'ချင်ယွင်ရှန်းကို လိုရာကြိုးဆွဲ'
"စတုတ္ထမင်းသားရဲ့ ချောမောမှုသတင်း ကြားဖူးနေတာကြာပါပြီ၊ အထူးသဖြင့် အမျိုးသမီးတွေအပေါ် တန်ဖိုးထားကြင်နာတတ်တယ်ဆိုတဲ့ကောလဟာလက မှန်နေတာပဲခင်ဗျာ"
ရှန်လျန် ထိုသို့ပြောပြီး ဘေးဘက်မှ ဖေးယွမ်ရွှင်းဘက် လှည့်ကာ...
"မြို့စားမင်း.. စတုတ္ထမင်းသားက ကျွန်တော့် ညီမတွေကို မျက်နှာသာပေးတယ်ဆိုမှတော့ အပြစ်မပေးသင့်တော့ဘူး"
စကားအနေအထားအရ ချင်ယွင်ရှန်းမှာ တုံးလင်အိမ်တော်မှ သခင်မလေးနှစ်ပါးနဲ့ တစ်စုံတရာ ပတ်သက်မှုရှိခဲ့ဖူးသလိုလို၊ ချင်ယွင်ရှန်း မျက်မှောင်ကြုံ့ပြီး ရှန်လျန့်ကို ကြည့်လိုက်သည်။ သူ့အကြည့်က စိတ်ရှုပ်ထွေးနေပြီး သဘောမတူဟန်ပြသည်။ တစ်နေရာရာက ထူးဆန်းနေပေမယ့် ဘယ်က ဘယ်လို ရှင်းပြရမယ်မှန်း မသိပဲဝေဝါးနေသည်။ ရှန်လျန့်ကလည်း ကွေ့ဝိုက်ပြောနေရာ သူထရှင်းမှ ကိစ္စတွေ ပိုရှုပ်သွားနိုင်သည်။
တစ်ဖက်မှာလည်း ချင်ယွင်ရှန်းက ဆိတ်ဆိတ်နေလေ ရှန်ကျင်းနဲ့ ရှန်ချန်က မင်းသားမှ မိမိတို့အား သတိပြုမိမှုအတွက် အထင်လွှဲလေပင်။ နှစ်ဦးလုံးက စကားပြောနိုင်ရန် အခွင့်အရေးရှာနေကြသည်။ ကြိုးစားပြီး အကောင်းဆုံးလုပ်နိုင်ခဲ့လျှင် မင်းသားနဲ့ လက်ဆက်ခွင့်ရပြီး ကြင်ယာတော်ရာထူး တက်လှမ်းနိုင်လိမ့်မည်။ အဲ့ဒီနောက် တရားဝင်ဇနီးအဖြစ်နဲ့ အခွင့်အာဏာလွှဲအပ်ခံရပြီး မောင်းမဆောင်ကို စီမံပိုင်ခွင့်ရှိလာမည်။
"ဝမ်ဖေးက ဒီလိုပြောလာမှတော့ ကျုပ် အတင်းအကြပ်မလုပ်ခိုင်းတော့ပါဘူး၊ မဟုတ်ရင် အများက ကျုပ်ကို အထက်စီးဆန်ပြီး ကျိုးကြောင်းမသင့်တဲ့သူလို့ ထင်သွားလိမ့်မယ်"
အစကတည်းက အထက်စီးမဆန်တဲ့သူ ကျနေတာပဲ?
လူတိုင်း သွေးအန်ချင်သွားသည်။ ဒီနေ့တော့ အင်ပါယာရှိ နံပါတ်တစ် အာဏာရှင်၏ဖိနှိပ်မှုကို ပထမဆုံးတွေ့ကြုံခံစားလိုက်ရသည်။
"စတုတ္ထ မင်းသားမှာ ရတနာပန်းလေးတွေ ဝိုင်းဝိုင်းလည်နေတာ နဂိုက ကျုပ်မသိခဲ့ဘူးပဲ"
အကြည့်တွေကို လစ်လျူရှုပြီး ဖေးယွမ်ရွှင်းက အဓိပ္ပာယ်ပါတဲ့ စကားလုံးအချို့ကို ရှန်မိသားစုဘက် ပစ်သွင်းလိုက်သည်။
လျန်လျန်က စကား ပြောထွက်လာသည်ဆိုလျှင် အကြောင်းရင်းရှိလို့ပဲဖြစ်မည်။ ရှန်မိသားစုဝင်ကိုချောက်နက်ထဲတွန်းရန် တစ်တပ်တအား ဝင်အားဖြည့်ပေးလိုက်မည်။
"ယွင်ရှန်းက လျှောက်နောက်နေပြန်ပြီ၊ ကိုယ်တော်က.."
ချင်ယွင်ရှန်းက ငတုံးမဟုတ်ပါ၊ ရှန်လျန်က သွယ်ဝိုက်ပြောသလို၊ ယခု ဖေးယွမ်ရွှင်းကပါ ...
ကံဆိုးစွာနဲ့ သူရှင်းပြ၍ပင် မပြီး သေး..ပဉ္စမမင်းသားချင်ယွင်ထျန်းလည်း စကားဝိုင်းထဲ ရောက်လာသည်။
"အစ်ကိုတော်က မျက်လုံးကောင်းတာပဲ၊ ရှန်မိသားစုက မိန်းခလေးတွေ အကုန် ပညာအရာမှာ ထူးချွန်ပြီး ၊အလှမှာ နာမည် ကျော်စောတယ်၊ အစ်ကိုတော် တော်ကောက်မယ်ဆိုလည်း ကောင်းသားပဲ"
"မဆိုးဘူး... ဘယ်ကတည်းက ဆုံးဖြတ်ထားတာလဲညီငယ် ? ထိမ်းမြားပွဲအတွက် အစ်ကိုတော် ခမည်းတော်ဆီ တောင်းဆိုပေးမယ်လေ"
မင်းသားကြီးက မီးစာထည့်သည်။
တော်ဝင်မင်းသားအင်အားက များပြားတာကြောင့် ပလ္လင်အတွက် ရန်သူတစ်ယောက်လျော့လည်း တစ်ယောက်...ချင်ယွင်ရှန်းလည်း ခမည်းတော်၏ သားဖြစ်တာကြောင့် ထီးနန်းလိုချင်လောက်မှာပင်။ အိမ်ရှေ့စံမင်းသားမရှိသေးတာကြောင့် သားတော်တိုင်းမှာ အခွင့်အရေးရှိသည်။
တစ်နေ့လုံး စားဖို့ပဲ သိသည့် တတိယညီတော်ကလွဲရင် ကျန်မင်းညီမင်းသားများက အချင်းချင်း သတိဝီရိယနဲ့ စောင့်ကြည့်နေကြပြီး အခွင့်အရေးကောင်းကြုံရင် ကောင်းစွာအသုံးချတတ်ကြသည်။
"မဟုတ်ဘူး ၊အစ်ကိုတော်..."
"ညီတော် ရှက်နေတာလား? အရွယ်ရောက်တဲ့ သူတိုင်း ထိမ်းမြားကြတာပဲ၊ ဒါရှက်စရာမဟုတ်ပါဘူး၊ စိတ်မပူနဲ့၊ တစ်ကယ်လို့ ညီတော်က အကုန်လုံးကို လိုချင်တယ်ဆိုလည်း အစ်ကိုတော် မလှောင်ရယ်ပါဘူး "
ဆက်ပြီး တိတ်ဆိတ်နေပါက ပိုပြီး နားလည်မှု လွဲကုန်တော့မည်မှန်း ချင်ယွင်ရှန်း သတိပြုမိသည်။ သို့နှင့် အလျင်အမြန်ကြိုးစားဖြေရှင်းချင်သော်လည်း ဒုတိယအစ်ကိုတော်က ရယ်ရင်း မောရင်း ပါဝင်လာပြန်ရာ လင်းယွီလင် ဆွဲတားထားသော တတိယမင်းသားနဲ့ ကျန်တဲ့ ညီနောင်တွေလည်း လိုရာတွေးထင်ကုန်သည် ။
ကာကွယ်ဖို့ကြိုးစားတိုင်း ကျရှုံးနေတာကြောင့် ရှန်မိန်းကလေးတွေကို တော်ဝင်မင်းသားက တစ်ကယ် စိတ်ဝင်စားနေသည်ဟု ထင်ကုန်ကြတော့သည် ။ ရှန်ချန်နဲ့ ရှန်ကျင်းက ရှက်ရွံ့မှုကို ခံစားကြရသလို သခင်မကြီးနဲ့ ချွေးမနှစ်ဦးတို့လည်း စိတ်လှုပ်ရှားတက်ကြွလာသည်။ စတုတ္ထမင်းသားရဲ့ မောင်းမဆောင်သို့ ဝင်ရောက်နိုင်ခဲ့မယ်ဆိုရင် ... အနာဂါတ်မှာ ကံကောင်းပြီး မင်းသားက နန်းတက်နိုင်ခဲ့ပါက သူတို့သမီးဟာ မိဖုရားကြီးဖြစ်ပြီး တိုင်းပြည်မိခင် ဖြစ်တော့ မှာပါလား!
