မုရုန်ယွင် နိုးလာပြီ
အပ်စိုက်ပညာက ဆေးပညာရဲ့အခြေခံဖြစ်သလို အဆိပ်ကုထုံးသည်လည်း အတူတူပင်။ ရှန်လျန်က ထိုအပိုင်းတွင် ကျွမ်းကျင်လွန်းရာ ကုသနည်းစနစ်က သေသပ်မြန်ဆန်တိကျသည်။ ချီယွဲ့က မြင်နေကြဖြစ်သော်လည်း ယန်သမားတော်က ကြောင်ငေး၍ ကြည့်နေရှာသည်။
ရှန်လျန်မှ ကုသသည့်ဖြစ်စဉ်အား မှတ်မိသလားဟု မေးသည့်အခါ ယန်သမားတော်ခမျာ တစ်ခုမှ မမှတ်ထားနိုင်ပါချေ။
"မုရုန်သခင်ကြီးနဲ့ သူ့မိသားစုကိုပေးဝင်လိုက်တော့"
ရှန်လျန်ကူကယ်ရာမဲ့လျက် မုရုန် မဒမ်၏သွေးကြောကို တစ်ဖန်စမ်းကြည့်ရာ ပိုကောင်းလာပြီဖြစ်သည်။ နောက်ပိုင်းတွင် ချောချောမွေ့မွေ့အဆင်ပြေစေရန် အိပ်ခန်းထောင့်သို့သွားကာ အပ်စိုက်ကုသနည်းဖြစ်စဉ်အဆင့်ဆင့်ကို မှင်၊ စုတ်တံ သုံး၍ ချရေးပေးထားလိုက်သည်။
"ယွင်အာ..."
"ပါး..." (ဖေဖေ)
မုရုန်ဟိုင်နဲ့ သား၊သမီးက ပျာပျာသလဲလဲ ဝင်ရောက်လာသည်။ ဖြူဖတ်ဖြူရော် မျက်နှာနဲ့ မုရုန်ယွင်ကို ကြည့်ရသည်မှာ ယခင်ထက် ပိုကောင်းလာဟန်ရှိသည်။ ထို့ကြောင့် အားလုံးက စိတ်လှုပ်ရှားလွန်း၍ ရင်ဘတ်ကြီးပေါက်ထွက်လာတော့မလိုပင်...မုရုန်ဟိုင်က တုန်တုန်ရီရီဖြင့် သူ့ဇနီး၏မျက်နှာလေးကိုကိုင်လိုက်၏။
"ယွင်အာ.. သတိရလာပြီ"
မုရုန်ယွင်၏ပါးပြင်ပေါ်သို့ မျက်ရည်ပူပူ စီးကျလာ၏။ ခင်ပွန်းသည်၏ နာကျင်ခံစားရမှု၊ စိတ်ဖိစီးမှုတွေကိုမြင်ပြီး မုရုန်ယွင် မျက်ဝန်းတွေတင်းတင်းပိတ်လိုက်မိ၏။ မျက်ခွံအောက်မှ မျက်စံက ရွေ့လျားနေပြီးစက္ကန့်အနည်းငယ် အကြာတွင် မျက်လုံးပြန်ဖွင့်လာသည်။
"ယောက်.. ယောင်္ကျား"
နောက်တစ်စက္ကန့်တွင် မုရုန်ဟိုင်၏ လက်မောင်းထဲ အဖက်ခံလိုက်ရသည်။ နှစ်ရက်တိတိသတိမေ့နေတဲ့ မုရုန်ယွင်က..
"ယောင်္ကျား စိတ်..စိတ်မဆိုးပါနဲ့ "
နာကျင်အက်ကွဲနေသည့် အသံနှင့်ပြောရင်း မျက်ရည်ပူက စီးကျလာပြန်သည်။ သူ့ခင်ပွန်းကို ပြန်တွေ့ရတိုင်း နောက်ဆုံးအကြိမ်အဖြစ်မြင်ရတာလို့ ခံစားနေရ၏။ သူ မသေချင်သေးပါ.. ဆက်ပြီးအသက်ရှင်ချင်သေးသည်။ မုရုန်ဟိုင်နဲ့ အသက်တူတူကြီးသွားကြမယ်လို့ ကတိပြုထားကြသည်လေ ဒါပေမယ့် သူ့အတွက် အချိန်က မရှိတော့ဘူး....
"ယွင်အာ သတိရလာပြီနော်!"
