'ရှန်လျန်၏ ပြောင်းလဲသွားသော စိတ်အခြေအနေ'
"သခင်မလေးရဲ့ ကျန်းမာရေးက အရမ်းကောင်းမွန်ပါတယ်"
သမားတော်က ရှန်ချန့်ကိုလျင်မြန်စွာ စစ်ဆေးပေးပြီးလေပြီ။ လျိုရှုဟန်က အပေါက်ဝမှာ စောင့်နေတဲ့စွင်းကျင့်ကို ခပ်ထေ့ထေ့ ကြည့်ကာ
"ကြားတယ်နော်?"
မယားငယ်တစ်ယောက်က ရဲရဲတင်းတင်းနဲ့ သူ့ရှေ့ပြေးလာရဲတယ်၊ ပြဿနာတွေပြီးသွားရင် တခြားသူတွေထက် ပုံဆိုးပန်းဆိုးသေအောင် လုပ်ပြမယ်.. ကြည့်ထား!
"ဟုတ်ကဲ့ ကျွန်မရှင်းရှင်းလင်းလင်း ကြားပါတယ်၊ သမားတော်ကျန်း.. ကျွန်မတို့ နောက်သခင်မလေး နှစ်ယောက်ဆီ သွားစမ်းသပ်ပေးရအောင်ပါ"
စွင်းကျင့်က ဦးညွှတ်နှုတ်ဆက်လိုက်ပြီး သမားတော်ကို ပြန်ခေါ်လိုက်သည်။
လျိုရှုဟန်က သူတို့နောက်ကျောကိုကြည့်နေခဲ့ပြီး ရုတ်တရက် ပြောလိုက်သည်။
"သူတို့နောက်ကို လိုက်ကြည့်စမ်း"
"အမေ?"
မောင်နှမနှစ်ယောက် နားမလည်သဖြင့် လျိုရှုဟန် အလိုမကျဖြစ်သွားသည်။
"စွင်းကျင့်က အကြောင်းရင်းမရှိပဲ လာမှာ မဟုတ်ဘူး၊ သူ့မှာ တခြားရည်ရွယ်ချက် ရှိနေမှာစိုးလို့၊ အရင်လိုက်ကြည့်ခိုင်းလိုက်စမ်းပါ"
ကျန်းမာရေးစစ်ဆေးချက်ရလဒ်က ရှန်ကျင်းရော ရှန်ချောင်ပါ ကိုယ်ဝန်ဆောင်နေရမယ်လို့ လျိုရှုဟန်မထင်ထားခဲ့ဘူး၊ ရှန်ချောင်က သူတို့နဲ့ လာမရှုပ်နိုင်ပေမယ့် ရှန်ကျင်းရဲ့ ကိုယ်ဝန်က သူတို့အတွက် သိပ်မကောင်း၊ဒီကိုယ်ဝန်က ရှန်ဟွေးနဲ့ရတယ်ဆိုတာ အချင်းချင်း သိထားကြပေမယ့် ဖခင်အရင်းက သေပြီဖြစ်ပြီး ဘာမှ မဖော်ထုတ်ရန် နားလည်ထားကြသည်။ဘယ်သူမှမပြောသရွေ့ ရှန်ကျင်း၏ ကိုယ်ဝန်က စတုတ္ထမင်းသားရဲ့ သား၊ ဧကရာဇ်၏မြေးတော်ပဲ ဖြစ်လာလိမ့်မည်။
"အမေ...ရှန်ကျင်း သမီးထက် အရင် ကလေးမွေးလို့မဖြစ်ဘူး"
ရှန်ကျင်းကို သူ့ထက် အရင်ကလေးမွေးခွင့်မပြုနိုင်ဘူး။
"အရမ်းမစိုးရိမ်နဲ့၊ ရှန်ကျင်းကိုယ်ဝန်ရှိတယ်ဆိုတော့လည်း ကိစ္စကောင်းပါပဲ"
သမီးရဲ့လက်ကို ပုတ်ကာနှစ်သိမ့်ပေးရင်း လျိုရှုဟန်ပြောသည်။
"ကိုယ်ဝန်ရှိတဲ့သတင်းကြားရင် စတုတ္ထမင်းသားက သမီးတို့ကို လာကြိုလိမ့်မယ်၊ ချန်အာ စိတ်အေးအေးထား၊ သူ့ကလေးက်ို လွယ်ခွင့်ပဲရမယ်၊ မွေးခွင့်တော့ အမေ မပေးပါဘူး"
အမျိုးသမီးတစ်ယောက်အတွက် ကိုယ်ဝန်ပျက်ကျဖို့ဆိုတာ အလွယ်လေးပဲ။
"ဟုတ်"
လျိုရှုဟန်ရဲ့သဘောထားကို ရှန်ချန် တစ်ခဏအတွင်း နားလည်လိုက်သည်။ သားအမိနှစ်ယောက် ကောက်ကျစ်စွာပြုံးလိုက်သည်။ ရှန်ရှောင်ကလည်း ထက်မြက်သူဖြစ်ရာ ဘယ်သူမှထုတ်မပြောပေမယ့် သူတို့အတွေးကို ထိုးဖောက်မြင်သည်။
တစ်ဖက်ကရှန်ချောင်မှာတော့ သည်းထန်စွာငိုကြွေးလျက် ၊ ကျောက်လန်လည်း စိတ်မကောင်းစွာဖြင့် ရောပါငိုကြွေးသည်။
ရှန်ချန်တို့ဘက်မှာ အနည်းငယ် စိုးထိတ်စရာတွေ ရှိနေသည်။ တစ်ကယ်တော့ ရှန်ဟွေးနဲ့ပတ်သက်တာကို လျိုရှုဟန်၊ လုယန်တို့မိသားစုနဲ့ရှန်လျန်ပဲ သိသည်။အများ၏အမြင်တွင် ရှန်ကျင်းက စတုတ္ထမင်းသား၏သွေးသားကိုလွယ်ထားရသည်အား မပျော်မရွှင်ဖြစ်နေသည်ဟု ထင်သွားကြလျှင် သံသယဝင်လာကြလိမ့်မည်။
"ရှောင်ကျင်း အမေတို့ ဘာဆက်လုပ်ကြမလဲ"
ရှန်ကျင်း၏အခန်းထဲတွင် လုယန်ကတံခါးပိတ်လိုက်ပြီး စိတ်ရှုပ်ရှုပ်နဲ့ အခန်းထဲ ဝင်လာသည်။ ယောက္ခမဖြစ်သူက မေ့မျောနေပြီးအားကိုး၍ မရတော့သလို ခင်ပွန်းသည်ကလည်း တစ်နေကုန်ပွစိပွစိလုပ်တဲ့ သူ့ကိုချစ်မြတ်နိုးမှုကုန်ခမ်းသွားရာ နောက်ဆုံးမျှော်လင့်ချက်က သမီးပဲရှိတော့သည်။
"တိတ်တိတ်လေး ဆက်နေမှာပေါ့၊ ဘယ်လိုလုပ်ချင်လို့လဲ"
ရှန်ကျင်းရဲ့ စိတ်မရှည်စွာ အော်ဟစ်သံက လုယန်ကိုတိတ်ဆိတ်သွားစေသည်။ လုယန် အနည်းငယ် စိတ်မကောင်းဖြစ်သွားသည်။ သမီးက အရင်နဲ့ မတူတော့ဘူး၊ ပြောင်းလဲသွားပြီ။
"သမီး စတုတ္ထမင်းသားရဲ့ စံအိမ်တော်ထဲ ဝင်ကိုဝင်ရမယ်"
အချိန်အတော်ကြာအောင် တွေးနေပြီး ရှန်ကျင်း လက်သီးတင်းတင်းဆုပ်သည်။
"သမီးမှာ ကိုယ်ဝန်ရှိနေတယ်လို့ သတင်းလွှင့်ဖို့နည်းလမ်းရှာလိုက်၊ အဲ့ဒါမှ အရှင့်သားက လက်ထပ်ထိမ်းမြားဖို့ လာခေါ်မှာ...ကလေးကတော့..."
ရှန်ကျင်းက ဝမ်းဗိုက်ကိုဖျစ်ညှစ်လိုက်ပြီး
"အရှင့်သားအိမ်တော်ထဲ ဝင်သွားရင် ဘယ်သူမှ မဖော်ထုတ်နိုင်တော့ဘူး"
သမီးရဲ့ အကျည်းတန်တဲ့ အမူအရာကိုကြည့်ပြီး ကျောက်လန် တင်္ဒဂ ဘာပြောရမှန်း မသိချေ။
"အမေ"
တုံ့ပြန်သံမကြားတာကြောင့် ရှန်ကျင်းက စိတ်မရှည်စွာ ခေါ်လာသည်။ လုယန်က သတိပြန်ဝင်လာပြီး..
"ဪ အင်း.. အဲ့လို လုပ်လိုက်မယ်၊ ဒါနဲ့လေ ရှောင်ကျင်း .. ရှန်ဟွေးနဲ့ကိစ္စကို ဘယ်သူမှ ထပ်မသိတာ သေချာရဲ့လား"
"အမေ စိတ်မပူနဲ့၊ လျိုရှုဟန်နဲ့ ရှန်ချန် သိနေရင်တောင် သူတို့ထုတ်ပြောရဲမှာတဲ့လား"
ရှန်ကျင်းက အမေ၏လက်ကို ဆွဲကိုင်လိုက်သည်။
"အမေ၊ ဦးလေးက အိပ်ရာပေါ်မှာလှဲနေတုန်းဆိုပေမယ့် အဖွား မေ့မျောနေတဲ့ကိစ္စက ဘယ်နေ့ထိ ဖုံးကွယ်ထားနိုင်မလဲ မသိသေးဘူး၊ သမီးသာ အခုချိန် စတုတ္ထမင်းသားရဲ့ကိုယ်လုပ်တော်မဖြစ်နိုင်ခဲ့ရင် အနာဂါတ်မှာ အခွင့်အရေးထပ်မရှိတော့မှာကို စိုးရိမ်တယ်"
မောင်းမဆောင်ထဲ မဝင်နိုင်တော့ရုံမက အနာဂါတ်မှာ လက်ထပ်ဖို့တောင် ခက်ခဲ သွားနိုင်တယ်၊ ဘဝတစ်ခုလုံး ပျက်စီးသွားလိမ့်မယ်။
"ဟုတ်တယ် ၊သမီးပြောသလို အမေ ခုချက်ချင်းသွားစီစဉ်လိုက်မယ်"
လုယန် သေသေချာချာတွေးကြည့်လိုက်ပြီးနောက် သမီးဖြစ်သူက အလိုမကျ မဖြစ်လာခင် အခန်းထဲက အမြန်ထွက်လာခဲ့သည်။ ရှန်ကျင်း၏အတွေးထဲတွင် နောင်တစ်ချိန် စတုတ္ထမင်းသားရဲ့ ကိုယ်လုပ်တော်ဖြစ်သွားတာနဲ့... သူ့အား ယခုအချိန်မှာ အထင်သေးကဲ့ရဲ့တဲ့သူတွေ၊ အထူးသဖြင့်ရှန်လျန့်ကို ဘယ်လိုပြန်ပေးဆပ်ခိုင်းရမလဲ စဉ်းစားနေလိုက်သည်။
ရည်ရွယ်ချက်ရှိရှိ ဖြန့်လိုက်တဲ့သတင်းကြောင့် မှောင်ရီမပျိုးခင်မှာပဲ ရှန်ကျင်းနဲ့ ရှန်ချောင်တို့ ကိုယ်ဝန်ဆောင်နေရတဲ့သတင်းက မြို့တော်တစ်ခုလုံး ပျံ့နှံ့သွားတော့သည်။ ချင်ယွင်ရှန်းက သမားတော်ကိုခေါ်ပြီး ဟုတ်မှန်ခြင်းရှိမရှိ အတည်ပြုမေးမြန်းသည်။ ထို့နောက် စာကြည့်ဆောင်တစ်ခုလုံးကို ဖျက်ဆီးပစ်လုနီးပါးဖြစ်သည်အထိ ဒေါသူပုန်ထခဲ့ရသည်။
သူ့စိတ်ထဲ တစ်ခုခု ထူးဆန်းနေတာကြောင့် ထိမ်းမြားဖို့ကိုအချိန်ဆွဲနေခဲ့ပြီး ယခု ရှန်ကျင်းရဲ့ ကိုယ်ဝန်ကြောင့် တစ်လောကလုံးက သူ့ကလေးမှန်း သိကုန်ကြပြီ၊ ဒီလိုအချိန်မှာမှ တာဝန်မယူရင် တစ်ဘဝလုံး ကြိုးစားထားခဲ့သမျှ နာမည်ကောင်းဟာ တစ်ခဏအတွင်း လောင်ကျွမ်းသွားလိမ့်မယ်။
"ဟုတ်လား"
ဧကရာဇ်သည်လည်း သတင်းရ၏။ ဘုရင့်ကိုယ်ရံတော်တပ်သားေခါင်းေဆာင်က ယခုတင် လာရောက်လျှောက်ထားခြင်းဖြစ်သည်။
"မှန်လှပါ..."
ကိုယ်ရံတော်ခေါင်းဆောင်က အမှောင်ရိပ်တွင် ပုန်းကွယ်လျက် ရိုသေစွာ ပြန်ဖြေသည်။
" နောက်ထပ် ရှန်မိန်းကလေးရဲ့ နာမည်က ဘယ်လိုခေါ်တာ?သူလည်း ကိုယ်ဝန်ရှိတယ်ဆိုတော့ ဝမ်းကွဲရဲ့ သွေးသားဆိုတာ သေချာရဲ့လား"
ဧကရာဇ်က ထပ်မံမေးမြန်းပြန်တယ်။
"သေချာပါတယ်"
"ဟုတ်ပြီ၊ သွားလို့ရပြီ"
ကိုယ်ရံတော်အား ထွက်သွားစေပြီးနောက် ရန်အန်းကုန်းကုန်းကိုလှမ်းခေါ်လိုက်သည်။
"တော်ဝင်အမိန့်လွှာ နှစ်စောင်ပြင်လိုက်၊ တစ်စောင်က လေးယောက်မြောက်သားတော်အတွက်၊ တစ်စောင်က ဝမ်းကွဲအတွက်"
"ခင်ဗျာ..."
ရန်အန်း သဘောမပေါက်သဖြင့် အရှင်က ဒေါသမာန်ထကာ ...
"မသိသလို ဟန်ဆောင်မနေနဲ့၊ ကုန်းကုန်း သဘောမပေါက်ဘူးဆိုတာ ကိုယ်တော်မယုံဘူး၊ဝမ်းကွဲရဲ့ နောက်ဆုံး ကြင်ယာတော်ဆုံးသွားတာဖြင့် ကြာလှပြီ၊ ခုတော့ ကြင်ယာတော် အသစ်တစ်ပါးရှိဖို့အချိန်ကျပြီလေ"
ကြင်ယာတော်အသစ်ရဲ့ ဂုဏ်သတင်းက ဆိုးရွားနေပေမယ့် သူ့ဝမ်းကွဲညီ၏ဂုဏ်ကျက်သရေ သည်လည်း ထူးမခြားနားပင်။ ကြင်ယာတော်များစွာအား သေစေခဲ့သည့် သူ့အား မည်သည့်အိမ်က သမီးမိန်းကလေးဖြစ်စေ၊'ကော'ဖြစ်စေ ထိမ်းမြားရဲသူမရှိပါချေ။
"မှန်လှပါ"
ရန်အန်း မငြင်းဆန်ရဲချေ။ တစ်ကယ်တော့ ဒီလိုနေ့မျိုး ရောက်လာမယ်မှန်း ကြိုသိပြီးသားပင်။ဘုရင့်အပါးမှာ အနီးကပ်ခစားခွင့်ရတဲ့ မိန်းမစိုးတစ်ယောက်အနေနဲ့ ဉာဏ်ရည်ထက်မြက်သိတတ်မှု၊ လူမှုအဆက်အသွယ် တွေဟာ ဧကရာဇ်ထက်တော့ မနိမ့်ပါးချေ။ တစ်ချို့အရာဆိုလျှင် အရှင်မင်းမြတ်ထက်ပင် တွက်ချက်တတ်ကာ တိကျမြန်ဆန်သည်။
နာရီဝက်ခန့်ကြာပြီးနောက် တုံးလင်အိမ်တော်သို့ပို့ဆောင်မည့် အမိန့်ပြန်တမ်းလွှာက အဆင်သင့်ဖြစ်နေခဲ့ပြီ၊ တစ်စောင်က ချင်ယွင်ရှန်းနဲ့ ထိမ်းမြားရန် ကိုယ်လုပ်တော်များအား သုံးရက်အတွင်း လာရောက်ခေါ်ဆောင်မည် ဖြစ်ကြောင်းနှင့် ကျန်တစ်စောင်က ရှန်ချောင့်အား မင်းသားကျန်း၏ ကြင်ယာတော်အဖြစ်ချီးမြှင့်ပေးခြင်းဖြစ်သည် ။
အမိန့်စာလွှာ ရောက်လာတော့ ချင်ယွင်ရှန်း၏ မျက်နှာက အိုးမဲ သုတ်ထားသလို ဖြစ်ကာ စာလွှာအား အမှုန့်ခြေချင်မိသည်အထိ။
တစ်ဖက်၌ ကုန်းကုန်းက အမိန့်ပြန်တမ်းလွှာ ဖတ်ပြပြီးသည်နှင့် ပြန်သွားသည်။ ရှန်ချောင်မှာ သွက်သွက်ခါ အော်ဟစ်ငိုယ်ိုနေပြီး ညလယ်ခေါင်မှာ သရဲမြင်လို့ အူနေသည့် ခွေးနှင့်ပင် တူနေတော့၏။
"ဘုရင်မင်းမြတ်၏ လှုပ်ရှားမှုကတစ်ကယ် မြန်တယ်"
ဇူလိုင်လထဲဝင်လာပြီဖြစ်ရာ ရာသီဥတုက တဖြည်းဖြည်း ပူနွေးလာသည်။ ရှန်လျန်တို့သည် ညစာစားပြီးသည်နှင့် အိပ်ရာတန်းမဝင်ကြပဲ ခြံဝန်းထဲ ဝိုင်းထိုင်ကာ စကားစမြည်ပြောဖြစ်ကြ၏။ ဝိုင်းထိုင်သူထဲတွင် ဖေးယွမ်ရွှင်းကလည်း မပါမဖြစ်၊ အိမ်သို့ အမြဲဝင်ထွက်သွားလာနေတာကြောင့် အစပိုင်း၌ ကြောက်ရွံ့ကြသော်လည်း မြင်ရဖန်များသောအခါ ယခင်ကလောက် အမူအရာများ ၊ချုပ်တည်းထားခြင်းမရှိတော့ချေ။
"အင်းမြန်တယ်၊ မမြန်လို့လည်း မရတော့ဘူးလေ"
လက်ထဲ ဘောလုံးကိုကိုင်လျက် ဖေးယွမ်ရွှင်းသည် သူ့မိသားစုဝင်နဲ့အတူ တစ်လှည့်စီပစ်ဆော့နေသည်။
"အင်း"
တစ်ခုခုဖြစ်တော့မယ်လို့ဘာလို့ ထင်နေပါလိမ့်?
"မင်းရဲ့အဖိုးပြန်ရောက်တော့မယ်၊ ဝေ့တိုင်းပြည်ရဲ့သံတမန်လည်း အတူလိုက်ပါလာလိမ့်မယ်"
ဟုတ်သားပဲ၊ စစ်သည်တွေ ပြန်လာတော့မယ်!
ရှန်လျန် နောက်ဆုံးတော့ ချင်တိုင်းပြည်ကို အိမ်နီးချင်းတိုင်းပြည်ငယ်တွေဆီမှ သံတမန်တွေ ရောက်လာတော့မယ်မှန်း သတိရသွားသည်။ လွန်ခဲ့သည့်နှစ်ပေါင်းများစွာက ချင်တိုင်းပြည်မှာ စစ်အင်အားတောင့်တင်းပြီး လွှမ်းမိုးနိုင်စွမ်းအားကြီးသော တိုင်းပြည်ဖြစ်ခဲ့ရာ အိမ်နီးချင်းတိုင်းပြည်များက ဦးညွှတ်ခဲ့ကြရသည်။
ထိုစဉ်က ချင်တိုင်းပြည်မှ ခေတ်အဆက်ဆက်တည်စေရန် အမိန့်စာတစ်စောင် ထုတ်ပြန်ခဲ့သည်။ သုံးနှစ်တစ်ကြိမ်တိုင်း တိုင်းပြည်ငယ်များမှ ချင်တိုင်းပြည်သို့ သတင်းအချက်အလက် ဖလှယ်ရန် သံတမန် စေလွှတ်ရမည်ဟူ၍။ နောက်ပိုင်း ချင်တိုင်းပြည်က ဧကရာဇ် မင်းဆက်ပြောင်းသွားပြီး တိုင်းပြည်ငယ်များက တစ်စထက်တစ်စ သန်မာလာကြသည့်တိုင် ဤအစဉ်အလာအား ဆက်လက်ထိန်းသိမ်းထားကြသည်။
ကွာခြားချက်တော့ရှိ၏။ ယခင်က လက်အောက်ငယ်သား တိုင်းပြည်များအဖြစ် သတ်မှတ်ထားကြသော်လည်း ယခုမူ သူတို့က အချင်းချင်း ဆက်သွယ်ရန်မစောင့်နိုင်ကြတော့ပဲ ၎င်းတို့၏ နိုင်ငံအင်အားကို ကြွားဝါပြသချင်နေတော့၏။
ဝေ့တိုင်းပြည်က အနောက်တောင်ဘက်မှာ ရှိနေတာကြောင့် အဖိုးတို့ ပြန်လာသည့်အခါ လမ်းကြုံလိုက်ပါလာကြမည်ဖြစ်သည်။
ထိုခဏ၌ ရှန်လျန်၏ခန္ဓာကိုယ်က သွေးပျက်ထိတ်လန့်မှုကြောင့် ထိန်းချုပ်မထားနိုင်လောက်အောင် တဆတ်ဆတ်တုန်ရီလာသည်။ အရင်ဆုံး သတိထားမိတဲ့ ဖေးယွမ်ရွှင်းက ဘောလုံးငယ်အား ကြောင်အမ်းနေတဲ့ ဖုရင်ဘက် ပစ်ပေးလိုက်ပြီး ရှန်လျန့်ကိုအမြန်ဖက်ကာ စိုးရိမ်တကြီး မေးမြန်းသည်။
"ဘာဖြစ်လို့လဲ လျန်လျန်"
"ကျွန်~တော်...."
လျန်လျန်က ဦးမော့လာပေမယ့် မျက်ဝန်းအိမ်တစ်ခုလုံး သွေးကြောတွေနီရဲထောင်ထကာ မျက်နှာတစ်ပြင်လုံး ဖြူဖျော့လာသည်။ ချီရွှမ်းပင် မူမမှန်မှုကို သတိပြုမိပြီး အနား တိုးလာကြသည်။
"အဆင်ပြေတယ်၊ ဘာမှမဖြစ်ဘူး၊ ကိုယ်ရှိတယ်နော်၊ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး!"
နှလုံးသားတစ်ခုလုံးဆွဲညှစ်ခံရသလို နာကျင်နေသည့် ပုံစံကြောင့် ဖေးယွမ်ရွှင်းက ဖက်ပွေ့ကာ ညင်ညင်သာသာ နှစ်သိမ့်ပေးသည်။ ပထမဆုံးအကြိမ်အဖြစ် လျန်လျန်၏ အားနည်းတဲ့ ဖက်ခြမ်းကို မြင်ရခြင်းလည်း ဖြစ်သည်။
"လျန်လျန်.."
လူတိုင်း စိုးရိမ်နေပြီး ဘာလုပ်လို့ဘာကိုင်ရမယ်မသိ ဖြစ်နေသည်။
"မကြောက်နဲ့.. အဆင်ပြေသွားမှာ ..ကိုယ်ရှိတယ် ဟုတ်ပြီလား"
ပိုပိုပြီး တုန်ရီနေတဲ့ ခန္ဓာကိုယ်ကြောင့် ဖေးယွမ်ရွှင်း ရင်ကွဲမတက် ဖြစ်ရသည်။ သို့နှင့် တစ်ကိုယ်လုံးပွေ့ချီလိုက်ပြီး အခြားသူများ စိုးရိမ်နေသသည်ကို လစ်လျူရှုကာ လျန်လျန့်အား အခန်းထဲ ခေါ်ဝင်လာလိုက်သည်။
"စိတ်အေးအေးထား၊ လျန်လျန် စိတ်လျော့ ဘာဖြစ်လို့လဲ ကိုယ့်ကိုပြောပြ၊ စိတ်လျော့ထား! လျန်လျန် ကိုယ့်ကိုကြည့်၊ ကိုယ်လေ ဖေးယွမ်ရွှင်းလေ... "
အခန်းထဲ ပြန်သည့်လမ်းတစ်လျှောက်လုံး တတွတ်တွတ်ရွတ်ကာ အဆက်မပြတ်သတိပေးသည်။ ဂရုတစိုက်နဲ့ ကုတင်ပေါ် တင်လိုက်ပြီး သူက ကုတင်စွန်းမှာ ဝင်ထိုင်သည်။ လျန်လျန့်ပါးနှစ်ဖက်မှာ လက်ဖွဖွ အုပ်ကိုင်ကာ သူ့မျက်လုံးဆီ တည့်တည့်ကြည့်စေသည်။
"ယွမ်..."
အဖြစ်အပျက်တွေ မြင်ယောင်ပြီးတဲ့နောက် အားနည်းတဲ့ အသံလေး ထုတ်လာသည်။ ရှန်လျန် တဖြည်းဖြည်း ပုံမှန်စိတ်အခြေအနေဆီ ပြောင်းလဲလာပေမယ့် မျက်ဝန်းက နီရဲနေဆဲ။
"အွန်း.."
ပြန်အဆင်ပြေလာတာမြင်တော့ ဖေးယွမ်ရွှင်း စိတ်သက်သာရာရပြီး လျန်လျန့်ပခုံးမှာ ခေါင်းတင်ပြီး အသက်ပြင်းပြင်းရှူသည်။
"လျန်လျန်ဘာဖြစ်လို့လဲ ကိုယ့်ကိုပြောပြ"
စိတ်အခြေအနေက အတော်လေး မူမမှန်၊ဆိုးရွားတဲ့ မှတ်ဉာဏ်အပိုင်းအစတွေ မြင်ယောင်နေသလို....
"ကျွန်တော် အဆင်ပြေသွားပါပြီ ၊ဒီတိုင်း မကောင်းတဲ့ အတိတ်ကို ပြန်အမှတ်ရသွားလို့ပါ၊ လပ်မြောက်ကာ ယွမ်ရွှင်းရဲ့ပါးကို ထိတွေ့ရင်း ပြန်လည် ချော့မော့သည်။
အရင်ဘဝ၌ သံတမန်များရောက်လာခဲ့ပြီး အနောက်မြောက်အရပ်စစ်ပွဲဆီမှ အစ်ကိုကြီး သေဆုံးသွားတဲ့သတင်းကိုပါ သယ်ဆောင်လာခဲ့၍ဖြစ်သည်။ ထိုအတိတ်က နာကျင်ရလွန်း၍ မေ့ဖျောက်ထားသော်လည်း ဖေးယွမ်ရွှင်းမှ အစဖော်လိုက်သောအခါ နာကျင်သည့် စိတ်ဒဏ်ရာနှင့် အမုန်းတရားများက တစ်ချိန်တည်း ထိုးထွက်လာပြီး တဒင်္ဂ ထိန်းချုပ်မှုလွတ်သွားခဲ့ခြင်းဖြစ်သည် ။ ဖေးယွမ်ရွှင်းသာ အချိန်မှီ သတိဝင်အောင် မနိုးပေးနိုင်ခဲ့ရင် အတိတ်မှတ်ဉာဏ်ထဲမှာ စီးမျောပြီး အချိန်အတော်ကြာသည်အထိ ရုန်းထွက်နိုင်မည်မထင်ပါ။
"ခုချိန်ထိ မပြောပြချင်သေးဘူးလား"
ဖေးယွမ်ရွှင်း နေသာထိုင်သာမရှိတော့ပါ၊ အရင်က ဘာမှ မမေးမြန်းပဲ လွှတ်ပေးထားခဲ့ပေမယ့် ဒီတစ်ကြိမ် လျန်လျန်ရဲ့ ပုံစံက သူ့ကို အမှန်တစ်ကယ် တုန်လှုပ်စေခဲ့သည်။ ဒီလောက် အသက်အရွယ်ငယ်ငယ်လေးနဲ့ ဘာတွေများကြုံခဲ့ရလို့ နက်ရှိုင်းတဲ့စိတ်ဒဏ်ရာမျိုး ရှိနေတာလဲဆိုတာ အတော် သိချင်မိ၏။
"တစ်ကယ် သိချင်တာလား"
ရှန်လျန်က နာကျင်မှုတွေကို ရင်ထဲမှာ တင်းတင်းကြပ်ကြပ် ပြန်လည် ဖုံးကွယ်လိုက်တော့ ခံစားနေရသမျှ တစ်စ တစ်စပြန်လည် လျော့ပါးလာသည်။
သူအရမ်းများ တစ်ကိုယ်ကောင်းဆန်သွားလား?ယွမ်ရွှင်းက သူ့ကိုဆို အကုန်ပြောပြပေမယ့် သူကျတော့ လျှို့ဝှက်ချက်တွေပြောပြဖို့ ဆန္ဒမရှိခဲ့။
"အရမ်းခံစားရမယ့်အတိတ်မျိုးဆိုရင် မေ့ပစ်လိုက်၊ မင်း အဆင်ပြေတဲ့အချိန်မှ ပြောပြ၊ ဒီညတော့ ကိုယ် မလန့်ချင်တော့ဘူး"
ဖေးယွမ်ရွှင်း သက်ပြင်းချကာ အိပ်ရာပေါ် လဲလျောင်းလိုက်သည်။ ရင်ခွင်ထဲ လျန်လျန့်အားဆွဲသွင်းကာ လူကြီးက ကလေးလေးကိုချော့မြူသယောင် ပြု၏။
အကြိမ်တစ်ရာ၊တစ်ထောင်သေရမယ်ဆိုရင်တောင် တစ်စက်မှ မကြောက်တဲ့သူက လျန်လျန်ခံစားနေရတာလည်း မြင်ရော အကြောက်တရားက ဘယ်လိုမျိုးလဲဆိုတာ သိသွားခဲ့ရသည်။ လျန်လျန့်စိတ်ဒဏ်ရာက သူထင်ထားတာထက် အဆအများကြီးပြင်းထန်တာပဲ!
"ကျွန်တော့်ကိုအချိန်နည်းနည်းပေး.. အများဆုံး လက်ထပ်တဲ့အချိန်ထိပဲ၊ ကျွန်တော်တို့ လက်ထပ်တဲ့ညမှာ အကုန်ပြောပြပါ့မယ်"
လျန်လျန်က ဖေးယွမ်ရွှင်းရဲ့ ရင်အုံကိုမှီထားပြီး လက်တို့လိုက်သည်။
"နော်!"
"ဟုတ်ပါပြီ"
ဖေးယွမ်ရွှင်း သဘောတူသည့်အနေဖြင့် ခေါင်းငြိမ့်သည်။ ဖီးနစ်မျက်ဝန်းက။ လျန်လျန့်ကို တစ်စိုက်မတ်မတ်ကြည့်နေဆဲ။ နောက်ဆုံး လျန်လျန်ပြုံးလာတော့မှ သူက နှုတ်ခမ်းဆီ တိုးကပ်ကာ နမ်းရှိုက်လိုက်တော့သည်။
2805 words
Grape 🍇
(Tn.ကျွန်မ အရမ်းများ တစ်ကိုယ်ကောင်းဆန်သွားလား? မင်္ဂလာဦးညမှာတော့ အတိတ်အကြောင်းမပြောပါနဲ့အေ၊ ကြည်နူးရမလားဆို ပြိုင်ကားတောင် မရှိပဲ မျက်ရည်မျက်ခွက် ငိုနေရမယ်)