no

Font
Theme

'နောက်ထပ် ဇာတ်ရှုပ်တစ်ခု'

ရှန်ကျိုးရဲ့ မမျှော်လင့်ပဲ ရောက်လာခြင်းက တစ်ခြားသူတွေ အမြင် မှာ မသင့်တော်မှာ စိုးတာကြောင့် စွင်းကျင့်ဆီ လေ့ကျန်းအားလွှတ်ကာ ရှန်ကျိုးက တုံးလင်အိမ်တော်သို့ ဖိတ်ခေါ်ခံရခြင်းကြောင့် လာလည်ခြင်းဖြစ်ကြောင်း တရားဝင်သတင်းပျံ့နှံ့စေသည်။ ထိုသတင်းက ပြဿနာတစ်ရပ်ယူဆောင်လာဦးမယ်လို့ မည်သူမှ မထင်ထားမိကြပေ။

ခွမ်း!

သတင်းက အနောက်ဆောင် တစ်ခုလုံးသို့ပျံ့နှံ့သွားပြီးနောက် အိပ်ရာထဲမှာ ဆေးရည် သောက်ရန်ပြင်နေသော အဖွားအိုက ဒေါသတကြီးဖြင့် ဆေးရည်ပန်းကန်လုံးအား ပစ်ပေါက်သည်။

"ယန်အာ ဒုက္ခရောက်ခဲ့ရတာ သူ့ကြောင့်ပဲ...သူက သူဌေးသားတွေနဲ့ အားအားယားယား အချိန်ဖြုန်းနေနိုင်သေးတယ်ပေါ့? ရှောင်ချွင်း သူ့ကို သွားခေါ်လာခဲ့၊ ဒီအဖွားအိုက သူ့တစ်‌ေယာက်ကိုတော့ ထိန်းနိုင်ပါသေးတယ်"

ရှန်လျန်နဲ့ ရှန်ယန် ကြားက အခြေအနေကို နှိုင်းယှဉ်ပြီး အဖွားအိုက မလိုမုန်းထားစိတ် ဖြစ်နေသည်။ မင်းသားသွမ့်ကို လက်စားမချေနိုင်မှတော့ ရှန်လျန့်ခေါင်းပေါ် အပြစ်ပုံချလိုက်တာက စိတ်သက်သာရာရစေလိမ့်မည်။ တစ်ကယ်ဆို အစတည်းက ရှန်လျန်ရဲ့နှုတ်သီးကောင်း လျှာပါးခြင်းကြောင့်သာ မင်းသမီးကြီးက သူတို့မိသားစုကို အမြင်စောင်းပြီး ယန်အာ့ကို ယခုလို အဆုံးသတ်စေတာပဲဖြစ်သည်။

ချင်ဖင်းမြို့စားက မြို့ပြင်မှာ ရှန်လျန့်ကို မကယ်ခဲ့ရင် ဒီလိုတွေ ဖြစ်လာစရာလည်းမရှိ။ အခုတော့ ယန်အာမှာ စိတ်ထောင်းကိုယ်ကြေဖြစ်ပြီး တစ်နေ့လုံးအခန်းထဲ ကိုယ့်ကိုကိုယ် ပိတ်လှောင်ထားသည်။ ရှန်လျန်ကျတော့ ကောင်းကောင်းနေ၊ ကောင်းကောင်းစားပြီး ၊ ချင်ဖင်းမြို့စား ကတော် ဖြစ်သွားတဲ့အပြင် ကိုယ်ပိုင်ခြံဝန်းထဲ ဧည့်သည် တရုန်းရုန်းနဲ့ ပျော်နေနိုင်သေး၏။ ကောင်းတယ်၊ သိပ်ကို ကောင်းတယ်!

"အဲ့ဒါက....."

ဟယ်ရှန်းခြံဝန်းရဲ့ အစေခံဖြစ်တဲ့ ရှောင်ချွင်းက တုံ့ဆိုင်းနေ၏။ သခင်မကြီးအနေနဲ့ ပဉ္စမသခင်လေးကို ဆင့်ခေါ်နိုင်ပေမယ့် သခင်လေးလာတော့ရော သခင်မကြီးပဲ ပိုပြီး ဒေါသထွက်ရမှာ မဟုတ်လား? ဒေါသကြီးတာက ယခုအသက်အရွယ်မှာ မသင့်တော်တော့ကြောင်းသမားတော်ကလည်း ပြောထားသေး၏။ ဒေါသထွက်လွန်းပြီး သွေးအန်ကာ အနိစ္စရောက်သွားမှာကို စိုးရိမ်မိ‌ချေသည်။

"ဘာလဲ? ခုထိ သွားမခေါ်သေးဘူးလား!"

ဒေါသူပုန်ထနေတဲ့ သခင်မကြီးကတော့ ဘာလုပ်သင့်ကြောင်း သေသေချာချာ မစဉ်းစားနိုင်တော့ပါ။ လက်ရှိ သူ့စိတ်ထဲ စိုးမိုးနေတာက ရှန်လျန့်ကို ဖိနှိပ်ထားနိုင်ဖို့ပဲဖြစ်၏။ ရှန်လျန်က သူ့ဆီ တစ်ကယ် လာမည်လား၊ လာတဲ့အခါ ရော ဒေါသထွက်သေအောင် လုပ်မလားဆိုတာ နည်းနည်းမှ မတွေးမိလိုက်။

"အမေ ဘာလို့ရှောင်ချွင်း ကို ခက်ခဲအောင် လုပ်နေတာလဲ? ရှန်လျန်က ဒီကိုလာပြီး အမေ့ကို ပြုစုပေးမယ် ထင်လို့လား ၊ သူလာချင်ရင် အစတည်းက လာပြီးရောပေါ့"

လုယန်က ပါးစပ်ဟပြီး သူ့အထင်ကို ဝင်ပြောသည်။ ထို့နောက် ရှောင်ချွင်းကို ထွက်သွားရန် အချက်ပြလိုက်ပြီး အကျဉ်းအကြပ်ကြားက ကယ်တင်ပေးလိုက်သည်။

"မလာပဲ နေရဲ နေကြည့်လိုက်လေ!"

သခင်မကြီးက ဒေါပွပြီး ပြောတဲ့သူကို စူးစူးရဲရဲစိုက်ကြည့်ပေးလိုက်သည်။

လုယန်က မကြောက်မလန့် နှင့် မိုက်မဲစွာ ဆက်ပြောသည်။

"သူက ကျွန်မတို့ကို အရှက်တောင် ခွဲရဲသေးတာ၊ တခြား ဘာမလုပ်ရဲတာ ကျန်ဦးမှာလဲ... အမေ အရင်ဆုံး စိတ်အေးအေးထားပါ၊ သူ့ရဲ့ အကြီးတွေဆိုပြီး သွားဖိနှိပ်လို့လည်း အသုံးမဝင်ဘူး၊ သူ့ဂုဏ်သတင်းက မြို့တော်မှာ ဒီလောက်ကျော်ကြားနေတာ၊ ကျွန်မတို့က အနိုင်ကျင့်ပါတယ်ဆိုပြီး အပြင်မှာ သွားပြောလိုက်ရင် ကျွန်မတို့တွေ တံတွေးခွက်ထဲ ပက်လက်မျောရလိမ့်မယ်"

လုယန်က ထိန်းချုပ်မထားနိုင်တော့ပဲ တရစပ် ပြောသည်။ ရှေ့နှစ်ရက်က မိသားစုအိမ်ကိုပြန်တော့ သူနဲ့ မျက်နှာကြောမတည့်တဲ့ ယောင်းမဖြစ်သူက ထေ့လားငေါ့လား ပြောလာတဲ့ စကားတွေကို ရင်ဆိုင်လာခဲ့ရတာကြောင့် လုယန်စိတ်ထဲ အခဲမကျေ ဖြစ်နေသည်။

"အမေပြောတာ မှန်တယ် ဖွားဖွား၊ ရှန်လျန့်ကို နည်းဟောင်းနဲ့ သွားလုပ်လို့မဖြစ်တော့ဘူး၊ တစ်ချက်ထဲနဲ့ နလန်ပြန်မထူနိုင်အောင် အဆုံးသတ်ပစ်ရမှာ"

ရှန်ကျင်းက သူ့အလှည့်မှာ ခံခဲ့ရတာတွေအတွက် ပြန်သုံးသပ်ဖို့ အချိန် အလုံအလောက်ရခဲ့သည်ဖြစ်ရာ ရှန်ချန်၊ ရှန်ချောင်တို့နဲ့ယှဉ်လျှင် သူ့ဂုဏ်သတင်းက အတော်အတန် ကောင်းမွန်သေးကြောင်း သတိထားမိပြီး တတိယမင်းသားရဲ့ ကြင်ယာတော်ဖြစ်ရန်လည်း အခွင့်အရေး ရှိနိုင်သေးသည်။

ဒါပေမယ့်လည်း ရှန်ရှောင်နဲ့ ရှန်ယန်တို့ကျူးလွန်ခဲ့တဲ့ ပြစ်မှုနဲ့ လူအုပ်စုလိုက် ဝိုင်းပြုကျင့်ခံခဲ့ရတဲ့ကိစ္စက တစ်မြို့လုံး သိသွားကြပြီးနောက်မှာ သူမရဲ့သူငယ်ချင်းတွေက အပေါင်းသင်း မလုပ်ကြတော့ပဲ ရှောင်ဖယ် သွားကြတော့တယ်၊ အခုတော့ ထျန်းမန်ကျောင်းမှာ ရှန်ချန်နဲ့ ရှန်ချောင်တို့လိုပဲသူ့ကိုလည်း လူတိုင်းက ဖယ်ကြဉ်ထားကြတော့ အရင်လို ဂုဏ်သတင်းမျိုး ဘယ်လိုမှ ပြန်မရနိုင်တော့သလို မျိုးရိုးကြီးမိသားစုထဲ ထိမ်းမြားဝင်နိုင်ဖို့တောင် ခက်ခဲ‌ေတာ့မည်၊ တော်ဝင်မိသားစုတွင်း ဝင်နိုင်ရန် ပိုလို့တောင် မဖြစ်နိုင်တော့။ အားလုံးက ရှန်လျန်ကြောင့်ပဲ၊ သူသာ မရှိရင် အခြေအနေတွေက ခုလောက် ကျဆင်းသွားမှာ မဟုတ်!

"ဟုတ်တယ် ဖွားဖွား၊ ကောကောတို့အတွက် လက်စားချေပေးပါ၊ ရှန်လျန့်ကို ဖျက်စီးပစ်"

အမေဖြစ်သူ ကျောက်လန်ဘေးမှာ ထိုင်နေတဲ့ ရှန်ချောင်လဲ မုန်းတီးစွာနဲ့မြှောက်ထိုးပင့်ကော်လုပ်သည်။ မျက်ရည်ဝေ့လျက် ပါးနှစ်ဖက်က မျက်ရည်စီးကြောင်းနှင့် အဖွားအိုဆီ သူ့ကိုယ်သူပစ်ဝင်လိုက်သည်။ မျက်လုံးအိမ်မှာတော့ စက်ဆုပ်မုန်းတီးခြင်းအပြည့် ကိန်းအောင်းနေသည်။

"အမေ ကျွန်မရဲ့ သားလေး..."

ကျောက်လန်လည်း မျက်ရည်တွေ ချုပ်တည်းမထားတော့ပဲ ပါးစပ်ဖွင့်လာသည်။ သားဖြစ်သူရဲ့ဘဝက အခုလိုပျက်စီးသွားတော့ သူမ ရင်ကျိုးမတက်ခံစားရသည်။ ဒုက္ခရောက်အောင် လုပ်ခဲ့တဲ့သူကတော့ နောက်ခံအင်အားတောင့်ပြီး နာမည်ကောင်းတွေရလို့! တစ်ကယ်ဆို သူတို့က ဘာမှ လည်း မလုပ်ရပဲနဲ့... ပြဿနာရဲ့ အရင်းအမြစ်က ရှန်လျန်နဲ့ လျိုရှုဟန်ပဲ၊ သေချာပေါက် ခွင့်မလွှတ်ပေးနိုင်ဘူး!

