'ဝမ်ရယ်က ပုံမှန်အတိုင်း သူ့ဆီ ရောက်လာပြန်ပြီ'
ရှန်လျန် အိမ်ပြန်ရောက်ရောက်ချင်း ဟယ်ရှန်ခြံဝန်းက အစေခံတွေ လွှတ်လိုက်တဲ့သတင်း ကြားသိရသည်။ သူ့ဘက်က စိတ်ဝင်စားမှု လည်းမပြ ၊အာရုံလည်းမစိုက်.. မိန်းမအုပ်လိုက်ရှိသောထိုခြံဝန်းသို့ ဦးအောင်ပြေးသွားခြင်းလည်းမလုပ်ခဲ့ပေ။ သို့သော် ထူးထူးဆန်းဆန်း တစ်ဖက်ကလည်း လူတွေထပ်လွှတ်ခြင်းမလုပ်တော့ပဲ နှစ်ရက်ခန့်ကြာသည်အထိ တုံးလင်အိမ်တော်က တည်ငြိမ်အေးချမ်းနေသည်။ ရှန်လျန်ဟာလည်း တုံးလင်အိမ်သားဖြစ်သည်ကို မေ့လျော့နေသည့်အလား..မနက်ခင်း အဖွားအိုကိုဂါရဝပြုဖို့ မသွားပဲ နေနေဆဲပင် ။
သို့သော် ရှန်လျန့်စိတ်ထဲ ထူးဆန်းနေသည့် ကိစ္စတစ်ခုတော့ရှိသည်။ ဖေးယွမ်ရွှင်းသူ့ဆီ မလာတာ သုံးရက်တောင်ရှိသွားပြီဖြစ်ရာ ယောင်းကွမ်ကိုအကြောင်းရင်း မေးကြည့်လိုက်သော်လည်း သူလဲမသိဟု ဆိုသည်။ သူ သိသလောက် ဆိုရင် ဒါက ပုံမှန်အခြေအနေမဟုတ်... ဖေးယွမ်ရွှင်း၏မရိုးဖြောင့်သော စရိုက်အရ ရှန်လျန့်ဆီက သဘောတူညီမှုရခဲ့သည့်အချိန်မှစ၍ ချောင်းပေါက်မတတ် အိမ်သို့ဝင်ထွက်ကာ အရိပ်အယောင် လာပြတတ်သည်မဟုတ်လော...
"လျန်လျန်... ဒုတိယ မိသားစုက သတင်းပါးလိုက်တယ် မနက်ဖြန် ထျန်းမန် ကျောင်းသွားတက်ရမယ်တဲ့ ...အဲ့တာ မိန်းကလေး၇နဲ့ တစ်ခြားသူတွေ လည်း တက်ကြမှာဆိုတော့ အတူ သွားမလား မေးခိုင်းလိုက်တယ်"
ဖုရင် လာပြောတဲ့အချိန် တွင် ရှန်လျန်ဟာ ဆေးကျမ်းကိုင်ထားရင်း ဖေးယွမ်ရွှင်းအကြောင်းတွေးနေလေရဲ့.. လွင့်နေတဲ့ အာရုံကိုပြန်စုစည်းလိုက်ပြီး ဆေးကျမ်းစာအုပ်ကို ချကာ ရေနွေးကြမ်းခွက်ကိုင်သည်။
"မသွားဘူး.. ကျွန်တော် လမ်းမှတ်မိတယ်"
မကောင်းဆိုးဝါးတွေ ငြိမ်နေတယ် ဆိုတာ ကောင်းတဲ့ကိစ္စမဟုတ်ဘူး .. လျိုရှုဟန်တင်မက ဒုတိယနဲ့ တတိယ မိသားစုကပါ ဒီရက်အတွင်း အတော်လေးပုံမှန်မဟုတ်ပဲ တိတ်ဆိတ်နေကြတာကြောင့် လှည့်ကွက်တွေ ကြံစည်ထားနိုင်သည်။ ရက်တွက်ကြည့်ရင် ခုချိန်က သူတို့အကြံအစည်တွေကိုထုတ်သုံးလို့ရမယ့်အကောင်းဆုံးအချိန်ပဲ မဟုတ်လား...