လူတွေရဲ့ အကျင့်ကို မရေမတွက်နိုင်အောင် အတွေ့အကြုံရှိခဲ့ဖူးပြီဖြစ်ရာ မျက်စိမှိတ်ပြီး တွေ့ကရာမိန်းမအား လက်မဆက်နိုင်သည့် ချင်ယွင်ရှန်းသည် မျက်မှောတင်းတင်း ကြုံ့ထားမိတော့၏။
"ယွီလင် ညီတော်က မပျော်နေသလိုပဲနော်"
တတိယမင်းသားက သူ၏ကြင်ယာတော်နားတိုးကပ်ကာ မေးလိုက်သည်။ သူ့မှာ ရည်ရွယ်ချက်ကြီးကြီးမားမား မရှိပေမယ့် သိသင့်သလောက်တော့ သိပါ၏။
"နေ့တိုင်းစားပဲ စားနေလို့ မင်းသား ဘာမှ မသိတာ"
လင်းယွီလင် သရော်လိုက်ပြီး ဖေးယွမ်ရွှင်းနဲ့ ရှန်လျန့်ကို တွေးဆဆနှင့် ကြည့်လိုက်၏။ ဒီစုံတွဲ ဒီလောက်ပူးပူးကပ်ကပ်ရပ်နေတာ မရင်းနှီးတာရော ဟုတ်လို့လား?
"ယွီလင်က ကျုပ်ကို အထင်သေးပြန်ပြီ၊ ကျုပ်က ညီနောင်တွေနဲ့ မယှဉ်နိုင်ဘူး ထင်နေတာမလား"
ဇနီး၏လှောင်ပြောင်သံကြောင့် ချင်ယွင်ရိ ဒေါသထွက်လာသည်။
လင်းယွီလင်က ခင်ပွန်းကိုပြန်ကြည့်ကာ အလေးအနက်ဖြေသည်။
"အထင်မသေးပါဘူး၊ တစ်ခြားမင်းသားတွေနဲ့လဲ သေချာပေါက် ယှဉ်နိုင်တာပေါ့၊ မယုံရင် သွားစိန်ခေါ်ကြည့်ပါလား၊ မင်းသား တစ်ချက်ပဲတက်ဖိလိုက် သူတို့အကုန် သေကုန်မှာ"
"မင်း!"
ချင်ယွင်ရိ လစ်လျူရှုပြီး တစ်ဖက်သို့လှည့်ကာတစ်ယောက်ထဲ နေလိုက်သည်။ သူဖယ်ခွာသွားတာမြင်တော့ လင်းယွီလင်က လိုက်ဆွဲသည်။ နှစ်ယောက်သား တွန်းလိုက်ဆွဲလိုက်နှင့် အများကကြည့်လျှင်တော့ ဇနီးသည်က ခင်ပွန်းဖြစ်သူကို လိုက်ချော့နေတာပဲဖြစ်၏။
"သူတို့လင်လင်က ဆက်ဆံရေး ကောင်းတယ်နော်"
ရှန်လျန် မနေနိုင်တော့ပဲ တီးတိုးပြောမိ၏။
ဖေးယွမ်ရွှင်း ခေါင်းငြိမ့်ကာ..
"လူတွေထင်တာက ချင်ယွင်ရိက လင်းယွီလင်ကို ချစ်သွားပြီး လက်ထပ်ခွင့်ရဖို့ ခမည်းတော်ဆီ တောင်းဆိုခဲ့တယ်ပေါ့၊ တစ်ကယ်က လင်းယွီလင်က အရင် ချစ်သွားတာ၊ သူတို့နှစ်ယောက်က တူတူကြီးပြင်းလာကြတာလေ၊ ယွင်ရိက အစားမက်မှန်းသိတော့ ယွီလင်က ချက်ချင်း အချက်အပြုတ်ပညာသင်တော့တာ၊ လက်ရာလည်း ကောင်းတယ်၊ ယွင်ရိ ခုလောက် ဝနေတာပဲကြည့်တော့၊အဲ့လိုဖြစ်အောင် ယွီလင်က တမင် စီစဉ်ထားတယ်လို့ထင်တယ်၊ ခုဆိုတတိယမင်းသားကို လိုချင်တဲ့သူလည်း မရှိသလို၊ အချစ်ပြိုင်ဘက်လည်းမရှိဘူးလေ"
ဒီလိုကိစ္စတွေမှာတော့ ရှန်လျန်ထက် ဖေးယွမ်ရွှင်းက ပိုသိသည်။
"ဟဟ အဲ့လိုလိုက်လုပ်ဖို့ ကျွန်တော့်ကို အကြံပေးနေတာလား"
ထိုနှစ်ယောက်ကို ဆက်မကြည့်တော့ပဲ ရှန်လျန် စနောက်၏။
"ဟင် ဘယ်လိုသိတာလဲ? ဟုတ်သားပဲ၊ ဝမ်ဖေးကအဲ့လိုလုပ်ဖို့ တစ်ကယ် တွေးနေလောက်တယ်"
ဖေးယွမ်ရွှင်း ခေါင်းငုံ့ကာ ကပ်ပြောသည်။ ရှန်လျန်က ရယ်ချင်လက်စနဲ့..
"အင်း တစ်ကယ် လုပ်မလို့၊ ခုတောင် သူ့ လူက်ိုခိုးသွားလို့ ကျွန်တော့်ကို မျက်ထောင့်နီနဲ့ ကြည့်တဲ့သူရှိနေပြီ မဟုတ်လား"
"ကိုယ့်ကို မလှောင်ပါနဲ့၊ သူ့မှာ ဘာအရည်အချင်းတွေရှိလို့ ကိုယ့်ကိုလာပြီး?"
ဖေးယွမ်ရွှင်းက စက်ဆုပ်သည့် အမူအရာပြသည်။ ရှန်ချောင်ကို တစ်ချက်ကြည့်ရုံနဲ့ ဘဝင်မြင့်ပြီး သူနဲ့ပဲထိုက်တန်တယ်လို့ ထင်တဲ့သူမှန်း ပြောနိုင်သည်။ လူတိုင်းကတော့ ဂုဏ်သတင်း တပ်မက်ကြပြီး ကိုယ့်ကိုကိုယ် ပစ်ဝင်ချင်နေကြတာ၊ သူ့ကိုယ်သူ တန်ဖိုးထားတာ မထားတာကို ခဏဘေးဖယ်ထား၊ ရုပ်ရည်ယှဉ်မလား ရှန်ချန်လောက်တောင် မလှတာ၊ ရှန်လျန်နဲ့ယှဉ်ရင် မိုးနဲ့မြေ၊ အရည်အချင်းနဲ့ ဉာဏ်ပညာယှဉ်မလား..
ရှဲ့အကြီးအကဲရဲ့မြေး ရှဲ့ယန်တောင် သူ့ထက် တော်ဦးမယ်၊ဒါက ပထမ အချက်၊ ဒုတိယအချက်က မိသားစုနောက်ခံ၊ တတိယမိသားစုက သမီးဖြစ်သူဟာ ဘယ်လိုလုပ် သူ့ကိုယ်သူ အိမ်တော်ရဲ့ တရားဝင်သမီးလို ပြုမူနေထိုင်ရဲတာလဲ? တုံးလင်အိမ်တော်က မိသားစုခွဲထုတ်လိုက်ကြည့်ပါလား၊ ရှန်ချောင်ဆိုတာ တတိယအဆင့် အရာရှိရဲ့ သမီးဆိုတာထက်မပိုဘူး၊ ဒါကလည်း ရှန်ရွေ့ချင်ကူညီလို့ သူ့အဖေက ဒီလောက် အဆင့်ရလာတာ၊ သူ့ကိုယ်သူ ဘယ်နေရာက သာလွန်တယ်လို့ တွေးရဲတာပါလိမ့်?
"ရိုးရိုးသားသားပြောရရင် ကျွန်ေတာ်လည်း သူ့ကို ရွံတယ်"
ဖေးယွမ်ရွှင်းက သူ့ရဲ့ခင်ပွန်းလောင်းလေ၊သူများတွေ တပ်မက်တော့ ရှန်လျန် သဝန်တိုတာ မဆန်းပါဘူး။
ရှန်လျန်က တည်တည်ငြိမ်ငြိမ်နဲ့ ပြောနေပေမယ့် မျက်ဝန်းထဲက အကြည့်မှာ ဖိနှိပ်ချုပ်ချယ်မှုတွေ ပါနေသည်။ ဖေးယွမ်ရွှင်း ဘယ်လောက် ပျော်နေလဲ မေးနေစရာပင် မလို။ နှစ်ယောက်သား မျက်လုံးချင်း စကားပြောနေကြပြီး ရှန်ချောင်ရဲ့ ခပ်စိမ်းစိမ်းအကြည့်တွေကို လစ်လျူရှုထားကြသည်။ သို့နှင့်ခေါင်းမော့လိုက်ရာ ချင်ယွင်ရှန်းရဲ့ ဒေါသချုပ်တီးထားသည့်မျက်နှာကို မြင်ရသည်။
အယ်? သူဒေါသထွက်နေတာလား?လင်လင်အတွဲဟာ အကြည့်ချင်းဖလှယ်လိုက်ပြီး တော်ဝင်မင်းသားတစ်ပါး အမျက်ရှရသည့် အကြောင်းရင်းက သူတို့ဖြစ်ကြောင်း နားလည်လိုက်ကြသည်။
ရှင်းရှင်းလင်းလင်း ဆိုရသော် ဖေးယွမ်ရွှင်း နဂိုက ဒေါသသိပ်မကြီးသေးချေ။ ပထမဆုံးအကြိမ် ရှန်လျန့်ထံမှ အငြင်းခံရတော့ သံသယအနည်းငယ် စိတ်ထဲ ရှိ၏။
သို့သော်လည်း ယခုလိုဖြစ်လာမယ်မှန်း မထင်ထားတာကြောင့် ဖာသိဖာသာနေနေခဲ့၏။ ဖေးယွမ်ရွှင်းနဲ့ ရှန်လျန်တို့ တစ်ယောက်နားနား တစ်ယောက်ကပ်ကာ တီးတိုးပြောနေကြသည်ကိုမြင်တော့ ထူးဆန်းသည့် သံသယကပိုကြီးထွားလာသည်။ ရှန်လျန့်အား သူ၏ကြင်ယာတော်အဖြစ် လျာထားခဲ့သည်ကို မျက်စိရှေ့မှာတင်ခိုးယူခံလိုက်ရသဖြင့် မနာလိုဒေါသဖြစ်ရသည်။
"နေ့လည်စာစားရမယ့်အချိန် ရောက်နေပြီ၊ လျန်လျန် ကျုပ်တို့နဲ့ လိုက်ခဲ့ပါလား"
ရလဒ်ကောင်းကို ရိတ်သိမ်းပြီးပြီမို့ ချင်ယွင်ရှန်းအား ဂရုမစိုက်တော့ပဲ ရှန်လျန့်ကို ထမင်းစားဖိတ်လိုက်၏။
သူ့စကားကြားသော် ရှန်ချန်တို့အားလုံး တညီတညွတ်တည်း ရှန်လျန့်ကိုကြည့်လိုက်ကြသည်။ ဖြစ်နိုင်ရင် သူတို့လည်း အတူလိုက်ပါချင်၏။ ဒါမှ စတုတ္ထမင်းသားနဲ့ စကားပြောရန်အခွင့်အရေးရမည်ဖြစ်ပြီး ကံကောင်းလျှင် သီးသန့် တွေ့ဆံုနိုင်သေး၏။ သို့သော်လည်း ရှန်လျန်က သူတို့၏မျှော်လင့်ချက်ကို ဖျက်စီးလိုက်သည်။
သူက နောက်သို့ ခြေတစ်လှမ်းဆုတ်ကာ ဦးညွှတ်သည်။
"မြို့စားမင်းနဲ့ တော်ဝင်မင်းသားတို့ကို မနှောင့်ယှက်ဝံ့ပါဘူး"
မပူးပေါင်းပေးလေ ရန်သူက စိတ်မပျော်ရွှင်လေပင်၊ရှန်လျန်က လူတို့၏သဘောသဘာဝကို ကောင်းစွာ နားလည်ပါ၏။ ဘာကိစ္စ သူတို့ဆန္ဒကို ဖြည့်စည်းပေးရမှာတဲ့လဲ?
ဖေးယွမ်ရွှင်း ကူကယ်ရာမဲ့သွား၏။ စိတ်ပေါက်ပေါက်နှင့် ...
"ကောင်းပြီလေ.. ဒါဆို ကျုပ်တို့အရင်သွားနှင့်မယ်"
"မြို့စားမင်းနဲ့ တော်ဝင်မင်းသားတို့ကို နှုတ်ဆက်ပါတယ်"
ပြောပြီးသည်နှင့် ထွက်ခွာရန်ပြင်ရာ လူတိုင်းက အရိုအသေပြုရင်း နှုတ်ဆက်လိုက်ရသည်။ ချင်ယွင်ရှန်းက ရှန်လျန့်ကိုဖြတ်ကျော်ချိန်တွင် ခေတ္တ တုံ့ဆိုင်းပြီး စိတ်ရှုပ်ထွေးစွာ တစ်ချက်ကြည့်သည်။ သို့သော် ဘာစကားမှတော့ မပြောပေ။ ဒီတိုင်း ထွက်ခွာသွားသည်။
စိတ်အတက်အကျများသော အဖြစ်အပျက်ပြီးနောက် သခင်မကြီးတွင် အားအင် တစ်စက်မှ မကျန်တော့ပါ ၊ချွေးမနှစ်ယောက်က တွဲထူပေးသည်ကိုခံယူရင်း ဖြည်းဖြည်းချင်း လှေကားတက်သည်။
"သခင် ဘာလို့ မြို့စားမင်းအပြစ်ပေးတာကို သွားတားလိုက်တာလဲ"
ရှန်လျန်တို့က အကွာအဝေးခြားပြီး နောက်မှ လိုက်လာခြင်းဖြစ်ရာ လေ့ကျန်းက နားမလည်သည်ကို တီးတိုးမေးသည်။ မြို့စားမင်းကသာ အမိန့်ပေးလျှင် သခင်မကြီးက ငြင်းဆန်ရဲမည် မဟုတ်၊ ရွေးချယ်စရာမရှိပဲ ချွေးမနဲ့ မြေးတွေကို ဒူးထောက် ရှိခိုးခိုင်းရလိမ့်မည်။အများအမြင်မှာ မြို့စားမင်းက စတုတ္ထ မင်းသား၏မျက်နှာထောက်ကာ ခွင့်လွှတ်ပေးသည် ဆိုသော်လည်း ၊တစ်ကယ်တမ်း ရှန်လျန့်ကိုအလျော့ပေးလိုက်ခြင်းဖြစ်ပြီး ချင်ယွင်ရှန်းကို မဟုတ်ပေ။
"မတားလို့ ဘယ်ရပါ့မလဲ၊ မတန်ဘူး၊ သတင်းပျံ့သွားရင် ယွမ်ရွှင်း နာမည်ပျက်လိမ့်မယ်၊ စိတ်ချပါ၊ သူတို့ ဒီမှာ ရှိနေမှတော့ အေးအေးဆေးဆေး အိမ်ပြန်လို့ရမယ် မထင်နဲ့"
ရှန်လျန်မျက်နှာက ပြုံးနေပေမယ့် မျက်ဝန်းက အေးစက်နေသည်။ ယခင်က လျိုရှုဟန်တို့သားအမိသုံးယောက်ကို အရိုးထဲထိနက်နက်ရှိုင်းရှိုင်းမုန်းသလို သခင်မကြီးနဲ့ဒုတိယ၊တတိယမိသားစုကို မမုန်းခဲ့ပါ။ အချင်းချင်း သတ်ဖြတ်နေစရာမှမလိုပဲလေ။
သို့ရာတွင် လွန်ခဲ့သည့်နှစ်လ အိမ်တော်ပြန်ရောက်ရောက်ချင်း သူ့ကိုဆေးခတ်ရန်ကြိုးပမ်းခဲ့ကတည်းက ထိုသူတို့ကို ကြင်နာချင်စိတ်မရှိတော့ခြင်းဖြစ်၏။ ယနေ့ဖြစ်ရပ်မှာ ဖေးယွမ်ရွှင်းသာ မရှိလျှင် ဒူးထောက်ဆုတောင်းခြင်းအား လုပ်ကို လုပ်ခိုင်းမှာပင်။ နာမည်ပျက်မှာ စိုး၍သာ ရန်ငြိုးကို တေးမှတ်ထားလိုက်ခြင်းဖြစ်သည်။ အားလုံးကိုမှတ်ထားပြီး ဒီနေ့မှစကာ တစ်ခုချင်းရန်ကြွေးပြန်တောင်းမည်။
"သခင်အမိန့်ပေးစရာရှိရင် လုံးဝ မတွေဝေပါနဲ့"
အတူရှိတာ တစ်ရက်နှစ်ရက် မကတော့ရာ ရှန်လျန်ထုတ်မပြောရင်တောင် အကြံအစည် ကြီးကြီးမားမားရှိနေမှာဖြစ်ကြောင်း သဘောပေါက်ပြီး စိတ်မပူတော့ချေ။
"ဟဟ အေးပါ၊ ဒါပေမယ့် ငါ့ရဲ့ အားနည်းတဲ့ ခန္ဓာကိုယ်နဲ့ လုပ်ချင်တယ်ဆိုရင်တောင် လုပ်နိုင်စွမ်း မရှိဘူး၊ စိတ်သွားတိုင်း ကိုယ် မပါဘူးဖြစ်နေတယ်"
ရှန်လျန် သူ့ကိုယ်သူ လှောင်ရယ်လိုက်သည်။ သူ့မှာ အဆိပ်ပညာတစ်ခုတည်း တစ်ဖက်ကမ်းခတ်ကျွမ်းကျင်ပြီး ကိုယ်ခံပညာမှာတော့ ယခင်ဘဝရာ ၊အခုဘဝမှာရော ပါရမီ မပါပေ။
"သခင်က အကုန်လုံး လုပ်နိုင်စွမ်းရှိနေရင် ကျွန်တော်တို့ အလုပ်လုပ်ဖို့ ဘာလိုတော့မှာလဲ"
"ဟုတ်တာပေါ့"
တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ရယ်လိုက်ကြသည်။ ပြီးပြည့်စုံသည့်လူ မရှိပါ၊ ရှန်လျန်သည်လည်း ချွင်းချက် မဟုတ်ခဲ့၊ ထို့ကြောင့်လည်း လူတိုင်းက ကျွမ်းကျင်ရာ နယ်ပယ်မှာ ကိုယ်စီ တာဝန်လုပ်ဆောင်ရပြီး တစ်ယောက် အားနည်းချက် တစ်ယောက် ဖြည့်ဆည်းရင်း ရှေ့ဆက်လျှောက်ရလိမ့်မည် ။
2617 words
Grape 🍇