"ကောင်းပြီ ကောင်းပြီ၊ ဘာလို့ငိုနေတာလဲ? ငါမသေသေးဘူး"

တစ်ယောက်ပြီး တစ်ယောက်ငိုနေကြလို့ အဖွားအိုလည်း လေသံပျော့ပျော့နဲ့ ဆူပူလိုက်တယ်။ ထို့နောက် အံကြိတ်လိုက်တာကြောင့် ဇရာထောင်းပြီး ဖြစ်ပေါ်လာတဲ့အရေးအကြောင်းတွေက ပိုမိုထင်ရှားလာတယ်။

"မနက်ဖြန် ဟယ်ရှန်းခြံဝန်းမှာ လူစုဖို့ အားလုံးကို အကြောင်းကြားလိုက်၊ လူတိုင်း ငါနဲ့ အတူ ‌ရှန့်ကော ဘုရားကျောင်းမှာ ပြည်သူတွေအတွက်နဲ့ တုံးလင်အိမ်တော်အတွက် သွားဆုတောင်းကြမယ်၊ လူတိုင်းနော် ..ဟို မကောင်းဆိုးဝါး ရှန်လျန်က လိုက်ကိုလိုက်ရမယ်"

"အခုပဲ လူလွှတ်လိုက်မယ် အမေ"

သခင်မကြီးရဲ့ အမိန့်သံအဆုံးမှာ လူတိုင်းက ကျေနပ်သွားကြသည်။ လုယန်လည်း စိတ်ထဲက ကြိတ်ဝမ်းသာသွားသည်။ သူ့မှာ စောင့်ဆိုင်းနေတာဖြင့် ကြာလှပြီ၊ ရှန်ယန်တို့ ကိစ္စသာ ကြားမဝင်သွားရင် ရှန်လျန်က ခုလောက်ထိ စိတ်ကြီးဝင်နိုင်မှာ မဟုတ်ဘူး။

ချင်ပေါ် ခြံဝန်းတွင် ဖြစ်၏။

"ရှန့်ကော ဘုရားကျောင်းမှာ ကံကောင်းဖို့ သွားဆုတောင်းမယ်ဟုတ်လား? သခင်မကြီးက နေပြန်ကောင်းလာပြီလား"

ဟယ်ရှန်းခြံဝန်းက အစေခံရဲ့ သတင်းပို့မှုကြောင့် စွင်းကျင့် စိတ်ရှုပ်သွားရသည်။

ထိုအချိန် သူမ ဘေးမှ အစေခံက ခပ်တိုးတိုးပြောလာသည်။

"သူတို့ ကျုံးလင်ခြံဝန်းဆီကို လူလွှတ်သေးတယ် လို့ကြားပါတယ်၊ ကြည့်ရတာ ပဉ္စမသခင်လေးကို ခေါ်ချင်တာထင်တယ်၊ လက်ရှိ သူတို့စိတ်နဲ့ဆို သခင်လေးကို အသေမုန်းနေရောပေါ့၊ ရုတ်တရက်ကြီး သွားခေါ်တာက အကြောင်းရှိပါလိမ့်မယ်"

"အင်း.. သခင်လေးကို ဒုက္ခထပ်ပေးချင်ပြန်ပြီထင်ပါရဲ့"

စွင်းကျင့်က တွေးဆဆနဲ့ ခေါင်းငြိမ့်သည်။ သူလည်း ရှန်ရွေ့ထင်ရဲ့ မယားဖြစ်ခဲ့တာ ဆယ့်သုံးနှစ်တင်းတင်းရှိနေပြီဆိုတော့ ဇနီးတွေရဲ့အကြောင်း အတော်လေး နောကျေနေပါပြီ၊ ဘာတွေကြံစည်နေမှန်း အတိကျ မသိပေမယ့် မကောင်းတဲ့ ရည်ရွယ်ချက်ရှိမှန်း သိသာပါသည်။

"သခင်လေးကိုပြောပြဖို့ လူလွှတ်လိုက်ရမလား သခင်မ"

"မလိုတော့ဘူး၊ ငါတို့တောင် ရိပ်မိတာ သခင်လေးက မသိပဲဘယ်နေမလဲ? သူ့ကိုအသိပေးနေဖို့တောင် မလိုဘူး"

စွင်းကျင့်က အစေခံရဲ့ အကြံပေးချက်အတိုင်းပြုလုပ်ရန် ငြင်းလိုက်သည်။ လက်ရှိ သူက ရှန်လျန်ဘက်က လူလို့ ပြောလို့ရနေပြီမို့ သဘာဝအတိုင်းနေထိုင်ပြီး မလိုအပ်ပဲ သိသာတဲ့ အချက်ပြတာမျိုး မလုပ်သင့်။ ကိုယ့်နေရာကိုယ်နေပြီး ကောင်းကောင်း သရုပ်ဆောင်ရန်သာ လိုအပ်သည်။

"သခင်မ သခင်မ... မကောင်းတော့ဘူး သခင်မ"

အစေခံတစ်ဦးက ပျာတီးပျာယာဖြင့် ပြေးဝင်လာသည်။

စွင်းကျင့်က မျက်မှောင်ကြုံ့လိုက်ပြီး..

