ဖြေဆေးဖော်စပ်ခြင်း
"အဆိပ်ပြင်းတဲ့ မိန်းမတွေကိုသတ်ပစ်၊ သခင်မအတွက် တရားမျှတမှုရှာပေး"
"အဆိပ်ပြင်းတဲ့ မိန်းမတွေကိုသတ်ပစ်၊ သခင်မအတွက် တရားမျှတမှုရှာပေး"
နန်းတွင်းစာကြည့်ဆောင်မှာ မင်းကြီးကိုလှည့်စားဖို့ ရှန်တာ့တို့ ကြိုးပမ်းနေချိန်မှာ တုံးလင်အိမ်တော်အပြင်ဘက်မှာလည်း လူတွေစုရုံးပြီးဆန္ဒဖော်ထုတ် နေကြသည်။ အော်ဟစ်ကြွေးကြော်နေရုံမက တံခါးမကြီးကိုလည်း ကျောက်တုံးများနှင့်ထုရိုက်ကြ သေး၏။ ကံကောင်းထောက်မ၍ ခိုင်ခံ့သောတံခါးမကြီးကြောင့် အလွယ်တကူကျိုးပဲ့မသွားပါ။
"ဘာတွေ ဖြစ်နေတာလဲ"
ရထားလုံးများက လူအုပ်ကြီးကြောင့် လမ်းပိတ်သွားခဲ့သည်။ လှည်းတွင်းတွင် လိုက်ပါလာသော လူကြီးမင်းများ စိတ်ကွက်သွားကြရာ ရထားပဲ့ထိန်းမှ အကြောင်းရင်းကို အမြန်ရှင်းပြလိုက်၏။ အကြီးအကဲများအံကြိတ်လိုက်ကြပြီး အနောက်တံခါးမှဝင်ရန် စီစဉ်လိုက်သည်။
ပုံမှန်ဆိုလျှင် မြို့သူမြို့သားများက မင်းမှုထမ်းများနှင့် တော်ရုံဆက်ဆံခြင်းမပြုကြပဲ၊ တတ်နိုင်သမျှ သီးသန့်သာ နေကြသည်။ သို့သော် လျိုရှုဟန်တို့ တူဝရီး၏ရက်စက်သော လုပ်ရပ်က ပြည်သူတွေကို အကြီးအကျယ် ဒေါသထွက်စေခဲ့သည်။ ပို၍အရေးကြီးသောအချက်က ရှန်ညီအစ်ကို၏မျက်နှာလည်းပါသည်။ သူတို့၏ နာမည် ကျော်ကြားခြင်းက ပြည်သူတွေကို ဖိတ်ခေါ်စရာမလိုပဲ တရားမျှတမှုရှာပေးချင်စိတ်ကို လှုံ့ဆော်ပေးနိုင်ခဲ့သည်။
တုံးလင်အိမ်ဝိုင်းထဲမှာလည်း ဗရမ်းပတာဖြစ်ခဲ့ သေး၏။ စွင်းကျင့်မှ ကောင်းမွန်စွာကိုင်တွယ်လိုက်နိုင်ကာ အိမ်တော်ကလျင်မြန်စွာ အထိုင်ကျသွားခဲ့သည်။ အစေခံများက အတင်းမပြောရဲတော့တဲ့ထိ တုန်လှုပ်သွားခဲ့ကြသည်။ သို့သော်လည်း အချိန်ကြာသည်နှင့် အချင်းချင်းတွတ်ထိုးကြပြန်သည်။မည်သို့ပင်ဖြစ်စေ ယင်းတို့နေထိုင်ရာနှင့် ပင်မအိမ်တော်က ဝေးကွာရာ တုံးလင်အိမ်တော်က ငြိမ်းချမ်းနေသည်ပင်။
ရှန်ယိုသည် ရှန်လျန်ပြန်ရောက်တည်းက မငိုတော့ချေ။ ဝေကျစ်ချန်နှင့်တာ့ပေါင်တို့ကလည်း အဖော်လုပ်ကာ ဆော့ပေးသည်။ တစ်ခါတရံ ဖိုးဖိုးဟု ခေါ်ထွက်လာပါက ဝေကျစ်ချန်မှာ အတိုင်းမသိဝမ်းသာကြည်နူးရ၏။
"ပါပါး. ..ဆေးပူတုန်း သောက်လိုက်ပါဦး"
တစ်မနက်လုံးဆေးဖော်ရင်း အလုပ်ရှုပ်နေတဲ့ ရှန်လျန်က ဆေးခွက်နှစ်ခွက်တင်ထားသည့် ဗန်းကိုင်ကာ ဧည့်ခန်းထဲ ရောက်လာသည်။
"ရှုရှု...ရှုရှု..."
နံရံကိုမှီကာ လမ်းလျှောက်ရန်အားပြုနေသည့် ရှန်ယိုက ဦးငယ်ကိုမြင်သော် ယိုင်တိုင်တိုင်နဲ့ ရှေ့တိုးလာသည်။ ရှုရှုက သူ့အတွက် အားအင်တစ်ခုလိုပင်။ လက်သေးသေးလေးက ကားယားလေးဖြစ်ကာ သူ့ကိုယ်သူထိန်းနေသယောင်။ အချိန်မရွေးလဲကျသွားနိုင်ခြေရှိသော်ငြား တုံ့ဆိုင်းကြောက်ရွံ့ခြင်းမရှိပဲ တစ်ပါးသူ၏အကူအညီပင်မယူ.... သူကိုယ်တိုင် လမ်းလျှောက်သည်။
"နှစ်ခွက်လုံး ဖြေဆေးလား"
ဖုရင်က စိတ်ဝင်တစား မေးသည်။ ရှန်လျန်က ဆေးတစ်ခွက်ကိုယူကာ အပူချိန်စမ်းကြည့်လိုက်ပြီးမှ ဆေးတစ်ဇွန်းကော်ကာ ဝေကျစ်ချန်၏နှုတ်ခမ်းနား တေ့ပေးသည်။
"မဟုတ်ဘူး၊ ပါပါးရဲ့ခန္ဓာကိုယ်က အဆိပ်တွေနဲ့နေသားကျနေတော့ ချက်ချင်းကြီး ဆေးပြင်းပြင်းတိုက်လိုက်ရင် လည်ချောင်းဒဏ်ဖြစ်ပြီး ကုလို့မရနိုင်တော့ဘူး၊ ဒီဆေးက လည်ချောင်းအထိအခိုက်သက်သာအောင် အားဖြည့်ပေးတဲ့ဆေး၊ နောက်တစ်ခွက်ကျတော့ ဖြေဆေးစားပြီးရင် သောက်ရမှာ"
လည်ချောင်းကို ဦးစွာကာကွယ်ခြင်းက အေကာင်းဆုံးနည်းလမ်းဖြစ်သည်။ဤနည်းအား ရှန်လျန် ကြိမ်ဖန်များစွာ တွေးပြီးမှ ဆုံးဖြတ်ချက်ချခဲ့ခြင်းဖြစ်သည်။
"ရှုရှု"
သူရှင်းပြနေစဉ်မှာပဲ ရှန်ယိုက သူ့ဘေးထိ လျှောက်လာပြီးဖြစ်၏။ သူ့ပေါင်ကိုဆွဲကိုင်အားပြုကာ မော့ကြည့်နေရှာသည်။ ဖြူဖွေးသည့်မျက်နှာလေးက ကလေးအဆီများနှင့် ပြုံးပြသည်မှာ ချစ်စရာ။ရှန်လျန် ငုံ့ကြည့်ကာ...
"ယိုအာလိမ်မာတယ်နော်..ရှုရှုက ဖိုးဖိုးကို ဆေးကု ပေးလိုက်ဦးမယ်၊ ကောကောပေါင်နဲ့ ဆော့နေနော်၊ရှုရှုပြီးရင် ယိုအာနဲ့ ဆော့ပေးမယ် ဟုတ်ပြီလား"
"သခင်ငယ်လေး ရှုရှုကအလုပ်ရှုပ်နေတယ်၊ ဖိုးလေးဖု နဲ့ဆော့ကြမယ်နော်"
"ရှုရှု...ရှုရှု..."
ဖုရင်ကအလိုက်တသိနဲ့ ကလေးကို ပွေ့ခေါ်လိုက်ရာ ရှန်ယိုက မရုန်းသော်လည်း ဦးငယ်အား မျှော်လင့်တကြီး မျက်လုံးဝိုင်းဖြင့် လှမ်းကြည့်ဆဲ။
"ပါပါး.. လည်ချောင်းက ယားတာ ၊ နာတာ တစ်ခုခုခံစားရလား"
တူလေးကို မနိုင်စွာဖြင့် ရှန်လျန်ပြုံးလျက် ခေါင်းတခါခါ၊ ပြီးနောက် ဖခင်ဘက်လှည့်ကာ ဆေးသောက်ပြီးနောက် အခြေအနေကို မေးမြန်းသည်။ ခုံတစ်ခုံဆွဲကာ မျက်နှာချင်းဆိုင်တွင်ထိုင်လိုက်သည်။ ဘာမှမဖြစ်တာ သေချာမှ ဆေးပုလင်းထဲမှ ဆေးလုံးကိုယူထုတ်ကာ တိုက်၏။
"ပါပါး ဒီတစ်ခုကဖြေဆေး၊ ဒါသောက်ပြီး လည်ချောင်းကယားယံတာမျိုးဖြစ်နိုင်တယ်၊ ထေွးထုတ်ချင်လာတာနဲ့ ချက်ချင်း ထွေးထုတ်ရမယ် နော်"
"အင်း"
ဝေကျစ်ချန်က ဆေးသောက်လိုက်သည်။ရှန်လျန်က ငွေရောင်အပ်များစွာကို ပါပါး၏လည်ချောင်းတဝိုက်၌ စိုက်သွင်းလိုက်သည်။ ဧည့်ခန်းက တိတ်ဆိတ်နေကာ ရှန်ယိုပင် မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ကြည့်နေသည်။
"ဟင်း..."
နာရီဝက်ခန့်ကြာသော် လည်ချောင်းက တဖြည်းဖြည်းယားယံလာသည်ဟု ဝေကျစ်ချန်ခံစားရသည်။ အန်ချင်သလိုဖြစ်လာတာကြောင့် ရှန်ယို့ကို ပွေ့ချီထားသည့် ဖုရင်က ကလေးကိုအောက်ချကာ ထွေးခံယူပြီး စားပွဲမှာထားပေးလိုက်သည်။
"အဟွတ် အော့!"
နောက်တစ်စက္ကန့်မှာပဲ ဝေကျစ်ချန် ခေါင်းလှည့်ကာ ထွေးချလိုက်သည်။ ပါးစပ်အပြည့် သွေးမဲများအန်ချလိုက်ကာ ပြင်းပြင်းထန်ထန် ချောင်းဆိုးသည်။ ရှန်လျန် ပျာသွားပြီး..
"ပါပါး မအောင့်ထားနဲ့၊ အကုန်အန်ထုတ်လိုက်၊ အဲ့ဒါအဆိပ်တွေ ထွက်လာတာ"
"အဟွတ်!"
ချောင်းဆိုးခြင်းကြောင့် မျက်ရည်တွေပါစီးကျလာစဉ် သားငယ်၏စကားကြောင့် ဝေကျစ်ချန် စိတ်ကိုချုပ်တည်းမထားတော့ပေ။ သွေးပုပ်များသာမက အစာမကြေသေးသည့် မနက်စာများပင် အန်ပစ်လိုက်သည်။
"ဝေသခင်"
"ဖိုး.. ဖိုး.. ဝါး...ဝါး"
ဖုရင်တို့ စိုးရိမ်သွားသလို ရှန်ယိုလည်းတစ်ချိန်တည်းမှာပဲ အော်ငိုသည်။လန့်သွားဟန်တူသည်။ တာ့ပေါင်က တိတ်တဆိတ်မျက်ရည်ကျလျက် မျက်လုံးနီရဲနေသည်။ ဖုရင်က ကလေးနှစ်ဦးကို ဖက်ကာနှစ်သိမ့်ပေး၏။
"မကြောက်နဲ့ မကြောက်ပါနဲ့ သခင်ငယ်လေးရယ်၊ရှုရှုက ဖိုးဖိုးကို ဆေးကုပေးနေတာလေ၊နေကောင်းသွားရင် သားတို့ကိုစကားပြောနိုင်တော့မှာ"
"ဝူး.."
နားလည်သည်ထင်၏။ မျက်ရည်ဝိုင်းလျက် ဖိုးဖိုးဖုက၏လည်ပင်းကိုဖက်ကာ ဖိုးဖိုးဝေအား လှမ်းကြည့်နေရှာသည်။
"ရပြီ ပါပါး.. ချောင်းဆိုးတာရပ်ရင် ဒီဆေးကို တစ်ကျိုက်ထဲ သောက်ချလိုက်..."
သွေးမဲမဲတွေကနေ သွေးရဲတွေအန်လာတာမြင်တော့ ရှန်လျန် ကျန်တဲ့ ဆေးတစ်ခွက်ကို နှုတ်ခမ်းနားတေ့ပေးသည်။ ဝေ ကျစ်ချန်က သူပြောတဲ့အတိုင်း ချောင်းဆိုးခြင်းကိုသည်းခံကာ ဆေးသောက်လိုက်သည်။
ကျန်းမာရေးကပဲ အထောက်အကူပြုလို့လား၊ ဆေးကပဲ စွမ်းတာလားမပြောတတ်၊ လည်ချောင်းက အေးမြသွားသည် ဝေကျစ်ချန် ခံစားရသည်။ ချောင်းလည်းဆက်မဆိုးတော့။
"အဆိပ်တွေ အကုန်ထွက်သွားပြီ"
ရှန်လျန် စိတ်သက်သာရာရကာ ငွေအပ်တွေ ပြန်ဆွဲထုတ်လိုက်သည်။ ပြီးတာနဲ့ လက်ကိုင်ပုဝါဖြင့် ဖခင်၏ပါးစပ်နားပေပွနေသည်ကို သန့်ရှင်းပေးလိုက်သည်။ ထို့နောက် ဆေးလုံးကြီးကြီးတစ်လုံးထုတ်ကာ ဆက်တိုက်သည် ။
"ပါပါး ဒါက လည်ချောင်းရှင်းစေတဲ့ ငုံဆေး၊ ကျွန် တော်အမြန် လုပ်ထားတာဆိုပေမယ့် အာနိသင် ကောင်းမှာပါ"
"အင်း"
ဝေကျစ်ချန် ခေါင်းငြိမ့်သည်။ လည်ချောင်းတစ်ေလျှာက် ရှိန်းကာအေးသွားသည့် ခံစားချက်က တမျိုးဖြစ်သော်လည်း မတိုင်ခင်က အန်ထုတ်ခြင်း၏ နောက်ဆက်တွဲ နာကျင်ခြင်းကို သိသိသာသာ လျော့ပါးသွားစေသည်။
"အဆင်ပြေသွားပြီလား"
ဖုရင်က ကလေးနှင့် သူ့အနား ရောက်လာသည်။ ရှန်လျန် ခေါင်းငြိမ့်သည်။
"ပါပါး စကားေပြာကြည့်ပါလား"
"ဟင်?"
ဝေကျစ်ချန် စိတ်လှုပ်ရှားစွာ နှုတ်ဟလိုက်သည်။ စိတ်ကို သေချာပြင်ဆင်လိုက်ပြီးမှ ကြိုးစားအသံထွက်ကြည့်လိုက်သည်။
"လ...လျန်..လျန်"
ဆယ့်ငါးနှစ်အကြာမှ ပထမဆုံးစကားပြန်ပြောနိုင်တာဖြစ်၏။ အသံကအက်ကွဲကာ ကြားရခက်လှ ပေမယ့် ဝေကျစ်ချန် အရမ်းေပျာ်ရွှင်ပြီး မျက်ရည်ဝေ့လာသည်။
သားငယ်ရဲ့ နာမည်ကို ပထမဆုံးအကြိမ် ခေါ်နိုင်ခဲ့ပြီ...
"ကောင်းလိုက်တာ ဟေ့... ဝေသခင်က လျန်လျန့်နာမည် ခေါ်နိုင်ပြီ"
ဖုရင်က ကာယကံရှင်ထက် ပိုပျော်နေသည်။ ရှန်လျန်က ဖခင်အား စကားအများကြီးပြောရန် တွန်းအားမပေးချေ။
"ပါပါး လည်ချောင်းက ခုမှ အဆင်ပြေခါစဆိုတော့ အသံအိုးက ကောင်းကောင်း အလုပ်မလုပ်နိုင်သေးဘူး၊ အရမ်းမလောနဲ့ဦး၊ ဖြည်းဖြည်းချင်း ပြောကျင့်ကြည့်ပါ၊ပြီးတော့..."
လျန်လျန့်စကားထဲ တစ်စုံတရာက ထူးဆန်းနေသဖြင့် ဖုရင်နှင့် ကျစ်ချန်က သူ့ကို တစ်ပြိုင်ထဲ ကြည့်လိုက်သည်။
ရှန်လျန်က အတတ်နိင်ဆုံး လေသံအေးအေးထားကာ...
"ပါပါးရဲ့ လည်ချောင်းက အဆင်ပြေသွားပြီဆိုပေမယ့်လေ အသံအိုးကအဆိပ်ကြောင့် အနည်းနဲ့ အများပျက်စီးသွားတယ်၊ ဆယ့်ငါးနှစ်တောင်ဖျက်စီးခံထားရတာဆိုတော့ စကားသံက နားဝင်ဆိုးတာ တော့ ရှိမှာပဲ၊ ပါပါး ဝမ်းနည်းနေမှာစိုးလို့ ကျွန် တော်က ပြောပြတာပါ"
"ဟုတ်ပါပြီ "
ဝေကျစ်ချန်က တုံ့ပြန်စကားဆိုလိုက်ရင်း မျက်ရည်ကျသည်။ သားပြောသလို ဝမ်းနည်း၍မဟုတ်၊ ဝမ်းသာမျက်ရည်ဖြစ်၏။ စကားပြန်ပြောနိုင်တာကပင် သူ့အတွက် အကောင်းဆုံးလက်ဆောင်ဖြစ်နှင့်နေပြီကို နားဝင်ဆိုးတာဘာညာ ဂရုစိုက်မနေနိုင်။ ဒီအသက်ဒီအရွယ်မှာ ရူပကာထက် အသံရှိခြင်းက ပိုကောင်းမှန်း သင်ခန်းစာရခဲ့ပြီးဖြစ်သည်။
"ဒါပေမယ့် ပါပါးမစိုးရိမ်နဲ့နော်၊ ကျွန်တော် အကောင်းဆုံးကြိုးစားပြီး ကုပေးမှာ"
ဝေကျစ်ချန်က သားငယ်ရဲ့ခေါင်းကို ချစ်ခြင်းများစွာဖြင့်ပွတ်သပ်ပေး၏။ ခုလည်း သားက အကောင်းဆုံးလုပ်ပြနိုင်ခဲ့တာပဲ၊ ပါပါးဂုဏ်ယူတယ်ဟု ပြော နေသယောင်။
"စကားပြောနိုင်အောင် ကုသပေးနိုင်တာကတင် ဟုတ်လှပြီ၊ လျန်လျန် အရမ်းစိတ် မဖိစီးပါနဲ့"
ဖုရင်လည်း သက်သောင့်သက်သာဖြစ်စေရန် ရည်ရွယ်၍ ပြောလိုက်၏။ ရုတ်တရက် လက်မောင်းထဲက ရှန်ယိုသည် ဝေကျစ်ချန်ဆီ လက်ဆန့်ကာ..
"ဖိုးဖိုး... ပွေ့ ပွေ့"
"ယိုအာလေးက သူ့အဖိုးစကားပြောအောင် လုပ်တာထင်တယ်.. ဟုတ်တယ်မလား အဆိုးလေး"
ဝေကျစ်ချန် စကားပြောရန် အားယူနေပုံကြောင့် ရှန်လျန်က ယိုအာကို ပွေ့ကာ နှစ်ချက်ခန့်တင်ပါးကိုဖွဖွရိုက်လိုက်သည်။ တာ့ပေါင်က အနားရောက်လာပြီး ရှန်လျန့် ဝတ်ရုံကိုအသာဆွဲကာ..
"လျန်ရှုရှု.. ဖိုးဖိုးဝေက နေကောင်းသွားပြီလားဟင်"
လူကြီးတွေက ကလေးများ၏ဉာဏ်ထက်မှုကို ပီတိဖြစ်ကာ ရယ်မောလိုက်ကြသည်။ ရှန်လျန်က ပေါင် ပေါင်ရဲ့ ခေါင်းကိုပွတ်ပေးကာ...
"ဝေဖိုးဖိုးက နေကောင်းသွားပြီ၊ နောက်ရက်နည်းနည်းဆိုရင် စကားပြောနိုင်တော့မှာ၊ ပေါင်ပေါင်က လျန်ရှုရှုအစား ဖိုးဖိုးကို ဂရုစိုက်ပေးရမယ်နော်"
"ဟုတ် "
တာ့ပေါင်က နာခံစွာ ခေါင်းငြိမ့်သည်။ ရှန်လျန်က ချီးကျူးလိုက်သည်။ ဝေကျစ်ချန်က အပြုံးနှင့် သူတို့ကို ကြည့်နေကာ ပေါင်ေပါ်ထိုင်ေနတဲ့မြေးငယ်လေးဆီ အကြည့် အရောက်...
"ဖိုးဖိုးက အရမ်းနေမကောင်းသေးဘူး၊ ယိုအာ မဆိုးရဘူး နော်"
"ခစ်ခစ်ခစ်"
နားလည်သည်ထင်၏။ ထွက်နေပြီဖြစ်သည့် ရှေ့သွားလေးပေါ် အောင် ရယ်ပြသည်။ နေရခက် နေသည့် စိတ်အစဉ်က မြေးငယ်လေး၏အပြုံးတွင် အရည်ပျော်ကျသွား၏။ တစ်နေ့ကျရင် မြေးနဲ့ သူ့သား၊သားမက်တို့ကို ဖက်ပွေ့နိုင်မှာပါ...ဟုတ်တယ်မလား?
ဝေကျစ်ချန် လျှောက်မတွေးတာ သေချာအောင် အပြန်ပြန် အကဲခတ်ပြီးမှ ရှန်လျန် ထရပ်လိုက်သည်။ ဖခင်တောင့်တသည့် ဆန္ဒများ ပြည့်ဝရန် သိပ်မလိုတော့မှန်း သူယုံကြည်သည်။
"ဝေသခင်ကို ဂုဏ်ပြုပါတယ်"
လေ့ကျန်းက ပုန်းကွယ်နေရာက ပေါ်ထွက်လာခြင်းဖြစ်သည်။
"အမ်း"
ဝေကျစ်ချန် ပြုံးလျက် ဂုဏ်ပြုမှုကို လက်ခံသည်။ လေ့ကျန်းက ရှန်ယို၏ပါးကို တို့လိုက်သေးသည် ။ပြီးမှ ..
"လျန်လျန်.. ဒေါ်လေးစွင်းဆီက သတင်းပါးလိုက်ပါတယ်၊ အကြီးအကဲတွေ ရောက်လာပါပြီတဲ့"
" ဟင်"
ဝေကျစ်ချန်၏ အပြုံးတွေ ပျောက်ကွယ်သွားသည်။ ရှန်လျန်က ဖခင်၏လက်ကို ဖွဖွ ပုတ်ပေးကာ စိတ်လျှော့စေသည်။
"ရောက်နေတာ ဘယ်လောက်ကြာပြီလဲ"
"နာရီဝက်ရှိပါပြီ၊ ဝေသခင်ကို ဆေးကုပေးနေတာ မြင်လို့ မနှောင့်ယှက်လိုက်တာပါ"
"အဆင်သင့်ပဲ အခုချက်ချင်း အရှေ့ဆောင်သွားမယ်"
"ပါပါး စိတ်ချ၊ ဒုက္ခပေးခဲ့တဲ့သူ တစ်ယောက်မှ မလွတ်စေရဘူး၊ ယိုအာနဲ့အိမ်မှာပဲ နေနေခဲ့နော်၊ကျွန် တော်မရှိတဲ့အချိန် စကားမပြောနဲ့ဦးနော် ပါပါး၊ လည်ချောင်းကို အနားပေးလိုက်ဦး"
"အင်း"
ဝေကျစ်ချန်က အေးစက်စက် ခေါင်းငြိမ့်သည်။ စုန်းမအိုကြီးက သူ့အပေါ် အတော်လေးမကောင်းခဲ့တာကြောင့် ခွင့်လွှတ်ဖို့ရာ မဖြစ်နိုင် ။
"ရှုရှု အပြင် ခဏသွားဦးမယ်၊ ယိုအာက ဖိုးဖိုးနဲ့တူတူ လိမ်လိမ်မာမာ ဆော့နေ၊ မငိုရဘူး ကြားလား"
သူမရှိတဲ့အချိန် သောင်းကျန်းပြီး ငိုယိုနေမှာစိုးလို့ ဘိုးဘေးလေးကို မသွားခင် လျှောက်တင်ရန်မမေ့ခဲ့ပါချေ။ ရှန်ယိုက နှုတ်ခမ်းကြီးဆူကာ မကျေနပ်ဟန်ပြသည်။ ပြောတာကို သဘောပေါက်မည်ထင်၏။
"အဆိုးလေး"
ခေါင်းပုတ်ပေးကာ ဖုရင်ကိုလည်း မှာစရာရှိတာမှာရသည်။
"ဦးလေးဖု ..ပါပါးနဲ့ ယိုအာတို့ကို ဦးလေးလက်ထဲ အပ်ခဲ့တယ်နော်"
"စိတ်မပူနဲ့ ဦးလေးဖုကို ယုံကြည်လိုက်"
"ကောင်းပါပြီ"
ရှန်လျန်နဲ့ လေ့ကျန်းတို့ အချ
င်းချင်းကြည့်ကာ နားလည်စွာဖြင့် ခြံဝန်းထဲမှ ထွက်ခွာသွားကြသည်။ သူတို့၏ နောက်ကျောကို ငေးကြည့်ကာ ရှုရှုဟု ခေါ်လိုက်သေးသော်လည်း ရှန်ယို မငိုပါ၊ထို့အစား မျက်နှာသေးသေးလေးက မသွားစေချင်ဟန် အပြည့်။
2425word
Grape 🍇 💜