ဇနီးသည်အမှန်တစ်ကယ် ပြန်နိုးလာသည်ကို မျှော်လင့်မထားသဖြင့် စိတ်လှုပ်ရှားမှုအပြည့်နှင့် ပူးကပ်နေမိ၏။
မုန်ရုန် မောင်နှမသည်လည်း အမြန်ရှေ့တိုးလာကာ
"ပါး..."
သူတို့ မငိုပဲမနေနိုင်ကြချေ.. နှစ်ရက်တောင် မေ့မျောပြီးမှ ပြန်နိုးလာနိုင်သည် ဆိုတော့ ဒါတစ်ကယ် ကို တစ်ကယ့်ကို အရမ်းအရမ်း ကောင်းတာပဲ!
"အန်းအာ.. ကျန်းအာ.. သားနဲ့သမီး"
ပါးတောင်းပန်ပါတယ်နော် သားတို့ မင်္ဂလာဆောင်တဲ့အခါ ပေးရမယ့် ခန်းဝင်ပစ္စည်းတွေ လက်ဖွဲ့တွေ အကုန် ပြင်ဆင်ပြီးပေမယ့်... ပေးခွင့်မရတော့မှာရော... သားတို့ မိသားစုဝင်တွေကိုမြင်ခွင့်မရတော့မှာရော စိုးမိတယ်..
မုရုန်ယွင် မျက်ရည်အပြည့်ဖြင့် အားလုံးကိုကြည့်လိုက်၏။ အချို့အရာတွေကို ထုတ်ပြောချင်ပေမယ့် မပြောရက်ပါချေ။ သူ့ခန္ဓာကိုယ်က အဆိပ်ကြောင့် ယိုယွင်းပျက်စီးနေကုန်ပြီ.. လောင်စာဆီနဲ့ထွန်းတဲ့ ဆီမီးလိုပဲ တမြေ့မြေ့လောင်ကျွမ်းပြီး အကောင်းပကတိမရှိတော့ပေ။ အချိန်တွေ နောက်ပြန်ဆုတ်နိုင်ရင် ကောင်းမှာပဲ... မျက်လုံးမှိတ်လိုက်တာနဲ့ သူ့မိသားစုကို ထပ်မတွေ့ရတော့မှာ ကြောက်နေမိသည်။
"ပါး!"
မုရုန်ကျန်းက မိန်းကလေးပီပီ နုနယ်ကာ စိတ်ပျော့၏။ သူ့ဖေဖေ၏ ရင်ခွင်ထဲ ပြေးဝင်ကာ ကျယ်လောင်စွာ ရှိုက်ငိုနေ ရှာ၏။
"ကျန်း... ကျန်းအာ"
မုရုန်ယွင်က ပိန်ပါးတဲ့ လက်လေးနဲ့ သူ့သမီးရဲ့ခေါင်းကို ခပ်ဖွဖွ ပုတ်ပြီး စိတ်ကြိုက်ငိုစေသည်။မိသားစုလေးဦး၏ ရင်နင့်ဖွယ် မြင်ကွင်းပင်။
ဒီအချိန်မှာ မိသားစုအားလုံးမေ့နေကြတာက မုရုန်ယွင်ကို ကယ်တင်လို့ရသေး တယ်ဆိုတာကို ပဲ...မုရုန်ယွင်ကိုယ်တိုင်ကလည်း သူ့ရဲ့နောက်ဆုံးအချိန်အတွက် စိတ်ပြင်ဆင်ထားပြီး မိသားစုကို နောက်ဆုံးတွေ့ဆုံနေသကဲ့သို့.....
"မင်းကဘာလို့ ငိုနေတာလဲ"
ချီယွဲ့က တိတ်တိတ်လေး မျက်ရည်တွေ သုတ်နေတာကြောင့် ယောင်းကွမ် တအံ့တဩမေး၏။ ချီယွဲ့က မိသားစုဝင်လည်းမဟုတ်ပဲ ဘာကိစ္စ စိတ်မကောင်းဖြစ်နေတာလဲ?
"သူတို့ကိုကြည့်လေ... မင်းရင်ထဲ မထိဘူးလား"
ထပ်ကျလာတဲ့ မျက်ရည်စီးကြောင်းကိုသုတ်လိုက်ပြန်ရာ ချီယွဲ့ ၏မျက်လုံးက အနီရောင် သန်းကာ ယုန်မျက်လုံးဖြစ်နေ၏။
"ငါကတော့ ဘာမှ မခံစားရပါဘူး"
ယောင်းကွမ်က သွေးထက်သံယို နှင့် သေခြင်းတရားကြားမှာ ကြီးပြင်းလာရသူမို့ ဤလောက်က မမှုပေ။ ရင်ထဲ ထိတယ်ဆိုတဲ့စကားက သူ့အတွက် သိပ်ကြီးကျယ် လွန်းသွားပြီ။
"ယွဲ့ကော.. ယောင်းကွမ်က ကျွန်တော်တို့နဲ့ ဘယ်တူပါ့မလဲ"
ရှန်လျန်က သမားတော် ယန် အား ရေးထားသည်များကို အသံခပ်တိုးတိုးနှင့် ရှင်းပြလိုက်၏။ ယောင်းကွမ်၏ ရင့်ကျက်မှုက သူရင်ဆိုင်ခဲ့ပြီးသော အတွေ့အကြုံနှင့်ညီမျှသည်။ အင်အားကြီးသူနောက် လိုက်လေလေ သူတို့ဘဝအတွက် ကြီးမားသော အတွေ့အကြုံပိုရလေ ဖြစ်၏။
"ရှန်သခင်လေး ဆေးလုံးရ... ပါး!"
မုရုန်ယွင် သစ်သားဘူးတစ်ခုကိုင်လျက် ဝင်ရောက်လာချိန် ပြောလက်စ စကားက တစ်ဝက်တပြတ်ဖြင့် ရပ်တန့်သွားရသည်။ သတိပြန်ရနေတဲ့ အဖေကိုတွေ့ပြီး ဝမ်းသာတကြီး အော်ခေါ်ကာ ပြေးလာသည်။ နောက်မှာ ရပ်နေတဲ့ ရှန်လျန်ကတော့ ခေါင်းတယမ်းယမ်းနှင့် ကူကယ်ရာမဲ့နေ၏။
"မုရုန်သခင်ကြီးခင်ဗျ.. မဒမ်က ခဏတဖြုတ်ပဲသတိပြန်ရလာတာပါ.. အဆိပ်ကုသတဲ့အချိန်ကို နှောင့်နှေးစေလို့မဖြစ်ပါဘူး"
မိသားစုချစ်ခြင်းကို တမင် ခွဲပစ်တာ မဟုတ်သော်လည်း မုရုန်ယွင်ကိုဆက်လက် ကုသရန်လိုအပ်ပြီးနောက်ပိုင်းအဆင့်က လူနာ သတိရနေမှ ဖြစ်မည်။ မုရုန်ယွင်က အချိန် တစ်ခုပဲ သတိရလာတာဖြစ်ပြီး မကြာခင် ပြန်လည် မေ့မျောသွားဦးမှာပင်။
ထိုအခါ သတိရအောင်ပြန်လုပ်ရ ပြန်ဆေးကု ရနှင့် အတော်လေး ဒုက္ခတွေ့နိုင်သည်။
"တောင်းပန်ပါတယ်ဗျာ... ရှန်သခင်လေး ကျုပ်တို့...."
သူ့ရဲ့သတိပေးမှုကြောင့် ရှန်သခင်လေးက ယွင်အာ ကို အဆိပ်ကုသပေးနေတုန်းဆိုတာ မုရုန်ဟိုင် သတိရမိသွားသည်။ ကလေးဆန်ဆန်အမှား ပြုမိသွားတာကြောင့် အလျင်အမြန်နောက်ဆုတ်ပေးလိုက်၏။ မုရုန်သားသမီးတို့လည်း မျက်ရည်လေးသုတ်ကာ ဝေးဝေးေရွှ့ပေးကြ၏။
မုရုန်ယွင်၏ ပဟေဠိဖြစ်နေသော အကြည့်ကြောင့် ရှန်လျန် ပေါ့ပေါ့ပါးပါးပြုံးပြ၍ ထိုင်ချလိုက်သည်။
"ကျွန်တော့်နာမည်က ရှန်လျန်.. တုံးလင် အိမ်တော်က သားငယ်ပါ.. အခုချိန်မှာ မေးခွန်းတွေ များနေမယ် ဆိုတာ သိပေမယ့် တစ်ခုချင်းဖြေပေးဖို့အချိန်သိပ်မရလို့ပါ.. လက်ရှိ စကားမပြောသေးနဲ့ဦးဗျ.. မဒမ်ရဲ့ အဆိပ်ထုတ်ပေးမလို့ပါ"
"အင်း.."
မုရုန်ယွင် သံသယဖြင့် ရှန်လျန့်နောက် ရပ်နေသော သူ့ခင်ပွန်းကိုကြည့်၏။ မုရုန်ဟိုင်က အညင်သာဆုံး ချောမော့သည့်လေသံဖြင့်
"ယွင်အာ.. ရှန်သခင်လေးရဲ့ စကားနားထောင်နော်.. သူက မင်းရဲ့အဆိပ်ကို တစ်ကယ်ကုပေးမှာ .. ခုတောင် သတိရလာအောင် သူကပဲလုပ်ပေးခဲ့တာ . မင်းဆက်ပြီး အသက်ရှင်ရမယ်နော် အားတင်းထား"
"ငါ... ငါတစ်ကယ်ပဲ..."
မုရုန်ယွင် ဝမ်းသာမျက်ရည် ကျရပြန်၏။ ကြရသည်ကို ပင် မယုံနိုင်...တစ်ကယ်ပဲ အသက်ဆက်ရှင်နိုင်သေးတာလား...ဒါဆို သူ့ကတိကို တည်နိုင်ပြီး ခင်ပွန်းနဲ့ မခွဲရတော့ဘူးပေါ့.. ကလေးတွေ အရွယ်ရောက်လာတာကိုကြည့်နိုင်ပြီး မိသားစုကိုယ်စီ တည်ထောင်သွားတာကို မြင်နိုင်ပြီပေါ့!
"ကျွန်တော့်ကိုဆေးလုံး ပေးပါ သခင်လေး မုရုန်ယွီ.. ပြီးတော့ သန့်ရှင်းတဲ့ ပန်းကန်လုံး တစ်လုံး ယူခဲ့ပေးပါ"
"ကောင်းပါပြီ"
ဆေးလုံးသေတ္တာ ကမ်းပေးပြီးနောက် ပစ္စည်းယူရန် အခန်းထဲက အမြန် ထွက်သွားသည်။
ရှန်လျန် သေတ္တာ ဖွင့်ပြီး ဆေးလုံးယူကာ ရှူကြည့်လိုက်သည်။ ဘာပြဿနာမှ မရှိတာ သေချာမှ သေတ္တာထဲ ပြန်ထည့်ထားလိုက်၏။
"ရှန်သခင်လေး.. ပန်းကန်လုံးရပါပြီ"
အဖိုးတန်ကျောက်စိမ်းပန်းကန်လုံး ယူလာသည်နှင့် ရှန်လျန် ဆေးသေတ္တာအားခဏချထားကာ ပန်းကန်လုံးကိုယူသည်။ ထို့နောက် မုရုန် ဟိုင်နားသွားကာ လက်ကောက်ဝတ်နား ငွေရောင် အလင်းတစ်ချက် ဖြတ်လိုက်ပြီး သေးငယ်တဲ့ ဖြတ်တောက်ရာတစ်ခု ဖြစ်စေသည်။ ဒဏ်ရာမှ သွေးများ ယိုဆင်းပြီး ပန်းကန်လုံးထဲကျသည်။ တစ်ဝက်မပြည့် တပြည့်အရောက်တွင် မုရုန် ဟိုင်၏ဒဏ်ရာအား သွေးတိတ်စေရန် ချီယွဲ့ကို ခေါ် ကာ ကုသခိုင်း၏။
"မုရုန်မဒမ်.. နှုတ်ခမ်းဟပါ"
သွေးက ပန်းကန်လုံးထဲ ကြာရှည် ထားလျှင် ခဲသွားလိမ့်မည်။ မုရုန်ယွင်ကို မှီနိုင်စေရန် မုရုန်ယွီအား ကူညီခိုင်းလိုက်၏။ မုရုန်ယွင်၏ ပါးစပ်ထဲသို့ ဆေးလုံးထည့်ပေးပြီး သွေးသောက်နိုင်ရန် ပန်းကန်ကိုင်ပေးထားလိုက်သည်။
"သောချင် အဆိပ်ကိုပျောက်ချင်ရင် ဒီသွေး သောက်ကိုသောက်မှရပါမယ် မဒမ်က သခင်ကြီးရဲ့ သွေးကိုကုန်အောင် မလုပ်ဘူးလို့ ကျွန်တော် ထင်ပါတယ်"
သူ့ခန့်မှန်းချက်အတိုင်း မူလက သောက်ရန်ငြင်းဆန်နေသော မုရုန်ယွင်သည် မျက်ရည်ဝဲဝဲနှင့် ထိုသွေးကိုသောက်လိုက်၏။
"အဟွတ်! ဟွတ်"
"ယွင်အာ..."
"ပါး...."
အော့အန်ပစ်ချင်စိတ်ကို မျိုသိပ်ကာ သူ့သားကြီးပေါ် မှီလိုက်ပြီး ပြင်းပြင်းထန်ထန်ချောင်းဆိုး၏။ သူ့ပုံစံကိုကြည့်ကာ မိသားစုမှာလည်း ဘာမှ မကူညီနိုင်။ ထိုစဉ် ရှန်လျန်က ငွေရောင်အပ်များ ထုတ်ကာ မုရုန်ယွင်ကို အပ်စိုက်လိုက်သည်။
"ဖွီး... ဟွတ်! ဟွတ်!"
လည်ချောင်းထဲလောင်ကျွမ်းနေသလို ခံစားရကာ အားအင်မရှိသည့် ခန္ဓာကိုယ်မှ ရုတ်တရက် မည်းညစ်နေသော သွေးက ပါးစပ်အပြည့် အန်ထုတ်လာသည်။ ကံကောင်းထောက်မစွာ ရှန်လျန်က ကြိုတင်ပြင်ဆင်ထားသဖြင့် သွေးတွေ ဖိတ်စင်မသွားခဲ့။
ထပ်ခါထပ်ခါ ချောင်းဆိုးပြီး သွေးညစ်များအန်ထုတ်ခိုင်းသည်။
မုရုန်ဟိုင်နှင့်သားသမီးအားလုံး ရင်တမမ စောင့်ကြည့်နေသော်လည်း ရှန်လျန့် ညွှန်ကြားချက်မပါပဲ သူတို့ တစ်လှမ်းမှ မလှုပ်ရှားရဲပါချေ။ သူတို့ကြောင့်အနှောင့်အယှက်ဖြစ်သွားပြီး ကြိုးစားသမျှသဲထဲရေသွန် ဖြစ်သွားမည် စိုး၍ ဖြစ်၏။
"အဆင်ပြေသွားပြီ.. လည်ချောင်းက အဆိပ်သွေးကြောင့် ဒဏ်ဖြစ်သွားတာမို့ နှစ်ရက်လောက်စကားမပြောပဲ အေးဆေး အနားယူလိုက်ပါ.. အဆိပ်က အသက်အန္တရာယ် မစိုးရိမ်ရတော့ဘူး. နောက်ရက်ကျမှ အပ်စိုက်.. ဆေးတစ်ရက်တစ်လုံးသောက်ပေးပါ။ လဝက်ဆို သောချင်အဆိပ်က လုံးဝ ပျောက်ကင်းသွားပါလိမ့်မယ်"
တစ်နာရီခန့် ချောင်းဆိုးပြီး သွေးနီသို့ ပြောင်းလဲလာမှ ငွေအပ်အသုံးပြုကာ ချောင်းဆိုးရပ်စေသည်။ သွေးကြောကိုပြန်စမ်းကြည့်လိုက်တော့ အဆိပ်ကိုအောင်အောင်မြင်မြင် ထုတ်ပြီးကြောင်းခံစားသိရှိလိုက်သည်။ သူ ပေါ့ပေါ့ပါးပါးပြုံးလိုက်သည်။
"ဟင်း...." မုရုန်ယွင် စကားတစ်လုံးမှမပြောနိုင်ပဲ မျက်ရည်ဝဲလျက် ရှန်လျန့်ကိုကြည့်၏။ သူ့ကျန်းမာရေး ကို သူအသိဆုံးပင်။ ခန္ဓာကိုယ်က အားနည်းကာ အာဟာရ ပြတ်နေသော်လည်း သုံးနှစ်လုံးလုံးခံစားခဲ့ရသည့် ဝေဒနာက နောက်ဆုံးတော့ ပေါ့ပါးသွားလေပြီ။ ရှန်လျန် သူ့ကိုမညာခဲ့ပါ ..တစ်ကယ်ကို သောချင်အဆိပ်ကိုနားလည်၏။ မုရုန်ယွင် မသေနိုင်တော့... ခင်ပွန်းနဲ့လည်း ခွဲခွာစရာမလိုတော့ပေ...
"ပြန်လှဲပြီး အနားယူလိုက်ပါ"
မုရုန်ယွင်၏ ပခုံးကို အသာ ပုတ်လှဲခိုင်းကာ မိသားစုဝင်တွေကို ခေါင်းငြိမ့်အချက်ပြ၍ အပြင်ဘက်ရှိစားပွဲဆီသို့ ထွက်လာလိုက်ကြသည်။
"ရှန်သခင်လေး.. ကျုပ်ဇနီး တစ်ကယ်ပဲ နေကောင်းသွားပြီလား"
မုရုန်ဟိုင် သူ့လက်ကောက်ဝတ်ကို အုပ်ကိုင်လျက် မေး၏။ သားသမီးသုံးယောက်ကလည်း မအဖြေကို မျှော်လင့်နေကြ၏။
"ဟုတ်ကဲ့.. အဆိပ်က အန္တရာယ်မရှိတော့ပါဘူး ဒါပေမယ့် သုံးနှစ်တောင် အဆိပ်က ခန္ဓာကိုယ်ကို တိုက်စားထားတာ လောင်စာဆီမီးလို.. တဖြည်းဖြည်းပျက်စီနေခဲ့တာဆိုတော့ တစ်နှစ်လောက် အချိန်ယူပြီး ပြန်ထူထောင်ပါ"
ကံကောင်းစွာနဲ့ မုရုန်မိသားစုက ချမ်းသာကြွယ်ဝတော့ နောက်ဆက်တွဲ ပြုစုပျိုးထောင်ဖို့ ကုန်ကျမယ့်ငွေအတွက်စိတ်ပူစရာ မရှိပေ။ ပြန်လည်ပြုစုကျွေးမွေးခြင်းက ပိုက်ဆံမီးရှို့ ရသလိုပင်။ ငွေကြေးချို့တဲ့သူအတွက်ဆိုရင်တော့ သောချင်ကိုတိုက်ထုတ်ဖို့ အတော်လေး ခက်ခဲလိမ့်မည်။
"ကောင်းပါပြီ .. အသက်အန္တရာယ် မစိုးရိမ်ရရင်ပြီးရော အချိန် ဘယ်လောက်ယူရ ပါစေ ကျုပ်တို့ မစိုးရိမ်ဘူး"
သောကရောက်နေတဲ့ စိတ်နှလုံးက နောက်ဆုံးမှာ ပြေလျော့သွားရကာ မုရုန်ဟိုင် မျက်ရည်တွေ သုတ်ရင်း အပြုံးပန်းဝေလာတော့သည်။
"မဒမ်ရဲ့ ခန္ဓာကိုယ်က အတော်အားနည်းနေတာ မလို့ အားဖြည့်စာ အရမ်းများများ မကျွေးသင့်ဘူး.. ကျွန်တော် ဒီရက်ပိုင်း ကျွေးလို့ရမယ့် ဆေးဖက်ဝင်အစာတွေ ရေးပေးခဲ့ပါမယ်... နောက်ပိုင်းကျရင်တော့ ချင့်ချိန် ကျွေးလို့ရပါပြီ.. လဝက်ကတော့ နည်းနည်းဒုက္ခခံရမှာပေါ့.. နေ့တိုင်း အပ်စိုက်ရမယ်၊ ဆေးသောက်ရမယ်၊ အစားစားရမယ်နော်.. ဒီအချက်တွေကို သေချာ မှတ်ထားပေးပါ"
အစာအညွှန်းရေးပေးပြီး မှာစရာရှိတာ မှာကြားသည်။
အညွှန်းက ရက်ရှည်အတွက် မဟုတ်ချေ... အနာဂါတ်မှာ မိမိကိုယ်ကို လိုအပ်သလို ချင့်ချိန်စားနိုင်ပါသည်။
"ကျေးဇူးအများကြီးတင်ပါတယ်ဗျာ.. ရှန်သခင်လေးက ကြီးမြတ်လွန်းပါတယ်"
မုရုန်ဟိုင် အညွှန်းစာရွက်ကိုယူပြီး ခါးတစ်ဝက်တိတိ ဦးညွှတ်ကာလေးစားသမှုပြု၏။ မုရုန် သားသမီးတို့သည် ကြမ်းပြင်ပေါ်ဒူးထောက်ကာ ဦးညွှတ်၏။
ထိုအပြုအမူကြောင့် ရှန်လျန် အလန့်တကြား တားလိုက်သည်။
"သုံးယောက်လုံးထပါ.. ကျွန်တော့်မှာ ဘာရည်ရွယ်ချက်၊ ကြံစည်ထားတာမှ မရှိတာ မဟုတ်ပါဘူး...ဒါကြောင့်. ခုလောက်ထိ ကြီးကြီးကျယ်ကျယ်တွေ တစ်ကယ် လုပ်စရာ မလိုပါဘူး"
"......."
မုရုန် သားသမီးတို့က ကြောင်တောင်တောင်ဖြစ်နေပြီး အဖေဖြစ်သူ မုရုန်ဟိုင်၏တုံ့ပြန်ချက်ကပိုမြန်သည်။
"ဒါကဖြစ်သင့်တာပါ... ရှန်သခင်လေးက ကျုပ်တို့ ဆီက ဘာပဲ လိုလို ကျုပ်တို့မျက်နှာ တစ်ချက်မပျက်ပဲ ဖြည့်စည်းပေးမှာပါ"
"ဒါဆို ကျွန်တော် အားမနာတော့ဘူးနော်"
ရှန်လျန် စားပွဲ နားမှ ထွက်လာကာ အလေးအနက်ပြော၏။
"ကျွန်တော့် တောင်းဆိုချက်က ရိုးရှင်းပါတယ်...နန်းတက်မယ့် မင်းသားအတွက် မုရုန်ရဲ့ချမ်းသာ စည်းစိမ်တွေကို လုံးဝအသုံးမချဘူးလို့ သခင်ကြီး ကတိပေးရပါမယ်"
"ဒါပဲလား?"
မုရုန်ဟိုင်က အတွေ့အကြုံများသူဖြစ်သော်လည်း ရှန်လျန်ရဲ့ တောင်းဆိုချက်ကို ကြားပြီး ဘယ်လိုတုံ့ပြန်ရမှန်းပင်မသိတော့ချေ.. အဲ့လောက် ရိုးရှင်းတယ်လား?
"ဟုတ်ပါတယ်"
မုရုန်ဟိုင်ရဲ့ သံသယတွေကို မြင်ပေမယ့် ရှင်းမပြဖြစ်ပေ။ ရိုးရှင်းသည်ဟုထင်ရသော်လည်း တစ်ကယ်တမ်း ရှုပ်ထွေး၏။ မုရုန်ယွင်၏ ပြန်ပဆွဲခံရပြီး အဆိပ်မိလာခြငက အကောင်းဆုံးဥပမာပင်။
"ရှန်သခင်လေး မတောင်းဆိုရင်တောင် ကျုပ်တို့မုရုန်က ဘယ်နည်းနဲ့မှ တော်ဝင်မိသားစုအတွက် အသုံးချခံ ဖြစ်ခွင့် ပေးမှာ မဟုတ်ဘူး"
မုရုန်ဟိုင် မျက်နှာ ရုတ်တရက် မည်းမှောင်သွား၏။ အဲ့ဒီဘုရင်အိုကြီးက ယွင်အာကို ဒုက္ခပေးတာများနေပြီ....တော်ဝင်မိသားစုတစ်ခုပဲ အင်အားကြီး ကာ မုရုန်တစ်မိသားစုလုံးကိုတောင် ဖျက်စီးစေ တော့မတတ်ပင် ။
"ကျွန်တော် တစ်ခုထပ် တောင်းဆိုချင်ပါတယ်.. သခင်ကြီး ကျွန်တော် နဲ့ ပူးပေါင်းဖို့ ဆန္ဒရှိရင် အနာဂါတ်မှာ မိတ်ဆွေ ဖြစ်ခွင့်ပေးပါ"
ရန်သူဖြစ်ခြင်းထက် မိတ်ဆွေ ဖြစ်ခြင်းက နှစ်ဖက်လုံးအတွက်ကောင်းသည်။ အာဏာလုပွဲတွင် အဆုံးသတ်၌ မိတ်ဆွေ ရင်းသာ ကျန်ရစ်ခဲ့ကြသည်။ သူ့၏ရည်ရွယ်ချက်က သူတို့စည်းစိမ်ကိုယူရန် အသုံးချရန်မဟုတ်ပဲ အချင်းချင်း အဆက်အဆံပြုကာ အတူတကွ အကျိုးအမြတ်ယူရန်သာ ဖြစ်၏။
"ပြဿနာ မရှိဘူး..ရှန်သခင်လေး အနာဂါတ်မှာ ဘာအကူအညီ ပဲလိုလို အမိန့်သာ ပေးလိုက်ပါ"
ချမ်းသာကြွယ်ဝတဲ့သူကို အပိုင်ကိုင်ထားတဲ့ ဧကရာဇ်ဆိုတာ ဉာဏ်နည်းသူမှ မဟုတ်တာ... ရှန်လျန် ပြောချင်တဲ့ အဓိပ္ပာယ်ကို နားလည်လိုက်ပြီး ချက်ချင်းရှန်လျန့်အပေါ် မှတ်ချက်ကောင်း ရရှိလိုက်သည်။
"ကိစ္စတွေ ဒီလိုဆိုမှတော့ အနာဂါတ်မှာ ကောင်းမွန်တဲ့ပူးပေါင်းမှု ဖြစ်ပါစေလို့ ဆုတောင်းပါတယ်.. ကဲ အချိန်လည်းလင့်ပြီဆိုတော့ ပြန်ခွင့်ပြုပါဦး"
နှုတ်ဆက်စကားပြောလိုက်သည်နှင့် မုရုန် သားအဖ လေးဦးက အိမ်အပြင် လိုက်ပို့ပေးကြသည်။
လှည်းပေါ် မတက်ခင် ရှန်လျန်က အလျင်စလိုဖြင့်..
"သခင်ကြီးတို့ဆိီမှာ ဟိုအထည်တွေကို ခဏထားထားဦးမယ်ဗျ.. သတင်းမပေါက်ကြားအောင် သေချာ ထိန်းထားပေးပါ.. ပြီးတော့ ဈေးကွက်ထဲ မကျန်ရှိအောင် ဂရုစိုက်ပေးပါဗျ.. အဲ့တာကသိပ်မကြာခင် အသုံးဝင်လာတော့မှာ"
"နားလည်ပါပြီ"
ရှန်လျန်မှာကြားသည်ကို မုရုန်ယွိ အထွန့်မတက်ပဲ အကောင်းဆုံးလုပ်ဆောင် ပေးမည်ဖြစ်သည်။
"အားလုံးပဲ နောက်မှ ပြန်တွေ့ကြတာပေါ့! "
"လမ်းခရီး ဂရုစိုက်ပါ ရှန်သခင်လေး"
ကိစ္စတွေ ဖြေရှင်းပြီးနောက် ရှန်လျန် လှည်းထဲ ဝင်သွားကာ ယောင်းကွမ်က ခပ်ဖြည်းဖြည်း လှည်းမောင်းပြီး တရွေ့ရွေ့ ဝေးကွာသွားတော့သည်။ မုရုန်မိသားစုက လှည်းပျောက်သွားတဲ့ထိ ကြည့်နေပြီးမှ ပြန်လာကြသည်။
"အဖေ... ရှန်သခင်လေးရဲ့ ရည်ရွယ်ချက်က ဘာလဲ"
သူတို့အဖေရဲ့အသက်ကို ကြိုးစားကယ်တင်ပေးခဲ့ပြီး သူ့တောင်းဆိုချက်ကအလွန်ရိုးရှင်းနေသည်။ တော်ဝင်မိသားစုကြား ဝင်မပါဖို့ တောင်းဆိုသွားသည်။ သူမပြောရင်တောင် သူတို့မိသားစုက ဝင်ပါရန် ဆန္ဒမရှိပါချေ။ ရှန်လျန် က ဘာလိုချင်နေတာလဲ?
"ရှန်သခင်လေးကအဲ့လောက် မရိုးရှင်းဘူး.. သူတော်ဝင်မိသားစုကို ဆန့်ကျင်နေမှာပဲ စိုးမိတယ်..အနာဂါတ်မှာ ရှင်သန်ချင်ရင် သူ့ရန်သူဖြစ်အောင် မလုပ်နဲ့ သေချာမှတ်ထား! သူ အကူအညီလိုလာရင် တစ်မိသားစုလုံး ရေကုန်ရေခမ်း ကူညီအားဖြည့်ပေးရမယ်"
မုရုန်ဟိုင်က တစ်သက်သာ အတွေ့အကြုံတွေနဲ့ သူ့သားသမီးတွေကို လမ်းပြပေး၏။ ရှန်လျန်က တော်ဝင်မိသားစုကို ဖြုတ်ချနိုင်မယ့် သူဖြစ်လာနိုင်သည် ...အချိန်ကျရင် အားလုံးပုံအပ်ပြီး ကူညီပေးရမည်.. တော်ဝင်မိသားစုက အပေါက်ပြဲ ယိုယွင်းမှု များစွာနဲ့ နှစ်ကြာရှည် တည်တံ့နေပြီး ယခုတော့ အင်ပါယာ အသစ် တည်ထောင်ရန်အချိန် ရောက်လာပြီ ပေါ့...
"ဟုတ်ကဲ့အဖေ"
သားသမီး သုံးယောက် အချင်းချင်းအကြည့်ဖလှယ်လျက် သဘောပေါက်ကြောင်း တုံ့ပြန်၏။ သူတို့အဖေ မပြောထားရင်တောင် ကြင်နာမှုပေးခဲ့တဲ့ ကျေးဇူးရှင်ကို မည်သို့ပင်ဆိုစေ ရန်သူအဖြစ် မသတ်မှတ်နိုင်ပါချေ။
3244 words
Grape 🍇