no

Font
Theme

မြို့စားမင်း လာလည်တယ်

နောက်တစ်နေ့ လင်းလင်းချင်းမှာပဲ ချီယွဲ့နဲ့ချီရွှမ်းက အရိပ်တပ်သားတွေရဲ့အကူအညီနဲ့ တုံးလင်အိမ်က ထွက်ခွာသွားခဲ့တယ်။ သူတို့သွားလိုက်တာနဲ့ ကျုံးလင်ခြံဝန်းက ဗြောင်းဆန်သွားမယ်လို့ သူတို့လည်း ထင်ထားမှာ မဟုတ်ဘူး၊ ပစ္စည်းသိမ်းဆည်းတာ၊ ချက်ပြုတ်၊သန့်ရှင်းတာနဲ့ ကလေးဝေယျာဝစ္စတွေ အကုန် ညီအစ်ကိုနှစ်ယောက်က အစအဆုံးကိုင်တွယ်ပေးနေကြမို့ ၊သူတို့မရှိတာနဲ့ တာဝန်အားလုံးက မိခင်မပီသတတ်တဲ့ ဖုရင်နဲ့ ယောင်းကွမ်ပေါ် ကျရောက် သွားတယ်။

ရှန်လျန်က ရွေးချယ်စရာမရှိ ကလေးထိန်းပေးတဲ့တာဝန်ကိုယူလိုက်ရတယ်။

ထို့နောက်မှာတော့ ယောင်းကွမ်က မီးဖိုချောင်ကို မီးရှို့မိလု ဖြစ်သွား၏။ အိမ်သန့်ရှင်းရေးလုပ်တော့လည်း လက်ထဲက ပစ္စည်းတွေ လွှတ်လွှတ်ကျပြီး ကွဲကုန်တယ်၊ ကြက်သတ်ခိုင်းပြန်တော့လည်း ကြက်ခေါင်းကို တန်းခုတ်လိုက်လို့ သွေးတွေက နေရာအနှံ့ပျံ့ကြဲကုန်ပြီး တူတူထိုင်ကြည့်နေတဲ့ ရှန်ယိုနဲ့ ရှန်လျန်ပါ ကြက်သွေးတွေ ပေစွန်းကုန်တယ်၊ ကျုံးလင်ခြံဝန်းက တစ်ကယ်ကို ကသောင်းကနင်းတွေ ဖြစ်နေတော့၏။

"ကောင်းပြီ စားကြရအောင်"

သည်းမခံနိုင်တော့သည့်အဆုံး ရှန်လျန်က ယောင်းကွမ်က်ု ကလေးထိန်းခိုင်းလိုက်ပြီး ဦးလေးဖုကို သန့်ရှင်းရေးလုပ်ခိုင်းတယ်၊ သူကိုယ်တိုင်ကတော့ ချက်ပြုတ်လိုက်တယ်။

ညမိုးချုပ်တော့မှ ညစာက စားပွဲပေါ် အဆင်သင့်ရောက်သွားပါပြီ။

"ဝိုး လျန်လျန်က ချက်ပြုတ်တတ်တာပဲ၊ အိုး.. အရသာရှိလိုက်တာ... စားကောင်းလိုက်တာ"

ညစာက ဟင်းငါးခွက်နဲ့ ဟင်းရည်တစ်ခွက်ပါပြီး အနံ့၊အရသာက လူတိုင်းကို စိတ်မပျက်စေခဲ့ပါ၊ ယောင်းကွမ်က လက်တစ်ဖက်နဲ့ ကလေးကို ပွေ့ထားပြီး ၊ကျန်လက်တစ်ဖက်က ကြက်ပေါင်ကိုကိုင်ပြီး ပါးစပ်ထဲ ထိုးထည့်နေတယ်၊ လျှာကျက်ပြီး အငွေ့တွေထနေတာတောင် ယောင်းကွမ်က ရှန်လျန့်ကို လက်မထောင်ချီးကျူးဖို့မမေ့ပါ၊ ဖုရင်က ရေတခွက်အမြန်ခပ်ပေးလိုက်ပြီး ၊သူ့လက်ထဲက ကလေးကို ပွေ့ချီယူလိုက်တယ်။