"ဘာဖြစ်လာတာလဲ? အော်ကြီး ဟစ်ကျယ်နဲ့ .. ကောင်းကောင်း ပြုမူစမ်း!"

အနောက်ဆောင် ယာယီအုပ်ချုပ်ခွင့်အာဏာကိုရထားပြီးကတည်းက စောင့်ကြည့်နေတဲ့ မျက်လုံးပေါင်းသောင်းခြောက်ထောင်ရှိရာ မည်သည့်အမှားမှ လုပ်၍ မဖြစ်ပေ။

အစေခံရဲ့ အပြုအမူကပင် အမတ်ကြီးကို စိတ်ခုစေနိုင်သည်။

စွင်းကျင့် ရဲ့ လက်ရှိ အနေအထားအားလုံးကို ရှန်ရွေ့ထင်က ပေးထားခြင်းဖြစ်ပြီး သူမရဲ့သိတတ်မှုကို မြင်လို့သာ ဤနေရာ ရခဲ့ခြင်းပင်၊ သူမမှာ ဘာမှ မရှိသလို သူကိုယ်တိုင်ကလည်း ဘာမှ မဟုတ်ပေ။

"မဟုတ်ပါဘူး သခင်မ .. "

အစေခံက မောဟိုက်နေရာမှ ပြန်မသက်သာလာသေးသော်လည်း စွင်းကျင့်ရဲ့ မပျော်မရွှင်အကြည့်နဲ့ ရင်ဆိုင်လိုက်ရသောအခါ အသက်ပြင်းပြင်းရှူလိုက်ပြီး ရှင်းပြလာသည်။

"သခင်မ၊ အိမ်သခင်မက သခင်မကြီးနဲ့အတူ ဘုရားကျောင်းလိုက်ဖို့ ငြင်းလိုက်ပါတယ်၊ သူ့မှာ..သူ့မှာ"

"သူ့မှာ ဘာဖြစ်လဲ ရှင်းရှင်းပြော"

အစေခံက စကားကို ဆုံးအောင်မပြောဝံ့ပဲ ထစ်နေတာကြောင့် နောက်အစေခံက စိတ်မရှည်စွာ စကားထောက်ပေးသည်။

"ရတယ် ပြော"

"အိမ်သခင်မမှာ ကိုယ်ဝန်နှစ်လ ရှိနေပြီမို့ အပြင်သွားဖို့ အဆင်မပြေပါဘူးဆိုပြီး ငြင်းလိုက်ပါတယ်"

"နင် ဘာပြောလိုက်တာ!"

စွင်းကျင့်က စားပွဲခုံကို အရှိန်ပြင်းပြင်းရိုက်ချလိုက်ရင်း ထရပ်သည်။ မျက်လုံးက မယုံကြည်နိုင်ဟန်နှင့် အဆမတန်ပြူးကျယ်နေသည်။

လျိုရှုဟန်က ကိုယ်ဝန်ရှိနေတယ်ဟုတ်လား?တန်လို့လား? သူများသားသမီးကို သေစေခဲ့ပြီး သူကျတော့ ကလေးယူနေတယ်၊ အမေဖြစ်ဖို့ ဘာ‌သောက်အရည်အချင်း ရှိလို့လဲ? မရဘူး၊ သူ့ကလေးကို အောင်အောင် မြင်မြင် မွေးဖွားခွင့်မပေးနိုင်ဘူး၊ လုံးဝ မရဘူး!

"မြို့တော်က အတော်ဆုံးသမားတော်လွှတ်ပြီး သခင်မရဲ့ သွေးကြောကို စမ်းခိုင်းလိုက်"

ဒါက လျိုရှုဟန်ရဲ့ ပထမ ကိုယ်ဝန်မဟုတ်တော့ အချိန်ကြာမှ ကိုယ်ဝန်ရလာတယ် ဆိုတာ မဖြစ်နိုင်ဘူး၊ ပြီးတော့ ခုလို မသင့်တော်တဲ့ အချိန်မှာ ရုတ်တရက်ကြီး လေ?"

စွင်းကျင့် စိတ်ငြိမ်သွားတာနဲ့ သမားတော်ပင့်ရန် အားချင်း အမိန့်ပေးလိုက်သည်။ လျိုရှုဟန်က တစ်ကယ်ပဲ ဗိုက်ကြီးတာလား၊ မဟုတ်တာ ကြံစည်နေလားဆိုတာ တစ်ကယ်ပဲ သိချင်မိသည်။

ကျုံးလင် ခြံဝန်းတွင်...

"သခင်မကြီးက ရှန့်ကောဘုရားကျောင်းမှာ တုံးလင်အိမ်နဲ့ ပြည်သူတွေ အတွက် သွားဆုတောင်းမယ် ဟုတ်လား"

ကျုံးလင်ခြံဝန်းက အနည်းငယ် အလှမ်းဝေးတာကြောင့် ဟယ်ရှန်း‌ခြံက အစေခံက ခုမှ သတင်းပေးရန် ရောက်လာခြင်းဖြစ်၏။ ရှန်လျန်က သတင်းကြားကြားချင်း တည်တည်ငြိမ်ငြိမ်ပဲ ပြုံးသည်။ ကြည်လင်နေတဲ့ မျက်ဝန်းတစ်စုံက အစေခံ ရှောင်ချွင်းရဲ့ အတွင်းစိတ်ထဲထိ ဖောက်မြင်နိုင်သယောင်။

ရှောင်ချွင်း၏စိတ်ထဲတွင် ထိုအကြည့်သည် အမတ်ကြီး၏အစေခံလာရင်တောင် ဂရုစိုက်မည့်ဟန် မပေါ်လောက် ဟု ထင်မိသည်။ ကြောင်ငေးနေရာမှ သတိပြန်ဝင်လာပြီးနောက် အခြေအနေကိုရှင်းပြလိုက်သည်။

"ဟုတ်ပါတယ်ရှင့်၊ သခင်မကြီးက ပြည်သူတွေကပ်ဘေးကြောင့် ဒုက္ခရောက်နေမှုနဲ့ တုံးလင်အိမ်တော်ရဲ့ ကံဆိုးနေမှုကို သွားပြီး ချေဖျက်တဲ့အနေနဲ့ ဘုရားကျောင်းမှာ ဝတ်ပြုဖို့ သွားမှာပါ၊

သခင်မကြီးက မှာ လိုက်ပါသေးတယ်၊ အရင်က ပဉ္စမသခင်လေးကို အချိန်အကြာကြီး လစ်လျူရှုထားမိပါတယ်တဲ့၊ ဒါကြောင့် အချင်းချင်း ပိုရင်းနှီးအောင် လိုက်ခဲ့ဖို့ မှာလိုက်ပါတယ်၊ သခင်လေး မငြင်းဖို့နဲ့ မနက်ဖြန် စထွက်မယ့်အချိန် ရှိနေဖို့ ပြောလိုက်ပါသေးတယ်"

ပြောရမယ့်စကားတွေကို ကြိုလေ့ကျင့်ခဲ့ပေမယ့် ရှောင်ချွင်းသည် ပြောနေစဉ်အတွင်း တစ်ခါမှ မကြုံဖူးတဲ့ ဖိအားတစ် မျိုး ခံစားခဲ့ရသည်။ သခင်မကြီးတို့စီစဉ်ထားတဲ့ ကိစ္စတွေ အောင်မြင်ပါ့မလားတောင် သူမ သေချာ မပြောတတ်တော့ပေ။

"ခုလို အဘက်ဘက်က တွေးပေးနေရတာ ဖွားဖွား စိတ်ပင်ပန်းရောပေါ့၊ မနက်ဖြန် လာခဲ့ပါ့မယ်လို့ ဆက်ဆက်ပြောပေးလိုက်ပါ"

ရှန်လျန်က သူ့ရဲ့အေးစက်စက် အကြည့်တွေကို အောက်ပို့လိုက်ပြီး မျက်လုံးပင့်လိုက်တဲ့အချိန်မှာ အားလုံးဖုံးကွယ်လိုက်ပြီးသားဖြစ်သည့်အပြင် အပြုံးပါးပါးလေးသာ ကျန်သည်။

"ဟုတ်ကဲ့၊ သေသေချာချာ ပြောပြလိုက်ပါ့မယ်ရှင်"