"ဒီလိုဆိုရင်လည်း ကောင်းတယ်.. လျန်လျန်ရဲ့ အချက်အလက်ကို ဌာနမှူးဆီ သတင်းပို့ပြီး ကိုယ့်ဘာသာ ကျောင်းသားကဒ်ယူလိုက်ရင်ရပြီ.. သူတို့နဲ့သွားပတ်သက်နေစရာမလိုတော့ဘူး"
ဖုရင်က ထျန်းမန်ကျောင်းထွက်ပဲမလို့ ကျောင်းလုပ်ငန်းစဉ်နဲ့ရင်းနှီးနေလေသည်။
"ဟုတ်.. ရွှမ်းကော အိမ်ပြန်မလာသေးဘူးလား"
ရှန်လျန် ခေါင်းငြိမ့်လိုက်ပြီး အိမ်ထဲဝေ့ဝဲ ကြည့်လိုက်သည်။ ချီယွဲ့က ဆေးပင်စိုက်ခင်းထဲရှိနေပြီးယောင်းကွမ်ကိုမတွေ့.. ချီရွှမ်းကိုလည်းမတွေ့ချေ။
"သိပ်မကြာခင် လာတော့မယ်ထင်..."
"လျန်လျန်!"
ဖုရင် စကားပင် မဆုံးသေး ချီရွှမ်းပြေးဝင်လာရာ သခင်ငယ်နဲ့ အိမ်ထိန်းနှစ်ယောက်မှာ ကူကယ်ရာမဲ့စွာ ပြုံးလိုက်၏။ ချီရွှမ်းက ကိုယ်ခံပညာ စသင်ကတည်းက အမြဲ အားအင် အပြည့်နဲ့ တက်တက်ကြွကြွ ဖြစ်လာသည်။
သူတို့ခြံဝန်းလေးက သူ့ကိုမထိန်းထားနိုင်... အချိန်ရတာနဲ့ လစ်ခနဲ ထွက်ထွက် သွားတတ်သည်။ ရှန်လျန့်အနေနှင့် လည်း အရိပ်ကိုယ်ရံတော်တပ်သားတွေကို ချီရွှမ်းက တစ်ဆင့် ဆက်သွယ်လို့ရတော့ အဆင်ပြေနေလေသည်။
"မင်းတို့ချင်း စကားပြောလိုက်ဦး.. ဦးလေး နေ့လည်စာ သွားပြင်လိုက်ဦးမယ်"
ချီရွှမ်းမှာ သတင်းပို့စရာရှိပုံရတာကြောင့် ဖုရင်က အလိုက်တသိ ရှောင်ပေးရာ ရှန်လျန်လည်း ငြင်းမနေချေ။ ဒါဟာ ဖုရင် ကိုမယုံကြည်တာ မဟုတ်ပဲ အရိပ်ကိုယ်ရံတော် အဖွဲ့ဟာ အရေးကြီးတဲ့ ကိစ္စဖြစ်နေလို့ပါပဲ... ချီယွဲ့၊ ချီရွှမ်းကလွဲလို့ တစ်ခြားအပြင်လူကို ရှန်လျန် ပြောမပြချင်...
"လျန်လျန်ရှာနေတဲ့သူကိုတွေ့ပြီတဲ့..ကျန်းကောက လျန်လျန်အချိန်ရမယ်ဆို တွေ့ချင်ပါတယ်တဲ့"
သူတို့နှစ်ယောက်ထဲ ရှိမှ ချီရွှမ်းက နားနားတိုးတိုးကပ်ပြောသည်။ အရိပ်ကိုယ်ရံတော်အဖွဲ့က လွယ်လွယ် ကြော်ငြာပြလို့ မသင့်မှန်း သူသိသည်လေ။
"ကျွန်တော်နဲ့ တွေ့ချင်တာလား...ဘာ အတွက်လဲ"
ရှန်လျန် မျက်မှောင် ကြုံ့သွား၏။ လေ့ကျန်းသူ့ကို ဘာကြောင့် တွေ့ဖို့လိုတာလဲ...
ချီရွှမ်းခေါင်းခါ၏။
" မသိဘူး.. ဒီတိုင်း လျန်လျန်နဲ့တွေ့ချင်တယ်လို့ပဲ မှာလိုက်တာ"
"ကောင်းပြီ.. မနက်ဖြန် အခွင့်အရေးရှာပြီး ဦးလေးဝမ်ဆီသွားလိုက်မယ်.. ရှာတွေ့ထားတဲ့ လူကိုလည်း တစ်ခါထဲ တွေ့လို့ရတာပေါ့"
ထျန်းမန်ကျောင်းကလည်း မနက်ဖြန်ဖွင့်ပြီဆိုတော့ ယောင်းကွမ်မသိအောင် ဆင်ခြေတွေရှာ နေစရာမလိုတော့ဘူး.. ဖေးယွမ်ရွှင်းနဲ့ လက်ထပ်ဖို့သဘောတူထားပေမယ့် အရာအားလုံးပြောပြဖို့မလိုသလို ဖေးယွမ်ရွှင်းကိုယ်တိုင်တောင်မှ လျို့ဝှက်ချက်တွေ သူ့ထက်ပိုများဦးမည်။
"လျန်လျန် ဘာလို့ ကျန်းကောကို ဘုန်းတော်ကြီးရှာခိုင်းတာလဲ"
"အသုံးချစရာရှိလို့၊ ပြောပြဦး အစ်ကို့ရဲ့ ကိုယ်ခံပညာအခြေအနေ ဘယ်လိုရှိပြီလဲ"
".... လက်သီးထိုးလေ့ကျင့်ရမယ့်အချိန်ရောက်ပြီ"
"........"
အလောတကြီးထွက်ပြေးသွားတာကိုကြည့်ရင်း ရှန်လျန့်မျက်နှာ မဲမှောင်နေတော့သည်။ မေးရုံတင်ရှိသေးတာ ..စစ်တောင် မစစ်ရသေးဘူး ဘာလို့ထွက်ပြေးတာ မြန်ရတာလဲ"
................
ညအချိန် အသက်ရှူသံသာ ကြားရသည်အထိ တိတ်ဆိတ်နေ၏။ ညနေစာစားပြီးနောက်
ရှန်လျန် သူ့အပြင်ဝတ်ရုံလွှာကိုချွတ်ပြီး ခါးထိ ရှည်လျားတဲ့ ဆံသားကို ဖြေချလိုက်သည်။ အိပ်ခန်းနောက်ဘက်မှာ ကာထားတဲ့ ရေချိုးခန်းက ရေချိုးဇလားထဲ ဝင်ထိုင်လိုက်ပြီး ဆေးဖက်ဝင်အရည်နဲ့ တစ်ကိုယ်လုံးစိမ်လိုက်၏။ မြို့တော်ကိုပြန်ရောက်ကတည်းက ကိစ္စတွေ အများကြီးဖြစ်ပျက်ခဲ့တာကြောင့် မပင်ပန်းဘူးလို့ပြောရင် လိမ်ရာကျမည်။ သို့သော်လည်း လက်ရှိ ကံကြမ္မာက အရင်ဘဝနဲ့ မတူတာရယ်.. ဘာတွေ ပြောင်းလဲ လာမလဲ ဆိုတာမသိတာမလို့ ရှန်လျန် .. စိတ်မော လူမော ဖြစ်မနေရဲပေ။
"တစ်ကယ်လို့ ငါသာ သာမာန် မိသားစုမှာ မွေးဖွားလာရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ"
ဆေးရည်တွေကို သူ့ကိုယ်ပေါ် လက်နဲ့ ပက်ဖြန်းပေးနေရင်း စိတ်ထဲက ဖြစ်ချင်တာကို အမှတ်တမဲ့ ထုတ်ပြောမိသွားသည်။
"တစ်ကယ်လို့ မင်းသာ သာမာန်မိသားစုမှာ မွေးဖွားခဲ့ရင် မင်းနဲ့ ကိုယ် လက်ထပ်ဖို့ ပိုလွယ်သွားမှာပဲ..."
"........."
ဖေးယွမ်ရွှင်းရဲ့အသံက အခန်းထဲ ရုတ်တရက် ထွက်ပေါ်လာရာ ရေချိုးဇလားထဲ ကိုယ်လုံးတီးနဲ့ ထိုင်နေတဲ့ရှန်လျန်က လန့်ဖြန့်ပြီး လှည့်ကြည့်လိုက်၏။
မှုန်ဝါးဝါး ပုံရိပ်ဖြစ်မည့် ဖေးယွမ်ရွှင်းက သူ့အိပ်ရာပေါ် ကြော့ကြော့မော့မော့ ထိုင်နေလေသည်။ လက်မောင်း ထဲမှာလည်း တစ်စုံတစ်ခုကို သယ်ဆောင်ထားဟန်...။
လန့်ဖြန့်မိသွားတဲ့ ရှန်လျန်က သတိပြန်ဝင်လာပြီး ပြန်ထိုင်ချလိုက်သည်။
"ကိုယ် ပန်းသူခိုးလုပ်ခွင့်မရလိုက်တာ ရှက်စရာပဲ"
ဘယ်သူမှ မရိပ်မိပဲ ဝင်ထွက်သွားလာနိုင်တဲ့သူက ဒီဟာ သာ မရှိရင် ခုချိန်က ပန်းခူးဖို့အကောင်းဆုံးအချိန်ပဲ မလား....
"ပန်းတွေ အများကြီးခူးတာ ခန္ဓာကိုယ် အတွက် မကောင်းဘူး ဒါကြောင့် ကိုယ်က ပန်းဘုရင်ကိုပဲ သီးသန့်ခူးချင်တာ.. အဲ့တော့ လျန်လျန့်ကို ခူးချင်ရင် ခွင့်ပြုပေးမလား..."
ခြေသံထွက်ပေါ်လာပြီး တစ်ဖက်ကပုံရိပ်ဟာလည်း တဖြည်းဖြည်း နီးလာကာ အကာကို ကျော်ဖြတ်လာသည်။ သူစိတ်မရှုပ်ဘူးလို့ပြောရင် လိမ်ရာကျပေမည်။ သို့ပေမယ့် အတတ်နိုင်ဆုံး တည်ငြိမ်အောင် ထိန်းထားသည်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့နှစ်ယောက်လုံးက ယောင်္ကျားတွေပဲလေ.. ဖေးယွမ်ရွှင်း က သူ့ရဲ့ သွယ်လျတဲ့ လက်ချောင်းနဲ့ ရေချိုးဇလားရဲ့အစွန်းကိုကျော်ပြီး ရှန်လျန့်နောက်ကျော ကိုထိသည်။ ရှန်
လျန်တုပ်တုပ်မှ မလှုပ်.....
"မြို့စားမင်းက ကျွန်တော့် နောက်ကျောကို ကူတိုက်ပေးဖို့ ရောက်လာတာများလား"
စိုက်ကြည့်ခံရရုံနဲ့ အဆီ နှစ်ပေါင်လောက် လျှော့သွားစရာအကြောင်းမရှိမှတော့ ရှန်လျန် စိတ်အေးအေးထားပြီး မရွေ့လျားတဲ့တောင်တစ်တောင်လို နေနေလိုက်သည်။ ဘယ်လိုပဲဖြစ်ဖြစ် ဖေးယွမ်ရွှင်းက သူ့ကိုဘာမှ လုပ်မှာ မဟုတ်ဘူးဆိုတော့ စိုးရိမ်စရာမရှိပေ ။
"မင်းလိုအပ်သရွေ့ လုပ်ပေးမှာပေါ့"
လက်ကနောက်ကျောကနေ ပခုံးဆီ တရွေ့ရွေ့ ပွတ်သပ်လိုက်ရင်း ဖေးယွမ်ရွှမ်းသည် ရှန်လျန့် နားနား တိုးကပ်ပြော၏။ ခပ်နွေးနွေးအသက်ရှူသံက ရှန်လျန်၏ အထိမခံသော လည်တစ်ဝိုက်ကိုကျီစယ်နေတော့၏။
ရှန်လျန် ကိုယ် ကျုံ့လိုက်မိပြီး
"မြို့စားမင်းက ဆန္ဒရှိနေမှတော့ ကျွန်တော်ငြင်းစရာမရှိပါဘူး... မလိုဘူး ဆိုလည်း လိုတယ်ပဲ ဖြစ်နေမှာလေ ဟုတ်တယ်မလား"
ကစားချင်နေတယ်ပေါ့... အဆုံးထိ ဘယ်သူ တောင့်ခံနိုင်မလဲ ကြည့်ကြတာပေါ့!
"ဒီမြို့စားက ဝမ်ဖေးကို ပြုစုဖို့ဆန္ဒရှိပါတယ်"
အတော်လေး မျက်မုန်းကျိုးချင်စရာပဲ!
ဖေးယွမ်ရွှင်း ပြောပြီးသည်နှင့် ရေချိုးခန်းထောင့်နားက ရေတိုက်ဝတ်ပျော့ ကို ယူကာ ရေထဲ နှစ်သည်။ ထို့နောက် ရှန်လျန်၏ ပခုံးနှင့် နောက်ကျောကို စတင် ပွတ်တိုက်ပေးတော့၏။
တစ်ကယ်ကြီး ကလေးဆန်ဆန် လိုက်ကစားနေတယ်ပေါ့လေ...
ရှန်လျန် ရှေ့သို့ နည်းနည်း ကိုင်းကာ မျက်ဝန်းတွေ ကိုကျုံ့လိုက်ရင်း ပိုဖိအားပေးလိုက်သည်။
"အောက်ဘက်ကို တိုက်... ပခုံးက ကိုယ်တိုင်တိုက်လို့ရတယ် စိတ်မပူနဲ့"
"......."
သွယ်လျ ကြည့်ကောင်းတဲ့ နောက်ကျော အလှကို ငေးရင်း ဖေးယွမ်ရွှင်း ၏ နှာထိပ်နဲ့ နားရွက်ဖျားတွေ နီရဲလာသည်။ ကံကောင်းလို့ ရှန်လျန် က
မမြင်နိုင်....ရှန်လျန့်ကို ပြုစုရတာဟာ အတော်လေး ခက်ခဲပြီး သူ့ကို သည်းမခံနိုင်ဖြစ်စေသည်။
"ဟင်..."
နွေးထွေးမှုတစ်ခုက သူ့ဆံပင်ကို တစ်ဖက်ထဲ စုသိမ်းလိုက်သည်ကို ရှန်လျန်ခံစားမိလိုက်၏။
"အယ်....."
နောက်တစ်စက္ကန့်တွင် သူ့လည်ကုပ်ပေါ် အနမ်းတစ်ပွင့်ကျရောက်လာသည်ကို ခံစားမိလိုက်သဖြင့် ရှန်လျန် ဆတ်ခနဲ တုန်သွားသည်။
ဖေးယွမ်ရွှင်း က သူ့နားနား ကပ်ပြော၏။
"ကောင်စုတ်လေး.. မင်းကိုမထိတာကိုအခွင့်အရေးယူပြီး ဆိုးနေတယ်ပေါ့လေ.. စောင့်နေလိုက်! မင်း ကိုယ်နဲ့ လက်ထပ်ပြီးရင် သုံးရက်လောက် အိပ်ရာ ထဲက မထွက်နိုင်အောင် လုပ်ပစ်မယ်"
ရှန်လျန် သူ့ကို ဖြားယောင်းတာကို သိနေတာကြောင့် သူသာ ဆက်ပြီး အလိုလိုက် ကစားပေးနေဦးမယ်ဆိုရင် တစ်ခုခု က တစ်ကယ် ဖြစ်သွားနိုင်သည်....အန္တရာယ် ရှိ၏။
"အဲ့လိုနေ့က တစ်ကယ်ရှိလာမှာတဲ့လား"
ရှန်လျန့် မျက်နှာ တစ်ပြင်လုံးနီတွတ်နေပြီး ပါးပြင်က ပူလောင်နေ၏။
"သေချာပေါက် အဲ့လိုနေ့ရှိလာမှာ! သိပ်ကြာကြာ မစောင့်ရပါဘူး"
ရှန်လျန့်နောက်ကျောကို စိုက်ကြည့်ပြီးမှ ခက်ခက်ခဲခဲ အကြည့်လွှဲကာ လျှောက်ထွက်သွားလိုက်သည်။
ဖေးယွမ်ရွှင်း မရှိတော့သည် ကို ခံစားမိသော ရှန်လျန်က ချက်ချင်း သူ့ရဲ့ ပူလောင်နေတဲ့ ပါးပြင်ကို လက်ကိုင်ပဝါနဲ့ ပွတ်သုတ်ပစ်လိုက်သည်။
နတ်ဆိုးကောင်!သတိမပေးဘာမပေးနဲ့ သူ့ကိုနမ်းရဲတယ်!
"အဲ့တာ ဘာကြီးလဲ"
နာရီဝက်အကြာမှ ရှန်လျန်သည် ရေချိုးခန်းထဲက ထွက်လာတော့၏။ မထွက်လာခင် သူ့ကိုယ်သူ ရေလဲဝတ်ရုံပတ်ခဲ့သည်။ပထမဆုံး သူ့အတွက် ရေနွေးပူပူ ငှဲ့ပေးထားသည်ကိုတွေ့ရပြီး နောက်ဆုံးတော့ အိပ်ရာပေါ်က အထုပ်ကြောင့်
ရှန်လျန် အံ့ဩသွား၏။ သူနဲ့ သိပ်အလှမ်းမဝေးပေမယ့် သေသေချာချာ ပတ်ထားသည်ကြောင့် ရှန်လျန် ရှင်းရှင်းလင်းလင်းမမြင်ရ။
" ကောင်းတာ တစ်ခုခု"
သူ့အကြည့်နောက် လိုက်ပြီး ဖေးယွမ်ရွှင်းဖြေသည်။
ဘုန်း!
ကျွိ! ဝုန်း!
ပြတင်းပေါက် အပြင်ဘက်မှာ လေးလံတဲ့ အရာဝတ္ထုတွေ မြေပြင်ပေါ် ပြုတ်ကျသွားသံကိုကြားလိုက်ရ၏။
"ကောင်းတာလား"
ကောင်းတဲ့အရာ ဆိုရင်ခေါင်မိုးပေါ်က မမြင်ရတဲ့ ထျန်းချွမ်နဲ့ တစ်ခြားသူတွေ တစ်ယောက်ပြီးတစ်ယောက် ဘာလို့ မြေပေါ် ပြုတ်ကျကုန်တာလဲ... ဖေးယွမ်ရွှင်းက သူ့ကို မသိဘူး ထင်နေတာလား။
"အဟမ်း ဟမ်း"
နေရခက်ခက်နဲ့ ချောင်းနှစ်ချက် လည်ချောင်းရှင်းလိုက်ပြီး သူ့ဝတ်ရုံစကို ဆွဲသည်။
"လျန်လျန်.. ကိုယ့်ကို တစ်ခုလောက် ကူညီနိုင်မလား"
"မကူညီဘူး"
အကဲခတ်ကြည့်ရုံနှင့် သိသည်။ ဖေးယွမ်ရွှင်းတောင် ဘာမှ မတတ်နိုင်တာ .. သူဆို တွေးနေစရာပင်မလို.. ချက်ချင်းငြင်းသင့်သည် ။
ဖေးယွမ်ရွှင်းမှာ ရှက်မနေတော့ပဲ ရှန်လျန့်ပေါင် ကို တင်းတင်းဖက်တွယ်ကာ..
"မလုပ်ပါနဲ့ လျန်လျန်... ကိုယ်တို့ချင်း ဘယ်လောက် တောင် ရင်းနှီးလိုက်သလဲ.. မင်းကူညီပေးရင် ဘာပဲတောင်းဆိုဆို ကိုယ်လုပ်ပေးမယ် ဘယ်လိုလဲ"
"ဘာမဆိုလား?"
ရှန်လျန် မျက်ခုံးပင့်ကာ ကြည့်၏။ ဒီလိုဆိုမှတော့ ဖေးယွမ်ရွှင်းကို လုပ်ခိုင်းစရာ တော့ရှိသည်။ ဒါပေမယ့်......
အိပ်ရာပေါ်က အထုပ်ကို လှမ်းကြည့်လိုက်
တော့ မကောင်းတဲ့ ခံစားချက် ရနေသလိုလိုပဲ။
"အင်း... တော်ဝင်နန်းတော်က လူကို အကြိမ်အနည်းငယ် လောက် ကန်ပစ်ချင်တယ်ဆိုလည်း ကိုယ်ကူညီပေးမယ်"
နန်းတော်က လူဆိုသည်မှာ ဧကရာဇ် အိုကြီး ကိုဆိုလိုတာ ဖြစ်မည်။ ဖေးယွမ်ရွှင်း တစ်ကယ်ကို အကြောင်းသိတာပဲ....
"ဒီလို ပိုလုပ်လေ... ကျွန်တော့ကို တွင်းကြီးကြီးတူးပေးနေသလို ခံစားရလေပဲ.. ကဲ ဘာကူညီပေးရမှာလဲ ပြောကြည့်"
ဖေးယွမ်ရွှင်းက ဘယ်လိုလူမျိုးမို့လို့လဲ... ဧကရာဇ် ကိုတောင် ခြေနဲ့ ကန်ရဲသေး တာ... ဒီကိစ္စက အတော်လေး ဆိုးတာပဲဖြစ်မည်... ရှန်
လျန်ကူကယ်ရာမဲ့နေ၏။
"ဘာတွင်းလဲ...တစ်ခြားသူအတွက် တူးရင်တောင် မင်းအတွက်တော့ ကိုယ် မတူးရက်ပါဘူးကွာ"
သူ့ခြေထောက်ကို နှိပ်နယ် ပေးနေရုံသာမက နောက်ကျောကိုပင် နှ်ိပ်ပေးနေပြီး ခက်ခက်ခဲခဲ ပြုံးပြီး ကြိုးစားအားထုတ်နေပုံက လူတိုင်းကိုအံ့ဩစေသည်။
ဒီမြင်ကွင်းက ရှန်လျန့် ရှေ့မှာ ပဲ ဖြစ်တာကတော့ နှမျောစရာပင်...
ဖြန်း!
ရှန်လျန် ဖေးယွမ်ရွှင်းရဲ့လက်ကို ရိုက်ချလိုက်ပြီး လက်ပိုက်ကာ ပြောသည်။
"စကားကောင်းပြောမလား မပြောဘူးလား...
မပြောရင် ထပ်ဆွေးနွေးနေစရာ မလိုတော့ဘူး"
"......"
သူ့ ဝမ်ဖေးက အတော်လေး ဉာဏ်ထက်တယ်..
ဖေးယွမ်ရွှင်း မတတ်သာတဲ့ ပုံစံ ဟန်ဆောင်ပြီး သက်ပြင်းချ၏။
"အမှန်တော့ ကိစ္စကြီးမဟုတ်ပါဘူး..."
"အူငဲ.... ငဲ...!"
ပြောလို့ပင် မပြီးသေးခင် စူးရှတဲ့ငိုသံက အခန်းထဲ ပျံ့လွင့်လာသည်။ အသံလာရာ ကို ရှန်လျန် ကြည့်လိုက်ရာ လှုပ်ယမ်းနေတဲ့ အထုပ်ကိုပဲမြင်၏။ ငိုသံက ထိုအထုပ်က လာတာပဲ ဖြစ်မည်။ ရှန်လျန် နှုတ်ခမ်းတွန့်သွား၏။ ဖြစ်နိုင်တာက..... ဖေးယွမ်ရွှင်း ဘာတွေ ရှုပ်ထား တာလဲ?
"အိုင်းယိုး... ဘိုးဘေးလေးရယ်.. မငိုပါနဲ့တော့"
ကောင်းရော..ရှင်းပြနေစရာပင်မလိုတော့ ။ တစ်ချက်ကြည့်ရုံနှင့် ရှင်းရှင်းလင်းလင်း သိပြီဖြစ်၏
။
ဖေးယွမ်ရွှင်းမှာ သူ့နဂိုဟန် ပျောက်ကာ ထိုဘိုးဘေးလေးကို မကျေမနပ်အမူအရာဖြင့် ပွေ့ချီလိုက်ရုံသာ တတ်နိုင်၏။ ထို့နောက် ရှန်လျန့်ကိုလည်း အသနားခံသည့်ရုပ်နှင့် ကြည့်ရန်လည်းမမေ့ပေ။ မျက်လုံးထဲမှာ မျက်ရည် မရှိတာ တစ်ခုပင်။
Words 2658
Grape 🍇