"လုံးဝမထင်ထားဘူး၊ လျန်လျန်က ထမင်းဟင်း ဘယ်လိုချက်ရမလဲ သိတာပဲ"

ခါတိုင်းချီယွဲ့က ချက်ပြုတ်ပြီး၊ ချီရွှမ်းက ကိုယ်ခံပညာ သင်နေတဲ့အချိန်က များပြီး ရေဆူအောင် ကူသယ်ပေးတာလောက်ပဲ လုပ်သည်ကိုသာ တွေ့ဖူးသည်။ ရှန်လျန်လုပ်တာ မတွေ့ဖူးတော့ မတတ်ဘူးလို့ပဲ ရိုးရိုးရှင်းရှင်းတွေးခဲ့တာပင်။

ရွာမှာတုန်းက ကလေးထိန်းက အကုန်ခိုင်းတာလေ၊ ယွဲ့ကောတို့ကလည်း ငါပင်ပန်းမှာစိုးရိမ်ပြီး မလုပ်ခိုင်းကြပေမယ့် ထမင်းဟင်းချက်တာလောက်ကတော့ ကူပေးသင့်တယ်ထင်လို့ သင်ထားခဲ့တာ"

ရှန်လျန်က ရှေ့ဖုံးခါးစည်းကြိုးဖြည်ရင်း ပြောပြသည်။ တစ်ကယ်တော့ သူပြောတဲ့စကားက အမှန်တစ်ဝက် အမှားတစ်ဝက်ဖြစ်၏။

ချီယွဲ့တို့နား သင်ထားတယ်‌ဆိုပေမယ့် ချင်ယွင်ရှန်းနဲ့ ညားမှ ပိုကျွမ်းသွားတာပါ၊ သူ့ရဲ့အချက်အပြုတ်စွမ်းရည်နဲ့ ချင်ယွင်ရှန်းကို ကျေနပ်စေချင်တာဆိုပေ‌မယ့် ကြိုးစားသမျှ အချည်းနှီးပဲ ဖြစ်ခဲ့သည်။

"အဲ့ဒီအကြောင်း နောက်မှပြောတာပေါ့၊ လေ့ကျန်းဘယ်မှာလဲ? အတူလာစားခိုင်းလိုက်၊ ငါဗိုက်ဆာနေပြီ"

"ကြည့်ရတာ စားကံကြုံလို့ မုတ်ဆိတ်ပျားဆွဲတာပဲ"

ယောင်းကွမ်လည်း လျန်လျန်ရဲ့ နာကျင်စရာအတိတ်ဆိုးတွေကို ပြန်မဖော်ထုတ်ချင်တာကြောင့် အလိုက်တသိနဲ့ ဝါးတူပြန်ကိုင်လိုက်သည်။ ထို့နောက် ချိုမြန်နူးညံ့ပြီး အရသာရှိတဲ့ ငါးဟင်းအကြောင်း ချီးမွှမ်းရန်ပြင်စဉ် ဖေးယွမ်ရွှင်း၏ အသံက နောက်ကွယ်ဘက်မှ ထွက်လာရာ ယောင်းကွမ် တစ်ကိုယ်လုံး တုန်တက်သွားပြီး လက်ထဲက တူပါ ပြုတ်ကျသွားသည်။

"သခင်.. ဘယ်လိုလုပ် ရောက်လာတာလဲ"

ယောင်းကွမ် မျက်ရည်မကျပဲ ငိုနေသည်။ နေ့လည်တုန်းက ဗိုက်ပြည့်အောင် မစားခဲ့ရလို့ အခုအတော်လေးဆာလောင်နေသည်။ စားပွဲအပြည့် ဟင်းပွဲတွေကြည့်ရင်း ဗိုက်အဝဖြည့်ရန် အားခဲထားပေမယ့် သခင်က ရောက်ချလာသည်။ သခင်ကိုယ်တိုင်ရှိနေမှတော့ တစ်စားပွဲတည်း အတူထိုင်စားရန် မဝံ့ရဲပါချေ။

"ဘာလဲ?ငါ လာလို့မရဘူးလား?"

ဖီးနစ်မျက်ဝန်းက စူးရဲနေပြီး မျက်နှာထားက တင်းသည်။

ယောင်းကွမ် ကြောက်ရွံ့သွားပြီး ကပျာကယာ လက်ခါရမ်းကာ...

"မဟုတ်ပါဘူး မဟုတ်ပါဘူး သခင်လာလို့ရတာပေါ့၊ လာလို့ရပါတယ်၊ သခင့်ကို မလာခိုင်းတဲ့သူရှိရင် ကျွန်တော် ထိပ်ဆုံးက ရန်သွားလုပ်ပေးမယ်"

သခင့်ကို ဆန့်ကျင်တဲ့အကျိုးရလာဘ်က ဗိုက်ဆာတာထက်ဆိုးသွားနိုင်သည်။

"တော်ပါတော့၊ သူ့ကိုမခြောက်တော့နဲ့၊ မစားရသေးရင် တစ်ခါတည်းဝင်စားသွားလိုက်၊ ကျွန်တော် ဒီကိုပြန်ရောက်ပြီးကတည်းက ခုမှ ပထမဆုံးဟင်းပြန်ချက်တာ၊အရသာ မြည်းကြည့်ကြည့်"

ဖေးယွမ်ရွှင်းက ရုတ်တရက် ရောက်လာတော့ ရှန်လျန် အံ့ဩမိသွားပေမယ့် ပုံမှန်အတိုင်းပဲ ပြောဆိုလိုက်သည်။

"လျန်လျန် ကိုယ်တိုင်ချက်ထားတယ်ဆိုမှတော့ သေချာပါက် မြည်းစမ်းကြည့်ရမှာပေါ့"

ပြောပြီးပြီးချင်းပဲ ဖေးယွမ်ရွှင်းက စားပွဲဝိုင်းထဲ ဝင်ထိုင်ရန် အနားတိုးလာသည်။ ကလေးပွေ့ထားတဲ့ ဖုရင်နားက ဖြတ်အလျှောက်.. တစ်ချက်စောင်းငဲ့ကြည့်လိုက်သည်။ ရှန်ယိုသေးသေးလေးက အသားပိုဖြူပြီး လုံးတစ်တုတ်‌ကာ မျက်လုံးဝိုင်းဝိုင်းလေးနှင့်ဖြစ်၏။ မြို့စားမင်းကညွှန်ပြလိုက်ပြီး မေးလာသည်။

"သူက အစ်ကိုနှစ်ရဲ့ ကလေးလား"

"ဟင်? ဘာဖြစ်လို့လဲ? ရုပ်မတူ‌လို့လား?"

ရှန်လျန်က ကလေးရဲ့ ပါးပြင်ပေါ် မွေးမွေးပေးလိုက်သောအခါ ရှန်ယိုလေးက လက်ဆန့်တန်းပေးလာသည်။ သူ့အား ချီစေချင်ပုံပင်။

"လုံးဝမတူဘူး၊ တခြားကလေး ကျနေတာပဲ"

ဖေးယွမ်ရွှင်းက ရိုးသားစွာ ပြောသည်။

ဖုရင် ရယ်‌လိုက်ပြီး..

