုတ်လား"

ဂိုဏ်းချုပ်ကို သဘောမကျကြတာ မဆန်းတော့ဘူး၊ စည်းကမ်းတင်းကြပ်လွန်း‌တာကိုး၊ ဂိုဏ်းချုပ်သစ်တက်မှပဲ စည်းကမ်းပြောင်းပြီး နှစ်ကိုယ်တူကျင့်ကြံနိုင်တော့မှာပေါ့၊ အကျဉ်းထောင်ကျတဲ့သူလည်း လွတ်လွတ်လပ်လပ် နေခွင့်ရှိတာပဲ မဟုတ်လား။

"အဆိုးလေး!"

ဖေးယွမ်ရွှင်းက ရယ်ရယ်မောမောနဲ့ သူ့နဖူးကိုတောက်သည်။ရွှေရောင် သရဖူကို ခေါင်းပေါ်ဆင်ယင်ပေးလိုက်ပြီး သွေးနီရောင်ဆံထိုးကိုပန်ဆင်ပေးသည်။ ထို့နောက်မှာတော့ ခါးထိရှည်တဲ့ ရှန်လျန်ရဲ့ဆံပင်ဟာ သပ်သပ်ရပ်ရပ် ဖြီးသင်ပြီးသွားပြီဖြစ်သည်။

"အဆင်ပြေသွားပြီ နောက်ဆို ကျွန်တော့ဆံပင်ကို ဖြီးပေးမယ့်သူ မရှိမှာ ပူစရာမလိုတော့ဘူး"

ကြေးမုံရှေ့ အနီးကပ်ရပ်ပြီး ခန္ဓာကိုယ် တစ်ပတ်ပတ်ကြည့်ကာ ရှန်လျန်ချီးမွှမ်း၏။ ဖေးယွမ်ရွှင်းက မချေပပဲ ပြုံးလျက်သာနေ၏။

"ဝမ်ရယ့်ကို ခစားပေးမယ့်လူတစ်ယောက်လောက် မလိုဘူးလား"

ရှန်လျန် မျက်‌ဝန်းမှေးကျဉ်းလိုက်ပြီး သူ့ဆီခုန်ဝင်ကာ လက်မောင်းဆွဲလှုပ်သည်။ ရှန်လျန့်ကိုအမြဲတမ်း တည်တည်တံ့တံ့ပုံစံပဲ တွေ့ခဲ့ဖူးတာကြောင့် မတူကွဲပြားတဲ့ ချွဲ့နွဲ့ဟန်က အသည်းယား‌ကာ နှာထိပ်ကိုပွတ်မိစေတော့၏။

"ဟုတ်ပါပြီ.. စားစရာသွားပြင်ချေ.. ခု လာခဲ့မယ်"

"ဟုတ်ကဲ့ဗျ"

မသွားခင် ရှန်လျန်က ခြေဖျားထောက်လိုက်ပြီး ပါးပြင်ပေါ် အနမ်းတစ်ချက်ပေးသွားသေး၏။ နှစ်ယောက်သား လက်မထပ်ရသေးပေမယ့် အသစ်စက်စက် ကြင်စဦးဇနီးမောင်နှံနဲ့ မခြားပေ။ တွယ်ကပ်နေကြတဲ့သခင်နှစ်ယောက်ကြောင့် ပုန်းအောင်းနေတဲ့ ထျန်းရှု၊ယောင်းကွမ်မှာ မတ်မတ်ပင်မရပ်နိုင်တော့၊ လက်ထဲ မီးလုံးဖန်တီးပြီး ကောက်ပစ်လိုက်ချင်တော့သည်။

"လျန်လျန်... အစ်ကို ဆံပင်လာဖြီးပေးမလို့လေ! ကိုယ့်ကိုကိုယ် ဘယ်လိုမျိုးဖြီးလိုက်တာလဲ"

သူထွက်လာတာတွေ့တော့ ချီယွဲ့က နှုတ်ဆက်သည်။ ရှန်လျန် ပေါ့ပေါ့ပါးပါးပြုံးလိုက်၏ ။

"တစ်ယောက်ယောက် ကူလုပ်ပေးထားတာ၊ ရွှမ်းကော သွားလိုက်ပြီလား"

ချီယွဲ့က ချက်ချင်းသဘောပေါက်သည် ။

"လျန်လျန်ပြောကတည်းက ချက်ချင်းသွားလိုက်ပြီ၊ တစ်ခုခုစားသွားဦး အခုပြင်ပေးမယ်၊ မထွက်သွားနဲ့ဦးနော်"

"အွန်း"

ရှန်လျန် စားပွဲမှာ သွားထိုင်‌သည်။ ချီယွဲ့သွားလိုက်ပြီးတာနဲ့ ရှန့်ကောဘုရားကျောင်းတောင်ခြေမှာ ကယ်ဆယ်လာခဲ့တဲ့ သားအဖက သူ့‌နားလျှောက်လာသည်။ ရေမိုးချိုး သန့်စင်ပြီးအဝတ်အစားလဲလှယ်ထားတာကြောင့် သားအဖနှစ်ဦးရဲ့ရုပ်သွင်က ယခင်နဲ့ မတူသန့်ပြန့်နေတော့၏။ အာဟာရပြတ်လပ်မှုကြောင့် အနည်းငယ်ပိန်ပါးနေခြင်းသာရှိသည်။ ဖခင်၏ ရုက်သွင်က ချောမောခန့်ညားပြီး ကလေးဆိုလျှင် မျက်လုံးဝိုင်းဝိုင်းကြီးကြီးက ချစ်စရာကောင်းစွာ ရွှန်းစိုတောက်ပနေ၏။

"သခင်လေး ကျွန်တော်တို့သားအဖကိုခေါ်လာပေးလို့ ကျေးဇူးအများကြီး တင်ပါတယ်"

လူရွယ်က ကြမ်းပြင်မှာ ဒူးထောက်ချ အရိုအသေပေးသည်။ ရှန်လျန်က ဆွဲထူလိုက်ပြီး...

"ကျွန်တော့်အိမ်ထဲ ဝင်လာတာနဲ့ ကျွန်တော့မိသားစုဝင်ဖြစ်သွားပြီ၊ ပုံမှန်အတိုင်းပဲ ပြောဆိုဆက်ဆံရမယ်၊ ပြီးတော့ လိုအပ်တာတွေ ဦးလေးဖု သင်ပေးတယ် မလား"

ရှန်လျန် ကိုယ့်ဆုံးဖြတ်ချက်ကိုယ် ယုံသည်။ ဒီလူက သူ့ကိုဒုက္ခပေးဖို့အကြံအစည် မရှိမှတော့ ချီယွဲ့တို့လို မဆက်ဆံနိုင်သေးရင်တောင် ခွဲခြားဆက်ဆံမှာ မဟုတ်ပါ၊ လူတစ်ယောက်ရဲ့ ကိုယ်ကျင့်တရား‌ကောင်းက သူတစ်ပါးကိုဖိနှိပ်ခြင်း မရှိပါ။

"ဟုတ်ကဲ့ သခင်လေး ဦးလေးဖုက သေချာသင်ပြပေးပါတယ်၊ ကျွန်တော်လည်း ကောင်းကောင်းလိုက်နာသင်ယူပါတယ်၊ အနာဂါတ်မှာ သခင်လေး ခိုင်းစရာရှိရင် အားမနာတမ်းခိုင်းပါ၊ အကောင်းဆုံးလုပ်ပေးချင်လို့ပါ၊ ဘယ်လိုပဲပြောပြော ကျွန်တော်က သခင်လေးရဲ့ အစေခံတစ်ယောက်မှန်း ကိုယ့်ကိုကိုယ်လုံးဝမမေ့ပါဘူး"

လူရွယ်က ကြောက်ရွံ့သိမ်ငယ်ခြင်းမရှိပဲ သူနဲ့အကြည့်ချင်းစုံကာ သစ္စာရှိမှုခိုင်မာကြောင်း ပြတ်ပြတ်သားသားပြောသည်။

ဤအိမ်သို့ရောက်သည့် နှစ်ရက်အတွင်း ဦးလေးဖု၊ချီရွှမ်းနဲ့ ချီယွဲ့တို့ဟာ သူတို့သားအဖအပေါ်အလွန် ဖော်ဖော်ရွေရွေ ဆက်ဆံသည်။ သူကလည်း ဤလူတွေကိုအလွန် တန်ဖိုးထားသည်။ မျက်နှာပျက်စေမယ့် အရာမျိုး ဘယ်တော့မှ လုပ်မှာ မဟုတ်ပဲ၊ သခင်လေး မနှစ်သက်တဲ့အရာတွေကို သဘောပေါက်ခြင်းမရှိရင်တောင် သေချာသင်ယူမှာ ဖြစ်သည်။

"ကောင်းပြီ၊ နေတာတော့ ဒီမှာပဲနေ၊ နောက်ကျရင်စာရင်းကိုင်လုပ်ရမယ်၊ ချီယွဲ့နဲ့တူတူ ဆိုင်စာရင်းတွေ လိုက်လုပ်ရမယ်၊ ကလေးက မင်းမအားတဲ့အချိန် ဦးလေးဖုဆီ ထားခဲ့လို့ရတယ်..ဒါပေမယ့်"

ရှန်လျန် လေသံအေးအေးနဲ့ ပြောနေရာက ရုတ်တရက် အေးစက်သွားပြီး...

"တစ်ခုတော့ကြိုပြောထားမယ်၊ တစ်နေ့ မင်းသစ္စာဖောက်သွားတာကို ငါရှာတွေ့ခဲ့မယ်ဆိုရင် သားအဖနှစ်ယောက်လုံး အကျိုးဆက်ကို ‌တွေးထားဖို့လိုမယ်နော်"

"ကျွန်တော် ကောင်းကောင်း သဘောပေါက်ပါတယ်"

လူရွယ်က ကြောက်လန့်တုန်လှုပ်ခြင်းမရှိ၊ သခင်လေးအပေါ် သစ္စာရှိမှုက တစ်ရက်ထဲ ကုန်ဆုံးသွားမှာ မဟုတ်မှန်း မုချယုံကြည်၍ဖြစ်သည်။

ရှန်လျန်ခေါင်းငြိမ့်ပြီး လက်ဝေ့ယမ်းကာ ပြန်ခိုင်းသည်။ ရုတ်တရက်...

"စကားမစပ်...နှစ်ယောက်လုံးရဲ့နာမည်က..."

"ဟုတ်သခင်လေး... ကျွန်တော့်ခင်ပွန်းမျိုးရိုးနာမည်က ဖန်၊နာမည်က ကျုံးယွင်ပါ၊ သားက ဖန်ကျင်းချန်လို့ခေါ်ပါတယ်"

ဖန်ကျုံးယွင်က လေးလေးစားစားပြန်ဖြေတော့ ရှန်လျန် ခေါင်းငြိမ့်သည်။

"ခင်ပွန်းမျိုးရိုးပဲ ဆက်ယူမလို့လား"

"ဟုတ်ကဲ့၊ ကျွန်တော်နဲ့ ခင်ပွန်းက ငယ်ချစ်ဦးတွေပါ၊ တောင်ပဲပြိုပြို၊ ဆယ်ခါသေပြီး ဆယ်ဘဝ အသက်ပြန်ရှင်လာရင်တောင် သူ့အပေါ် ကျွန်တော့် ခံစားချက်က ပျောက်ကွယ်သွားမှာ မဟုတ်ပါဘူး၊ သခင်လေး နားလည်ပေးမယ်လို့ မျှော်လင့်ပါတယ်"

ဖန်‌ကျုံးယွင်ကပြောရင်း မျက်ရည်ဝေ့လာသည်။ ခင်ပွန်းဖြစ်သူနဲ့မိသားစုဝင်အကြောင်း ပြန်တွေးမိတိုင်း ရင်ဘတ်ကို ဓားနဲ့ အချက်ပေါင်းများစွာ ထိုးသတ်ခံရသလို ခံစားရ၏။ ဘဝမှာ ဆက်လက် ရှင်သန်စေဖို့အကြောင်းပြချက်က သူ့သားလေး ရှိနေသေးတာကြောင့်ဖြစ်၏။

"အထင်မလွှဲပါနဲ့၊ နာမည်ပြောင်းခိုင်းမှာ မဟုတ်ပါဘူး၊ ဒုက္ခသည်အများစုက အမြန်ပြေးလွှားပြောင်းရွှေ့ရတာမို့ ကိုယ်ရေးအချက်အလက်တွေ က ပျောက်ဆုံးသွားတာတွေရှိတယ်၊ အင်ပါယာမြို့တော်ရောက်ပြီဆိုရင် စာရင်းပေးပြီး အချက်အလက်အသစ်ပြန်လုပ်တာအကောင်းဆုံးပဲ၊ ငါ့လူတွေနဲ့ သွားလုပ်ခိုင်းလိုက်မယ်၊ ခုကစပြီး ခင်ဗျားက မြို့တော်‌မှာ တရားဝင်နေထိုင်တဲ့သူဖြစ်သွားပြီ"

"ဒီလိုဆို သခင်လေးကို ကျေးဇူးတင်ပါတယ်"

ဒီလိုတွေးမှန်းမထင်ထားခဲ့တာကြောင့် ကျုံးယွင် ရှက်ရွံ့မိပြီး ဒူးထောက်ကာ တောင်းပန်ချင်‌ေပမယ့် ရှန်လျန်က လက်ခါပြလိုက်ပြီး...

"သွားပါ၊ နှစ်ရက်လောက်ထပ်နားပြီး ကျန်းမာအောင် အားဖြည့်၊ ကလေးအဖော်မရှိရင် ယိုအာနဲ့ ဆော့ပါစေ"

"ဟုတ်ကဲ့"

ဖန်ကျုံးယွင် ဝမ်းပန်းတသာ ကျေးဇူးတင်ပြီး ကလေးနဲ့အတူ သွားလိုက်သည်။

"သူ့အပေါ်ကျ သဘော ကောင်းလိုက်တာ"

ဖေးယွမ်ရွှင်း ရုတ်တရက် ပေါ်လာပြီး ရှန်လျန့်ပခုံးက်ုဖက်သည်။ ရှန်လျန်က စိတ်တိုစွာနဲ့..

"ခင်ဗျားအပေါ်ရော မကောင်းလို့လား"

"တူတူကောင်းကြည့်ပါလား၊ သူ့ကိုတစ်ခါတည်း သတ်ပစ်လိုက်မယ်"

2600words

Grape 🍇

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment


Comments (1)
BiBi26

1 year ago

ဖတ်မဝဘူး သဘောကျလိုက်တာ 😻