ရှောင်ချွင်းက အရိုအသေပြုကာ ပြန်သွားသည်။

"လျန်လျန်.. လုံးဝ မသွားရဘူးနော်၊ သူတို့မှာ အကြံကောင်း မရှိတာ သေချာတယ်"

"ဟုတ်တယ်၊ သူတို့ လျန်လျန့်ကို သေလောက်အောင် မုန်းနေတာ၊ ဘာကိစ္စ ဆက်ဆံရေး ရင်းနှီးချင်သွားရတာလဲ၊ အဓိပ္ပာယ် မရှိတာ"

"လျန်လျန် ဒီတစ်ခါတော့ အစ်ကိုတို့ ရဲ့ စကားကို နားထောင်ပါနော်၊ မသွားပါနဲ့"

အစေခံထွက်သွားတာနဲ့ ဖုရင်၊ ချီယွဲ့နဲ့ ချီရွှမ်းတို့က ဝိုင်းတားကြတော့သည်။ မျက်နှာမှာ အမျိုးမျိုးသော စိတ်ပူပန်မှုတွေနဲ့ သုံးယောက်လုံး ရပ်နေရာက သူ့အနား ဝိုင်းလာသည်။ စိတ်မချ ဖြစ်နေကြပြီး ဘာတွေပဲ ဖြစ်ဖြစ် လျန်လျန့်ကို ရအောင် တားရမည်လို့ စိတ်ထဲ တစ်ထစ်ချ တွေးထားကြသည်။

"ဘာဖြစ်တာလဲ? ခုချိန်ထိ သူတို့ လက်မလျှော့ကြသေးဘူးလား"

လက်တစ်ဖက်က ရှန်လျန့်ပခုံးကိုဖက်သည်။ ဖေးယွမ်ရွှင်းက ရှန်လျန့်ကိုငုံ့ကြည့်လိုက်၏။ ထိုလူတွေရဲ့ သားနှစ်‌ယောက်ဘဝက ပျက်စီးသွားတာတောင်မှ ခုထိ အသိတရားမရှိကြသေး၊ ကိုယ့်အလောင်းကိုယ် မြင်မှပဲ အရှုံးကိုဝန်ခံကြတော့မယ်ထင်တယ်။

" သူတို့လား? လက်လျှော့တယ် ဆိုတာ ဘာမှန်း မသိလောက်ဘူး"

ဘုရားကျောင်းမှာ ကံကောင်းဖို့ သွားဆုတောင်းမယ် ဟုတ်လား! ရင်းနှီးနေသလိုပဲ!

ရှန်လျန်က ပြုံးနေ၏။ ထိုလူတွေ၏အကြံအစည်ကို သူ့မျက်ဝန်းက နက်နက်ရှိုင်းရှိုင်း ထွင်းဖောက်မြင်နေသည်။ သူ မသေခင်ဘဝတုန်းကလည်း ဒီအချိန်ပဲ ရှန့်ကော ဘုရားကျောင်းကို သွားတော့ ချင်ယွင်ရှန်းနဲ့ စပြီး ရင်းနှီးခဲ့တာ၊ အဲ့ဒါပြီးတော့ သိပ်မကြာခင်ပဲ ချီယွဲ့က သူ့ကိုထာဝရ ခွဲခွာသွားတယ်၊ ဒီကိစ္စက တစ်ကျော့ပြန်လည်လာမယ်လို့ ရှန်လျန် မထင်ထားခဲ့မိ၊ ကြည့်ရတာ ဖြစ်မယ့်ကိစ္စက ဖြစ်မှာပဲ ထင်တယ်၊ အဲ့လိုဆိုရင်တောင်သေဆုံးရမယ့် လူက ချီယွဲ့မဖြစ်စေရဘူး။

ထောင်ချောက်မှန်း သိပေမယ့် သိသိရက်နဲ့ကို တွေဝေတုံ့ဆိုင်းမနေပဲ ခုန်ချလိုက်သည်။

"မင်းသွားမှာပဲ"

လျန်လျန် ဒေါသထွက်နေမှန်း မသိစိတ်က ခံစားမိတာကြောင့် ဖေးယွမ်ရွှင်း အလိုမကျစွာ မျက်မှောင်ကြုံ့လိုက်ရင်း အတည်ပြုသည်။

2732 words

Grape 🍇

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment