no

Font
Theme

'နှလုံးသား အတွက် တိုက်ခိုက်နေကြတဲ့ ဘုရင့်သားတော်များ'

အဌဂံသဏ္ဌာန် အဆောက်အဦးက ကျောက်ဆောင်ကြီးနောက်ဘက်တွင်တည်ရှိသည်။ အနီးမှ လူလုပ်မြစ်ကြောင်းသည် မင်းသမီးကြီးက သူမ၏ ခင်ပွန်းအတွက် ချဲ့ထွင်ဖန်တီးပေးထားခြင်းဖြစ်သည်။ ထိုမြစ်ကြောင်းတစ်လျှောက်၌ ဆွေကြီးမျိုးကြီးမိသားစုမှ သမီးပျိုများစွာက မြောက်များစွာသော လှေငယ်လေးပေါ်တွင် စုဝေးနေကြသည်။

ပန်း ဥယျာဉ်နှင့်အနီးမဝေးတွင်လည်း ပွဲလာသူအပေါင်းက ကဗျာစပ်ဆိုခြင်း၊ စာပေအကြောင်းဆွေးနွေးခြင်းများဖြင့် စာပေဟန်ရေးပြနေကြသည်။ သို့နှင့် မင်းသမီးကြီး၏ အလှူပွဲသည် လူငယ်၊ လူကြီး မရွေး စည်ကားစွာ တက်ရောက်ကြသည်။

"ရှန်လျန် ? အဲ့တာ ရှန်တာ့ရဲ့ညီ မဟုတ်လား?"

လှေပေါ်မှ အမျိုးသားအချို့၏စူးရှတဲ့အကြည့်က အနီရောင် သဏ္ဌာန်လေးအား သတိပြုမိသွား၏။ အကွာအဝေးခြားနေသောကြောင့် ရှင်းရှင်းလင်းလင်းတော့မ‌မြင်ကြပဲ တောက်ပနေတဲ့ရောင်ဝါကြောင့် သာ အာရုံစိုက်မိကြပြီး နေမထိထိုင်မသာ ခံစား‌လိုက်ကြရ၏။

"ဟုတ်တယ် အစ်ကိုတော် ..ဒီမတိုင်ခင်က အဝင်ပေါက်မှာ သူတို့....."

အမျိုးသားတစ်ဦးက လှေဝါးတိုင်အား မှီလျက် အဖြစ်အပျက်ကိုပြန်တွေးလိုက်သည်။ မျက်ဝန်းထဲ အလင်းတစ်ချက် လက်သွားပေမယ့် ထုတ်မပြောပါချေ။

နောက်ဆုံးတော့ ဝတုတ်နေသော လူတစ်ဦးက သူ့ဗိုက်သူပုတ်လျက်

"စိတ်ဝင်စားစရာပဲ...ဒီမင်းသား နောက်ကျရင် သူနဲ့ ကစားဖို့ သွားရှာဦးမယ်"

"ညီတော် ၃ ကိုယ့်ကိုကိုယ် ထိန်းပါဦး၊ တော်ကြာ ခယ်မ က စားစရာဖြတ်တောက်ပစ်နေဦးမယ်"

ထိုစကားကို တစ်ခြားတစ်‌ယောက်ကပြောခြင်းဖြစ်၏။

ဝတုတ်မင်းသား၃ ချင်ယွင်ယိက စားပွဲအား ဗြန်းခနဲ ရိုက်ပြီးထရပ်လိုက်ရာ သူ့ပါးမှ အဆီလေးများ တုန်ခါသွားသည်။

"သူလုပ်ရဲလား! ဒီမင်းသား သူ့ကိုကွာရှင်းပစ်မယ်!"

"ညီငယ်တို့ ဒီအကြောင်း ချမှတ်ထားလိုက်၊

ညီတော်၃ မမေ့သွား အောင် ခယ်မ၃ ကို ပြော ပြရမယ်"

"တာ့ကော "

ခုနက ချင်ယွင်ယိ ရဲ့ ထောင်နေတဲ့ အမောက်လေးဟာ လေလျော့နေတဲ့ပူပေါင်းလို ဖြစ်သွားပြီး အရောင်အဝါတွေ အဝေးလွင့်ပစ်လိုက်ရသည်။

"ဟားဟားဟား"

မင်းသားအုပ်စုဟာ ရယ်မောလိုက်ကြတယ်။ မင်းသား၃က သူ့ခင်ပွန်းနဲ့ မင်းသား၁ ကို ကြောက်တာ မင်းသားတိုင်း တစ်ရက်နှစ်ရက်လေး သိခဲ့ကြတာမဟုတ်ပေ။ ညီအစ်ကိုတွေစုမိတာနဲ့ မင်းသား၃ကို စနောက်ကြမြဲပင်။ မျက်နှာ တစ်ပြင်လုံးသာမက လည်ပင်းထိ နီရဲလာသည်ကိုမြင်မှ ကျေနပ်ပြီး စနောက်တာ ရပ်ကြတော့သည်။

"ညီတော်၈ ဘာတွေ ငေးနေတာလဲ? ရှန်လျန်ကိုစိတ်ဝင်စား‌နေတာတော့မဟုတ်ပါဘူးနော်"

အသံအကျယ်ဆုံးရယ်နေတဲ့ မင်းသား၂ ချင်ယွင်လန်က ခုချိန်ထိ နားနေဆောင်ဘက်ငေးနေတဲ့ လူငယ်လေးဆီ ရုတ်တရက်လှည့်မေးလိုက်သည်။ ဘုရင့်သားတော်တွေဟာ အသက်အရွယ် ရလာတာနဲ့အမျှ ထီးမွေနန်းမွေ ပိုင်ဆိုင်ချင်သည့် ရည်ရွယ်ချက်က ပိုပိုများလာသည်။ ဧကရာဇ်က လက်ရှိ မည်သည့်သားတော်ကိုမှ အိမ်ရှေ့စံ အဖြစ်အသိအမှတ်မပြုသေးသော်လည်း မင်းသားအချင်းချင်း အမုန်းတရားများနှင့် တစ်ဦးကိုတစ်ဦး ကျားချောင်းချောင်းကာ အသေ တိုက်ခိုက်နေကြသည့်အမှန်တရားကို သူတို့ကိုယ်တိုင်လည်းသိသည်။

မင်းသား၃ဆီမှအကြည့်တွေသည် မင်းသား၈ ချင်ယွင်ချန်းဆီ ချက်ချင်းရွေ့လာကြသည်။ ချငါယွင်ချန်းကရှက်ပြုံးလေး ချိတ်ဆွဲလျက်

"အစ်ကိုတော်၂ ဘာတွေပြောနေတာလဲ? ကျွန်တော်က အဒေါ်ထိမ်းသိမ်းထားတဲ့ ခြံဝန်းထဲက အလှအပမြင်ကွင်းကိုရှုစားနေရုံတင်ပါ"

မင်းသား၉ဦးအနက် မင်းသား၁၊ မင်းသား၂နဲ့ မင်းသား၃ကသာ ထိမ်းမြားပြီးဖြစ်သည်။ ကံမကောင်းစွာ မင်းသား၂ရဲ့ဇနီးက လက်ထပ်ပြီးသိပ် မကြာခင် ဆုံးပါးသွားသည်ကလွဲ၍ ကျန်မင်းသားတစ်ပါးမှ ဇနီးမရှိသေးချေ။

"ညီတော်၈ က ရှုခင်းထက် ပိုစိတ်ဝင်စားနေမှာပဲစိုးတာ"

မင်းသား၅ ချင်ယွင်ထျန်းက နတ်ဆိုးအပြုံးဖြင့်

"ရှန်လျန်က တုံးလင်အိမ်တော်ရဲ့မျိုးဆက်၊ ရှန်တာ့ရဲ့ ညီတင်မက ဗိုလ်ချုပ်ဝေရဲ့ မြေးလည်း ဖြစ်သေးတယ်၊ ဖခမည်းတော်ကလည်း ဝေမိသားစုကိုမြို့တော်ပြန်ခေါ်ဖို့ စီစဉ်နေပြီ၊ အဲ့အချိန်ကျရင် ဝေမိသားစုထဲ ရှန်လျန်က ပြန်ရောက်မှာပဲ၊ သူ့ကို လက်ထပ်ချင်တဲ့သူက.. ငါစိုးရိမ်တာ ဘယ်သူကမှ အရှေ့‌နန်းဆောင်ဆီ ခေါ်မသွင်းနိုင်လောက်ဘူး"

လက်ရှိဧကရာဇ်တွင် ကလေးထပ်မမွေးဖွားသဖြင့် မင်းသား၉ပါးထဲမှ တစ်ဦးကို နန်းမွေဆက်ခံရန်စဉ်းစားရမည်ဖြစ်သည်။ မင်းသား၅၏ မိခင်သည် ဧကရာဇ် ဖျားနာစဉ်နှစ်‌ပေါင်းတစ်လျှောက် အနီးကပ်ပြုစုပေးသည့် မိဖုရားဖြစ်ရာ အုပ်ချုပ်သည့် အာဏာကိုဆုပ်ကိုင်ထားနိုင်သည်။

ထိုအကြောင်းကြောင့် မင်းသား၅သည် သဘာဝအလျောက် စိုးရိမ်ကြောက်လန့်နေခြင်းမရှိပဲ ပြောရဲဆိုရဲသည်။

"အစ်ကို၅ ဘာတွေပြောနေတာလဲ? လက်ထပ်ထိမ်းမြားတာနဲ့ပတ်သက်ပြီး ဘယ်တုန်းက ကျွန်တော်တို့ သဘောကျ ဆုံးဖြတ်ရတာရှိလို့လဲ?"

မင်းသား၈က အာရုံစိုက်ခံလိုက်ရပေမယ့် ဝန်မခံပေ။

"ညီ၈ အသိဆုံးဖြစ်မှာပါ၊ ရှန်လျန့်ကိုစိတ်ဝင်စားနေတာ ရပ်တန်းကရပ်လိုက်တော့၊ ဝေမိသားစုရော ရှန်တာ့ရော စစ်တပ်ကိုချုပ်ကိုင်ထားနိုင်တယ်၊ နှစ်မိသားစုလုံးကထီးနန်းတက်သိမ်းဖို့ လုံလောက်တဲ့အင်အားရှိတယ်၊ တုံးလင်အမတ်ကြီးကလည်း ခရိုင်ခြောက်ခုကို အုပ်စိုးတဲ့သူ....အဲ့လိုလွှမ်းမိုးနိုင်တဲ့အရှိန်အဝါတွေကို တွက်ကြည့်ရင် သူနဲ့လက်ထပ်ဖို့ ခမည်းတော်က ဘယ်သားတော်ကိုမှ ခွင့်ပြုမှာမဟုတ်ဘူး"

ချင်ယွင်ထျန်း မနားတမ်းပြောချလိုက်၏။ သူ့အကြည့်က လက်ထဲကိုင်ထားသော ဝိုင်ခွက်တွင်အခြေကျလျက်။ ရှန်လျန့် နောက်ခံသည် ကြင်ယာတော်ဖြစ်ရန် အရည်အချင်းပြည့်စုံပြီး သူနဲ့သာ ထိမ်းမြားနိုင်ပါက ရှန်တာ့နဲ့ ဝေမိသားစုရဲ့ အထောက်အပံ့ကိုရပြီး ထီးနန်းကို တိုက်ရိုက်တက်သိမ်းလိုက်ရုံပင်! အိမ်ရှေ့စံနေရာက ဘာဟုတ်လို့လဲ?

မြို့တော်ကို ရှန်လျန်ပြန်လာကတည်းက ဧကရာဇ်က သူ့သားတွေကိုအနီးကပ်စောင့်ကြည့်နေကြောင်း မိခင်က သတိပေးခဲ့သဖြင့် သူလက်လျော့ထားခဲ့သည်။

ဧကရာဇ်က သူ့ ရာဇပလ္လင် ကိုတက်လုနိုင်မည့် အင်အားရှိသူ မည်သူ့ကိုမဆို ခွင့်ပြုလိမ့်မည်မဟုတ်။

မင်းသားတိုင်းက ရာဇပလ္လင် ကိုအပိုင်လိုချင်ပေမယ့် မည်သူကမှ အရူးမဟုတ်၊ ရူးမိုက်သည့် လုပ်ရပ်မလုပ်ပေ။

ချင်ယွင်ထျန်းရဲ့ ထောက်ပြ သုံးသပ်ချက်အရ

ရှန်လျန့်နောက်ခံက မည်သို့ပင်ဆိုစေ အလွန်ဆွဲဆောင်မှုရှိနေသည်။

"ဘာနောက်ခံတွေပြောနေကြတာလဲ? လူကိုယူမှာလား? နောက်ခံကိုယူမှာလား? ခမည်းတော်က ဘာဖြစ်ဖြစ် ထီးနန်းကို တစ်ယောက်ယောက်စီ ပေးမှာပဲလေ? ဘာလို့ အချင်းချင်း ပြိုင်နေစရာလိုလို့လဲ? ကဲ အားလုံးပဲ ဒီမှာ သောက်မယ် သောက်မယ် သောက်မယ်၊ ခေါင်းကိုက်စရာတွေမပြောနဲ့တော့"

မင်းသား၃ ချင်ယွင်ယိက ချင်ယွင်ချန်းရဲ့ပခုံးကို သိုင်းဖက်ကာ ဝိုင်ခွက်ကို သူ၏ ညီအစ်ကိုတွေရှေ့ ဝေ့ယမ်းလိုက်၏။

လေထုအခြေအနေက သက်တောင့်သက်သာ ပြန်ဖြစ်သွားသည်။ အမှန်တစ်ကယ်ကို ပွဲတော်မှာ ဒီအကြောင်းပြောနေဖို့မသင့်တော်ချေ။ မင်းသမီးကြီးက သူတို့၏ အဒေါ်ဖြစ်ရာ သူမ၏ အလှူပွဲကို ဖျက်ရန်မကောင်းပေ။

*****

ဘုရင့်သားတော်တွေကြား ပြောစရာခေါင်းစဉ်ဖြစ်နေသည်ကို နားနေဆောင်ရှိ ရှန်လျန်ကတော့ မသိပါချေ။

ရှန်ကျိုးဟာ ရှန်လျန်နဲ့ အတော်ကိုရင်းနှီးကျွမ်းဝင်သွားပြီး 'ကော' အုပ်စုဆွေးနွေးတဲ့စကားဝိုင်းထဲ ရှန်လျန်လည်းလျင်လျင်မြန်မြန် အသားကျသွားသည်။

"ရာသီဥတုကိုကြည့်ပါဦး၊ ဒီညမိုးထပ်ရွာမှာ စိုးရတယ်"

မျိုးရိုးမြင့်မိသားစုကြီးတွေဟာ သူတို့ကလေးတွေ ကို တော်ဝင်မျိုးနွယ်က သူတွေနဲ့တွေ့ဆုံနိုင်ဖို့မျှော်လင့်ပြီး နေ့ရောညပါ စာလေ့လာစေတယ်။

လူငယ်တွေဟာ ဒီလိုအချိန်မှာ စာပေပိုင်းသာမက ကိုယ်ပိုင်အရည်အချင်းတွေပါ တစ်ခြားသူတွေကို ထုတ်ပြတတ်ကြပြီး ဆွေးနွေးသည့်ခေါင်းစဉ်တွေက အတည်မရှိပဲ ကျပန်းဖြစ်သည်။ နေ့စဉ် မြင်တွေ့နေရတဲ့ ပတ်ဝန်းကျင်အကြောင်း သာမက လက်ရှိ ဖြစ်နေသော အရာများကိုလည်းပြောကြပါသေးသည်။

"ဒီတစ်ခါ ရေလွှမ်းတဲ့အဖြစ်က မြေနိမ့်ဒေသတွေပါရေမြှုပ်တယ်လို့ ငါ့အဖိုးဆီကကြားတယ်၊ ရေဘေးဒုက္ခသည်တွေက မြို့ထဲ ရွှေ့လာကြတော့ အစိုးရက ကူညီကယ် ဆယ်ဖို့ စုဆောင်းထားတာတွေလည်း မလောက်ငဘူးဖြစ်နေတာ"

တရားရုံးချုပ်အမတ်ကြီးရဲ့မြေးဖြစ်သူ ရှဲ့ယန်က ယုံကြည်ချက်ရှိရှိဆွေးနွေးလာသည်။ သူသာ 'ကော 'မဟုတ်ခဲ့ပါက သူ့အဖိုးခြေရာ လိုက်နိုင်လိမ့်မည်။ ရုံးတော်က 'ကော'တွေကို လက်မခံသည်ကတော့ နှမျောစရာပင်။

"အမှန်ပဲ... ဒီတစ်ခေါက် ‌လူတွေပါ ရေနှစ်သေကြတာ အများကြီးပဲတဲ့"

တရားရေးရုံးတော် အတွင်းဝန်၏ သားဖြစ်သူ

ယန်ထျန်းယွီက ထောက်ခံသည်။

အခြေခံလူတန်းစားများ၏ ခံစားချက်ကို သိပ်နားမလည်သော်လည်း သဘာဝကပ်ဘေးမှ ကြုံတွေ့နေသည့်ဒုက္ခတွေကို ကြားနေရသ‌ဖြင့် စိတ်မကောင်းဖြစ်နေကြသည်။

"ရေနစ်သေဆုံးကြတာကအဆိုးဆုံးမဟုတ်သေးဘူး၊ ဒီကပ်ဘေးကို မထိန်းချုပ်နိုင်ရင် အနာဂါတ်မှာ ဒုက္ခသည်တွေ ငတ်မွတ်လာကြမယ်၊ အလောင်းတွေကို မကိုင်တွယ်နိုင်ရင် ပိုးမွှားတွေကြောင့်ပုလိပ်ရောဂါတွေ ဖြစ်လာနိုင်တယ် ဒါကမှ တစ်ကယ့် ဆိုးဝါးတဲ့ကပ်ဘေးပဲ"

နောက်ဆုံးတော့ ရှန်လျန်လည်း စကားဝိုင်းထဲ ဝင်လိုက်နိုင်သည်။ အားလုံးရဲ့အကြည့်တွေက သူ့ဆီ ရောက်လာကြသဖြင့်

"ငါ တစ်ခုခု မှားပြောမိလို့လား?"

"မဟုတ်ဘူး မင်းကအများကြီးသိလို့ ငါတို့အံ့ဩနေကြတာ"

ကျန်သူတွေက မိသားစု၊ ဆွေမျိုးတွေဆီမှ သတင်းကြားရသည်မှာ ပုံမှန်ဖြစ်ပြီး ရှန်လျန်ကမူ သူ့အရင်ဘဝအတွေ့အကြုံကြောင့် သိရခြင်းပင်။

"ဟဟ.."

ရှန်လျန်ခေါင်းယမ်းကာ

"ဘာတွေ အံ့ဩစရာရှိလို့လဲ၊ ငါ့ကိုလန့်သွားတာလား၊ အားလုံးလည်း သိတဲ့အတိုင်း ငါက ဟိုးဝေးလံသီခေါင်တဲ့ဒေသမှာကြီးပြင်းလာပြီး ခုမှပြန်ရောက်တာ၊ ငယ်ကတည်း ဆေးပညာကို စိတ်ဝင်စားတော့ ဆေးစာပေတွေအများကြီးဖတ်ထားတာကြောင့် နည်းနည်းပိုသိတာက ပုံမှန်ပဲ မဟုတ်လား?"

ရှန်လျန်၏စကားက တစ်ဝက်အမှန်၊တစ်ဝက် အမှားဖြစ်သော်ငြား 'ကော'အုပ်စုလေးကိုလှည့်ဖျားရန် လုံလောက်သည်။

"အိုး? တစ်ခြား ဘာတွေသိသေးလဲ?"

စစက ရှန်လျန်ကို နယ်သားဟူ၍ အ‌ထင်သေးပြီး ဖယ်ကြဉ်ထားကြသည်။

ရှန်လျန်က သူတို့ ထင်ထားသည်နှင့်ကွဲပြားနေသဖြင့် ကောအုပ်စုက ချက်ချင်းပင် သူ့ဆီမှ အခြားဗဟုသုတများဝေမျှပေးရန်မျှော်လင့်လျက် စိတ်ဝင်စားမှုအပြည့်နှင့် သူ့နားဝိုင်းလာကြသည်။

လူသားတွေတိုင်းကစပ်စုကြသူချည်းပင်။ သူတို့မလုပ်ဆောင်နိုင်ပါက ပို၍ပို၍ စိတ်ဝင်စားကြသည်။ ကော တွေက လက်ရှိလူနေမှုအကြောင်းသာ အမြဲ ကြားနေရသဖြင့်ငြီးငွေ့နေရာ၊ မတူညီသည့်အခြေခံ လူတန်းစားများအကြောင်းက ဆွဲဆောင်ထားနိုင်သည်။

သူ့ဆီ အာရုံရရန် အောင်မြင်စွာ စည်းရုံးပြီးနောက် ရှန်လျန်က သူရည်ရွယ်ထားသော ခေါင်းစဉ်ကိုတိုက်ရိုက်မပြောပဲ ထိုအစား ရွာဓလေ့ ကျင်းပလေ့ရှိသည့်ပွဲ‌တော်တွေအကြောင်း ဦးစွာပြောပြသည်။ တဖြည်းဖြည်း သဘာ၀ ‌ကပ်ဘေးအကြောင်းအရာ ဆီ ဆွဲခေါ်လာပြီး ပုံပြင်ဆုံးသွားမှ....

"မိုးထပ်မရွာတော့ဖို့ မျှော်လင့်ပါတယ်၊ ဝမ်ယွဲ့မြို့က မြို့တော်နဲ့ သိပ်မဝေးတော့ အနှေးနဲ့အမြန် မြို့တော်ကို သက်ရောက်လာနိုင်တယ်၊ ဝမ်ယွဲ့မြို့က တာတမံ မကျိုးအောင် ထိန်းဖို့ ဧကရာဇ်က လူလွှတ်ပေးပြီးပြီလို့ မျှော်လင့်ရတာပဲ"

"ဒီကိစ္စကို ဧကရာဇ် မေ့လျော့နေမှာ စိုးရတယ် ၊

မဖြစ်ဘူး ငါအိမ်ပြန်ရောက်ရင် အဖိုးကို ပြောပြီး ဧကရာဇ်ဆီ ဝမ်ယွဲ့မြို့ကိုလူစေလွှတ်ဖို့တောင်းဆိုစာ ရေးခိုင်းလိုက်မယ်"

ဥပဒေရေးရာ မိသားစုမှ ရှဲ့ယန်က ချက်ချင်းပင် ရှန်လျန်အား တုံ့ပြန်သည်။ ကျန်သူများကလည်း အသီးသီးထောက်ခံကြပြီး မည်သူမှ ရှန်လျန့်ရည်ရွယ်ချက် အား မထုတ်ဖော်ကြ။

တစ်ကယ်တမ်း ဤလူတွေကိုအသုံးချသည်ဟုပြော၍မရပဲ စီရင်ရေးမိသားစုတွေကိုကိုင်တွယ်ခိုင်းလျှင် ကိစ္စတွေ အလွယ်တကူပြီးမြောက်သွားမည်ကြောင့် ပင်။

"ရှဲ့သခင်လေး"

သူတို့ဆွေးနွေးနေစဉ် နားနေဆောင်၌ လူတွေပိုပိုပြီး များလာသည်။ အမျိုးသား၊ အမျိုးသမီးများ ရောက်ရှိလာပြီး တစ်ချို့ကိုရှန်လျန်လည်း သိ၏။ တစ်ဖက်က သူ့ကိုစ မခေါ်သရွေ့ ထိုသူရှိနေသည်ကို ရှန်လျန်လည်း ရှင်းရှင်းပင် လစ်လျူရှုထားကာ မင်းသမီးကြီးရဲ့ အလုပ်အကျွေးပြုအစေခံများလာပို့သော စိတ်လန်းဆန်းစေသည့်

ရေနွေးကြမ်းအား အရသာခံနေလိုက်၏။

"ဝူကော"

ဤနေရာတွင် မြို့တော်က မျိုးရိုးကြီးများ နှင့်တော်ဝင်အမျိုးနွယ်များသာရှိရာ လူတန်းစားမများပေ။

တစ်ဦးနှင့်တစ်ဦးလူချင်းမသိလျှင်တောင် နာမည်ကြားဖူးကြရာ သဘာဝကျစွာပင် အချင်းချင်းက မိသားစုနောက်ခံကြောင့် လစ်လျူမရှူနိုင်ကြပဲ ခေါ်ပြောနှုတ်ဆက်ကြသည်။

ရှန်ချန်မှ ဝူကောဟု ခေါ်လိုက်သောအသံသည် တစ်ဖက်သူအပေါ် လေးစားသမှုရှိနေသည်ကြောင့် အားလုံး၏အကြည့်က ချက်ချင်းပဲ သူနှင့်မဆိုင်သလို အေးအေးဆေးဆေးထိုင်နေသော ရှန်လျန်ဆီရွေ့လာသည်။

"ဆိုတော့ သူကရှန်လျန် ပေါ့? ရှန်ချန်ပြောတော့ နတ်မိမယ်လိုလှပပါတယ်ဆို? ငါထင်တာ ဘယ်လောက်တောင်လှလိုက်သလဲပေါ့...ဒီလောက်ပဲတဲ့လား"

အဝါနုရောင်ခေါင်းဆောင်းနဲ့ အကောင်းဆုံးပိုးထည်ဝတ်ဆင်ထားသူက သူ့တစ်ကိုယ်လုံးစုံချည်ဆန်ချည် အထင်တသေးနှင့်ကြည့်ကာ နှုတ်ခမ်းက မဲ့သည်။ ဒါပေမယ့် ထိုမိန်းကလေး၏မျက်ဝန်းထဲမှ မနာလိုသည့်အကြည့်ကို မမြင်ရအောင် ဘယ်သူကမှကန်းမနေ၊ ရှန်လျန်၏ အလှတရားကိုဖော်ပြရလျှင် ကျက်သရေရှိပြီး တစ်သီးတစ်သန့်နှင့်အထက်တန်းဆန်နေပြီး မည်သူနှင့်မျှ မလိုက်ဖက်သယောင်။

အရင်ဘဝမှာတော့ သူ့မိသားစုသာမက များစွာသော မိန်းမပျိုများပင် အငြိုးတကြီးနှင့် အောက်ဆုံးသို့ဆွဲချချင်နေကြသည်။ ကောဖြစ်တဲ့ ယောင်္ကျားလေး တစ်ယောက်ကို အလှဆုံးဧကရီ အဖြစ် ရာဇပလ္လင် ဆက်ခံမည့်သူဘေးတွင် မည်သူမှ အသိအမှတ်မပြုချင်ကြ ။

"မင်းကဘယ်လောက်လှနေလို့လဲ၊ လျန်လျန့်ကို ခွေးလောက်တောင်ကြည့်မကောင်းဘူးလို့ မင်းလျှောက်ဖွနေမှာ ငါသံသယဝင် တောင်ဝင်မိသေးတယ်"

ရှန်လျန်တစ်ခွန်းမှ မပြောရသေးခင် ရှန်ကျိုးက ဝင်ခွန်းတုံ့ပြန်သည်။

လင်အန်းအမတ်ကြီးရဲ့ဒုတိယသားဟာ မိသားစုရဲ့အသည်းညှာလေး ဖြစ်ရာ ရှန်လျန်လိုမဟုတ်ပဲ သူငယ်ချင်းကိုကာကွယ်ရန် နှစ်ခါပြန်မစဉ်းစားပဲ ကြမ်းတမ်းတဲ့စကားတွေနဲ့တိုက်ခိုက်လိုက်သည်။

"ရှန်ကျိုး...နင်!"

ထိုမိန်းကလေးက အရှင်လတ်လတ်မျိုချချင်နေသည့်အလားအကြည့်ဖြင့်ခြိမ်းခြောက်သည်။

ကတောက်ကဆဖြစ်နေသည်ကိုရှန်ချန်မြင်သော် အမြန်ရှေ့တိုး၍ ထိုမိန်းကလေး၏လက်မောင်းကိုအသာဆွဲကာ ညင်ညင်သာသာပြောသည်။

"ကျောင်းကျောင်း ကမိန်းကလေးလေ၊ အဲ့လိုစကားတွေဘယ်လိုလုပ်ပြောရက်တာလဲ? ဝူကော ဒါတွေ အစ်ကို့ကြောင့်ဖြစ်ရတာ တစ်ခုခုဝင်ပြောဉီးလေ"

ရှန်လျန့်ကိုဆွဲထုတ်ရန်လည်း မမေ့ချေ၊ သူမရဲ့နူးညံ့ပြီး တိုက်တွန်းနေပုံက ယောင်္ကျားသားအုပ်စုမှာ သူမကိုအနိုင်ကျင့်နေသည့်ဟန်? သို့သော် လူငယ်တိုင်း သူမမွေးချင်နေတဲ့ မီးပြင်းပြင်း ကိုမမြင်ပဲဘယ်နေလိမ့်မလဲ?

Words 2639

Grape 🍇

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment