'သခင်မကြီး ဘုန်းဘုန်းလဲ'
"ဒေါ်လေး ဒါတွေပြောနေမယ့် အစား ရှစ်ယောက်မြောက် ညီမလေးကို ပြုကျင့်သွားတဲ့တရားခံက ဘယ်သူလဲဆိုတာကို ရှာသင့်တာ မဟုတ်ဘူးလား၊ ညီမလေး တော်တော် ခံစားသွားရမှာပဲ၊ခုလို ဖြစ်သွားမယ် မထင်ထားဘူး"
ယခုအဖြစ်အပျက်က ယခင်ဘဝကနဲ့ တူညီသော်လည်း ကွာခြားချက်မှာ ရှန်ချောင်က နာကျင်မှုကိုခံစားရရုံသာရှိပြီး မသေပေ။
"သန္ဓေယုတ်! ငါ့သမီးက ဖြူစင်တယ်"
ရှန်လျန် နှာရှုံ့လိုက်၏။
"ဪ ဖြူစင်တုန်းပဲလား"
မိခင်ရင်ခွင်ထဲ ပွေ့ဖက်ခံထားရတဲ့ ရှန်ချောင့်ကို အဓိပ္ပာယ်ပါပါလှမ်းကြည့်လိုက်သည်။
ရယ်စရာကောင်းလိုက်တာ၊ ဘယ့်နှယ် ခုချိန်ထိဖြူစင်တယ် ထင်နေသေးတာလား"
ကျောက်လန်ရဲ့ မျက်လုံးက ပြူးကျယ်နေပြီး ပါးစပ်ထောင့်မှ သွေးရဲရဲက စီးကျလာ၏။
"ဖူး...."
ရှန်လျန့်အကြည့်ကြောင့် ကျောက်လန် သွေးအန်တဲ့ထိ ခံစားလိုက်ရသည်။ လည်ချောင်းမှ သွေး ညှီနံ့က ဆန်တက်လာပြီး ပါးစပ်မှ ထွေးထုတ်လိုက်သည်။ ရင်ဘတ်နားက ပူလောင်လွန်းပြီး သည်းမခံနိုင်လောက်အောင် နာကျင်သည်။
သမီးဖြစ်သူ ဒီလိုအဖြစ်ဆိုးမျိုး ကြုံအောင် လုပ်တဲ့သူက ရှန်လျန်ပဲ၊ အိမ်ထောင်ဖက်တောင် မတွေ့ရသေးတဲ့ ကလေးလေး ... နောင်ကို ဘယ်လိုလုပ်ရပါတော့မလဲ?
ဒီအကြောင်းတွေတွေးမိတော့ ကျောက်လန် ယူကြုံးမရဖြစ်၏။
"ဒေါ်လေး ညီမလေးရဲ့ ခန္ဓာက်ုယ်ကို ဆေးကုပေးလိုက်ပါဦး၊ ခုချိန်မှာ ဒေါ်လေးက သူ့ဘေးမှာ ရှိနေပေးမှဖြစ်မှာနော် ၊ ကိစ္စက အရမ်းကြီးတော့ အိပ်မက်ဆိုးတွေထဲက ရုန်းထွက်နိုင်ပါ့မလား မသိဘူး၊ နဂိုက မြို့တော်ရဲ့ နံပါတ်တစ် အလှဘုရင်မ ဖြစ်ခဲ့တဲ့ သူဆိုတော့လေ"
ပြောပြီးတာနဲ့ လေ့ကျန်း၊ ယောင်းကွမ်တို့နဲ့ အတူ ရှန်လျန် လှည့်ထွက်ခဲ့၏။
"မကောင်းဆိုးဝါးလေး၊ အခုချက်ချင်း နင့်ကိုသတ်ပစ်မယ်!"
ကျောက်လန် အာခေါင်ခြစ်ကာ ခါးခါးသီးသီး အော်ဟစ်နေသော်လည်း ရှန်လျန်က အခန်းထဲမှ ထွက်သွားပြီဖြစ်ကာ နောက်ပြန် တစ်ချက်မှ ပြန်လှည့်မကြည့်တော့ပေ။
အရှေ့ဘက်နဲ့ တောင်ဘက်ခြမ်းရဲ့ ဧည့်နားနေဆောင်က အဖြစ်အပျက်တွေကြောင့် တုံးလင်အိမ်တော်ရဲ့ သမီးပျို ၃ဦးစလုံး အနိုင်ကျင့်ခံလိုက်ရတဲ့သတင်းက ချက်ချင်းပဲ ပျံ့နှံ့သွား၏။
မိန်းမငယ်နှစ်ဦးက စတုတ္ထမင်းသား၏ကုတင်ပေါ် တက်နိုင်ခဲ့ပုံနှင့် ကျန်တစ်ဦးမှာမူ မည်သူက အနိုင်ကျင့် ဖျက်ဆီးသွားမှန်းမသိ၊တရားခံ မပေါ်ပဲ ဖြူစင်မှုက ပြီးပြည့်စံုစွာအရောင်စွန်းသွားခဲ့ကြောင်း ၊ရင်ဖုန်းတံတားကျိုးကျခဲ့၍ မြို့တော် မပြန်နိုင်ခဲ့ပဲ ဘုရားကျောင်းမှာတည်းခိုနေတဲ့ ဘုရားဖူးဧည့်သည်များအကြား သတင်းကရေပန်းစား၏။ ထို့အပြင် မြို့တော် ပြန်ရောက်ပါက သေချာပေါက် အနှေးနဲ့အမြန် သတင်း ဖြန့်ခံလိုက်ရမှာဖြစ်၏။
သို့နှင့် အကြောင်းကြောင်းကြောင့် ဧကရာဇ်၏ နားတော်သို့ ပေါက်ကြားကာ ဘုရင့် အမိန့်အရ တော်ဝင်မင်းညီမင်းသားများ နန်းတွင်းသို့ အခစားဝင်ရန် ကသုတ်ကရိုက်ထွက်ခွာသွားကြ၏။
လုယန် အရှေ့ဘက်နားနေဆောင်ဘက် ရောက်သွားသောအခါ မင်းသားများ မရှိတော့ပါ၊ ထို့အစား အဝတ်မဝတ်ပဲ စောင်နဲ့ ပတ်ကာ ကုတင်ပေါ် ကွေးကွေးလေး လဲနေသည့် မိန်းကလေး နှစ်ဦးကိုသာ မြင်လိုက်ရ၏။ လုယန်ရောက်လာသည်ကိုမြင်သော် နှစ်ဦးလုံး ခံပြင်းစွာ ငိုကြွေးလျက် အတူတူ ပြန်လိုက်လာကြသည်။
ဘုရားကျောင်းက မြို့တော်နှင့် လှမ်းသည့် သီးသန့်နေရာတွင် အေးအေးချမ်းချမ်းတည်ရှိသည်ဖြစ်ရာ သမားတော် အလွယ်တကူပင့်ဆောင်ရန် မဖြစ်နိုင်။ ဆေးပညာ နည်းနည်းပါးပါးနားလည်သည့် ဆရာတော် တစ်ပါးသာ ရှန်ချောင်နဲ့ သခင်မကြီးကို လာကြည့်ပေးပြီး ဆေးဝါးအနည်းငယ်ပေးကာ ပြန်ကြွသွားသည်။ သခင်မကြီးနှင့် ရှန်ချောင်တို့ သက်သာသည့်ပုံမရတာကြောင့် ကျောက်လန်နဲ့ လုယန်လည်း မြို့တော် ပြန်ရန် အမြန်ထုတ်ပိုးကြရတော့သည်။
"ချောင်အာ..."
အစေခံများက ပစ္စည်းတွေ ထုတ်ပိုးပေးနေစဥ်ကျောက်လန်က သမီးနားကပ်ကာ မျက်နှာလေးကို အသာထိရင်း တရှုံ့ရှုံ့ငို၏။ ဒီတစ်နာရီ နှစ်နာရီအတွင်း ဆယ်နှစ်ခန့်အိုစာသွားရသလို...
"သခင်မ..."
ရှန်ချောင်၏ ကိုယ်ပိုင် အခြွေရံနှစ်ဦးက တုန်ရီလျက် ဆေးပန်းကန်ပူပူ တင်လာသော ဗန်းကိုကိုင်ကာ ရောက်လာသည်။
"မနေ့ညက နင်တို့ ဘာလုပ်နေကြလဲ၊ ချောင်အာက အခန်းထဲမှာ အိပ်နေတာ မဟုတ်ဘူးလား"
ကျောက်လန် စိတ်တိုလာသည်။
အလုပ် ဘယ်လိုလုပ်နေကြသလဲ? လူတစ်ယောက်လုံးထွက်သွားတာတောင် မသိရော့သလား ?
ဒုတ်!
အစေခံနှစ်ဦးက ကြမ်းပြင်ပေါ် ဒူးထောက်ချသည်။
"သခင်မ ချမ်းသာပေးပါ၊ မနေ့ညက မမလေးက အရမ်းစိတ်ဆတ်နေပြီး ကျွန်မတို့ကို အခန်းထဲ ပေးမဝင်ပါဘူး၊ညစာသွားပို့ တုန်းကလဲ ပန်းကန်နဲ့ ပစ်ပေါက်လို့ နဖူးထိမှန်ခဲ့ပါသေးတယ်၊ အဲ့တာကြောင့် မမလေးကို မနှောင့်ယှက်ရဲပဲ အခန်းအပြင်မှာပဲ စောင့်နေခဲ့တာပါ"
ကျောက်လန်ရဲ့မျက်နှာက မည်းမှောင်ပြီး ခြိမ်းခြောက်မှု အပြည့်ဖြစ်လာရာ အခြွေရံနှစ်ဦးက ကြောက်လန့်တကြား ဝပ်တွားတောင်းပန်ကြသည်။
"သခင်မ ချမ်းသာပေးပါ၊ သခင်မ အသက်ချမ်းသာပေးပါ"
"ထွက်သွား၊ ပြန်ရောက်မှ အပြစ်ပေးမယ်"
နှစ်ယောက် ထွက်သွားခါမှ ဆေးခွက်ကိုယူကာ အနည်းငယ် မှုတ်ပြီး ရှန်ချောင့်ပါးစပ်နား ဂရုတစိုက် တေ့ပေး၏။
"ချောင်အာ လိမ်မာနော်၊ ဆေးသောက်လိုက်၊ အဲ့ဒါမှ နေကောင်းမှာ"
"ဟင်း.…."
နေထိုင်ရမသက်သာသည့် ရှန်ချောင်သည် ရုတ်တရက် နာနာကျင်ကျင် ညည်း၏။ ကျောက်လန်က ဆေးပန်းကန် ဘေးချကာ ညင်ညင်သာသာ ချော့မော့၏။
"ချောင်အာ..."
"အား.... ထွက်သွား၊ ထွက်သွား၊ အနား မလာနဲ့"
မျက်စိဖွင့်တာနဲ့ တစ်စုံတယောက်က အနားတိုးကပ်လာသည်ကိုမြင်သော် ရှန်ချောင် ကြောက်လန့်တကြား အတင်း ရုန်းကန်သည်။
"ချောင်အာ.. ချောင်အာ.. အမေလေ၊ သမီးရဲ့ အမေလေ.. ချောင်အာ သမီးလေး "
ရင်ဘတ်ကို ဓားနဲ့ ထိုးခံရသလို နာကျင်စွာနဲ့ ရှန်ချောင်၏ တွန်းဖယ်မှုက်ု လစ်လျူရှုကာ မလွှတ်တန်း ဖက်ပွေ့ပေးလိုက်သည်။
"ဟင့်အင်း၊ လွှတ်ပေး ငါ့ကိုလွှတ်....အား.... အား.. လွှတ်ပေး...."
နှလုံးကွဲ မတတ်အော်ဟစ်သံက လူနှစ်ယောက်၏ စနက်ကြောင့် ဖြစ်ရာ သမီးကိုကြည့်တိုင်း ကျောက်လန် မျက်ရည်ကျရသည်။ ဒီတစ်ကြိမ်လည်း မတိုင်ခင်ကလို သွေးအန်ခဲ့သည်။
"ချောင်အာ.. သတိထားပါဦး၊ အမေပါ၊ သမီးရဲ့မေမေပါ"
ကိုယ့်ဝေဒနာကို လစ်လျူရှု၍ သမီး၏ ပျာယာခတ်နေသော မျက်လုံးနဲ့ တည့်တည့်ဆုံနိုင်ရန် ကြိုးစား၏။ ထိုသို့လုပ်လိုက်မှ..
"အမေလား"
ရှန်ချောင် ဆက်မရုန်းတော့ပါ၊ ကျောက်လန် မျက်ရည်ဖြင့် ခေါင်းတဆတ်ဆတ်ငြိမ့်၏။
"အင်း အမေလေ"
"အမေ့..."
အမေမှန်း ခုမှ မှတ်မိသွားပြီး မိခင်လက်မောင်းထဲ တိုးဝင်ကာ သားအမိနှစ်ဦးလုံး သည်းသည်းထန်ထန် ဖက်ကာ ငိုကြွေးကြ၏။ ထွက်ခွာဖို့ လာခေါ်သော အခြွေရံက ဒီမြင်ကွင်းကြောင့် တိတ်တိတ်လေး ပြန်လှည့်သွားသည်။မိသားစုကြီးမှာ ခစားသည့် အစေခံတစ်ယောက်အနေနဲ့ ကိုယ့်အသက်ကိုယ် ဂရုစိုက်တတ်မှရမည်။ အလိုက်မသိသူအများစုကတော့ အဆုံးသတ်မကောင်းကြ၊ သခင်၏ အကျည်းတန်သောမြင်ကွင်းကို ငယ်သားတွေက မမြင်အပ်တာကြောင့် ဖုံးကွယ်နိုင်ဖို့ရာ နှုတ်ပိတ်ခံရတတ်၏။
ရှန်ချောင်ရဲ့အခြေအနေနဲ့ ယှဉ်ရင် ရှန်ချန်နဲ့ရှန်ကျင်းက အတော် သက်သာ၏။ နှစ်ယောက်သား ပြန်ရောက်တာနဲ့ အခန်းထဲ အောင်းကာ ထွက်ခွာရန် လာမခေါ်မချင်း အပြင်မထွက်ကြ၊ သို့နှင့်ပြန်ခါနီး၌ ရှန်ဟွေးကို မျက်နှာချင်း ဆိုင်လိုက်ရသော် အမျိုးသမီးနှစ်ဦးမှာ ထိန်းမရပဲ ဒေါသေကြာင့် တဆတ်ဆတ်တုန်လာပြီး လက်သီး ဆုပ်ထားကြသည်။
လမ်းမကြီးပေါ် ရထားလုံး ဆယ်စီးဝန်းကျင်ခန့် တစ်ဖန် ရွေးလျားလာသည်။ သခင်မကြီး၏ကျန်းမာရေးကြောင့် မြန်မြန် မမောင်းနှင်ရဲကြသလို ရင်ဖုန်းတံတားအား ပထမဆုံးအကြိမ်ပြန်ပြုပြင်သူများကလည်း တစ်ညထဲနဲ့ မပြီးနိုင်ရာ တခြားလမ်းက ပတ်ပြန်ရသဖြင့် ခရီးလမ်းက ကြာရှည်သည်။
"ဟေ့ .. ဟိုးကလာနေတာ တုံးလင်အိမ်တော်ကလှည်းတွေမဟုတ်လား၊ ပြန်လာရဲသေးတယ်နော် အရှက်ကိုမရှိဘူး၊ သူတို့သမီးတွေက ရှန်သခင်
ေလးကို သူဖုန်းစားတွေနဲ့ အိပ်အောင် ကြံစည်ခဲ့ကြတာလေ"
"ဟုတ်ပါ့ဟုတ်ပါ့၊ သူများရဲ့ သတို့သားလောင်းကိုခိုးယူပြီး ကုတင်ပေါ်လည်း တက်ချင်သေးတယ်တဲ့၊ တစ်ခုမှ ကောင်းတာ မရှိဘူး"
"ခုတော့ ရှန်သခင်လေးရဲ့ လူကိုခိုးတာ တိုင်းသိပြည်သိ ဖြစ်ကုန်ပြီ၊ ယောင်္ကျားတိုင်းမှာ မျက်စိပါရင် သူတို့ကို ယူရဲဦးမတဲ့လား၊ဒါနဲ့ ရှန်သခင်လေးကို ဝိုင်းသတ်ကြမှာပဲစိုးမိတယ်"
"ရှန်ဗိုလ်ကြီး မြန်မြန်ပြန်လာရင် ကောင်းမှာပဲ၊ ရှန်သခင်ေလးကိုခေါ်ပြီး တခြားမှာ ပြောင်းနေလိုက် ၊အဲ့တာမှ အနိုင်ကျင့်မခံရမှာ"
"ထားလိုက်တော့ ၊သူတို့က အမြင့်တက်ချင်ကြမှာပေါ့၊ သူများလင် လုပြီးကို သုံးယောက်လုံး ကုတင်ပေါ် တက်ကြတာ၊ ကံကောင်းပြီး တစ်တိုင်းပြည်လုံး သိကုန်လို့၊ အစ အဆုံး ရှန်သခင်လေး ခမျာ ဘာမှ မသိလိုက်ရှာဘူး"
"သူတို့လို မိန်းကလေးကို နှစ်သက်မိတာ ငါတို့ တစ်ကယ် ကန်းခဲ့တာပဲ"
လှည်းတန်းကြီး မြို့ထဲဝင်လာတာနဲ့ လူများစွာက လက်ညှိုးတထိုးထိုးနှင့် အတင်းပြောကြ၏။ လှည်းထဲ ထိုင်နေတဲ့သူတွေက ဒေါသထွက် ပေမယ့် ထိုလူတွေကို ဆင်းရိုက်လို့မရပဲ ကိုယ့်ကိုကိုယ် အပြစ်တင်နေရုံသာရှိ၏။
မ်ြု့တော်ကို တော်ဝင်မင်းသားတွေနဲ့ အတူပြန်ရောက်တဲ့ ဖေးယွမ်ရွှင်းက သတင်းလွှင့်သူဖြစ်၏။ ဘုရားကျောင်းမှ အဖြစ်အပျက် အသေးစိတ်ကို မဟုတ်ပဲ အတိုချုန်း ပျံ့နှံ့စေလျက် ရှန်လျန့်အပြစ်ကို ဖုံးကာ ရှန်မိသားစုအပေါ် ရေဆိုးများ လောင်းချပေးလိုက်သည်။
"သူတို့နဲ့ ထိုက်တန်တယ်"
သံမဏိတပ်သားတွေဆီက သတင်းရထားတဲ့ ယောင်းကွမ်က ကျေနပ်စွာ ပြောသည်။ မျက်စိမှိတ်ကာ အနားယူနေတဲ့ ရှန်လျန်က ပေါ့ပေါ့ပါးပါးပြော၏။
"သူပစ်လိုက်တဲ့ ကျောက်တုံးက သူ့ခြေထောက်ပေါ် ပြန်ကျတာပဲ၊ ငါ့ကိုဒုက္ခပေးတဲ့ အစီအစဉ်ကြီးတစ်ခုလုံး မဖော်ထုတ်တာတောင် ပြည်သူတွေက တွေးကြည့်ရုံနဲ့ ဆက်စပ်မိမှာပဲ၊ နောက်ဆုံးတော့ အမှန်တရားက ဖုံးကွယ်လို့ မရဘူး"
"ကောင်းတယ်၊ သူတို့တော့ ပြဿနာကြီးကြီး တက်သွားကြပြီ၊ ဒါပေမယ့် ဒီတိုင်း ငြိမ်နေကြမှာ မဟုတ်လောက်ဘူး"
"လုပ်ကြည့်လိုက်လေ...သူတို့ရဲ့ စိတ်တွေ ဘယ်လောက်ကောက်ကျစ်လဲ လူတိုင်းသိအောင် ပြလိုက်မှာပေါ့၊ လူရှေ့ဆို ဟန်ဆောင်မူပိုတတ်တဲ့ သူတွေရဲ့ မျက်နှာ အစစ်အမှန်ကို လူတိုင်းမြင်အောင် ခွာချပစ်ရမယ်"
မျက်ဝန်းတွေ မှေးကျဉ်းလျက် အေးစက်စွာ ပြော၏။ ယောင်းကွမ်က ဆိုလိုရင်းအဓိပ္ပာယ်ကို သဘောပေါက်သည်။
"ဟမ့်! စွံ့အားနားမကြားလို တစ်သက်လုံးဟန်ဆောင်နေတာ အကောင်းဆုံးပဲ"
"ဟဟ..."
ရှန်လျန် သဘောတကျ ရယ်မောလိုက်သည်။ နာရီဝက်ခန့် ခရီးနှင်ပြီးသော် ရထားလုံးရပ်တန့်လိုက်သည်။
"ချန်အာ..."
"အမေ! "
ရှန်လျန်လှည်းထဲက ထွက်သည်နှင့် သားအမိတွေ တစ်ဦးနှင့်တစ်ဦး အော်ခေါ်နေသံကိုကြားရ၏။ ရှန်လူကြီးမင်းသုံးဦးက သခင်မကြီးကို ပတ်ပတ်လည် ခြံရံလျက် အိမ်ထဲ ခေါ်ဝင်သွားသည်။ ပင့်ဖိတ်ထားတဲ့ သမားတော်လည်း ရောက်နှင့်ပြီး ဖြစ်၏။ လူတိုင်း တုံးလင်အိမ်တော်ထဲ ဖေးဖေးမမနှင့် ဝင်သွားကြပြီး အိမ်ပြင်ဘက်တွင် ရှန်လျန်တို့ သုံးဦးသာ ချန်ထားရစ်ခဲ့၏ ။
"ဝင်ကြရအောင်"
ပတ်ဝန်းကျင်မှ လူတွေ အကြည့်ကြောင့် ရှန်လျန်က ဦးဆောင်ပြီး လေ့ကျန်း၊ယောင်းကွမ်ကိုခေါ်ကာ ခြေလှမ်းလှမ်းသည်။ ရထားလုံးတွေကတော့ အစောကတည်းက တုံးလင်အိမ်တော်ရဲ့ နေရာအလိုက် စီစဉ်ထားရှိရာသို့ ရောက်သွားလေပြီ။
"သမားတော်၊ အမေ့အခြေအနေ ဘယ်လိုရှိလဲ"
ဟယ်ရှန်းခြံဝန်းတွင် ရှန်ရွေ့ထင်က ဟိုဘက် ဒီဘက် လမ်းလျှောက်နေကာ သမားတော် ကိုမြင်သည်နှင့် စိတ်ပူစွာမေး၏။ လာရန် အမိန့်ပေးခေါ်ခံထားရတဲ့ ရှန်လျန်သာ ရေနွေးကြမ်းအားဇိမ်ခံသောက်လျက်ရှိ၏။ သခင်မကြီးရဲ့ ကျန်းမာရေးက သူ့လောက် ကောင်းကောင်း သိသူပင် မရှိလောက်ချေ။
သမားတော်က ခေါင်းရမ်းသည်။
"သခင်မကြီးက သွေးအန်ပြီး အရမ်းအားပြတ်နေတာ၊ ခရီးက အရမ်းပန်းတော့ ပိုဆိုးသွားတာပေါ့၊ သူသတိရလာရင် နလန်ပြန်ထူနိုင်ပါ့မလား မသိဘူး၊ အချိန်သိပ်မကျန်လောက်တော့ဘူး၊ ဂရုစိုက်ပေးလိုက်ကြပါ"
ဘာပြောတယ်? ရှန်ရွေ့ထင် ကြားရသည့်စကားကို မယုံကြည်နိုင်၊ တစ်ကယ်ပဲ အဲ့လောက် ဆိုးတာလား?
"တောင်းပန်ပါတယ်၊ ကျွန်တော် အကောင်းဆုံးကြိုးစားခဲ့ပြီးပါပြီ၊ သခင်ကြီး မယုံရင် နန်းတွင်းသမားတော် ပင့်ဖိတ်ကြည့်ပါလား၊ သူ့မှာ နည်းလမ်းကောင်း ရှိရင်ရှိနိုင်တယ်"
သမားတော်က ဂါရဝပြုပြီး ထွက်ခွာသွား၏။ ရှန်ရွေ့ထင်က ထိုအခါမှ သတိဝင်လာပြီး..
"စွင်းကျင့်.. သမားတော်ကို လိုက်ပို့ပေးလိုက်ဦး"
"ဟုတ်ကဲ့ ရှင့် သခင်ကြီး"
အချင်းချင်းကြား ပြောစရာရှိနေကြောင်း သိသဖြင့် စွင်းကျင့် မထွက်သွားခင် ရှန်လျန့်အား စိုးရိမ်တကြီး ကြည့်လိုက်သေး၏ ။ လျိုရှုဟန်၊ ဒုတိယနဲ့ တတိယသခင်မတွေ အကုန်လုံးက တညီတညာတည်း ပဉ္စမသခင်လေးအား တရားခံလို့ စွပ်စွဲသည်။ ဒီတစ်ကြိမ်လည်း သခင်ကြီးက စုံလုံးကန်းပြီး သခင်လေးကို အပြစ်တင်ဦးမလား မပြောနိုင်။
2300 words
Grape 🍇