"အဲ့လိုတွေးလည်း တွေးချင်စရာပါပဲ၊ ကလေးတွေက နေ့တိုင်း ကြီးမြန်ကြတယ်၊ ပြီးတော့ သခင်ငယ်လေးက အစားသေချာစားတော့ ပိုပြီး ထွားတယ်၊ တခြားလူလို ဖြစ်မနေမှ ထူးဆန်းလိမ့်မယ်"

ဒါက ရှန်ယိုလေးကို သူတို့စောင့်ရှောက်ထားတယ် ဆိုတဲ့ သိသာတဲ့အချက်ပဲ၊ ဖေးယွမ်ရွှင်းသာ ကလေးကို ခေါ်ထားခဲ့ရင် ပြောမရဘူး၊ ရှန်ယိုလေးက အာဟာရပြတ်လပ်ပြီး မျောက်ပိန်ညောင်လေးဖြစ်နေလောက်၏။

"သူ့ကိုချီချင်လား"

ရှန်လျန် ကလေးကိုပွေ့ပြီး ဖေးယွမ်ရွှင်းဆီ လက်လွှဲပေးလိုက်တယ်၊ ဖေးယွမ်ရွှင်းလည်း။စိတ်လိုလက်ရ ကလေးကို ပွေ့ခေါ်လိုက်ပေမယ့် ကလေးက သူ့လက်ထဲလည်းရောက်ရော...

"ဝါး.....ဝါး!"

"......"

"ဟားဟားဟား"

ကလေးက ဧကရာဇ်သော မြို့စားသော နားမလည်ဘူး၊ ဖေးယွမ်ရွှင်းပွေ့လိုက်တာနဲ့ သူစိတ်‌ေကျနပ်မှုမရှိကြောင်း စတင်အော်ဟစ်လေတယ်၊ အနိုင်ကျင့်ခံရသလို ငိုယိုတိုင်တန်းနေတာကြောင့် ဖေးယွမ်ရွှင်းရဲ့ မျက်နှာက ညိုမှောင်လာတယ်၊ ဖုရင်နဲ့ တခြားသူတွေက အော်မရယ်ရဲပဲ အောင့်အီးကာ ရယ်ချင်ပက်ကျိ မျက်နှာတွေ ဖြစ်နေကြပေမယ့် ရှန်လျန်ကတော့ ဖေးယွမ်ရွှင်းရဲ့ပခုံးပေါ်မှီရင်း ရိုးသားစွာပဲ ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။

နောက်တော့ ဖေးယွမ်ရွှင်းက စားပွဲမှာ အတည်တကျ ဝင်ထိုင်လိုက်၏။ သူရှိနေတော့ အားလုံးက နေရခက်သွားကြသည် ။ ဖုရင်က ရှန်ယို့ကို ညစာကျွေးရန်လိုသည်ဟုပြောကာ ရှောင်ထွက်သွားသည်။ လေ့ကျန်းနဲ့ ယောင်းကွမ်ကလည်း အရိပ်တပ်သားတို့ကို အစားသောက် ခွဲဝေပေးရန် ထွက်သွားကြရာ ဟင်းပွဲ ငါးခွက်နဲ့ ဟင်းရည်တစ်ခွက်က ရှန်လျန်နဲ့ ဖေးယွမ်ရွှင်းတို့အတွက် သီးသန့် ဖြစ်သွားသည်။

"ခင်ဗျားရှိနေတော့ အကုန်လစ်ပြေးကုန်ပြီ ကြည့်ဦး!"

ရှန်လျန်က ခေါင်းယမ်းလျက် ပန်းကန်လုံးနှင့် တူကိုင်လိုက်သည် ။ သူလည်း ဗိုက်ဆာလှပြီ၊ နေ့ခင်းတုန်းက ယောင်းကွမ်ရဲ့ အချက်ပြုတ်စွမ်းရည်က အတော်လေးဆိုးဝါးတာကြောင့် သူ့မှာ ခေါက်ဆွဲပြုတ်တစ်ပွဲပဲ လုပ်စားထားရသေးသည်။ ပုံမှန်ဆို ညစာက စောစားသင့်တာ ဆိုပေမယ့် ရှန်လျန်က လူအယောက် ၂၀စာ ကို ချက်နေကြမဟုတ်ပဲ ရုတ်တရက် ထချက်ဖြစ်တာမို့ ပြင်ဆင်တာနဲ့ အချိန်ကြာသွားသည်။ ယခု ဖေးယွမ်ရွှင်း ရောက်လာတဲ့အချိန်ထိ ဘာမှ မစားရသေးပေ။

"ကိုယ့်မှာ ကိုယ့်ဝမ်ဖေးကိုယ်တောင် လာကြည့်ခွင့်မရဘူး၊ ဒီလို ဒုက္ခရောက်နေမယ်မှန်း သိရင် အစောတည်းက လာခဲ့ပါတယ်"

ဖေးယွမ်ရွှင်းက သူ့ကို စောဒက တက်သည်။

နေမကောင်းမချင်း သူ့ဆီ မလာရဘူးလို့ ယောင်းကွမ်ကို လွှတ်ပြီး ထပ်ခါ ထပ်ခါ လာပြောခိုင်းနေလို့သာ သူ့မှာ ကိုယ့်ကိုကိုယ် သတိပေးရင်း ဒဏ်ရာ မကျက်မချင်း အိမ်အပြင် တစ်လှမ်းမှမထွက်ခဲ့။ သူ့ဝမ်ဖေးကို အိပ်မက်ထဲပဲ တွေ့နေခဲ့ရသည်။ ရက် 20ကျော်လောက် အခန်းထဲ အောင်းနေပြီး အပြည့်ဝ ကျန်းမာပြီဆိုမှ ရှန်လျန့် ဆီ ပြေးလာရဲခြင်းဖြစ်သည်။

"အတော်လေး ကြိုးစားနေနေခဲ့ရရှာတာပဲ၊ ရော့ ကြက်ကျောက်ကပ်စားပြီး ကိုယ့်ကိုကိုယ် အားဖြည့်လိုက်"

ရှန်လျန်က ဟင်းခပ်ပြီး ဖေးယွမ်ရွှင်း ပန်းကန်ထဲ ထည့်‌ပေးသည်။

ဖေးယွမ်ရွှင်း တွန့်သွားသည်။ ကိုယ့်ကျောက်ကပ်က နဂိုထဲက ကောင်းပြီးသားပါ၊ ဟုတ်ပြီလား!

"မြန်မြန်စားလိုက်လေ၊ ခွံ့ကျွေးရဦးမှာလား"

ရှန်လျန်က အပြုံးလေးနှင့်သူ့ကို ကြည့်နေသည်။ ဖေးယွမ်ရွှင်းက ကြက်ကျောက်ကပ်ကို ပါးစပ်ထဲ ပစ်ထည့်ပြီး မျက်မှောင်ကြုံ့လျက် ဝါးသည်။လျန်လျန်က သူ့အောက်ပိုင်း၏စွမ်းရည်ကို တမင်သက်သက် လာစမ်းသပ်နေသလို ခံစားလိုက်ရသည်။

"အရသာမဆိုးဘူး၊ ခုချိန်ကစပြီး ကိုယ့်ရဲ့ သုံးနပ်စာကို မင်းအပေါ်မှီခိုရတော့မှာပဲ"

ရှန်လျန်ရဲ့ လက်ရာက တစ်ကယ် မဆိုးမှန်း ဝန်ခံပါသည်။ စိတ်ခံစားချက် ကောင်းသွားတာကြောင့် စားပွဲပေါ်က ပန်းကန်တွေကို အပြောင်ရှင်းပစ်လိုက်သည်။

"ကျွန်တော် မှတ်မိတာ မမှားရင် ခင်ဗျားရဲ့ ဒဏ်ရာက ဗိုက်မှာနော်၊ ခေါင်းမှာ မဟုတ်ဘူး၊ ကျွန်တော်က ခင်ဗျားကို နေ့တိုင်းချက်ကျွေး၊ သန့်ရှင်းပေးနေရအောင် ခင်ဗျားရဲ့ဇနီး၊ ခင်ဗျားအမေများမှတ်နေလား?

‌ရှန်လျန် မျက်လုံးလိမ့်လိုက်ရင်း ဖေးယွမ်ရွှင်းရဲ့ ဆန္ဒကို ရက်ရက်စက်စက် ငြင်းပယ်သည်။

ဖေးယွမ်ရွှင်းက သူလိုချင်သည့် အချက်ကို ဆွဲသုံးလိုက်သည်။

"အင်း ဇနီး ဆိုတာ အမှန်ပဲလေ!"

"......."

ခင်ဗျားကတော့!

ရှန်လျန် ဆက်မပြောချင်တော့လို့ လစ်လျူရှုရန်သာ ဆုံးဖြတ်လိုက်သည်။ ခေါင်းငုံ့ကာ ဗိုက်ဖြည့်နေလိုက်သည်မှာ ဗိုက်ဆာ ၍ပဲလား ၊ ဖေးယွမ်ရွှင်း၏ ဆန္ဒကို လိုက်လျောလိုက်ခြင်းလား သူ့ကိုယ်သူ ဝေခွဲ မရခဲ့ပေ။

တစ်ခဏအတွင်း ဟင်းငါးခွက်နဲ့ ဟင်းရည်တစ်ခွက်ဟာ အကုန်ပြောင်စင်သွားခဲ့ပြီး ထမင်းဖြူသာ ကျန်တော့မှ စားသောက်ခြင်းကို ရပ်တန့်လိုက်ကြသည်။ ထပ်မထည့်နိုင်တော့ပါ။

အစာဝပြီး ကျေနပ်နေတဲ့ ဖေးယွမ်ရွှင်းက ခုံမှာ ပျင်းတိပျင်းရွဲ မှီထိုင်ရင်း ဗိုက်ပွတ်နေသည်။ စိတ်ပျော်နေသည့် အမူအရာက မျက်နှာပေါ် ပေါ်လွင်နေသည်။ ရှန်လျန်က ပန်းကန်တွေ ထပ်လိုက်ပြီး ပြုံးသည်။ ထို့နောက် မြို့စားမင်း၏ ထိုင်ခုံခြေထောက်ကို ကန်ပြီး အသိပေးလိုက်သည်။

"ဘာလုပ်တာလဲ"

"ဘာလုပ်ရမလဲ? စားပြီးရင် ပန်းကန်ဆေးလေ၊ အမြန်ထ၊ ကျွန်တော် တနေကုန်အလုပ်လုပ်နေရတာ ပင်ပန်းနေပြီ"

ပြောပြီးတာနဲ့ ပန်းကန်အထပ်လိုက်ကို ဖေးယွမ်ရွှင်းဆီ ထိုးပေးပြီး အခန်းထဲ လှည့်ဝင်သွားလိုက်သည်။

"ဟေး..."

ပန်းကန်လွတ်တွေကို ကိုင်ရင်း ဖေးယွမ်ရွှင်းဟာ မိုးတိုးမတ်တပ်ဖြစ်ကျန်ရစ်သည်။ ရှန်လျန်က အကြည့်တစ်ချက်မှ မစွန့်ကြဲပဲ လက်ဝေ့ယမ်းကာ သူ့အား ထားခဲ့သည်။ ဖေးယွမ်ရွှင်းက ဘာဆက်လုပ်ရမည်လဲ မသိစွာဖြင့်..

"ပန်းကန်ဘယ်လိုဆေးရမလဲ ကိုယ်မသိဘူးလေ"

"သခင်... ကျွန်တော် လုပ်လိုက်ပါ့မယ်"

ဘယ်ကရောက်လာမှန်း မသိတဲ့ ထျန်းရှုက အပြုံးလေးဖြင့် သူ့လက်ထဲက ပန်းကန်တွေကို ယူလိုက်သည်။ ဖေးယွမ်ရွှင်းလည်း ယဉ်ကျေးမနေတော့ပဲ ပေးလိုက်သည်။ ထို့နောက် သူ့အားစနောက်ကာ လစ်ပြေးသွားသူနောက် လိုက်ဝင်သွားတော့၏။

"ကိုယ် အလိုလိုက်လို့ လျန်လျန်က ဆိုးနေတယ်ပေါ့၊ တစ်လက်မပေးရင် ဘာလို့ တစ်မိုင် လိုချင်နေတာလဲ ပြော"

ဖေးယွမ်ရွှင်းက မကျေမနပ် ဖြစ်နေသည်။ ခင်ပွန်းတစ်ယောက်၏ ဂုဏ်အင်္ဂါရပ်နဲ့ လျော်ညီစွာ မနေထိုင်ရသေးသလို ဖြစ်နေသည်။ဒီလိုသာဆိုရင် အနာဂါတ်မှာ ရှန်လျန်ကပြန်အမိန့်ပေးတာ မခံရစေဖို့ သူ့ရဲ့ မြို့စားအရှိန်အဝါ အနေအထားကို ထုတ်ပြပေးမှဖြစ်တော့မည်။ ဒါမှ ဘယ်သူက အိမ်ဦးနတ်လည်း သိမှာလေ။ သို့သော်... အခန်းထဲ လိုက်ဝင်ဝင်ချင်း မြင်လိုက်ရသည့် မြင်ကွင်းက ရှန်လျန်က ကုတင်ပေါ်မှာလဲလျောင်းနေတာပဲ ဖြစ်၏။ ဖိနပ်ပင် မချွတ်နိုင်သည်အထိ ပင်ပန်းနေတာကို မြင်ပြီး ဖေးယွမ်ရွှင်းပြောမယ့်စကားတွေက လည်ချောင်းထဲမှာ တစ် ဆို့ကုန်သည်။

"မနက်ဖြန် အစေခံ ထပ်ပို့ပေးလိုက်ရမလား"

ဖေးယွမ်ရွှင်းက ကုတင်ပေါ် တင်ပလွှဲ ထိုင်ပြီး ရှန်လျန့်ဆံပင်ကို အသာ သပ်တင်ပေးကာ ပင်ပန်းနေသည့် မျက်နှာလေးကို ကြည့်သည်။ သူလည်း ချီယွဲ့တို့ ခရီးသွားသည့်သတင်းကိုကြားထားပြီး အိမ်မှာ ဖုရင် တစ်ဦးတည်းရှိမှန်းလည်း သိသည်။ သို့သော် သူထင်တာက လူတိုင်းမှာ လက်ပါတာပဲပေါ့၊ လျန်လျန်က အဆင်ပြေရင်တောင် ဘေးကကြည့်တဲ့ သူက တော့ လုံးဝ သည်းမခံနိုင်ပါ။။

"‌တော်ပါပြီ၊ သူတို့က သုံးလေးငါးရက်ပဲ သွားမှာ၊ ပြဿနာ မရှာတော့နဲ့၊ မနက်ဖြန် အရိပ်တပ်သားထဲကပဲ ကျွန်‌ေတာ့်ကိုကူဖို့ လူရှာခိုင်းလိုက်ရင်ရတယ်၊ ကျွန်တော့်ကိုပဲပြောနေ၊ ခင်ဗျားရော သက်သာသွားပြီလား"

ရှန်လျန် မျက်စိဖွင့်ကာ ကုတင်ပေါ် ထထိုင်ဘိုက်ပြီး ဖေးယွမ်ရွှင်းရဲ့ လက်သွေးကြောကို စမ်းသပ်ကြည့်သည်။

"အားနည်းတဲ့လက္ခဏာတော့ရှိသေးတယ် ၊ဒါပေမယ့် ကောင်းသလောက်နီးနီး ရှိနေပါပြီ၊သွေးထွက်လွန်တဲ့ ရောဂါက အတော်လေး ဒုက္ခများတယ်၊ ရက်အ‌ကြာကြီး စမ်းသပ်ရှာဖွေပြီးတာတောင် ဖြေဆေးမတွေ့သေးဘူး၊အဲ့တော့ ခင်ဗျား ဒဏ်ရာမရစေနဲ့နော်၊ ရှေ့ရက်ကပေးထားတဲ့ ဆေးညွှန်းအတိုင်း သမားတော်ကျိုးကို ဆေးလုံးထပ်လုပ်ပေးဖို့ပြောလိုက်ဦး၊အဲ့ဒီဆေးက မတော်လို့ ခင်ဗျားဒဏ်ရာရခဲ့ရင်တောင် အသက်အန္တရာယ် ခြိမ်းခြောက်နိုင်တဲ့ထိ သွေးထွက်မလွန်အောင် တားဆီးပေးနိုင်တယ်"

နှစ်ရက်လောက် ဆေး၏အာန်သင်ကို သေချာချိန်ညှိပြီး သုံးဆအစွမ်းထက်အောင် ဖော်စပ်ပေးထားခြင်းဖြစ်သည်။အဆိပ်ဖြေဆေးကိုမဖော်ထုတ်နိုင်သေးသရွေ့ တားဆီးကုသနိုင်သည့် နည်းလမ်းနှင့် အချိန်ဆွဲကုသနေ ရမှာပင်။

"အင်း ကိုယ်သိပြီ၊ မင်းမအိပ်သေးနဲ့ဦး၊ အစေခံတွေကို ရေနွေးပြင်ခိုင်းလိုက်မယ်၊ ရေချိုးပြီးမှ အိပ်လိုက် ဟုတ်ပြီလား?"

အစက ရှန်လျန်နဲ့ အတူ အချိန်ကုန်ဖို့ တွေးထားခဲ့ပေမယ့် ဝမ်ဖေးရဲ့ ပင်ပန်းနေတဲ့ပုံကိုကြည့်ရင်း မနှောင့်ယှက်တော့ရန် ဆုံးဖြတ်လိုက်သည်။

"ကောင်းသားပဲ ၊ကျွန်တော် မနက်ဖြန်လည်း စောစောထရဦးမှာ၊ခင်ဗျား ဒီနေ့တော့ စောပြန်လိုက်မလား? တစ်ကယ်လို့ နောက်နှစ်ရက်မှာ ယွဲ့ကောတို့ပြန်ရောက်ရင် ကျွန်တော် ခင်ဗျားစီ လာခဲ့မယ်လေ"

သူတို့ချင်းမတွေ့ရတာ ဆယ်ရက်ကျော်ပြီမို့ ရှန်လျန် သူ့ကို အရမ်းလွမ်းနေမိသော်လည်း ဒီနေ့က တစ်ကယ်ကို အတူရှိပေးရန် အားကုန်‌သွားလေပြီ၊ နှုတ်ဆက်အနမ်းတစ်ပွင့်ပေးရင်းသာ ပြန်ခိုင်းလိုက်ရ၏။

"အင်း စောစောနားလိုက်"

ဖေးယွမ်ရွှင်းလည်း ရှန်လျန့်နဖူးထက် အနမ်းခြွေလိုက်သည်။ ထို့နောက် အိမ်မပြန်ခင် ယောင်းကွမ်တို့ကို ရှန်လျန့်အတွက် ချိုးရေနွေးပြင်ပေးရန် မှာကြားခဲ့လိုက်သည်။ လာရင်းကိစ္စကိုတော့ နောက်မှပဲဆွေးနွေးရန် စိတ်ထဲ‌တေးမှတ် ထားလိုက်သည်။ ဘာပဲဖြစ်ဖြစ် သူလည်းကျန်းမာလာပြီဆိုတော့ လောနေစရာမလိုတော့ပါဘူး ။

2797 words

Grape 🍇

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment