no

Font
Theme

'မျက်နှာဖြတ်ရိုက်ခံရ'

" ခင်ဗျား ဂရုမစိုက်ဘူးထင်နေတာ"

ရှန်လျန် သူ့လက်မောင်းတစ်ဖက်ကိုမှီပြီး မေးစေ့က ပခုံးပေါ်တင်ထားသည်။ ဖေးယွမ်ရွှင်း တွေးတာထက် သူက နက်နက်နဲနဲ ပိုတွေးသည်။ သို့ပေမယ့် ဒီလိုကိစ္စတွေက ကောင်းတဲ့အရာလည်း မဟုတ်တာကြောင့် ထုတ်ပြောပြီး မျှဝေနေရန် မလိုပေ။

"မင်းနဲ့ ပတ်သက်မှတော့ ဂရုစိုက်ရမှာပေါ့"

ဖေးယွမ်ရွှင်းက သူ့မေးစေ့ကို ညှစ်ကာ အသာယမ်း၏။ ထို့နောက် သူ့ဆံပင် ရှည်ထဲ လက်ထည့်ပြီး ခြောက်မခြောက်  ဆွဲချကြည့်သည်။

"စိတ်ရှုပ်စရာတွေ သိပ်မတွေးနဲ့၊ ဆံပင်ခြောက်တာနဲ့ အိပ်ရာစောစောဝင်တော့"

"အင်းပါ...ကျွန်တော်..."

"လျန်လျန်.. ငါ လုပ်ခဲ့ပြီး! သခင်!"

ပြတင်းပေါက်က ရုတ်တရက်ခုန်ဝင်လာတဲ့ ယောင်းကွမ်ကြောင့် ရှန်လျန့်စကားက တစ်ဝက်တပျက်နဲ့ ဖြတ်ချခံလိုက်ရသည်။ ယောင်းကွမ်လဲ ဖေးယွမ်ရွှင်း ရှိနေတာမြင်တော့ အလွန် ထိတ်လန့်သွားခဲ့သည်။

"ယောင်းကွမ်ကို ဘယ် သွားခိုင်းလိုက်တာလဲ"

ဖေးယွမ်ရွှင်းက ရှန်လျန့်ကိုမေးသည်။

"လန့်သွားတာပဲ!"

ရှန်လျန်က ခေါင်းတယမ်းယမ်း။

"ပြီးခဲ့ပြီလား"

"သူ မျိုချလိုက်တာမြင်မှ ပြန်ခဲ့တာပါ"

"ကောင်းတယ်! အရင်ထွက်သွားလိုက်ပါ"

ရှန်လျန်က ယောင်းကွမ်ကိုပြန်လွှတ်လိုက်ပြီး ဖေးယွမ်ရွှင်းဘက် လှည့်ကာ ရှင်းပြရသည်။

"ရှန်ချောင်က မနက်ဖြန် ထိမ်းမြားရတော့မှာလေ... ကျွန်တော်က ဂုဏ်ပြုလက်ဆောင်သွားပို့ခိုင်းတာပါ"

"အဲ့လိုလား?"

ကြားရတဲ့ အသံအရ လက်ဆောင် မဟုတ်တဲ့ လက်ဆောင် ဖြစ်နိုင်သည်။ ဖေးယွမ်ရွှင်း မနိုင်စွာနဲ့ မျက်ခုံးပဲပင့်လိုက်မိသည်။

"မင်းသမီးကြီး ကျင်းပတဲ့ အလှူပွဲတော်မှာ ကျွန်တော့်ကို ရေထဲ တွန်းချပြီးတာတောင် ဝန်မခံချင်တဲ့အပြင် မာန်က မချဘူး၊ ပိုတောင် ဇောင်းကြွလာသေးတယ်၊ ရှန့်ကောဘုရားကျောင်းမှာ မင်းသားချင်ကျန်းက သေလုမျောပါးဖြစ်အောင် ပြုကျင့်လိုက်မှ အကြောက နည်းနည်းပြေလျော့လာတာ၊ ဒါတောင် ခင်ဗျားကို စွပ်စွဲရဲသေးတယ်၊ မနက်ဖြန်ကျရင် သူ့ကို ပြုကျင့်ဖျက်ဆီးခဲ့သူနဲ့ ထိမ်းမြားရတော့မယ်ဆိုတော့ ရှန်‌ချောင် စိတ်မလွတ်သွားမှာစိုးရိမ်လွန်းလို့ သူစားမယ့်အစာထဲ ဆေးခပ်ခိုင်းလိုက်တာ၊ ဒီလိုဆို သေချာပေါက် သူ့စိတ်သူထိန်းနိုင်တော့မှာ မဟုတ်ဘူး၊ အောင်အောင်မြင်မြင် ပေါက်ကွဲထွက်လာလိမ့်မယ်"

အချိန်ကျရင် လက်ငှားပြီး ချင်ကျန်းကို သတ်နိုင်လိမ့်မယ်၊ ချီယွဲ့ကို သတ်ခဲ့တဲ့ မုဒိန်းကောင်ရဲ့ အပြစ်ကို မေ့ဖျောက်ပစ်ရန်မဖြစ်နိုင်ပါ။ သူ့အပိုင်လူကို ငမ်းငမ်းတက်လိုချင်တဲ့ ရှန်ချောင့်ကိုလည်း  တစ်ချက်ခုတ် နှစ်ချက်ပြတ် အပြစ်ပေးပြီး ဖြစ်သွားလိမ့်မည်။

"သူ ရူးသွားမှာလား"

ဖေးယွမ်ရွှင်းက ဆိုလိုတာကို တန်းသဘောပေါက်သည်။ ရှန်လျန် ခေါင်းငြိမ့်၏။

"အကြာကြီး ရူးသွားလိမ့်မယ်၊ ဘာမှ သိတော့မှာ မဟုတ်ဘူး"

"လူလည်း မမှတ်မိတော့ဘူးလား? ကျောက်လန်က သူ့သမီးကို အသေချစ်တာ၊ ကိုယ့်အမေကိုယ် မ‌မှတ်မိတော့ရင် သူ့အမေ ခံနိုင်ရည်ရှိပါ့မလား"

"အပြတ်ရှင်းပြီးသားဖြစ်သွားတာပေါ့"

ထိုမိန်းမ သူ့ကုတင်ပေါ် တက်ချင်တာကို ပြန်တွေးမိပြီး ဖေးယွမ်ရွှင်း အန်ချင်သွားသည်။ လျန်လျန့်အကြံအစည် အောင်မြင်မှဖြစ်မယ်၊ မဟုတ်ရင် သူ ဦးထုပ်စိမ်း ဆောင်းခံရကိန်းရှိတယ်။ 

"ချင်ယွင်ရှန်းရဲ့ အစောင့်တွေဆီက သတင်းသိရပြီလား"

"တော်တော်စိတ်ဝင်စားနေတယ်ပေါ့"

ဖေးယွမ်ရွှင်းက မျက်ခုံးပင့်၍ ကြည့်သည်။ ရှန်လျန် လည်း မငြင်း။

"ခုမဟုတ်တောင် နောက်ရက် သိရမှာပဲ"

"ဟုတ်ပါပြီ၊ ကိုယ်ပြောပြမယ်"

အိမ်သူက စိတ်ဝင်စားနေတော့လည်း မလိုက်လျောပဲ မနေနိုင်ပြန်။

စတုတ္ထမင်းသားရဲ့ အနောက်ဆောင်ထဲ ကိုယ့်သဘောနဲ့ ကိုယ် ဝင်သွားတဲ့ ရှန်ချန်တို့နှစ်ယောက်ဟာ နန်းဆောင်ကိုယ်စီ နေရာချခံရပြီးနောက်မှာ ညလယ်ထိ မင်္ဂလာဝတ်စုံနဲ့ စောင့်ဆိုင်းနေခဲ့ပေမယ့် သတို့သားရဲ့ အရိပ်အယောင်ကို မမြင်ခဲ့ရရှာ၊ လာမယ် မလာဘူးဆိုတဲ့ အမှာစကားပင် မကြားသိခဲ့ရသဖြင့် နောက်ဆုံးတော့ သာမာန်မိသားစုနဲ့ တော်ဝင်မိသားစုကြား ကွာခြားချက်ကို သူတို့သဘောပေါက်သွားကြသည်။ တော်ဝင်မျိုးနွယ်တွေက အကြောင်းပြချက် ပေးစရာ မလိုအပ်ဘူးကိုး...။

"ဖန်းကိုယ်လုပ်တော် ဝင်လို့မရပါဘူး၊ စတုတ္ထမင်းသားရဲ့ အမိန့်ပါ၊ အနောက်ဆောင်သူတွေက ခွင့်ပြုချက် မရှိပဲ အရှေ့ဆောင်ဆီ လာလို့မရပါဘူး"

စံအိမ်ထဲ ဝင်ခွင့်ရတဲ့ ကိုယ်လုပ်တော် နှစ်ယောက်က လွယ်လွယ်နဲ့ အရှုံးမပေးချင်ကြပါ။ ရှန်ချန်က မနက်စောစောထပြီး ဖြီးလိမ်း ပြင်ဆင်ကာ ကျော့ကျော့မော့မော့နဲ့ အရှေ့ဆောင်ဆီ အစေခံနဲ့အတူသွား၏။

အရှေ့ဆောင်သို့ရောက်သော် စံအိမ်ဝင်းရှေ့မှာတင် အစောင့်များ၏ ဟန့်တားခြင်းခံလိုက်ရသည်။ မျှော်လင့်မထားတာကြောင့် ရှန်ချန် အရှက်ရသွားသည်။

"တားရဲသလား၊ ငါတို့ သခင်မက မင်းသားရဲ့ ကိုယ်လုပ်တော်ဖြစ်..."

ရှန်ချန်ရဲ့ ကိုယ်ပိုင်အစေခံက ချက်ချင်းရှေ့ထွက်ပြီး မဏ္ဍိုပ်တိုင်တက်ပြနေသဖြင့် ရှန်ချန် အမြန်လှမ်းဆွဲထားလိုက်ရသည်။ ထို့နောက် ဗန်းကိုင်လာတဲ့ အခြားအစေခံကို ညွှန်ပြလိုက်သည်။

"စတုတ္ထမင်းသားရဲ့ အမိန့်ဆိုမှတော့ ကျွန်မ မနှောင့်ယှက်တော့ပါဘူး၊ ဒီဟာက စတုတ္ထမင်းသားအတွက် ကျွန်မ ကိုယ်တိုင် မနက်အစောကြီးတည်းက ထချက်ပေးထားတဲ့ ဂျင်စင်းဆန်ပြုတ်ပါ၊ ကျွန်မ အစား အစေခံကိုပဲ ဆန်ပြုတ်ဆက်သဖို့ ဝင်ခွင့်ပြုနိုင်မလား"

မနေ့ညမှာပဲ သူ့ကိုယ်သူ တုံးလင်အိမ်တော်ရဲ့ သခင်မလေး မဟုတ်တော့ပဲ အရှင့်သားရဲ့ ကိုယ်လုပ်တော်တစ်ပါး ဖြစ်သွားမှန်းနားလည်သွားခဲ့သည်။ ဒီနေရာထိရောက်လာပြီဆိုမှတော့ တဇွတ်ထိုး အပြုအမူတွေ ဆင်ခြင်ရတော့မည်။

အစောင့်က သူတို့ကို တစ်ချက်ကြည့်ပြီး စံအိမ်ထဲ သတင်းပေးရန် ဝင်သွားခဲ့သည်။ ရှန်ချန်က ထိုလူပြန်လာပြီး သူ့အစေခံကို ဝင်ခွင့်ပေးမယ့်အချိန်ထိ ရပ်စောင့်နေခဲ့သည်။

"ယွီကျစ် ဝင်သွားတော့"

"ဟုတ်ကဲ့"

အစောင့်နဲ့အတူ ကျောက်စိမ်းတွေစီခြယ်ထားတဲ့ စံအိမ်ထဲ ယွီကျစ်ဝင်သွားတာတွေ့မှ ရှန်ချန် တခြားအစေခံတွေနဲ့ ပြန်လာလိုက်သည်။

မည်သူမှ သတိမထားမိသည့်အချိန်မှ လက်ထဲက လက်ကိုင်ပဝါကို ခပ်တင်းတင်း ဆုပ်ကိုင်ပစ်လိုက်သည်။ လက်ထပ်ပြီးနောက်မှာတောင် စတုတ္ထမင်းသားရဲ့ စံအိမ်တော်က ဒီလောက် တင်းကြပ်မယ်မှန်း မထင်ထားခဲ့မိ၊ အရှင့်သားရဲ့ မျက်နှာကိုတောင် မြင်ခွင့်မရရင် ဘယ်လိုလုပ် သူ့ကလေးမွေးပေးနိုင်တော့မှာလဲ?

ကံကောင်းလို့ အရှင့်သားက ဂျင်စင်းဆန်ပြုတ်ကို လက်ခံဖို့ ဆန္ဒရှိနေခဲ့သည်။ ရည်ရွယ်ချက် နည်းနည်းတော့ အောင်မြင် သွားပေမယ့်လည်း ...

"ဆန်ပြုတ်လား? ကိုယ်လုပ်တော် ချက်ထားပေးတယ်ပေါ့?"

မနက်စာ စားပြီးတဲ့ ချင်ယွင်ရှန်းဆီ ယွီကျစ်က ဂျင်စင်းဆန်ပြုတ်‌ လာရောက်ဆက်သနေခြင်းဖြစ်၏။ ချင်ယွင်ရှန်း၏ မျက်နှာက ပြုံးနေပေမယ့် အကြည့်က အေးစက်စက်။

"ဟုတ်ကဲ့.. စတုတ္ထအရှင့်သား.. မယ်မယ်က အစောကြီးထပြီး သူကိုယ်တိုင် ချက်ပြုတ်ပြင်ဆင်ပေးခဲ့တာပါ"

အနီးကပ်ခစားမယ့် အစေခံတွေကို လျိုရှုဟန်က ရှန်ချန်အတွက် သေချာ ရွေးချယ်ပေးထားသည်။ချင်ယွင်ရှန်း၏ ရှေ့တွင် သခင်မ ရှန်ချန်ကို မျက်နှာ ပျက်အောင် လုပ်မည်သူမဟုတ်ပဲ တည်တည်ငြိမ်ငြိမ်ပဲ ဖြေကြားခဲ့သည်။

"ကိုယ်တိုင် ချက်ထားတယ်ပေါ့"

ချင်ယွင်ရှန်း နှာမှုတ်လိုက်သည်။ မောင်းမဆောင်၏ ပုံစံတွေ စလာပြီ! နန်းတော်မှာ နေခဲ့တဲ့ သက်တမ်းတစ်လျှောက် များစွာ ကြုံတွေ့ဖူးပြီးသားဖြစ်သည်။ အိမ်တော်ရဲ့ သခင်မလေးတွေက ချက်ပြုတ်ဖို့အတွက် လက်ဆယ်ချောင်း အသုံးပြုမည့်သူမျိုး မဟုတ်ချေ။

"ဟုတ်မှန် ပါတယ်ရှင့်"

ခေါင်းငုံ့ထားတဲ့ ယွီကျစ်က ချင်ယွင်ရှန်းရဲ့ အမူအရာကို မမြင်ရပဲ အေးဆေးတည်ငြိမ်သည့် အသံကိုသာ ကြား‌ရသည်။

"ခွမ်း!"

"အား!"

နောက်တစ်စက္ကန့်အတွင်းမှာပဲ ဆန်ပြုတ်ပန်းကန်က ကျကွဲသွားသည်။ အစေခံက ထိတ်လန့်တကြားအော်ဟစ်မိသွားသည်။

"ပြန်သွားပြီး မင်းရဲ့ မယ်မယ်ကိုပြောလိုက်..ငါ့စံအိမ်မှာ နေရင် ငါ့စည်းကမ်းကိုလိုက်နာတတ်ရမယ်၊ ထိမ်းမြားလက်ထပ်ထားတယ်ဆိုတာနဲ့ မျက်နှာသာပေးမယ်မထင်နဲ့၊ ဆန်ပြုတ်ချက်နေမယ့်အစား သူ့အစ်ကိုဆီက ပညာများများ သင်ယူပြီး ရေဘေးဒုက္ခသည်တွေကို ဘယ်လို ကူညီပေးမလဲ တွေးနေတာ ပိုကောင်းတယ်လို့၊ ထွက်သွားစမ်း!"

"ဟုတ်..ဟုတ်ကဲ့!"

ယွီကျစ်က တစ်ကိုယ်လုံးတုန်နေပြီး မတိုင်ခင်ကတည်ငြိမ်မှုတွေ အကုန် ကွယ်ပျောက်သွားသည်။

"နေဦး!"

တံခါးပေါက်နားရောက်မှ ချင်ယွင်ရှန်းက ဟန့်တားလိုက်သည်။ သို့ပေမယ့် သူ့ကို ပြောတာ မဟုတ်ပဲ အိမ်တော်ထိန်းကို လှမ်းပြောခြင်းဖြစ်သည်။

"သူ အနောက်ဆောင်မှာ အလုပ်လုပ်စရာမလိုတော့ဘူး၊ အဝတ်လျှော်ဆောင်ကိုပို့လိုက်"

"စတုတ္ထမင်းသား ချမ်းသာပေးပါ"

အမိန့်ကြားတဲ့အခါ ယွီကျစ် ကြမ်းပြင်ပေါ် မှောက်ကာ အသနားခံသည်။ ငယ်စဉ်ကတည်းက  အပြောအဆို၊အပြုအမူ လိုက်လျောညီထွေဖြစ်ရန် လေ့ကျင့်ခဲ့ပြီး အနီးကပ်အခြွေရံအဖြစ် နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့ပြီးဖြစ်ရာ မြှောက်စားခံထားရသူအဖို့ အဝတ်လျှော်ဆောင်တွင် နေ့တိုင်း မည်သို့ လျှော်ဖွပ်နေနိုင်မည်နည်း။

"ခေါ်သွား"

"အမိန့်အတိုင်းပါ"

ညှာတာထောက်ထားပေးရန် တောင်းဆိုမှုကို လစ်လျူရှုပြီး အိမ်တော်ထိန်းက အစောင့်နှစ်ယောက်နဲ့ ခပ်ကြမ်းကြမ်း ဆွဲခေါ်သွားစေသည်။ ပြီးမှ မဝံ့မရဲ အဆိုပြုကြည့်လိုက်သည်။

"အရှင့်သား.. သူက ဖန်း ကိုယ်လုပ်တော်ရဲ့ အပိုင်စားရထားတဲ့ အစေခံဆိုတော့ အဝတ်‌ေလျှာ်ဆောင်ပို့ဖို့ သင့်လျော်ပါ့မလား"

" ငါဒီလို ဆုံးဖြတ်တာကို အပြစ်မတင်နဲ့... ဘယ်သူက သူ့ကိုဆန်ပြုတ်လာပို့ခိုင်းလို့လဲ... ပြီးတော့ သူ အဝတ်လျှော်ဆောင်သွားရတယ်လို့ ဘယ်သူပြောလဲ.. ရှန်ချန်ဆီ လူလွှတ်ပြီး သတင်းသွားပို့ချေ... အဲ့ဒီအခြွေရံက နောက်ဆို အရှေ့ဆောင်မှာ အပျိုတော်အဖြစ် ခစားရမယ်လို့"

ဒါ ရှန်ချန်ကို သတိပေးလိုက်တာမလား!

အိမ်တော်ထိန်းက သဘောပေါက်စွာ ချက်ချင်း ခေါင်းငြိမ့်နာခံပြီး ပြန်ဖြေသည်။

"ဟုတ်ကဲ့"

"အရှေ့ဆောင်က သူတွေ အကုန်လုံး ပါးစပ်လုံလုံပိတ်ထားဖို့‌ ပြောလိုက်၊ သူ အဝတ်လျှော်ဆောင် ပို့ခံရတဲ့သတင်း ပေါက်ကြားသွားကြည့် ၊ ဒီမင်းသား လုံးဝ ခွင့်မလွှတ်ဘူး"

"အမိန့်အတိုင်းပါ"

အိမ်တော်ထိန်းက တလေးတ‌စား ပြန်ဖြေသည်။ချင်ယွင်ရှန်းက သူ့အား ထွက်သွားခွင့်ပြုလိုက်သည်။

မိန်းမ နှစ်‌ယောက်၏ အသရေဖျက်မှုကြောင့် အစီအစဉ်တွေ ပျက်စီးခဲ့ရသည်။ ကိုယ့်ခြေထောက်နဲ့ကိုယ် သူ့အိမ်ထဲဝင်လာမှတော့ ကောင်းကောင်း နေနေရမယ် မထင်လေနဲ့။

"နင် ဘာပြောတယ်?"

အနောက်မောင်းမဆောင်တွင် ဖြစ်၏။

သူ့ကိုယ်ပိုင်အစေခံက အရှေ့ဆောင်မှာ ခစားခွင့်ရတယ် ဟုတ်လား၊ ရှန်ချန် စိတ်အေးအေး မထားနိုင်တော့ချေ။ ပြူးကျယ်‌နေတဲ့ မျက်လုံးတွေက အပြင် ထွက်ကျလာတော့မယောင်။

သတင်းလာပို့တဲ့ အစေခံက တစ်ခေါက် ပြန်ပြောပြီး ကိုယ်လုပ်တော် မတုံ့ပြန်နိုင်ခင် ဦးညွှတ်ကာ ပြန်သွားသည်။

"ဖန်း ကိုယ်လုပ်တော်"

လင်းဇီက စိုးရိမ်တကြီး ကြည့်ကာ ခေါ်သည် ။ ရှန်ချန်က အသိစိတ် လွတ်နေသူလိုမျိုး ထိုင်ခုံမှာ တွေတွေလေးထိုင်နေသည်။

ဘာကြောင့်လဲ? အစေခံကို ဆန်ပြု‌တ်လေးပဲ သွားပို့ခိုင်းရုံပဲ လေ.. ဘာလို့ အပျိုတော်အဖြစ် ခေါ်ခံလိုက်ရတာလဲ? ဒါ သူ့ကို တမင်သက်သက် မျက်နှာဖြတ်ရိုက်လိုက်တာပဲ၊ စတုတ္ထမင်းသားက သူ့အပေါ် ဘာလို့လုပ်ရက်ရတာလဲ?

"အဲ့ဒါ တစ်ကယ်လား?"

သတင်းက လျင်မြန်စွာ ရှန်ကျင်းရဲ့ နားထဲ ရောက်သွားသည်။ တော်သေးလို့ သူက အရှေ့ဆောင်သွားဖို့ ပြင်ဆင်နေတုန်းရှိသေး၏။

"တစ်ကယ်ပါရှင့်၊ ခုနှစ်‌ယောက်မြောက်မမလေး‌ရဲ့ အစေခံက မြှောက်စားခံလိုက်ရပါတယ်"

နားနားကပ်ပြီး တီးတိုးသတင်းပေးသည်။

"အင်း…သွားလို့ရပြီ"

ရှန်ကျင်း သူ့ဝမ်းဗိုက်ကို အသာ ပွတ်လိုက်သည်။ အထဲမှာ ဘာမှတော့ မခံစားရသေးပေမယ့် ကိုယ်ဝန်ဆိပ်ကြောင့်လားမသိ ..မနက်ခင်း အိပ်ရာထ နောက်ကျ သွားသည်။ ကံကောင်းလို့ ခံရတဲ့သူက သူမဟုတ်ခဲ့ပါ။ စတုတ္ထမင်းသားက သူတို့ထင်ထားတာထက် ကိုင်တွယ်ရခက်သည်။ အဆင်ပြေဖို့ မလွယ်ချေ။

"အရှင်မ အရှေ့ဆောင်ဆီ မသွားတော့ဘူးလား"

"သွားပြီး ဘာလုပ်ရမှာလဲ? ရှန်ချန် နေရာမရပဲ သူ့မော့မော့ မြောက်စားခံလိုက်ရတာ မကြားဘူးလား! နင်က တစ်ကယ် ဝက်ဦးနှောက်ပဲ!"

ကိုယ်ဝန်သည်က စိတ်အပြောင်းလဲ မြန်သည်။ ချက်ချင်းပဲ ငတုံးမနဲ့ စကားပြောချင်စိတ်မရှိတော့ပေ။

စတုတ္ထမင်းသားက အလှလေးတွေကို မတွေ့ဖူးလို့လား ?ရှန်ချန်ရဲ့ အစေခံကို တစ်ခါတည်းနဲ့ သဘောကျသွားရအောင်? အရှင့်သားက ဒုတိယအကြိမ်၊ တတိယအကြိမ် မော့မော့တွေ ပေါ်မလာအောင် တစ်ချက်တည်းနဲ့ သတိပေးလိုက်တာပဲ ဖြစ်မယ်။

အစေခံက အော်ခံလိုက်ရတာကြောင့် စကားမရှည်ရဲတော့ပဲ ဦးညွတ်ကာ တိတ်တဆိတ် ‌ထွက်သွားသည်။

"အသုံးကိုမကျဘူး"

နောက်ကျောဘက်ကိုကြည့်ပြီး ဆူပူလိုက်ပြန်သည်။ ထို့နောက် ရှန်ကျင်း နဖူးပေါ် လက်တင်ကာ အနာဂါတ်ကိုတွေးတောသည်။

စတုတ္ထမင်းသားက အနောက်ဆောင်ကို မလာသလို သူတို့လည်း အရှေ့ဆောင်ကို ထင်သလို သွားခွင့်မရှိ၊ လူအစားထိုး ခစားစေချင်းလည်း လက်မခံ၊ ထို့အပြင် ကြင်ယာတော်ပေါ်လာပါက ထပ်မံ ဖိနှိပ်ခံရဦးမည်၊ သို့ဆိုလျှင် သူက ဘယ်အချိန်မှ နေရာရနိုင်မှာလဲ?

ရှန်ကျင်း တွေးလေလေ ခေါင်းကိုက်လာလေပင်။ မျက်ဝန်းတွေ မှေးကျဉ်းပြီး လက်က ခေါင်းကိုကိုင်ကာ အတင်းဖျစ်ညှစ်စဉ်းစား၏။ ရုတ်တရက် မျက်လုံးက လက်ခနဲ ဖြစ်သွားသည်။

ဟုတ်သားပဲ! ဗိုက်ထဲက ကလေးကို အသုံးချမယ်ဆိုရင်ရော! ဒီကလေးက အရှင့်သားရဲ့ သွေးသားရင်းမဟုတ်မှန်း အရှင့်သားမှ မသိတာ၊သူနဲ့ ရှန်ချန်ပဲ သိတာလေ၊

အရှင့်သား အနေနဲ့ ပထမဆုံး ကလေးရတာဆိုတော့ ကလေးမျက်နှာလေး မြင်ရင် နောက်ထပ် တစ်ယောက်၊နှစ်ယောက် ထပ်လိုချင်သွားမှာပဲ၊ အရှင့်သားက စိတ်ထားနူးညံ့တဲ့သူ ဆိုတော့။

စတုတ္ထမင်းသား၏စံအိမ်ထဲ မဝင်ခင်က ဗိုက်ထဲက ကလေးကို ဖျက်ချမည့် နည်းလမ်းပေါင်းစုံ ရှာခဲ့သည်အား လုံးလုံး မေ့လျော့လျက် ရှန်ကျင်း သည် လှပတဲ့အနာဂါတ်ကိုတွေးကာ ကျေနပ်နေလေသည်။

2410 words

Grape 🍇

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment